ငယ်ငယ်တုံးကပေါ့နော်… ကလေးကြိုက် ဇာတ်လမ်းလေးတွေကို အရမ်းကြည့်ဖြစ်တယ်…. ဘယ်လိုကားမျိုးလေးတွေလဲဆိုတော့ Power Rangers ဇာတ်လမ်းတွဲတွေလေ… အရမ်းကြိုက်ခဲ့တာပေါ့… ဇာတ်ကောင်တွေကလည်း အရမ်းမိုက် အရောင်စုံ အကောင်စုံနဲ့ ပြီးတော့ လက်နက်ဆန်းတွေ ပုံစံဆန်းတွေနဲ့ဆိုတော့ ငယ်ငယ်တုံးက အရမ်းကို အရူးအမူး ဖြစ်ခဲ့တဲ့ ဇာတ်ကောင်လေးတွေပေါ့ဗျာ…
နည်းနည်းလေး ကြီးလာတော့ Power Rangers တွေအပြင် တခြား ဇာတ်ကောင်ကိုပါ တွဲကြိုက်လာတယ်… အဲ့ဒီသူက Super-man …. ကမ္ဘာဂြိုဟ် မဟုတ်တဲ့ တခြားဂြိုဟ်တစ်ခုကနေ ရောက်လာတဲ့ ဂြိုဟ်ကောင်လေ… ကမ္ဘာမြေအတွက်တော့ Hero … ကြီးပေါ့…. မိုးပေါ်ပျံနိုင်တယ် အရမ်းအားကြီးတယ် ဒါ့အပြင် တခြားတခြားသော super power တွေနဲ့ အရမ်းကို ဆွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်ကောင်တစ်ခုဖြစ်ခဲ့ပါတယ်… နောက်တစ်ယောက်ကလည်း သူ့လိုပဲ Spider-man … ဒါလည်း ကြိုက်တာပဲ… အရမ်းကြည့်ကောင်းတာကို လှုပ်ရှားသွားလာမှုတွေက အရမ်းသွက်လက်တယ်… ကြည့်ရတာ စိတ်လှုပ်ရှားဖို့လည်း ကောင်းတာကိုးဗျ…. ဒီတော့ ကြိုက်ပြန်တာပဲ…
အဲ့လို အဲ့လို Hero တွေပေါ့ဗျာ… ကမ္ဘာကြီးကို စောင့်ရှောက်ပေးနေကြတဲ့ သူတွေပေါ့….. တကယ်တမ်းတော့ သူတို့က စိတ်ကူးယဉ်သက်သက်တွေပါ… ရုပ်ရှင်ပိတ်ကားပေါ်မှာပဲ အသက်ဝင်နိုင်ကြတဲ့ သက်မဲ့ရုပ် လေးတွေပါပဲ… အဲ့ဒါထက် မပိုလာနိုင်ပါဘူး… တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာ တကယ်ရှိလာနိုင်မယ်ဆိုရင်တောင်မှ အဲ့ဒါတွေ ရှိလာလို့ ဘာလုပ်လို့ရမှာလဲ… သူတို့က ကမ္ဘာကြီးရဲ့ ကဏ္ဍတစ်ခု အဖြစ်ပါဝင်လာနိုင်မှာလား…….?
