Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမေ ပျော်ရွင် ကျန်းမာပါစေ (မွေးနေ့ အမှတ်တရ)

$
0
0

ဒီနေ့ ကျွန်တော့် မွေးနေ့လေးပါ။ နေ့ခင်းဘက်မှာ မအားတာနဲ့ ဘယ်မှ မသွားဖြစ်ခဲ့ဘူး။ လျှောက်လည်ချင်တာပေါ့နော်။ ခက်တာက အားလည်းမအားဘူး အတူတွဲလျှောက်ပေးမဲ့ ချစ်သူလည်း မရှိဘူး သူငယ်ချင်းတွေကလည်း သူ့အလုပ်နဲ့သူဆိုတော့ မအားဘူးလေ။ ဘယ်သွားလို့ ဘယ်လျှောက်ရမှန်းလည်း မသိခဲ့ဘူး။ ဒါနဲ့ မွေးနေ့ဆိုတာကို မေ့ထားလိုက်တယ်။ ပျော်ဘို့ လည်ဘို့လည်း ဘာမှ မတွေးတော့ပါဘူး။ အလုပ်ထဲမှာပဲ စိတ်ကို နှစ်ထားလိုက်တယ်။ ချစ်သူမြို့တော်လေးမှာတော့ သူငယ်ချင်းတွေရှိတယ်လေ။ ညနေဘက် အားမှပဲ သူငယ်ချင်းတွေဆီက လက်ဆောင် စကားလေးတွေ ဖတ်ပြီး ပျော်တော့မယ်လို့ စိတ်ကို တင်းထားလိုက်ပါတယ်။

 

ညနေဘက်ရောက်တော့ ချစ်သူမြို့တော်ကို သွားမိပါတယ်။ သူငယ်ချင်းတစ်ယောက်ဆီက မွေးနေ့လေးကို အမှတ်ရစွာနဲ့ သတိတရ လက်ဆောင်လေးများ အမှတ်တရ စကားများ ပို့ပေးထားတာကို တွေ့ရလို့ ကျွန်တော် အရမ်းပျော်သွားပါတယ်။ အမြဲတမ်းလိုလို တစ်ယောက်တည်းနေနေရတဲ့ ကျွန်တော့်ကို သတိရပေးတဲ့ သူငယ်ချင်း ရှိသေးပါလားလို့ တွေးလိုက်ရင် အရမ်းပျော်ရွှင် ကျေနပ်မိတယ်။ နောက်ပြီး ပျင်းပျင်းနဲ့ ကမ်းခြေကို ခြေဦးတည်လိုက်ပါတယ်။ ဘာရယ် မဟုတ်ပါဘူး။ ညဘက် ကမ်းခြေမှာ ဟိုတွေးဒီတွေးနဲ့ အချိန်ကုန်ချင်လို့ပါ။ တစ်ခါတစ်လေ တစ်ယောက်တည်း ထိုင်နေရတာက ပိုပြီး အကုသိုလ် နည်းမယ်ထင် တယ် လေ။ ကျွန်တော်ကမ်းစပ်ရောက်တော့ လူတွေက အများကြီးပါပဲ။ ကျွန်တော်နဲ့ မွေးနေ့တူတွေများဖြစ်နေ မလားနော်။ ကလေးလေးတွေ သားတွေ သမီးတွေလက်ဆွဲပြီး ပျော်နေကြသူများ သားသမီးတွေရဘို့ အတွက် အားထုတ်နေကြသူများ အများကြီးပါပဲ။ အစုံပေါ့နော်။ ပုံစံအစုံ စတိုင်လ်အစုံပေါ့။ ကိုယ့်ပြည် ကိုယ့်ယဉ်ကျေးမှု့ ကိုယ့်စရိုက်နဲ့တော့ အရာရာကို တတန်းတည်း ယှဉ်ယူ တိုင်းတာလို့ မရဘူးပေါ့ဗျာ။ သူ့နေရာ နဲ့သူ သူ့စရိုက်နဲ့သူပေါ့။ ကျွန်တော်လည်း ကမ်းခြေမှာထိုင်းရင်း ဟိုကြည့် ဒီကြည့်ပေါ့။ အလကားကြည့်ရတာတော့ အကုန်ကြည့်တာပဲ၊ ဟိ။ ပြီးတော့ အမေ့ကိုလည်း သတိရမိတယ်။ ဒီလိုနေ့လေးမှာ အမေ့ကို ပြုစု ချင်လိုက်တာဗျာ။ အမေ့ကို ရှိခိုးကန်တော့ချင်ပါတယ်။ ခြေဆုပ်လက်နယ် ပြုစုပေးချင်ပါတယ်။ ထမင်းဟင်း ချက်ကျွေးချင်ပါတယ်။ ကျွန်တော်ဒီအသက်အရွယ်အထိ ပြုစုစောင့်ရှောက် ချက်ပြုတ်ကျွေးမွေးလာခဲ့တဲ့ အမေ့ကို အမြဲတမ်းမဟုတ်တောင် ဒီလိုမွေးနေ့လေးမှာတော့ ပြန်ပြီးပြုစုစောင့်ရှောက် ချင်တာပေါ့။

