တစ်ခါတစ်ရံ စိတ်ညစ်တယ်
ဖုန်းသံတွေကြောင့်ကွယ်
တစ်တီးတီးနဲ့ ဖုန်းသံများ
ငှက်ဆိုးထိုးသံအလား
တစ်ခါတစ်ရံ မေ့စိတ်ကို အနှောက်အယှက်ဖြစ်စေတဲ့ အခြေအနေတွေကတော့ မနက်မိုးမှ မလင်းသေး အာရုံဦးလေးမှ အိပ်လို့ ကောင်းနေတုန်း အခန်းထဲက ဖုန်းက မြည်လာပြီ။
အိပ်ချင်မူးတူးနဲ့ ဖုန်းကို နံပါတ်ကြည့်လိုက်သည်..။ မေ မသိတဲ့ ဖုန်းနံပါတ်။ တစ်ယောက်ယောက်က ကိစ္စရှိလို့ နေပါလိမ့်မည်လို့ တွေးပြီး ကောက်ဖြေလိုက်မိသည်။
“ဟလို”
“ဟလို ဘယ်သူလဲ မသိဘူး”
“ဘာ..နင်ငါ့ဖုန်းကိုလဲ ခေါ်သေးတယ် ဘယ်သူလဲ မသိဘူးလို့ မေးတယ် ဟုတ်လား..မသိရင်မခေါ်နဲ့ပါလား..စောစောစီစီ အားနာရကောင်းမှန်း မသိတဲ့ဟာ..နင်အားနေပေမဲ့ ငါ မအားဘူး”
ဖုန်းကို ဖြေမိလို့ ခေါ်ဆိုသူကပဲ ဘယ်ူလဲ မသိ ပြန်မေးခံရတာကို မေ စိတ်ဆိုးလေ့ရှိသည်.။ မသိရင်အကြောင်းမရှိရင် မခေါ်နှင့်ပါလား..။ သိုပေမဲ့ ပြည်ပရောက် ကိုရွှေမြန်မာအများစုက ထိုကဲ့သို့ပင် ဂွင်ဆင်လေ့ရှိသည်။
ဖုန်းကို ခွပ်ခနဲ့ ပိတ်ပြီးပြန်အိပ်ဖို့ ကြိုးစားပေမဲ့ အိပ်လို့ မရတော့ပါ။ အကြောင်းအရင်းက ထို ကိုယ်ခေါ်တဲ့ဖုန်းပိုင်ရှင် ဘယ်သူမှန်းတောင် မသိတဲ့ ဘသားချောက မကိုင်မချင်း ခေါ်သောကြောင့်ပင်တည်း။
သူ့ဖုန်းကို မကိုင်တော့ပေမဲ့ ဖုန်းမြည်သံကြောင့် ဘယ်လိုမှ ကြိုးစားပြီးအိပ်လို့မရတော့ပါ။
ဖုန်းကို Silent လုပ်ထားပေမဲ့ စာပွဲပေါ်မှာ တင်ထားတဲ့ အတွက် ဒီဖုန်းမြည်လို့ စာပွဲမျက်နှာပြင်ပေါ်က ဂလက် ..ဂလက် အသံက ဆက်အိပ်လို့မရတော့။
အဲ့လို နှောက်ယှက်တဲ့ သူက မနက်စောစောတင်လားဆိုတော့ မဟုတ်ရပြန်။ တစ်နေ့လူံး အဆက်မပြတ် ခေါ်ပြီး ခေါ်ပြန်။
“ဘာကိစ္စရှိလဲ မေးပြန်တော့လဲ အင်း အဲ ..အင်းအဲ”
“နင်အားယားပြီး ဖုန်းခေါ်နေပေမဲ့ ငါ မအားဘူး အဲ့လိုကြီး မနှောက်ယှက်ပါနဲ့”
လို့ ပြောပေမဲ့ မထူးခြားနားဘူး..။
ညနေရောက်လို့ ကိုယ်ပိုင်အချိန်လေးရ စာလေးရေးမယ် တွေးပြီး စာရေးဖို့ အစချီလိုက်ယုံ ရှိသေး ဖုန်းသံက မြည်လာပြန်ရော။
ထုံးစံအတိုင်း မကိုင်မချင်း မြည်နေပြန်ရော။
“ဟလို ဘာကိစ္စရှိလဲ..”
“...................”
“ဟလို ”
“.............................”
