ဟိုးအဝေး ဆောင်းနှင်းများကြားမှ ဖြတ်သန်းလာသော အရိပ်လေးတစ်ခုကို မသဲမကွဲ မြင်နေရ သည်။ အနီးကပ်လာလေ၊ ပိုမို ပီပြင်လာသော စွဲလမ်း မြတ်နိုးမိသည့် ပုံရိပ်ငယ်တစ်ခု -
ရွှန်းလဲ့ တောက်ပသော မျက်ဝန်းတစ်စုံကို မျက်တောင်ရှည်များ ကာရံထားကာ မျက်ခုံးမွှေး ထူထူ တန်းတန်း တစ်စုံနှင့် နှုတ်ခမ်းပါးလေးကို ဖွင့်ဟကာ ပါးချိုင့်ကလေး နှစ်ခုပေါ်အောင် ပြုံးရယ်နေသော ရွှေဝါ ရောင် အသားအရည်ပိုင်ရှင် ကလေးငယ် တစ်ဦး။ ကျွန်မ အမြဲ တမ်းတနေမိသော ပုံရိပ်စစ်တစ်ခု ...
“မေမေရေ မေမေ ဘယ်မှာလဲ” လို့  တကြော်ကြော်ခေါ်ရင်း ပြေးလာတာ ကျွန်မနားကို ရောက်လာ တာမို့  ဒူးထောက် ထိုင်ချပြီး သူမလေးကို ပြေးပွေ့ လိုက်မိပါတယ်။ ကလေးငယ်က ကျွန်မ ရင်ခွင်ထဲမှာ ခေတ္တ ငြိမ်သက်နေပြီးမှ ကျွန်မ မျက်နှာကို သေချာ မော့ကြည့်ရင်း
“ဟင် မေမေမှ မဟုတ်ပဲ။ အန်တီပါ။ အန်တီက ဘယ်ကလဲဟင်”
“ရပါတယ် ကလေးရယ်။ တို့ က ကလေးရဲ့ မေမေ မဟုတ်ပဲ အန်တီ ဖြစ်နေမယ်ဆိုရင်တောင် ဒီလို ချစ်စရာကောင်းတဲ့ သမီးမျိုးကို ခဏလေး ဖြစ်ဖြစ် ပိုင်ဆိုင်ပါရစေနော်။”
အစီအစဉ် အဆက်အစပ် မရှိပြောလိုက်တဲ့ ကျွန်မ စကားကို နားမလည်သလို နားထောင်ရင်း ကျွန်မ ရင်ခွင်ထဲက ရုန်းထွက်သွားတဲ့ ကလေးငယ်ကို ကြည့်ပြီး ဘာကြောင့် ကျွန်မ ကြေကွဲနေရတာလဲ။
“ပြန်လာခဲ့ပါ ကလေးရယ်။ အနှစ်နှစ်အလလက အန်တီ လိုလား တမ်းတနေမိတဲ့ စွဲလမ်းမှုတစ်ခုကို ကလေးနဲ့  အစားထိုး ဖြေသိမ့်ခွင့် ရနိုင်ခဲ့ရင် သိပ်ကောင်းမှာပဲနော်။ ”
ရင်ထဲက စကားပေါင်းများစွာကို အသံတိတ် ပြောနေမိရင်း ပြေးထွက်သွားတဲ့ ကလေးငယ်နောက် ကို လိုက်ငေးကြည့် နေမိပါတယ်။ ဟုတ်တယ်။ ကျွန်မ ချစ်သူ ကိုနဲ့ သာ လက်ထပ်ဖြစ်ခဲ့ရင် ဒီလို ချစ်စရာ ကောင်းတဲ့ သမီးလေး တစ်ယောက် ပိုင်ဆိုင် နိုင်မှာပဲလို့  ကျွန်မ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အခု အဲဒီ စိတ်ကူးနဲ့  ထပ်တူကျတဲ့ ကောင်မလေးကို ကျွန်မ အပြင်မှာ မြင်လိုက်ရတာ။ ကြာတော့ ကြာခဲ့ပါပြီလေ။
ကျွန်မနဲ့  ကိုတို့  ဝေးကွာသွားကြတာတောင် ၅နှစ်ကျော်ခဲ့ပြီပဲ။ ခုချိန်မှာ ကို ဘယ်နေရာမှာ ဘယ်သူ တွေနဲ့  ဘယ်လို အခြေချ နေထိုင်နေလဲဆိုတာ ကျွန်မ မသိနိုင်တော့ပြီပဲလေ။ တကယ်တော့လည်း ကျွန်မတို့ တွေဟာ ကံကြမ္မာရဲ့ စေညွှန် ရာ အောက်မှာ လိုက်လံ လှုပ်ရှားရတဲ့ အရုပ်ကလေးတွေရယ် သာလေ ……
x x x
ဘ၀တစ်ခုလုံး ယုံကြည် ပုံအပ်ပြီး ချစ်ခင် မြတ်နိုးမိတဲ့သူဟာ ကိုယ်နဲ့  စိတ်တူ၊ ကိုယ်တူ၊ ၀ါသနာတူ ဖြစ်ခဲ့ရင် ပျော်စရာ ကောင်းမှာပဲလို့  ကျွန်မ ယုံကြည် မှတ်ယူခဲ့ဖူးတယ်။ ဒီလို လူမျိုးမှသာ ကိုယ့်အပေါ်ကို နားလည်မှု အပြည့်အ၀ ပေးနိုင်မယ်လို့  ထင်ခဲ့ဖူးတယ်။