 

အမေ့ဆီကို ဖုန်းဆက်ဖြစ်ပါတယ်။ အမေကတော့ ပျော်နေတာပေါ့နော်။ မွေးနေ့မှ မဟုတ်ပါဘူး ။ ကျွန်တော့် အသံကိုကြားတိုင်း ပျော်နေတတ်တာပါ။ အမှတ်မထင်ပေါ့။ အမေ့ကို “ အမေ၊ ဟို -- လွန်ခဲ့တဲ့ 2/28/1984 ရက်က မိဘမေတ္တာကြောင့် အသက်တစ်ချောင်းကို လောင်းကြေးထပ်ခဲ့ ဘူးတယ် နော်။ အမေအရမ်း နာကျင်ခံစားရမှာပဲနော်။ ချွေးသီးချွေးပေါက်တွေစီးကျလို့ အော်လိုက် ငိုလိုက်နဲ့ အမောတွေဖောက်နေမှာပဲနော်။ တအင်အင် ငိုငြီးရင်း အားအင်တွေကုန်ဆုံးခဲ့မှာပဲနော်။ ကောင်းကျိုးပေးမလား ဆိုးကျိုးပေးမလား သားလိမ္မာလေးလား သားဆိုးလေးလား မသိပေမဲ့ မိဘမေတ္တာကြောင့် လောကထဲရောက်လာတဲ့ သားကို ကြည့်ပြီး ပီတိတွေ ကြည်နူးမှု့တွေ အပြည့်နဲ့ အားအင်တွေ ပြန်ပြည့်ခဲ့မှာပဲနော်။ အရာရာကို အောင်နိုင်သူ တစ်ယောက်လို ဂုဏ်ယူပျော်ရွှင်နေခဲ့မှာပဲနော်။ အဲဒီအချိန်တုန်းက ခုလို သားဆိုးလေး ဖြစ်လာလိမ့်မယ်လို့ အမေ မတွေးမိခဲ့လောက်ဘူးနော်။ တွေးမိခဲ့ရင် အမေ သားကို မွေးပေးခဲ့မှာပဲလား” လို့ ကျွန်တော်လည်း အမေ့ကို တမ်းတ လွမ်းမောစွာ ၀မ်းနည်း ကြေကွဲစွာ ပြောနေမိပါတယ်။ အမေ့ဆီက ငိုရှိုက်သံက လွဲလို့ ဘာသံမှ မကြားရတော့ပါဘူး။ မေမေ ငိုနေပါတယ်။ စိတ်မကောင်းပါဘူး အမေရယ်။ သား ရင်ထဲက အမှတ်မထင် ပြောမိခဲ့တာပါ။ “ သား ဘာပဲ ဖြစ်ဖြစ် အမေက မွေးခဲ့မှာပါ” လို့ ငိုသံတွေ ရောလို့ ပြောခဲ့ပါတယ်။ အသံက ပြန်တိမ်ဝင်သွားတယ်လေ။ ကျွန်တော် လည်း “ အမေ သားကို မွေးပေးခဲ့လို့ စိတ်မညစ်စေရတော့ပါဘူး။ သား ကတိပေးပါတယ် အမေရယ်။ သား လိမ္မာနေပါပြီ။ အရင်လို မဆိုးတော့ ဘူးနော်။ ဒီနေ့ အမေ့ကို အရမ်းသတိရတာပဲ။ ခု သားက ကမ်းခြေမှာ ရောက်နေတာလေ ” လို့ ပြောလိုက်တော့ မေမေ စိတ်ပူသွားပါတယ်။ ကျွန်တော် တစ်ယောက်တည်းပါ။ ဘယ်သူမှ မပါပါဘူး။ မဟုတ်တာ အမေ မကြိုက်တာလည်း ဘာမှ မလုပ်ပါဘူးလို့ ပြောလိုက်မှ အမေ့သံက ပုံမှန် ပြန်ဖြစ်သွားတယ်။

 

