နယ်မြို့လေး တစ်ခုမှာပေါ့။ ကျွန်တော်လေးစားရသော ကျွန်တော့်ကို ချစ်သော ဆရာမိုးက ပညာပျိုးခင်း ဆိုတဲ့ ကျူရှင်သင်တန်းကျောင်းလေး ဖွင့်ထားပါတယ်။ ပညာသင်ခဲ့ရတဲ့ နှစ်တွေက များတော့ ဆရာတွေကလည်း အများကြီးပါပဲ။ သယ်ချင်းတို့လည်း အတူတူပဲ ဖြစ်မှာပါ။ အောင်မြင်လိုက် , ကျရှုံးလိုက်/ အပေါင်းအသင်းတွေ ပတ်ဝန်းကျင်တွေနဲ့ အဆင်ပြေလိုက်, မပြေလိုက်/ ၀မ်းနည်းလိုက် ကျေကွဲလိုက် ငိုကြွေးလိုက် , ပျော်လိုက် ကြည်းနူး လိုက် ၀မ်းသာလိုက် ရယ်မောလိုက်/ အများသဘောကျရင် ချီးကျူးခံရလိုက်, အမြင်ကပ်ရင် ကဲ့ရဲ့ခံရလိုက်ဆိုတဲ့ လောကဓံ(လောကဒဏ်)တရား ရှစ်ပါးရှိတဲ့ နေရာမှာ ကျွန်တော်က နေနေတော့ လောကဓံတရားတွေနဲ့ ကြုံရ ဆုံရတာပေါ့နော်။ ကြုံလာရင် ကျွန်တော့်က အပြုအမူအမှား အပြောအဆိုအမှား အကြံစီအမှားတွေနဲ့ပဲ ဖြေရှင်းနေမိခဲ့တယ်။ ဆရာမိုးဆိုတာ အဲလို လောကဓံတွေနဲ့ ကြုံလာရင် မှန်မှန်ကန်ကန် တည်တည်ငြိမ်ငြိမ် ဖြေရှင်း တတ်ဘို့ လောကကို အပြစ်ကင်းကင်း ဖြတ်သန်းတတ်ဘို့ သင်ပြပေး နည်းလမ်းချပေးခဲ့တဲ့ ဆရာတစ်ယောက်ပါ။ အဲဒါကြောင့်လည်း ဆရာမိုးဟာ ကျွန်တော် လေးစားရသော ဆရာတစ်ယောက်အဖြစ် ရပ်တည်နေတာပေါ့။ တစ်နေ့တော့ ကျွန်တော့်ဆီကို စာတစ်စောင်ရောက်လာပါတယ်။ ဆရာမိုး ဆီက စာပါ။ သူ့ကျူရှင်ကျောင်းမှာ အင်္ဂလိပ်ဆရာအဖြစ် တာဝန်ယူပေးဘို့ပါ။ ကျွန်တော်လည်း အချိန်ရတာနဲ့ သွားဖြစ်ခဲ့ပါတယ်။ လစာ မယူပါဘူး။ ပညာ ဒါနအဖြစ် အချိန်ပိုင်း အင်္ဂလိပ်ဆရာတာဝန်ကို ယူပေးခဲ့ပါတယ်။ နယ်မြို့ လေးဆိုတော့ အနီးနားတစ်ဝိုက်က ရွာတွေက ကျောင်းသူ ကျောင်းသားများ လာတက်ကြတယ်။ ကျူရှင်ခလည်း နည်းတယ်။ နီးလည်းနီးတယ်ဆိုတော့ ဆရာမိုး ကျူရှင်လေးက အတော်အသင့် အောင်မြင်တာပေါ့နော်။