ကျွန်မဟာ မိန်းမ မဆန်တဲ့သူ၊ ခေါင်းမာပြီး ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်သူ၊ ယောကျာ်းလေးတွေကို အထင်တကြီး မရှိတတ်သူ၊ တော်ရုံ တန်ရုံသူကို သံယောဇဉ် မထားတတ်၊ မခင်တွယ် တတ်သူ၊ ခံစားချက် မရှိတဲ့သူ တစ်ယောက် လို့  ပတ်ဝန်းကျင်ရဲ့ အမြင်မှာ လက်ခံထားကြတာလေ။ ကျွန်မက လည်း ဒါကို မဟုတ်ပါဘူးရယ်လို့  တစ်ခါမှ ပြန် မဖြေရှင်းခဲ့ဘူး။
တကယ်တမ်းမှာတော့ ကျွန်မဟာ သံယောဇဉ် ကြီးတယ်။ ၊ စိတ်အစွဲအလမ်း ကြီးတယ်။ အချစ်ကြီး တတ်တယ်။ ချစ်ခဲ သလို အချစ်မြဲတယ်ဆိုတာကို တော်ရုံလူတွေ မသိခဲ့ကြဘူး။ သိအောင်လည်း ကျွန်မ မနေခဲ့ မပြောပြခဲ့ဘူး။
အများအမြင်မှာ မိန်းမ မဆန်ဘူးဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်ထဲမှာ အရမ်းကို မိန်းမဆန်တဲ့၊ နူးညံ့ သိမ်မွေ့ တဲ့ အချစ် တခု တည်ရှိနေခဲ့တာကို ဘယ်သူမှ မသိခဲ့ကြဘူး။ သူတို့  မသိနိုင်လောက်အောင်လည်း ကျွန်မက ဟန်ဆောင် ကောင်းခဲ့တယ်။
ထမင်းဟင်း ချက်ဖို့  ၀ါသနာ မပါဘူး။ သူများကို အားမကိုးချင်ပါဘူး။ ယောကျာ်း တစ်ယောက်ကို ယူပြီး တစ်သက်လုံး ပြုစု ယုယဖို့  စိတ်မရှည်ပါဘူး ဆိုတဲ့ အပေါ်ယံစကားတွေက ကျွန်မကို အဆိပ်သင့် စေခဲ့တာ ထင်ပါတယ်။
ကျွန်မရဲ့ စိတ်ဓာတ်ဟာ ဘယ်လိုပဲ မာကျောတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ကျွန်မဟာ နူးညံ့ လှပ ပြေပြစ်တဲ့ မိန်းမ ဆန်ဆန် အလှတရားတွေ ပိုင်ဆိုင်ထားတဲ့ မိန်းမ တစ်ယောက် ဖြစ်နေတာကို တော့ ‘ကို’ အပါအ၀င် ဘယ်ယောကျာ်းလေး ကမှ မငြင်းခဲ့ပ့ါဘူးနော်။
x x x x
ကိုနဲ့  ကျွန်မဟာ စင်္ကာပူမှာ ကျောင်းသွားတက်ချိန်ထဲက မျက်မှန်းတန်းမိပေမယ့် မခင်မင်ခဲ့ကြဘူး။ မြန်မာပြည်က ကျောင်းလာတက်တဲ့သူ အချင်းချင်းဆိုတဲ့ အဆင့်ထက်တော့ မပိုခဲ့ဘူး။ ယောကျာ်းလေး ဖြစ်ပေမဲ့ တစ်ယောက်ထဲ အေးဆေးစွာ နေတတ်တဲ့ ကိုနဲ့  မိန်းကလေးတန်မယ့် ယောကျာ်းလေး သူငယ်ချင်း တွေနဲ့  ဟိုစပ်စပ် ဒီစပ် သွားလာတတ်တဲ့ ကျွန်မတို့  ခင်မင်တဲ့ မိတ်ဆွေ အဆင့်ကို မရောက်ခဲ့ကြတာ သိပ်တော့ မဆန်းဘူး။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာပြည် ပြန်ရောက်ချိန်မှသာ ကုမ္ပဏီကြီးတစ်ခုရဲ့ Project အသစ် တစ်ခုမှာ အလုပ်လာလျှောက် ချိန်မှာ ဆုံတွေ့ ခဲ့ပြီး အဲဒီ ပရောဂျက်မှာပဲ အလုပ်တူတူ ရခဲ့တာ။ အလုပ်စ၀င်တဲ့ နေ့ မှာပဲ သူ့ ကို မှတ်မိနေတဲ့ ကျွန်မရဲ့ စတင် မိတ်ဆက်မှု နဲ့  ကျွန်မတို့ ဟာ ကျောင်းတစ်ခုထဲ အတူ တက်ခဲ့ကြပြီး မခင်မင်ဖြစ်ခဲ့တဲ့သူတွေဆိုတာ သိခွင့်ရခဲ့တာ။
“ဟိုမှာ ဘာလို့  အလုပ်မ၀င်တာလဲ” လို့  ကျွန်မက မေးမိတော့
“မိဘတွေက အသက်ကြီးပြီလေ။ ကိုယ့်ကို သူတို့ ရဲ့ မျက်စိအောက်မှာပဲ ရှိနေစေချင်ကြတာ။ ကိုယ်ကလည်း ဟိုမှာ အကြာကြီးနေဖို့  စိတ်ကူး မထားခဲ့ဘူး။ ဒီမှာပဲ အခြေ ပြန်ချချင်ခဲ့တာ။ ဒါနဲ့  မင်းက ရော”