အမေရယ် သားကို ပြုစုစောင့်ရှောက်လာတဲ့ နှစ်တွေ သားအတွက် ငိုကြွေးခဲ့ရတဲ့နှစ်တွေ သားကို စိတ်ပူခဲ့ရတဲ့နှစ်တွေ သားအတွက် အလုပ်လုပ်ခဲ့ရတဲ့နှစ်တွေ များခဲ့ပါပြီ။ ခုချိန်က စပြီး သားအတွက် စိတ်မပူပါနဲ့တော့နော်။ သား မဆိုးတော့ပါဘူး။ အမေ့ကို စိတ်ပူရ အောင်လည်း မလုပ်တော့ပါဘူး။ “ အော် အမေ့၊ ဒီနေ့ သားကို သတိရပေးတဲ့ သူငယ်ချင်း တစ်ယောက် ရှိတယ်ဗျ ” လို့ ပြောလိုက်တော့ အမေက “ သား၊ အမေက အမြဲတမ်းခွင့်လွှတ်နိုင်တယ်နော်၊ သားဘယ်လောက်ဆိုးဆိုး ဘယ်လောက်မိုက်မိုက် အမေက အပြစ်မမြင်ဘူး။ အပြစ်မတင်ဘူး။ အမေ့မေတ္တာပန်းက သားရဲ့ အပူမီးတွေ ဘယ်လောက် လောင်ကျွမ်းနေနေ ဘယ်တော့မှ ညှိုးနွမ်းမသွားဘူး။ သူငယ်ချင်းတွေကိုတော့ အပူမီးတွေ မကူးစက်စေပါနဲ့နော်။ အပူမီးတွေ မလောင်ပါစေနဲ့နော်။ သားကို ခင်တဲ့ သူတိုင်းကို အေးမြတဲ့ ခင်မင်မှု့တွေ ကူညီမှု့တွေ အသိတွေပဲ ပေးပါနော်။ အပူစာတွေ အပူငွေ့တွေနဲ့ မထိစေနဲ့နော်။ သူတို့က သားအမေ မဟုတ်ဘူး လေ” တဲ့။ စိတ်ချပါ အမေရယ် သားကို ခင်တဲ့ သူငယ်ချင်းတွေကို အပူမီးတွေ မကူးစက်စေရပါဘူး။ သားကြောင့် မပျော်ရွှင်ရဘူးဆိုရင်တောင် သူတို့ရဲ့ ရှိပြီးသားအပျော်တွေကိုတော့ မပျက်စီးစေရပါဘူး။  “ သား မမိုက်တော့ဘူး ” လို့ သားမွေးနေ့ အမှတ်တရအဖြစ် ကတိပေးပါတယ်နော်။ အမေ နောင်ကြုံလာ ရောက်လာဦးမည့် သားရဲ့ မွေးနေ့ပေါင်း မြောက်များစွာအထိ ပျော်ရွှင်နိုင်ပါစေနော်။ ဒီနေ့ အမေ့ခြေရင်းမှာ ၀ပ်ဆင်းဦးတိုက်လို့ ရှိခိုးကန်တော့လိုက်ချင်လှပါဘိ။ ဒီနှစ်မွေးနေ့ လေးမှာတော့ “ အဝေးတနေရာကတိုင် အမေ့ကျေးဇူးကို အာရုံပြုလို့ ရှိခိုးဦးချ ကန်တော့လိုက်ပါတယ် အမေ” ။ အမေ ကျန်းမာ ပျော်ရွှင်ပါစေ။ သားမွေးနေ့ ပေါင်းများစွာကိုလည်း ပါဝင်ဆင်နွဲနိုင်ပါစေ။ မေမေ့ ဆုံးမစကားများစွာကိုလည်း ကြားနေပါရစေနော်။

 

ဘာသာ မတူ၊

နိုင်ငံ မတူ၊

ယဉ်ကျေးမှု့ မတူ၊

စရိုက် မတူ၊

ပုံစံ မတူ ပေမဲ့၊

သားသမီးတွေအပေါ်မှာ ထားတဲ့၊

မိခင် မေတ္တာကတော့

တူညီချက် ရှိကြပါတယ်။

 

ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊

မြန်မာပြည် မွေး၊

မြန်မာ သွေးနဲ့၊

ရိုးရိုးလေး ၀တ်၊

ယဉ်ယဉ်လေး နေ၊

ခေတ်မှီတဲ့ အသိတွေ မရှိ၊

အကောင်းစား အသုံးအဆောင်တွေ မသိပေမဲ့၊

တရား အသိနဲ့ သီကုံး၊

အေးချမ်းစွာ ပြုံးပြနေတဲ့ အမေ့ကို၊

အကောင်းစား ကားတွေကို စီး၊

ဟီး - နေတဲ့ တိုက်တွေပေါ် နေ၊

အကောင်းစား ဇိမ်ခံပစ္စည်းတွေနဲ့၊

အကောင်းစား အစာကို စား၊

အပျံစားတွေ ၀တ်ထားကြတဲ့၊

အလန်းစား သူတို့ အမေတွေထက်၊

အဆပေါင်းများစွာ ဂုဏ်ယူ၊

နှင်သစ်စွာ ကြည်ဖြူ ကျေနပ်၊

သတ်မှတ်ခံရတဲ့ အမေ့သား အဖြစ်ကို၊

လွန်စွာမှာ ကျေနပ် နှစ်သက်မိပါကြောင်း ---- ။

 

 

အားလုံးကို

ခင်မင်စွာဖြင့်

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>