ကံတရားရဲ့လှည့်ကွက်(လှုပ်မရအောင် အချစ်ကြိုးတုပ်ခံထားရတဲ့ ကောင်လေးရဲ့ အသနားခံစာ)
အလှတရားအားလုံးကို သရဖူဆောင်းထားတယ်လို့ ဘော်ဒါတွေသြဘာပေးကြတဲ့ နင့်ကို ငါယဉ်ယဉ်လေး ရူးနေရောပေါ့။ ကောင်မလေးရေ… ငါရူးတာ ဘော်ဒါတွေ တန်ဖိုးဖြတ်တဲ့ နင့်အလှမဟုတ်ရပါဘူး။ သူတို့ တန်ဖိုးဖြတ်ရကောင်းမှန်းမသိတဲ့ နင့်ရဲ့ အကြည့်စူးစူးနဲ့ နင့်ရဲ့ကလေးဆန်တဲ့ အပြုအမူကြောင့်ပါကွာ။ ဒါဆိုရင် ငါ့ဘော်ဒါတွေကတော့ ပြောတော့မယ်။ ဒီကောင် ချော်လဲရောထိုင်နေတာ။ နင်ချောလို့ သူလိုက်ကြိုက်တာပါ ဆိုပြီး နင့်နားကိုပေါက်အောင် အရောက်သွင်းကြမှာပေါ့ ကောင်မလေး။ လောလောဆယ် ငါမင်းကိုချစ်နေတာ သူတို့မသိသေးတော့ မင်းရဲ့ရွှေနားတော်အရောက် တင်သွင်းနိုင်ဦးမယ်တော့ မထင်ဘူး။ ဒါကြောင့်လည်း ငါစိတ်ချ လက်ချ အုံ့ပုန်းချစ်နိုင်တာပေါ့ကွာ……။
မြန်မာစာသမားတွေကပြောတာ ကဗျာဖွဲ့မမှီတဲ့။ ဟော… သချာင်္သမားတွေကတော့ အီကွေးရှင်းထုတ်မရပါတဲ့။ သမိုင်းကြိုက်တဲ့တချို့ကတော့ ရာဇ၀င်တခေတ်လှစ်လာတယ်ဆိုပဲ။ ရူပဗေဒတွေတော့ နိယာမတွေ ရှာကြတုန်း။ ငါတို့ကျောင်းကိုလာလည်တဲ့ ၂ရက်မှာ မင့်သူငယ်ချင်းလည်း ဘော်ဒါများသွားတယ် သိလားကောင်မလေး။ မျက်လုံးလေးပြူးပြီး မေးဦးမလား။ မင်းကြောင့်ပေါ့ ကောင်မလေး။ မင်းနဲ့ခင်ချင်လို့ဆိုပီး မင်းသူငယ်ချင်းကို အပိုင်ပေါင်းကြတာလေ။ ယောက်ျားလေးချင်းဆိုတော့ ဒီကောင်လည်း လျှိုလို့ဘယ်ကောင်းမလဲ။ သူ့ချစ်သူက မျက်စိဒေါက်ထောက်ကြည့်တာတစ်မျိုး။ ငါတို့ပါးစပ်က အဖွလွန်တာတစ်မျိုးရယ်ပေါင်းရင် သူပြေးမလွတ်တာ သိတော့ မင်းအကြောင်းပြောပြရတော့တာပဲ ကောင်မလေး။ မင်းက တခြားကျောင်းကဆိုပေမယ့် ငါတို့ကျောင်း မှာတော့ မင်းက ဘုရင်မ။ ၂ရက်တည်းနဲ့ ပုရိသအားလုံးရဲ့ နှလုံးသားကို ကြိုးတုပ်ပြီး သတ်မိန့်ချသွားသူ။ မင်းကို ရူးတဲ့သူတွေထဲမှာ ရည်းစားရှိသူတွေလည်း ပါပေါ့။ ကောင်မလေးတွေဆိုတာ နားကိုညီးနေတာ။ သူတို့ကောင် လေးတွေက မင်းဘယ်လောက်လှကြောင်းပဲ ချီးမွမ်းခန်းဝင်နေလို့လေ။ ကလော်တုတ်လိုက်တာလဲ စုံရော။ တဖွဲ့တည်း မိန်းခလေးနဲ့ ယောက်ျားလေးချင်းတောင် မင်းနဲ့ပတ်သက်ပြီး စကားများကြတာ။ ကဲ…. မင်းကသာ နယ်မြေကျူးကျော်သိမ်းပိုက်လာသူဘုရင်မ။ ငါတို့က ကျွန်ခံရမလား။ တော်လှန်ရမလား မသေချာတဲ့သူတွေ။ သူတို့တွေ တဖွဖွပြောတဲ့ အပြစ်ကင်းတဲ့ နင့်အလှဆိုတာ… ငါ့မျက်စိထဲ မ၀င်ခဲ့ဘူး ကောင်မလေး။ မှန်တယ် ငါဟာ အလှတရားကိုမခံစားတတ်တဲ့ကောင်။ ဒါပေမယ့် မျက်ဝန်းစူးစူးလေးတွေတော့ မင်းနေရာအနှံမှာ ခြေရာချန်ခဲ့တာ ငါလိုက်ကောက်ကောင်းတုန်းပေါ့။ သိလား…ကောင်မလေး ငါ့ရဲ့ ဟောင်းလောင်းဖြစ်နေတဲ့ ရင်ခွင်ဗလာနဲ့ လိုက်စုထားတာ ၁ပတ်ကုန်သွားတာတောင် ငါရှာလို့မဆုံးသေးဘူး။ ကြာတော့ ရင်ခွင်က အလွမ်းတွေ လှိုက်စားလာတယ်။ ဒဏ်ရာက ချုပ်မှမချုပ်ရသေးပဲကိုး။ အစိမ်းလိုက် ဟက်တက်ခွဲခံရပီးမှ ပြန်ချုပ်မယ့် ဒေါက်တာက ရင်ထဲက အချစ်တွေကို တစစီဆွဲထုတ်ပြီး ၀ှက်ထားခဲ့တယ်လေ။ အကုန်ပြန်ရှာတွေ့ ရင်တောင် ချုပ်ပေးချင်မှ ချုပ်ပေးမယ့် အပြုံးနဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ် ထွက်သွားတာ။ အဲ့ဒေါက်တာမလေး သိရောသိရဲ့လားမသိဘူး။ တကယ့်မိန်း နှလုံးသားက သူ့နှလုံးသားနဲ့အတူ ကပ်ပါသွားတယ်ဆိုတာ။ ကောင်မလေးရယ်… မင်းနှလုံးသားကိုတိတ်တခိုးပြန်မေးလိုက်စမ်းပါ။ မင်းတဒုတ်ဒုတ်ခုန်နေတာ ကြင်ဖော်တွေ့ သွားလို့လားလို့လေ။ ပြန်ဖြေပါလိမ့်မယ်။ ဟုတ်တယ်လို့။ ငါသိတာပေါ့။ ငါ့နှလုံးသားက ငါ့ရင်ဘတ်ထဲကနေ အဲ့လိုပြောပြီး မင်းနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတာ။ ငါ့နှလုံးသားကိုငါပြန်ရဖို့ဆို ကောင်မလေး….. မင်းငါ့အနားမှာရှိနေမှဖြစ်တော့မယ်။ ဟုတ်တယ်။ ငါဟာမင်းမရှိပဲ မနေနိုင်ဖြစ်သွားပြီလေ။ မင်းမရှိရင် ငါ့နှလုံးသားနဲ့ ငါနဲ့ဝေးပြီး သေရမှာပေါ့။ သတ္တ၀ါတွေကို ကယ်တင်ကောင်းပါတယ်ကွာ။
ဟုတ်ပါတယ်။ ငါ့နှလုံးသားနဲ့နီးအောင်လို့ မင့်သူငယ်ချင်း ငါ့ဘော်ဒါကိုအပူတိုက်ခဲ့ပါတယ်။ တခြားမဟုတ်ပေါင်။ မင်းနဲ့ငါက လမ်း၂လမ်းပဲခြ