“ကျွန်မလည်း ရှင့်လိုပေါ့။ ကျောင်းတက်ဖို့ ပဲ သွားခဲ့တာ။ ဒါကြောင့် ကျောင်းပြီးတာနဲ့  မြန်မာပြည် ကို ပြန်ပြေးလာတာလေ။ အိမ်နဲ့  အကြာကြီး ခွဲမနေနိုင်ဘူး။ ပျင်းတယ်။”
အဲဒီအချိန်က စလို့  ကျွန်မတို့  ၂ယောက် စတင် သိကျွမ်းခဲ့တာ။ အလုပ်ဝင်ပြီး သိပ်မကြာခင်မှာပဲ တာဝန်ကျရာ လုပ်ငန်း ခွင် အသစ်ဆီကို ကျွန်မတို့  ပြောင်းရွှေ့ ခဲ့ရတယ်။ ဒါဟာ ကျွန်မဘ၀ရဲ့ ပထမဆုံး အလုပ်အကိုင် ဖြစ်သလို သူဟာလည်း ကျွန်မရဲ့ ပထမဦး ဆုံးသော လုပ်ဖော်ကိုင်ဖက် တစ်ယောက် ဖြစ်ခဲ့ပါ တယ်။
ကျွန်မနဲ့ သူ တစ်နေရာထဲမှာ အတူတွဲပြီး တာဝန်ယူရတယ်။ တာဝန်ကျရာနယ်မှာ အလုပ် စ၀င်ချိန် က စလို့ သူနဲ့  ကျွန်မ ထိပ်တိုက် တွေ့ တော့တာပါပဲ။ ကျွန်မတို့ ၂ယောက်ဟာ တိုက်ဆိုင်စွာပဲ ၀ါသနာချင်း လည်း တူတယ်။ အမြင်ချင်းလည်း တူတယ်။ ခေါင်းမာတာချင်းလည်း တူတယ်။ အငြင်းသန်တာချင်းလည်း တူတယ်။ ကိုယ်မှန်တယ် ထင်တဲ့ အရာကို မလွတ်တမ်း ဆုပ်ကိုင်ရင်း ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဇွတ် လုပ်တတ်တာချင်းလည်း တူတယ်။ ဆရာလုပ်တတ်တာချင်းလည်း တူတယ်။ အဲဒီတော့ ကျွန်မတို့  ၂ယောက်မှာ တပည့် မရှိဘူး။ ဆရာတွေချည်းပဲ။
ကျွန်မတို့  ၂ယောက် ငြင်းခုန်လိုက်တိုင်း ဘယ်သူမှ အလျှော့မပေးတတ်တာမို့  ဆရာ (Project Manager) ရဲ့ ရုံးခန်းကို ရောက်ရတာလည်း အကြိမ်ပေါင်း မနည်းဘူး။ များသောအားဖြင့် ကျွန်မတို့  ၂ယောက်လုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ ၂မျိုးလုံး မှန်နေ တတ်တာကြောင့် ဆရာက ဒီနေရာမှာ အသုံးမချ ဖြစ်ရင်တောင် အခြားနေရာတစ်ခုမှာ ကျွန်မတို့  ဆုံးဖြတ်ထားတဲ့ အယူအဆကို လက်ခံ အသုံးပြု ပေးလေ့ ရှိတယ်။
တဖြည်းဖြည်းနဲ့  အင်ဂျင်နီယာတွေ အများကြီးကြားမှာ ဆရာက ကျွန်မတို့  ၂ယောက်ကို နေရာပေး အလေးထား လာခဲ့တယ်။ ဆုံးဖြတ် လုပ်ကိုင်စရာရှိတိုင်းမှာ အမြဲတမ်း ကျွန်မတို့  ၂ယောက်ကို ခေါ်ယူ တိုင်ပင် ပြောဆိုတတ်ခဲ့တယ်။ ကျွန်မနဲ့ သူ ၀ါသနာတူ စိတ်တူတာကို သဘောကျမိပေမဲ့ ကျွန်မတို့  ၂ယောက် ဟာ ပြိုင်ဘက်အဖြစ်ကို တဖြည်းဖြည်းနဲ့  ရောက်မှန်းမသိ ရောက် လာခဲ့ကြတယ်လေ။ သူနဲ့  စကားနိုင်လု ငြင်းခုန်ရတိုင်း
“ဘယ်လို ကောင်မလေးမှန်း မသိဘူး။ အရမ်းခေါင်းမာတာပဲ။ ယောကျာ်းလေးတွေကိုလည်း ပခုံးချင်းတိုင်း လိုက်ယှဉ် နေ တယ်။ မှန်တယ် ထင်ရင်လည်း နဲနဲလေးမှ နောက်မဆုတ်ဘူး။ ခင်ဗျားက အရမ်း ထက်မြက်လွန်းတော့ ခင်ဗျားကို ယူမဲ့ ယောကျာ်းကတော့ မလွယ်ဘူးပဲ”
အဲဒီလို ပါးစပ်က မခံချင်အောင် ပြောနေပေမယ့်လည်း ဘာကြောင့် ကို့ ရဲ့ မျက်ဝန်းတွေမှာ သဘောကျရိပ်တွေ၊ ဂုဏ်ယူ ၀ံ့ကြွား လိုရိပ်တွေ ထင်ဟပ်နေရတာလဲ။ ဘာကြောင့် အဲဒီလိုမျိုးတွေ ပြောတိုင်း ကျေနပ်နေတဲ့ မျက်နှာကြီးနဲ့  ပြုံးနေရတာလဲ။