တစ်နေ့ ။ (၅) ရက် ကျောင်းပိတ်တော့ တပည့်လေးတစ်ယောက်နဲ့ သူ့ရွာကို အလည်လိုက်သွားဖြစ်တယ်။ သူက ခေါ်တာပါ။ ပြီးတော့ သူက ကျွန်တော့် ဘာသာရပ်မှာ ပ/ဒု/တ အမြဲရတဲ့ ကျောင်းသားလေးပါ။ သူနဲ့လည်း ခင်နေ ရင်နှီးနေတော့ လိုက်သွားဖြစ်ခဲ့တယ်။ သူတို့အမျိုးတွေ ကလည်း အများကြီးပဲ။ ထမင်းစား ခေါ်တဲ့ အိမ်တွေများလွန်းလို့ တစ်ခါတစ်လေ ဆိုရင် ၄ / ၅အိမ် ပေါင်းကျွေးရတာလည်း ရှိတယ်။ ပျော်စရာ ကောင်းတယ်။ ကျွန်တော် တကယ် ပျော်နေမိတယ်။(အဟိ။ ချစ်စရာကာင်းတဲ့ ကောင်မလေးတွေ့နေလို့ ပျော်နေတာပါလို့ မထင်လိုက်ပါနဲ့ နော်၊ အဲလို မဟုတ်ပါဘူး)။ သူတို့တွေရဲ့ ဖျော်ရွှေ ခင်မင် ကြင်နာမှု့တွေ အောက်မှာ နေရတာ အေးချမ်းလွန်းလို့ ပျော်နေမိတာပါ။ သူတို့ရွာလေးမှာ တိုးချဲ့ ရပ်ကွက်လေးရှိပါတယ်။ အဲဒီရပ်ကွက်ထဲမှာ တပည့်လေးရဲ့ အဒေါ်အိမ်လည်း ရှိတယ်လေ။ နာမည်က မယဉ်ယဉ်ဦးတဲ့။ ဟာသလည်း ပြောတတ်တယ်။ စကားပြောလည်း ကောင်းတယ်။ မယဉ်ယဉ်ဦး ရွှေမြို့တော်မှာ စာရေးမယ်ဆိုရင် လူကြိုက်သိပ်များမှာပဲလို့ တွေးမိသေးတယ်။ သူ့အတွေးလေးတွေကလည်း ကောင်းတယ်လေ။ တစ်ခါတစ်လေတော့လည်း ဘ၀က ကံစီမံရာ အတိုင်းပဲ ဖြစ်နေကြရပါလားလို့ တွေးမိပြီး စိတ်မကောင်း ဖြစ်မိတယ်။
တစ်ရက်မှာပေါ့။ မနက်စောစော လမ်းလျှောက်ရင်း မယဉ်ယဉ်ဦးတို့အိမ်ကို ၀င်ဖြစ်ပါတယ်။ မနက်ခင်း လမ်းလျှောက်ရတာ သိပ်ကောင်းတာပဲ။ တော သဘာဝ ဆူလို့ ညံလို့ လှုပ်လှုပ်ရွရွနဲ့။ ပျော်စရာ ကောင်းတယ်။ မယဉ်ယဉ်ဦး အိမ်ရောက်လို့ စကားတောင် မပြောရသေးပါဘူး။ မယဉ်ယဉ်ဦးက ကျွန်တော်စားဘို့ ခရမ်းချည်သီးသုတ်နေတုန်းရှိသေးတယ်။ သူတို့ရဲ့ နောက်ကျောဘက်အိမ်မှာ “ ဖြောင်း ၊ အားးးးးးးးးး ” ဟူသော အသံကြား လိုက်ရတယ်။ ဘာဖြစ်တာလဲပေါ့ ။ ကျွန်တော်လည်း သိချင်တာနဲ့ အိမ်ပြင် ထွက်ပြီး လှမ်းကြည့်မိတယ်။ ဟောဗျာ။ ဟိုဘက်က အိမ်ခြေရင်းမှာ အစ်ကိုတစ်ယောက်။ နှဖူးမှာ သွေးတွေ စီးကျလို့ ထိုင်နေတယ်။ ပါးစပ်ကလည်း “ (---) ကောင်မ၊ ပြန်လာခဲ့စမ်း၊ သတ် ပစ်မယ်၊ (---) ကောင်မ ” လို့ ဆဲဆိုနေပါတယ်။ အမျိုးသမီးတစ်ယောက် ဒေါသမျက်လုံး တွေနဲ့ ကြည့်ပြီး ထွက်ပြေးသွားတာလည်း တွေ့လိုက်ရတယ်။ ကျွန်တော် သွားကူမည် လုပ်တော့ မယဉ်ယဉ်ဦးက တားပါတယ်။ အော် သူက အိမ်ထဲက ချောင်းကြည့် နေတာကိုး။ ဘာဖြစ်လို့လဲ လို့ ကျွန်တော်က မေးတော့ အဲဒီအစ်ကိုက ညက မူးပြီး အိမ်ပြန်မလာဘူးတဲ့။ အဲဒီအစ်ကိုက ဘေးရွာကတဲ့။ အလုပ်မလုပ်တဲ့ အပြင် နေ့တိုင်းမူးနေအောင် သောက်တာ တဲ့။ အဲဒါကြောင့် သူ့မိန်းက စိတ်တိုပြီး အိမ်ပြန်လာတော့ ရိုက်တာ ဖြစ်မှာတဲ့။ ကျွန်တော်တော့ မထင်ပါဘူး။ တစ်ခုခုတော့ မှားနေကြပြီထင်ပါတယ်။ သူတို့ လင်မယားက အမြဲတမ်း စကားများနေကြတာလို့လည်း ပြောပြပါတယ်။ ကျွန်တော့်စိတ်ထဲမှာ အချစ်က အဲလောက်ထိ ကြမ်းတမ်းသလားလို့ ကိုယ့် ဘာသာ မေးနေမိပါတယ်။ ချစ်သူကြောင့် ကျွန်တော့် ရင်တစ်ခုလုံး ကြေမွ သွား ဖူးပါတယ်။ ဒါပေမဲ့ ချစ်သူကို နာကျင်အောင်တော့ မလုပ်ရက်ခဲ့ပါဘူး။ ချစ်သူကို ချစ်မိတဲ့ အချစ်ကြောင့် နှလုံးသားတစ်စုံလုံး ပေးဆပ်ခဲ့တာပဲ ရှိပါတယ်။ နာကျည်းတာလည်း ရှိတယ် ။ စိတ်နာတာလည်း ရှိတယ်။ ဒါပေမဲ့ ချစ်သူကို နှိပ်စက်ဘို့တော့ အင်အားမရှိခဲ့ပါဘူး။ လက်စားချေချင်စိတ် ခဏခဏ ဖြစ်မိ တွေးမိပေမဲ့ တကယ့် လက်တွေ့မှာ မလုပ်ရက်ခဲ့ပါဘူး။ ခု ဒီအမျိုးသမီးလေးအချစ်က ဘယ်လို အချစ်မျိုးလဲ။ ဘယ်လောက်ထိ နာကျင်အောင် ဟိုအစ်ကိုက လုပ်ထားလဲ မသိဘူးနော်။ ဘာကြောင့်များ ကိုယ်ချစ်လို့ ယူထားတဲ့ သူကို ခုလို နဖူးကွဲပြဲအောင် ရိုက်ပစ်ရက်တာလဲ။ အချစ်ကြီးလို့ အမျက်ကြီးတာလား (အချစ်ကြီးလို့ အပြစ်ကြီးကြီး ပေးလိုက်တာလား)။ ဒီလို လုပ်လိုက်တာကို အပြစ်ကြီးကြီးပေးလိုက်တယ်လို့ ထင်နေလား မသိဘူးနော်။