ဒီနေ့ခေတ်ကြီးက အရမ်းပြောင်းလဲလာပြီ… Knowledge age လို့ခေါ်တဲ့ ပညာခေတ်… ပြီးတော့ သတင်းအချက်အလက်နဲ့ နည်းပညာခေတ်… မြန်နှုန်းမြှင့် တပ်ဆင်မှုတွေနဲ့ အရှိန်အဟုန်ကောင်းတဲ့ ခေတ်… ဒါတွေက ခဏခဏကြားနေ မြင်နေရလို့ ရိုးတောင်နေပါပြီ… ကြားရတာလည်း တော်တော်ကို အီနေပါပြီ… ဒီလိုခေတ်ကြီးထဲမှာ အိပ်နေတဲ့သူကတော့ ကျန်ရစ်ဖြစ်မှာပဲ… မျက်စိကိုဖွင့် နားကိုစွန့်… အမြဲတမ်း Active & Alert ဖြစ်နေရမယ်… သူများတွေက အမြန်ဆုံးဖြစ်အောင် ပြေးနေတဲ့အချိန် ကိုယ်က အခုမှ ဖိနပ်စီးတုံးဆိုရင်တော့ သေချာနေပါပြီ…
ကြားဖြတ်ပေါ့ဗျာ… ဥပမာလေးတစ်ခုပေါ့…
ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို သည်းကြီးမဲကြီးကို လိုက်ဖမ်းနေတယ်… ကြွက်ခမျာမှာလဲ အသက်ဘေးဆိုတော့ လှည့်မကြည့်တမ်းကို ပြေးလွှားနေရတာပေါ့… အဲ့ဒီအချိန်မှာ ကြွက်ကံကောင်းသွားတယ်… သူပြေးနေတဲ့လမ်းပေါ်မှာ တွင်းတစ်တွင်းကို သူတွေ့လိုက်ရတယ်… ဒီတော့ကာ ဘာပြောကောင်းမလဲ တွင်းထဲကို ပြေးဝင်သွားတော့တာပေါ့…. နောက်ကလိုက်နေတဲ့ ကြောင်ကလည်း ဇွဲတော့ အကြီးသား ကြွက်ကတွင်းထဲဝင်သွားတယ်ဆိုပေမယ့် လက်မလျှော့ဘူး… တွင်းဝမှာထွက်လာရင် အုပ်မယ်ဆိုတဲ့အကြံနဲ့ စောင့်နေပါတယ်… ဒီတော့ ကြွက်ကလည်း ထွက်မလာဘူးပေါ့… ခဏကြာတော့ ကြွက်လေးက ခွေးဟောင်သံကို ကြားလိုက်ရတယ်… တွင်းနဲ့ နီးနီးနားနားလေးလောက်ကပဲပေါ့… ကြွက်ကလည်း မော်ဒန်ကြွက်ဆိုတော့ တွက်ကြည့်တာပေါ့… ခွေးဟောင်သံကြားမှတော့ ဒီနားမှာ ကြောင်မရှိနိုင်တော့ဘူး… စိတ်အေးရပြီကွ ဆိုပြီး အေးအေးဆေးဆေး တွင်းဝကိုအထွက် အသင့်စောင့်နေတဲ့ ကြောင်က ကွိခနဲ့ ဖမ်းလိုက်တော့တာပေါ့… ကြွက်လေးက သူသေရတော့မယ်ဆိုပေမယ့် ကြောင်ကြီးကိုပြောတယ်…
“ကိုကြောင်ကြီးရယ် ကျွန်တော်ကို ရှင်းပြစမ်းပါ… ကိုကြောင်ကြီးအနားရောက်လာတဲ့ခွေးကို ကိုကြောင်ကြီးဘာလုပ်ပစ်လိုက်တာလဲဟင် ကျွန်တော်သိချင်လို့ပါဗျ…”
ကြောင်က မချိပြုံးလေး ပြုံးလိုက်ပြီး…
“မင်းမလဲ တယ် အ တာပဲကြွက်ရယ်… မှတ်ထား ၂၁ရာစုမှာ ဘာသာစကားတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးကွ…” ပါတဲ့…………….
ဟာသတော့ ဟာသပေါ့ဗျာ… ပညာခေတ်ရောက်နေပြီလို့ ပြောချင်တာပါ… တိုးတက်ကောင်းမွန်အောင် လုပ်ကြရတော့မှာ… အိပ်နေလို့မရဘူး… တွေနေ ငေးနေ ငေါင်နေ လို့ မရတော့ဘူး…. ကြိုးစားနေရတော့မှာလေ…. ကိုယ့်အတွက်နေရာက ရှိနေပြီးသား အဲ့ဒီနေရာကို ကိုယ်ရောက်အောင် သွားရမှာ…
အဲ့ဒီလိုရောက်ဖို့ Ice-man ဖြစ်ဖို့တော့လိုတယ်…
မပြောပါဘူး…..
ရေခဲလူသား လို့ မပြောပါဘူး… ကျွန်တော်ပြောတဲ့ Ice-man ဆိုတာက
I-internet,
C-computer,
E-English ဆိုတာတွေကို ပိုင်နိုင်ကျွမ်းကျင်တဲ့ Ice-man တွေကိုပြောတာပါ…
လက်ရှိကမ္ဘာကြီးမှာ အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းနိုင်ဖို့ ဒါတွေက မရှိမဖြစ် လိုအပ်နေတယ် မဟုတ်လား…
Internet….