“မိန်းကလေးဖြစ်ပေမယ့် အဲဒီလို ထက်မြက်နေရမှာ။ အဲဒီ စိတ်ဓာတ်မျိုးကို ကျွန်တော် တအား သဘောကျတာ။” လို့  ဘာကြောင့်များ တဖွဖွ ပြောခဲ့ရတာလဲ။
တကယ်ဆိုရင် အဲဒီအချိန်ထဲက ကျွန်မ စိတ်ကို သူ နားလည် သိရှိနေရမှာနော်။ အချိန်တွေ ကြာလာ တာနဲ့  အမျှ ကျွန်မ တို့  ၂ယောက်ရဲ့ ခင်မင်မှုက ပိုမို နက်ရှိုင်းလာခဲ့ပါတယ်။ သူ့ ရဲ့ နူးညံ့ ရွှန်းလဲ့တဲ့ အကြည့် တွေအောက်မှာ ကျွန်မ ကျဆုံးစ ပြုလာခဲ့ပြီ။
သူနဲ့  အတူ တိုင်ပင် ပြောဆိုပြီး ဘ၀ကို ဖြတ်ကျော်ချင်စိတ်၊ အလုပ်တွေကို အတူတူ စဉ်းစား တွေးခေါ်ချင်စိတ်တွေ ဖြစ်လာ မိပြီ။ သူ့ အတွက်ဆို ဘာမဆို ဖြည့်ဆည်း ပေးဆပ်ချင်တဲ့ ဆန္ဒတွေ ရင်မှာ တိတ်တခိုး ဖြစ်တည်ခဲ့ပြီ။ (လုပ်ငန်းခွင်နဲ့  မပတ်သက်ရင် ပေါ့လေ)
x x x x
ကျွန်မ မှတ်မိနေသေးတယ်။ ကျွန်မတို့  ၂ယောက် ချစ်သူ ဖြစ်ခဲ့ကြတဲ့ နေ့ တစ်နေ့ ကိုပေါ့။ အဲဒီနေ့  က မိုးရွာနေခဲ့တယ်။ ဆောက်လုပ်ဆဲ အဆောက်အဦး တစ်ခုပေါ် တက်ကြည့်ပြီး ပြန်အဆင်းမှာ လှေကား ပေါ်က ကျွန်မ ခြေချော်ကျခဲ့တာ။ နာကျင်စွာ နဲ့  ပြန်မထနိုင်ခဲ့ဘူး။ အကူအညီ ရလိုရငြား လိုက်ကြည့်ပေမယ့် အနားမှာ တစ်ယောက်မှ ရှိမနေခဲ့ဘူး။ အားငယ်စွာ ခံစားနေ ရတုံးမှာပဲ မှတ်မိနေကျ ဆိုင်ကယ်သံ တစ်ခုနဲ့ အတူ ကျွန်မနားကို သူ ရောက်လာခဲ့တာ။ စိုးရိမ်တကြီး ပြေးလာတဲ့ သူ့ ကို မြင်တော့ မှ ပိုဝမ်းနည်းလာပြီး အလိုလိုနေရင်း မျက်ရည်တွေ ကျလာတော့တာ။
“ဘာဖြစ်သွားတာလဲ” လို့  သူ မေးတော့
“ချော်ကျတာ။ ထလို့  မရဘူး။ ခြေထောက်က အရမ်းကို နာတယ်”
စကားအဆုံးမှာပဲ မပြောမဆိုနဲ့  ကျွန်မကို ပွေ့ ချီပြီး ဆိုင်ကယ်ပေါ် တင်သွားခဲ့တာ။ နေ့ လည်ပိုင်း နားနေတဲ့ သူတို့  ရုံးခန်းကို ကျွန်မကို ခေါ်သွားခဲ့တယ်။ အဲဒီအချိန် ဒီနားနေခန်းထဲမှာ ဘယ်သူမှ ရှိမနေခဲ့ဘူး။
ကျွန်မရဲ့ ခြေထောက်က ထောက်မနိုင်လောက်အောင် ရောင်ကိုင်းနေခဲ့ပြီ။ ဒဏ်ရာကို ဆေးကြော ပေးရင်း ရောင်နေတဲ့ ခြေထောက်ကို သူကိုယ်တိုင် ဆေးလိမ်းပေးချိန်မှာတော့ ကျွန်မက တရှုံ့ ရှုံ့ နဲ့  ငိုနေခဲ့ပြီ။ ဘယ်လောက်ပဲ စိတ်ဓာတ် မာကြောတယ် ဆိုပေမယ့် နေမကောင်းချိန်မှာတော့ အနားမှာ မိသားစု မရှိရင် အားငယ်တတ်တာ ကျွန်မ အကျင့်လေ။
အဲဒီအချိန်မှာ ကျွန်မလက်ကို ဆုပ်ကိုင်ရင်း ရုတ်တရက် လှမ်းပြောလိုက်တဲ့ သူရဲ့ စကားသံ။ ကျွန်မ တဘ၀လုံးမှာ ဘယ်တော့မှ မေ့လို့  ရတော့မှာ မဟုတ်တဲ့ သူ့ ရဲ့ စကားလုံးတွေ
“ကလေးကို တစ်သက်လုံး ယုယချင်လိုက်တာ” တဲ့။
သူပြောလိုက်တဲ့ စကားဟာ ကျွန်မ ကြားဖူးနေကျ သာမာန် ရည်းစား စကားမျိုး မဟုတ်တာတော့ သေချာတယ်။ တကယ် ဆို အဲဒီအချိန်ထဲက ကျွန်မ သိခဲ့ဖို့  ကောင်းတာနော်။ သူ ကျွန်မကို ချစ်တယ်လို့  ပြောခဲ့တာ မဟုတ်ဘူးလေ။