ညနေဘက်မှာလည်း တပည့်လေးနဲ့ မယဉ်ယဉ်ဦးတို့ အိမ်ကို သွားဖြစ်ပါတယ်။ ကျွန်တော်မျက်စိက အလိုလို ဟိုဘက်အိမ်ကို ကြည့်မိသွားပါတယ်။ မနက်က မြင်ခဲ့ရတဲ့ မြင်ကွင်းလေးကို ဖျောက်မရသေးလို့ ထင်ရဲ့။ ဟော ဗျာ။ ဟိုအမျိုးသမီးရောက်နေပါလား။ အရွယ်တူ သားလေးနှစ်ယောက်နဲ့။ ထင်း ခွဲနေတယ်။ ကလေးလေး နှစ်ယောက်က ဆော့ကစားလို့။ ဟော ဟိုမှာ ဟိုအစ်ကို ရေတွေထမ်း နေပါလား။ ဟူးးးးးးးးးးးး ခုကြတော့ သူတို့ မိသားစုလေးက ပျော်လို့ ။ ကြည်နူးစရာ ကောင်းလိုက်တာနော်။ အဲ အဲ ဟိုအစ်ကို ရေထမ်းကြီးချပြီး သားငယ်နှစ်ယောက်ကို ရေချိုးပေးနေတယ်။ ဟော ဟိုအမျိုးသမီးလည်း ထင်းခွဲဓားကို ချပြီး ထသွားပြီ။ ကလေးတွေကို ရေးချိုးပေးနေသော ဟိုအစ်ကို့ ခေါင်းက ပတ်တီးကို ကိုင်ကြည့်နေတယ်။ ဘာတွေ ပြောနေ ကြလည်း မသိဘူး။ ကျွန်တော် ကြားချင်လိုက်တာ။ ဟိုအစ်ကိုကလည်း လက်တစ်ဘက်က ကလေးတွေကို ရေလောင်း ပေးနေတယ်။ လက် တစ်ဘက်က သူ့ဇနီးချောလေး ပါးပြင်ကို ညင်ညင် သာသာလေး ကိုင်ကြည့်နေတယ်လေ။ ဟိုအမျိုးသမီးက ငိုနေတာများလား။ ဟိုအစ်ကိုက မျက်ရည်တွေ သုတ်ပေးနေသလိုပါပဲ။ သြော် -- အချစ်က တကယ်စွမ်းအား ကြီးမားပါလားနော်။ အချစ်စွမ်းအားနဲ့ အရာရာတိုင်းကို ပြောင်းလဲ ပစ်နိုင် တယ်ဆိုတာ ၁၀၀% မဟုတ်တောင် ၆၀% နှုန်းတော့ မှန်နေလိမ့်မယ်လို့ ထင်ပါရဲ့။ ဘာပဲ ဖြစ်ဖြစ် ကိုယ်ချစ်တဲ့ သူကို အနာတရဖြစ်အောင် မလုပ်မိကြ ရင်တော့ အပြစ်ကင်းတဲ့ ချစ်ခြင်းမျိုးဖြစ်မှာ အသေအချာပါပဲ။ အရိုးကွဲအောင် ရိုက်မှ အသည်းစွဲချစ်တယ်ဆိုတာလည်း အချစ်စွမ်းအား တစ်ခုပါပဲနော်။ အဲဒီစကား မှန်သလားလို့ ဟိုအစ်ကိုတို့ကို သွားမေးရင်တော့ နဖူးကွဲအောင် ရိုက်မှ အသည်းစွဲချစ်တယ်လို့များ ပြန်ပြောမလားပဲ။ ခုလို ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေကရော ဘယ်လောက် ကြာကြာ ရပ်တည်နိုင်မလဲ။ သူတို့ရဲ့ အချစ်အစွမ်းကြောင့် ထာဝရ ရပ်တည် ရှင်သန် ခိုင်မြဲ နိုင်ပါစေလို့ ဆုတောင်းပေးနေမိပါတယ်။ သူတို့က ခဏခဏ စကားများနေကြတာလို့ ကြားဖူးထားတော့ စိုးရိမ်စိတ် ဖြစ်မိပါတယ်။ ဘာမှ မသိနားမလည်သေးတဲ့ ကလေးနှစ်ယောက်ကို ကျွဲနှစ်ကောင်ကြားက မြေစာပင် မဖြစ်စေချင်ပါဘူး။ မနက်ခင်း ဆည်ဆာ နဲ့အတူ သာယာလှပ အေးမြခြင်းကို ဖျက်ဆီးပစ်နိုင်တာလည်း အချစ် စွမ်းအားပဲ။ ခုလို ညနေ ဆည်းဆာနဲ့အတူ သာယာလှပ အေးမြ ကြည်နူးစရာ တွေကို ဖန်တီးပေးနိုင်တာလည်း အချစ် စွမ်းအားပါပဲ။ သူငယ်ချင်းတို့ လင်မယား စကားများသလိုများ ဖြစ်နေမလား။
တစ်ရက်မှာပေါ့။ သူငယ်ချင်းအိမ်မှာ ကျွန်တော် ရှိနေတုန်း သူတို့ စကားများကြတယ်။ ကောင်မလေးက စိတ်ဆိုးပြီး အိမ်က ထွက်သွားတယ်။ အ၀တ်အစား တွေတော့ ပါမသွားပါဘူး။ ( အဟိ၊ အပို အ၀တ်အစားတွေကို ကျောတာဂျ) ။ ကျွန်တော်ကတော့ သူတို့ နှစ်ယောက်ကို အဆင်ပြေ စေချင်ပါတယ်။ ဒါကြောင့် လိုက်ချော့ဘို့ လိုက်ခေါ်ဘို့ သူငယ်ချင်းကို ပြောရတာပေါ့။ သူငယ်ချင်းကိုလည်း ဆရာကြီးစတိုင်နဲ့ ခပ်တည်တည် ပြောလိုက် ဆူလိုက် လုပ်လိုက်ရသေးတယ်။ အခွင့်ရ တုန်းလေး အနိုင်ယူထားရတာလေ။ ဒီကောင့်ကို။ ဟိ။ သူငယ်ချင်းက အေးဆေးပဲ။ ဒါနဲ့ လိုက်မခေါ်ဘူးလား မချော့ဘူးလားလို့ ပြောလိုက်တော့ ပြုံးစိစိနဲ့ “ ခေါ်စရာမလိုပါဘူး၊ ညကြရင် သူပြန်လာလိမ့်မယ်” တဲ့။ (ကျွန်တော် အတွေးတွေနဲ့ မောရပါပြီ။ အချစ်စွမ်အားကြောင့် ပြန်လာမှာလား။ မင်း စွမ်းအားကြောင့် ပြန်လာမှာလားလို့ မေးလိုက်ချင်တာ။ နှုတ်ဖျား မှာ ကလိကလိ ဖြစ်လို့။ မမေးမိခဲ့ပါဘူး။ ဒီကောင်က မိန်းကလေးတွေ ကျေနပ်အောင် ပျော်အောင် စကားပြောတတ်တဲ့ အစွမ်းရှိတယ်လေ။ စကားလုံး တစ်ခုခုနဲ့ ချုပ်ထား ချည်ထားလားမှ မသိတာကိုးနော့်၊ အဲလို ချုပ်ထား ချည်ထားနိုင်တဲ့ အစွမ်းထက် စကားလုံးများ ရှိရင် ကျွန်တော်လည်း လိုချင်လို့လေ)။ ဘယ်အစွမ်းကြောင့် ပြန်ရောက်လာလဲ ဆိုတာ သေချာ မသိပေမဲ့ ကောင်မလေး ပြန်လာတာတော့ အသေအချာပါပဲ။ သြော် -- အချစ်စွမ်းအား လို့ပဲ ---------
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း