ပဒေသပင် ကြီးတစ်ခုလိုပါပဲ… လိုသမျှတွေ သိချင်တာတွေ အားလုံးရှိနေတဲ့နေရာကြီးတစ်ခုပေါ့… သင်ကြားသင်ယူမှု အပါအ၀င် အသိပညာ ဗဟုသုတ…. သတင်းအချက်အလက်တွေ… လူမှုဘ၀ဆိုင်ရာတွေ… အားလုံးကို သိရှိရှာဖွေနိုင်တာကြီး တစ်ခုပါ… ပြောစရာမလိုပါဘူး… အနည်းနဲ့ အများတော့ သိပြီးသားတွေပါ… လက်တွေ့ အကျိုးရှိရှိ အသုံးချနိုင်ဖို့ပဲ လိုပါတယ်… အကျိုးရှိရှိပေါ့နော်…..
ပြီးတော့
Computer ……
အခြေခံလောက်နဲ့တော့ မရတော့ပါဘူး… အတိုင်းအတာတစ်ခုအထိ၊ နေရာတစ်ခု အဆင့်တစ်ခုလောက်အထိတော့ ကောင်းမွန်ပြည့်စုံအောင် အသုံးချတတ်ရပါမယ်… အသုံးချတတ်အောင်လည်း သင်ယူလေ့လာထားရပါမယ်… ရှေ့က Internet ဆိုတာကလည်း Computer နဲ့ တွဲသုံးရတယ် မဟုတ်လားဗျ… ကြိုးစားထားမှ…….!
English…. Universal Language
အရေးကြီးတယ်ဆိုတာ ပြောစရာကိုမလိုတာပါ…
ကမ္ဘာသုံး… ကမ္ဘာ့ဘာသာတစ်ခုပေါ့… အခြေခံကနေပြီးတော့ အဆင့်မြင့်မြင့် နိုင်ငံတကာအဆင့်အတန်းမှီ… ပေမှီဒေါက်မှီ အသုံးပြုနိုင်ထားရပါမယ်… ပြီးတော့ သင်ကြားသင်ယူမှုတွေကို ဆက်လက်လုပ်ဆောင်ရာ မှာလည်း English ဘာသာကိုအသုံးပြုပြီး ရှင်းလင်းတင်ပြထားတဲ့ မှီငြမ်းစာအုပ်တွေကို သုံးကြရမှာလေ… ဒါကြောင့် English စာကျွမ်းကျင်မှုဆိုတာ မဖြစ်မနေရှိထားသင့်တာပေါ့… တက်သိရုံမဟုတ်ဘူးဗျ… ကျွမ်းကျင်ပိုင်နိုင်မှု……
မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အဆင်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်မည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်
(To create an education system that can generate learning society, capable of facing the challenge of the knowledge age)
ဆိုတဲ့ မြန်မာ့ပညာရေးမျှော်မှန်းချက် ပန်းတိုင်ကြီးဆီကို ရောက်နိုင်ဖို့အတွက်…
ပြီးတော့ မိမိအတွက် အများအတွက် အကျိုးဖြစ်ထွန်းစေနိုင်ဖို့….
နိုင်ငံအတွက် ကမ္ဘာကြီးအတွက် ဖြည့်ဆည်းပေးနိုင်ဖို့… ကျွန်တော်တို့တွေ တစ်ခုခုတော့ လုပ်ပေးရမယ် မဟုတ်လား…. ကိုယ့်အတွက်လောက်တော့ အနည်းဆုံး ကြိုးစားရမှာပါ…
တကယ်တော့လေ…. ကျွန်တော်တို့ ကမ္ဘာကြီးမှာ Super-man လည်းမလိုပါဘူး… Spider-man လည်းမလိုပါဘူး… သူတို့မရှိလည်း ရပါတယ်…
ဒါပေမယ့် Ice-man တွေတော့ အမြောက်အမြား လိုအပ်နေပါတယ်… ကျွန်တော်တို့လည်း Ice-man ဖြစ်နိုင်ပါတယ်… ကြိုးစားမှုတော့ လိုတာပေါ့…
ကဲ သူငယ်ချင်းတို့ရေ… ကိုယ်တို့မှာလည်း Ice-man ဖြစ်ခွင့်ရှိနေတယ်နော်… ဖြစ်လည်း ဖြစ်သင့်နေတယ်… ဖြစ်အောင်လည်း လုပ်သင့်တယ်ထင်ပါတယ်… တိုက်တွန်းချက်လေးပါ….
(ဆက်ရန် ရှိသေးသည်….)
(မျက်လုံးဖြင့်သိ... ဦးနှောက်ဖြင့်ဖတ်ပြီး... အတွေးတို့ဖြင့် အဆုံးသတ်နိုင်ပါစေကြောင်း... ဆုမွန်ကောင်းပြုလျှက်....)
စေတနာများစွာဖြင့်.........
ကောင်းသီဟကျော်