ကျွန်မ သူ့ မျက်နှာကို အလန့် တကြား မော့ကြည့်မိတော့
“ကလေးကို ကို့ ရင်ခွင်ထဲမှာ ထားပြီး တသက်လုံး ထွေးပွေ့ ထားချင်လိုက်တာ။” တဲ့
“အဲဒါ ဘာပြောတာလဲဟင်။ ကျွန်မကို ရည်းစား စကားပြောနေတာလား” လို့  ပွင့်လင်းစွာ မေးမိတော့
“ဟုတ်တယ်လေ ကလေးမရဲ့။ ဒါလေးတောင် မသိဘူးလား” တဲ့
တကယ်ဆို ဒီနေရာမှာ ကျွန်မ မဟုတ်တဲ့ အခြား သာမာန် မိန်းကလေး တစ်ယောက်သာဆို စဉ်းစား ပါရစေဦး ဘာညာနဲ့  ပြောဦးမလား မသိဘူးနော်။ ဒါပေမဲ့ အမြဲတမ်း စိတ်မြန် လက်မြန်နဲ့  မိန်းမ မဆန်တတ် တဲ့ ကျွန်မရဲ့ ထုံးစံအတိုင်းပဲ
“ကို့ ကို ကျွန်မလည်း ချစ်နေခဲ့တာ ကြာပြီ” လို့  ချက်ချင်း ခေါင်းညိတ် အဖြေပေးခဲ့မိတာ။
“ဟာကွာ။ ဘယ်လို ကောင်မလေးလဲ။ ရည်းစား စကားပြောတာ ချက်ချင်း အဖြေ ပေးရတယ်လို့ ။ ဒါပေမဲ့ ကို အရမ်းပျော်ပါ တယ် ကလေးရာ။ ကျေးဇူးလည်း တင်ပါတယ်။ ကို့ ကို လက်ခံပေးလို့ ”
ပျော်ရွှင် ကြည်နူးသွားတဲ့ ကို့ ရဲ့ မျက်နှာကို ကြည့်ရင်း ကို့ ကို ချက်ချင်း အဖြေပေးမိတာ မမှားပါဘူး လို့  ကျွန်မ ကိုယ့် ဘာသာ ကိုယ် ဖြေသိမ့်ခဲ့တယ်။ တကယ်တော့ ဒါတွေဟာ ကျွန်မအတွက် အမှတ်လျှော့စေ တဲ့ အချက်တွေရယ်လို့  အစက မစဉ်းစားမိခဲ့ဘူး။
ဒီလိုနဲ့  သူ့ ဘက်က ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမှ မပါပဲ ကျွန်မတို့  နှစ်ယောက် ချစ်သူ ဖြစ်ခဲ့ကြ တယ်နော်။ ချစ်သူ ဘ၀မှာ ကျွန်မကသာ ချစ်လားလို့  အတန်တန် မေးမှ ချစ်တယ်လို့  ပြောတတ်ခဲ့တာ၊ ကျွန်မကသာ သူ့ ကို မျက်စိ အောက်က အပျောက်မခံနိုင် လောက်အောင် သည်းသည်းလှုပ် ဂရုစိုက်ခဲ့ရတာ၊ သူကတော့ ချစ်သူ ဖြစ်တာကို သူငယ်ချင်းတွေကိုတောင် ပြောပြခွင့် မပေးပဲ လျှို့  ၀ှက်ထားခဲ့ရတာ ဒါတွေကို ဘာလို့  ကျွန်မ သတိ မထားခဲ့မိပါလိမ့်။
ရှားရှားပါးပါး နှစ်ယောက်အတူ ရှိခွင့် ရချိန်လေးမှာသာ ‘ကလေး’ ရယ်၊ ‘ကို’ ရယ်လို့  ပြောခွင့် ခေါ်ခွင့်ရခဲ့တာ။ အများနဲ့  အတူ ရှိချိန်တွေမှာတော့ ‘ခင်ဗျား’၊ ‘ကျွန်တော်’ဆိုတဲ့ အခေါ်အဝေါ်များကို နှုတ်ဖျားက မချခဲ့တာ။ တခါတရံမှာ ယောင်ယမ်းလို့  ‘ကို’ လို့  ခေါ်မိရင် မျက်လုံး ပြူးပြတတ်သော သူ့ အကြည့်ကြောင့် ကမန်းကတန်း ‘ကိုနိုင်ထာဝရ’ ရယ်လို့ သူ့ နာမည်ကို အပြေး အလွှား ပြောင်းခေါ်ရတာ။
ဒါတွေဟာ ကျွန်မ လိုချင်တဲ့ ကျွန်မ စဉ်းစားထားတဲ့ စိတ်ကူးထဲက ချစ်သူပုံစံ မဟုတ်ခဲ့ဘူး။ ကျွန်မ လိုချင်တဲ့ လိုက်ဖက် ညီတဲ့ စိတ်တူ ကိုယ်တူ ချစ်သူ ပုံစံတွေ ဖြစ်မလာခဲ့ဘူး။ ဒါပေမဲ့ သူ့ ကို ချစ်တဲ့စိတ်နဲ့  အရာရာကို လိုက်ပြီး ကျွန်မ ကြိုးစား နေထိုင် ခဲ့ပါတယ်။