ားတာ။ နောက်ပြီး ခြေရာခံလိုက်တော့လည်း မင်းက ငါ့ညီတ၀မ်းကွဲအိမ်နဲ့ကပ်လျက်။ ခုဆိုငါနဲ့ကမ္ဘာ့ရန်ဘက်အိမ်ကို ချောင်းရော၊မြစ်ရော အကုန်ပေါက်နေပြီလေ။ မင်းနဲ့လည်း ခင်ခဲ့ပြီပေါ့။ ရွှတ် နောက်တတ်တာတွေ။ ခပ်ဟဟရယ်တတ်တာတွေ။ သီချင်းအရမ်းကြိုက်တယ်ဆိုလို့ အွန်လိုင်းက ဒေါင်းလိုက်ရတဲ့ သီချင်း။ ကြာရင် အဆိုတော်အားလုံးနဲ့ပါ ပခုံးဖက်ပေါင်းဖို့ဂိတ်ဆိုက်နေတာတွေ။… တွေ… တွေ…. ဒါတွေက ငါပြောင်းလဲလာတာတွေပါ ကောင်မလေး။ ငါတကယ်မြတ်နိုးလို့ မင်းနဲ့လိုက်လျောညီထွေ အောင် ပြောင်းလဲသွား ခဲ့တာတွေပါ။ ငါကိုက ညှိယူတာမဟုတ်ဘူးနော်။ အချစ်စိတ်က ပြောင်းလဲ ပေးသွားတာ။ မင်းလည်း ငါ့ကိုဘယ်သွားသွားခေါ်တတ်လာတာ။ ဘာမဟုတ်ပဲ စိုက်ကြည့်တတ်တာ။ မျက်ဝန်းချင်းဆုံရင် ပင့်သက်ရှိုက်လိုက်တာတွေ….. ဂရုစိုက်မိပါတယ် ကောင်မလေး။ ဒါပေမယ့် ငါအုံပုန်းပဲချစ်နေဆဲပါ။ ငါတို့ကျောင်းကိုလာရင် မင်းအနားမှာ ငါတယောက်တော့ အဖြူထည်ရှိနေပေးသင့်တယ်ထင်လို့။ ကောင်မလေးရယ် မင်းကို အရာရာထက်ပိုဦးစားပေးတာပါ။ ခက်တာက ငါတို့ ဒီအတိုင်းဝေးကြမှာလား။ ငါအွန်ုလိုင်းမှာကျူတဲ့ ကောင်မလေးကလည်း မင်းဖြစ်နေတယ်။ ငါ့အဒေါ်ကအပြင်မှာတွေ့ပေးမယ်ပြောပြီး မအားလို့မလာဖြစ်တဲ့သူကလည်း မင်းဖြစ်နေတယ်။ နောက်ပိုဆိုးတာက မင်းက ငါ့ညီရဲ့ မိဘချင်းသဘောတူ ထားတဲ့ ကောင်မလေးတဲ့ကွာ……………။ ငါဘယ်လိုလုပ်ရပ။ မင်းကတော့ ကလေးအထာနဲ့ ငါ့ကိုတွေ့ရင် အရုပ်ဝယ်ပေးခိုင်းတာနဲ့။ မုန့်ကျွေးခိုင်းတာနဲ့။ ငါမှာတော့ မင်းကိုတွေ့ရင် ပျော်ဖို့တွေးပေမယ့် စို့နင့်လာတယ်။ ငါ့နှလုံးသားတခြမ်းက ပြန်ရပေမယ့် ကျန်တခြမ်းက အလုပ်မလုပ်တော့သလို အချစ်တွေ ပိတ်ဆို့သွားသလိုလို။ ကွာ………………………………… ငါဟာ ရေကူးတတ်ပါလျက်နဲ့ ရေငုပ်ပြီး အသက်မရှူလိုသူပါ။ မင်းဘက်က ပွင့်လင်းလာရင်ကောင်းမယ်။ ဒါမှမဟုတ် ငါ့ညီပဲ မင်းကိုငြင်းလိုက်ရင်ကောင်းမယ်။ ဒါမှမဟုတ် ငါကပဲ ငါ့အဒေါ် လက်ထဲကနေ မင်းကိုတောင်းလိုက်ရင်ကော….။ မင်းအမေနဲ့ အဆင်ပြေပါတယ်။ မင်းအဖေကလည်း ငါ့ကို ချစ်တယ်။ ငါ့ညီကတော့ မင်းကိုချောတယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ လက်ခံထားတာ။ ငါကတော့ စောင့်ရှောက်ပေး ချင်တဲ့ ခံယူချက်နဲ့ မျှော်မှန်းထားတာ။ ဒီလိုအဖုအထစ်လေးတွေမှာ ငါ့ညီကလည်း ငါတို့အကြောင်းသိနေတာပဲ။ မင်းတချက်ငြင်းရင် သူလွှတ်ပေးမယ့်ဒီဇိုင်းမှာ မင်းက တင်းခံနေတော့ ငါဘာလုပ်ရမလဲ။ ပြောပါဦးကောင်မလေး ငါဘာလုပ်ရမလဲကွာ………………………… ။ ။ ။ ။