“ဟလို ပြောစရာမရှိရင် မခေါ်ပါနဲ့..ကျွန်မ မအားဘူး..အဲ့လို ဖုန်းတစ်နေကုန် မြည်နေတာကိုက စိတ်အနှောက်အယှက်ဖြစ်တယ်.ဒါပဲ”
“ခင်ချင်လို့ပါ”
“ဟဲ့ ခင်ချင်တာနဲ့ပဲ ဒီလို တစ်နေကုန် ဖုန်းနဲ့ နှောက်ယှက်နေစရာလား...ကဲ တစ်ခါထဲ ပြောလိုက်မယ်.ကျွန်မ ဖုန်းထဲကနေ ခင်ချင်လို့ပါ ပြောလာတဲ့ သူတိုင်းကို မခင်တတ်ဘူး ဒါပဲ”
ခွပ်..(ဖုန်းကို စိတ်တိုတိုနဲ့ ပိတ်လိုက်သံ)
ထိုသူကပဲ စိတ်မှတ်မရှိတာလား မာနမရှိတာလား မသိ မခေါ်နဲ့ ပြောလဲ မရ
အကြိမ်ကြိမ် ခေါ်နေပြန်ပါရော..။ ဖုန်းကို မကိုင်ပေမဲ့ အသံက မြည်နေပြန်တယ်..။ ဖုန်းပိတ်ထားလိုက်ဖို့ကလဲ တခြားအရေးကြီးဖုန်း ဝင်လာရင် ဘယ်နှယ့်လုပ်မလဲ။ အခန်းပြင်ထုတ်ထားလို့ကလဲ မရ။ ကိုယ့်မှာဒီအခန်း တစ်ခန်းလေးပဲ ရှိတာ။
ည ၁၂ နာရီထိုးနေပြီ ဖုန်းခေါ်တာ မရပ်သေး ဘူး။။မဖြေလို့ မဖြစ်တော့ တော်ကြာ မအိပ်ရပဲ နေလိမ့်မယ်။
“ဟလို“
“........................”
“ဟေ့ မေးရင်ဖြေ..ခေါ်နေတုန်းကတော့ တစ်ချိန်လုံး ခေါ်နေပြီးတော့..ပြောစမ်း ဘာတွေ သေရေးရှင်ရေး အရေးကြီးနေတာလဲ.”
“........................”
“တောင်းပန်ပါတယ် မနှောက်ယှက်ပါနဲ့”
“အိပ်နေပြီလား”
“အချိန်ကိုလဲ ကြည့်အုံးလေ ဒါ လူအိပ်ချိန်”
“.....................”
“ဒီမှာ နောက်ထပ် ဖုန်းထပ်ခေါ်ရင် မနက်ဖြန်မနက် ဒီဖုန်းနံပတ် ကိုင်ဆောင်သူ ရဲစခန်းမှာ လိုက်ရှင်း Miss call 26 call ဖြေထားမိတာ 8 call ..ည သန်ခေါင်ကျော် ညသန်းခေါင်ကျော် ဖုန်းနဲ့ အနှောက်အယှက်ပေးမှုနဲ့ တရားစွဲမယ်..ဒါပဲ”
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူငယ်ချင်းတို့ရေ
သူငယ်ချင်းတို့သာ ယခုလို ဖုန်းနဲ့ နှောက်ယှက်တာ ခံနေရမယ်ဆိုရင် ဘယ်လိုဖြေရှင်းကြမလဲ..။
မေ အကြံဥာဏ် လိုချင်တာပါ..။
မေကတော့ ဆုံးဖြတ်လိုက်ပြီ တကယ်သာ အဲ့လိုပဲ မရပ်မနားခေါ်နေရင် တစ်ကယ်ကို ရဲတိုင်တော့မယ်။ မေ စိတ်အနှောက်ယှက်မခံနိုင်ဘူး။
မေ့မှာ သူငယ်ချင်း များများမရှိဘူး။ သူငယ်ချင်းတွေနဲ့ဆို တစ်နေ့လုံးနေမှ ဖုန်းတစ်ကြိမ်တောင်မပြောဖြစ်တဲ့ အခါရှိတယ်။ မေ့ရဲ့ တစ်နေ့တာ အချိန်တွေဟာ အလုပ်ရယ် ဒီကွန်ပျူတာကြီးရယ်ပဲ ရှိတယ်..။မေ အပြင်လောကမှာ စကားမပြောလိုဘူး..။ စကားလဲ မကြွယ်ဘူး။
မေ ဒီည စာရေးမယ်လို့ တွေးထားပေမဲ့ စိတ်က အနှောက်အယှက် ဖြစ်လွန်းတော့ ရသ ပို့စ်ကောင်းကောင်းလေး တစ်ပုဒ်တောင်မဖန်တီးနိုင်ဘူး...။ တွေးထားတာတွေလဲ ကြက်ပျောက်ငှက်ပျောက်ပဲ..။
စိတ်ညစ်တယ်..တကယ်ပါ။ အပြင်မှာ စကားများများ မပြောတဲ့ မေက သူငယ်ချင်းဆိုလို့ ဒီကွန်ပျူတာရယ် ဒီကွန်ပျူတာထဲက သူငယ်ချင်းတွေရယ်ပဲ ရှိတော့ သူငယ်ချင်းတို့ဆီပဲ ရင်ဖွင့်တာပါ..။ မေ့ကို အကြံညဏ်တွေ ပေးပေးပါ။
လောလောဆယ်တော့ မေ အတော်လေး စိတ်အနှောက်အယှက် ဖြစ်နေတာပါ..။ ရင်ဘတ်တွေတောင်အောင့်လို့ ရောဂါဟောင်းတွေပါ ပြန်ထနေတယ်။
ဟူးးးးးးးးးးးးးးးးး
သက်မကိုသာ အခါခါ ရှိုက်နေမိတယ်..
ဖုန်းသံကတော့ မြည်နေတုန်း...။
ညဥ့် တစ်နာရီ ထိုးနေပြီ။
မနက်ဆို ၆ ခွဲ ထရမှာမို့ ဖုန်းကိုလဲ ပိတ်လို့ မရဘူး။
ဖုန်းထဲက အလန်း မမြည်မှာ ဆိုးလို့။။