ချစ်သူဖြစ်ပြီး နောက်ပိုင်းမှာ သူရဲ့ ကျွန်မ အပေါ် လွှမ်းမိုး ချယ်လှယ်မှုတွေ ပိုများလာပါတယ်။ အရင်က သူ သဘာကျခဲ့တဲ့ ထက်မြက်မှုတွေကို အမြင် မကြည်လင် ချင်တော့ဘူး။ သူ့ အပေါ် ခြေရာတိုင်းမှု၊ စိန်ခေါ်မှုတွေလို့  ထင်မြင်လာခဲ့တော့တယ်။ မိန်းကလေး တန်မဲ့ ထက်မြက်လွန်းတယ်လို့  ငြိုငြင်ချင်တယ်။ အဆိုးဆုံးကတော့ နှစ်ယောက်အတူ တွဲလုပ်ရတဲ့ ကိစ္စတိုင်းမှာ လည်း သူကသာလျှင် ဦးဆောင် ဆုံးဖြတ် ချင်တော့တာလေ။
ကိုယ်ရေးကိုယ်တာကိစ္စမှာ သူ့ ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မ လက်ခံကောင်း လက်ခံမှာ ဖြစ်ပေမဲ့ လုပ်ငန်းခွင်ထဲမှာပါ ပါဝင် စွက်ဖက်ချင်လာတဲ့ သူ့ ဆန္ဒတွေကို ကျွန်မက လက်မခံနိုင်ဘူး။ “မိုးပပ” ဆိုတဲ့ မိန်းမတစ်ယောက်ဟာ ချစ်သူရှိယုံနဲ့  ကိုယ်ရဲ့ အရည် အချင်းတွေ၊ ယုံကြည်ချက်တွေကို မြောင်းထဲ ပို့ ပစ်မဲ့ မိန်းမ တစ်ယောက် မဟုတ်ဘူးလေ။ အဲဒီမှာ ကျွန်မတို့ ၂ ယောက် သဘောထား စပြီး ကွဲလွဲတော့တာပါပဲ။
နောက်ပြီး ကျွန်မ ဘာပဲလုပ်လုပ် သူ့ ကို အသိပေးပြီးမှ လုပ်စေချင်တာ။ ကျွန်မကလည်း လူတစ်ယောက်ကို (ချစ်သူ ဖြစ်ဖြစ်၊ မိဘ ဖြစ်ဖြစ်) လုပ်ပါရစေလို့  ခွင့်တောင်းပြီးမှ လုပ်တတ်တဲ့ မိန်းမ တစ်ယောက် မဟုတ်ခဲ့ဘူး။ ကိုယ်လုပ်ချင်တာ လုပ်ပြီး မှသာ ဒါလုပ် ခဲ့တာလို့  ပြောပြတတ်တာ။ ဒီတော့ ကျွန်မတို့ နှစ်ယောက်ကြားမှာ ဆံပင်ညှပ်တာကအစ အလုပ်က အဆုံးအားလုံး ဟာ သူနဲ့ ပြသနာ ဖြစ်စရာတွေချည်းပဲ ဖြစ်နေတော့ အဆင်မပြေချင်တော့ဘူးလေ။
ကျွန်မတို့  ချစ်သူဘ၀မှာ ဖွင့်မပြောဖြစ်တဲ့ မပြေလည်တဲ့ ပြသနာတွေ အများကြီး ရှိခဲ့တာလည်း အမှန်ပါပဲလေ။
x x x x
သူနဲ့  ချစ်သူ သက်တမ်းတစ်လျှောက်မှာ သူ ကျွန်မကို ချစ်တယ် ဆိုပေမယ့် ကျွန်မကသာ သူ့ အပေါ် သည်းသည်းလှုပ် စွဲလမ်းခဲ့ရတယ်ဆိုတာ ကျွန်မတို့ နဲ့  ပတ်သက်တဲ့သူတွေ အားလုံး သိကြပါတယ်။
နှစ်ယောက်အတူ ဆုံတိုင်း ကို့ မျက်နှာကို တစိမ့်စိမ့် ငေးကြည့် တတ်တာလည်း ကျွန်မရဲ့ အကျင့် ပါပဲ။ ပြောရရင် ကိုက မျက်လုံးလေးတွေ အရမ်းလှတယ်။ ယောကျာ်းလေးတန်မဲ့ ကော့ရွှန်းနေတဲ့ ကို့  မျက်တောင်ရှည်တွေကို ကျွန်မ မနာလိုစွာ သဘော ကျစွာ ငေးကြည့်တတ်ခဲ့တာ။
တကယ်လို့ သာ ကိုနဲ့  ကျွန်မသာ အိမ်ထောင်ကျလို့  သမီးလေး မွေးခဲ့ရင် ကို့ လို မျက်လုံးဝိုင်းဝိုင်း၊ မျက်တောင်ရှည် ရှည်ကော့ကော့နဲ့  ကျွန်မလို မျက်ခုံးမွေး နက်နက်ထူထူ တန်းတန်းလေး၊ နှုတ်ခမ်းပါးလေး တစ်စုံနဲ့  ၀ါဝင်းတဲ့ အသားအရေလေးသာ ရလိုက်ရင် အရမ်းကို ချစ်ဖို့  ကောင်းမှာပဲလို့  စိတ်ကူးယဉ်ခဲ့ဖူး တယ်။ ဒီလို ကလေးမျိုးလေး တစ်ယောက်လောက်ကို ကျွန်မ ရူးရူးမူးမူး လိုချင်နေ ခဲ့မိတာ။
ကျွန်မရဲ့ စိတ်ကူးကို ကို့ ကို ပြန်ပြောပြမိတော့
“ဒါ မိန်းကလေး တစ်ယောက် ပြောရ၊ စဉ်းစားရမယ့် စကားမျိုးလား” ဆိုပြီး မျက်နှာထားတည်တည် ကြီးနဲ့  အော်ငေါက် ပစ် တာ။ တကယ်ဆို အဲဒီအချိန်ထဲက ကျွန်မ သူ့ သဘောကို သိခဲ့ရမှာလေ။ ဒါပေမဲ့ ဘာမှ မမြင်နိုင်လောက်အောင်ပဲ ကျွန်မ အပေါ်မှာ ကို့  အချစ်က လွှမ်းမိုးနေခဲ့တာလေ။
ယောကျာ်းလေးတွေနဲ့  တန်းတူ ရင်ဘောင်တန်းပြီး အလုပ်လုပ်နေပေမယ့် ငြင်းခုန် ရန်ဖြစ် နေပေမယ့် ခေါင်းမာပြီး ဖြစ်ချင် တာကို တဇွတ်ထိုး လုပ်တတ်ပေမယ့် ကျွန်မဟာလည်း မြန်မာ မိန်းမသား တစ်ယောက်ပါပဲ။ ကိုယ်ဖြစ်ချင်တဲ့ ကိစ္စတိုင်းကို တောင်းဆိုခွင့် မရှိခဲ့ပါ ဘူး။ ဒါကြောင့်ပဲ ချစ်သူသက်တမ်း ၂နှစ်ကျော်ကြာသည်အထိ ကို့ ဆီက လက်ထပ်ခွင့် မတောင်းဆိုခဲ့တာကို ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ပါဘူး။
ကို့ မှာ အိမ်က သဘောတူထားတဲ့ မိန်းကလေး ရှိတယ်လို့  ကို့ အပြောအရပဲ သိခဲ့ရပါတယ်။ အဲဒီ မိန်းကလေးဆီက ကို့  ဆီကို ဖုန်းတွေ လာတတ်သလို သူမဆီကိုလည်း ကို တခါတရံ ဖုန်းဆက်တတ်တာကို ကျွန်မ သိပေမယ့် တစ်ခါမှ ငြူစူ စိတ်ကောက် ခြင်း မရှိခဲ့ပါဘူး။ ရင်ထဲမှာ သ၀န်တိုချင်ပေမယ့် ကိုတို့  နှစ်ယောက်က ဘယ်လိုလည်းလို့  မေးချင်ပေမယ့် ကို့ ကို ယုံကြည်မှု တစ်ခုနဲ့  အတူ သူ့ ရဲ့ ရိုးသားမှုကို စော်ကားသလို ဖြစ်မှာစိုးလို့  ဘာမှ မမေးခဲ့သူပါ ကို။ အဲလောက်အထိ ကို့ အပေါ် တန်ဖိုးထား ချစ်မြတ်နိုး ခဲ့ပါတယ်။
နောက်ပြီး ကျွန်မ ယုံကြည်တာက ကျွန်မ အရမ်းချစ်တာကို သိရက်နဲ့  ကို ကျွန်မကို ထားပစ်ခဲ့မှာ မဟုတ်ဘူးလို့ ပေါ့။ ကိုယ့် ကိုကိုယ် အထင်ကြီးခဲ့မိတာလည်း ပါတာပေါ့။ အနာဂတ် နေ့ ရက်တွေမှာ ကိုနဲ့  အတူ ဖြတ်သန်းမယ်ဆိုတဲ့ မျှော်လင့်ခြင်း တွေနဲ့  နေ့ ရက်တို့  ကုန်ဆုံးခဲ့ပါတယ်။
ဒီလိုနဲ့  တစ်နေ့ မှာ သူ့ အိမ်က ဖုန်းဆက်ခေါ်လို့  ဆိုပြီး သူ ပြန်သွားခဲ့ပါတယ်။ တစ်ပါတ်လို့  ခွင့်ယူပြီး ပြန်သွားတာ ဖြစ် ပေမဲ့ ၁၀ ရက်ကျော်သည်အထိ ပြန်မလာခဲ့ဘူး။ စိတ်ပူလို့  ဆက်သွယ်ချင်ပေမယ့် သူ အိမ်ပြန်ချိန်မှာ ဖုန်းမဆက်ပါနဲ့ ဆိုတဲ့ သူ့ ရဲ့ အကြောင်းပြချက် မရှိ ပိတ်ပင်ထားမှုကြောင့် ကျွန်မ မဆက်သွယ်ခဲ့ရဘူး။
သူ မရှိချိန်ကျမှ ကျွန်မ သူ့ ကို ဘယ်လောက် ချစ်နေမိတာ၊ လွမ်းဆွတ်နေမိတယ်ဆိုတာ သိလာရတာ။ ဒါကြောင့်ပဲ ကျွန်မရဲ့ မာနတွေ၊ အတ္တတွေကို စွန့် ပစ်ပြီး သူ လိုချင်တဲ့ မိန်းမဆန်တဲ့ မိန်းမသားတစ်ယောက်၊ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီး ချစ်သူကို အားကိုး မှီ နွဲ့ တတ်တဲ့ မိန်းမ တစ်ယောက်ရဲ့ ဘ၀ကို ခံယူလိုက်တော့မယ်ရယ်လို့  သူ့ ကို ချစ်တဲ့ အချစ်တစ်ခုနဲ့ တင် ဆုံးဖြတ်မိခဲ့ တာ ပါ။ ဒါတွေကို သူ ပြန်လာရင် သိခွင့်ရအောင် ကျွန်မ ဖွင့်ပြောပြလိုက်တော့မယ်ရယ်လို့  ဆုံးဖြတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ပေါ့လေ ……….
x x x
ကို့ ကို မြင်ရချိန်မှာ ပျော်ရွှင်ရတဲ့ ၀မ်းသာမှုကို တအံ့တသြ လက်ခံရင်း
“ငါ သူ့ ကို လုံးဝ မခွဲနိုင်တော့ပါလား” လို့  ရင်ထဲမှာ တိတ်တဆိတ် ၀န်ခံမိပါတယ်။
“သွားတာ ကြာလိုက်တာ ကိုရယ်- ဟိုမှာ ဘာလုပ်နေလို့  ဒီလောက် ကြာတာလဲ” ဆိုတော့
“မေမေတို့ က စေ့စပ်ပွဲ လုပ်ပေးနေလို့  ကြာသွားတာလေ” တဲ့
ဘုရားရေ - ကျွန်မရဲ့ အကြားအာရုံများ ချွတ်ယွင်းသွားခဲ့ပြီလား။
“ဘယ်…သူ … စေ့စပ်တာလဲဟင်”
တွန့် ဆုတ်စွာ ထွက်ပေါ်လာတဲ့ ကျွန်မ စကားသံနဲ့  မရှေးမနှောင်းမှာပဲ
“ငါ စေ့စပ်တာလေ” လို့  နှုတ်ဖျားက အလွယ်တကူ ပွင့်ထွက်လာတဲ့ ကို့ ရဲ့ စကားသံ။ ကျွန်မ ဘ၀အတွက် တော်လဲ သံများ လား။ အံ့သြစရာကောင်းတာက သူ့ ချစ်သူ ဖြစ်တဲ့ ကျွန်မကို တခြားတစ်ယောက်နဲ့  သူ စေ့စပ်လိုက်ရတဲ့ အကြောင်း ပြန်ပြောပုံက
“မုန့် ဆိုင်က မုန့် စားပြီး ပြန်လာတာလေ” ဆိုတဲ့ လေသံထက် ပိုပြီး မထူးခြားခဲ့ဘူး။ ဖြစ်သင့်ပါသလား။ မိန်းမ တစ်ယောက် နဲ့  စေ့စပ်ခဲ့တဲ့ ကိစ္စကို ထမင်းစား ရေသောက်သလို ဘာမှ မထူးခြား မခံစားရတဲ့ လေသံနဲ့  ပြောနိုင်လောက်အောင် ကို့ ရင်ထဲမှာ ကျွန်မ အတွက် အချစ်တို့ ခန်းခြောက်ခဲ့ပြီလား။
“ရက်စက်လိုက်တာ ကိုရယ်” လို့  မပြောနိုင်လောက်အောင် နှိပ်စက်လိုက်တဲ့ ကို့ ရဲ့ အဆုံးစွန်သော ရက်စက်ခြင်းပါပဲ။
“ဘာဖြစ်လို့  စေ့ စပ်လိုက်တာလဲ?”
“ဘာအတွက်လဲ?”
“ကျွန်မကရော ကို့ ရဲ့ ဘာလဲ?”
“ကျွန်မတို့ ရော ဘယ်တော့ လက်ထပ်ကြမှာလဲ?” ဆိုတဲ့ မေးခွန်းတွေဟာ နှုတ်ဖျားကို ရောက်မလာပဲ ရင်ထဲမှာပဲ ပျောက်ဆုံး သွားခဲ့ပါပြီ။
ကျွန်မ နှုတ်က ဒီလို မေးခွန်းမျိုးတွေ ထုတ်မေး ယူရလောက်အောင် မသိမ်ငယ်ချင်တော့ပါဘူး။ သူတောင် ကိုယ့်ကို ဖွင့် မပြောချင်လို့  မပြောပြခဲ့သေးတာ။ ဘယ်တော့မှ မမေးတော့ပါဘူးလို့  ဆုံးဖြတ်ခဲ့တယ်။
ဒါပေမဲ့ အပြင်ပန်းမှာ ဘာမှ မဖြစ်သလို အားတင်းထားခဲ့ပေမဲ့ တကယ်တမ်းမှာ ကျွန်မ ခံစားခဲ့ရပါတယ်။ လူသူ ကွယ်ရာ မှာ ငိုကြွေးရင်း ကျွန်မ စိတ်တွေ ပူလောင်ရင်း နေ့ ရက်တို့ ကို ပင်ပန်းစွာ ကျော်ဖြတ်ခဲ့ရပါတယ်။ စိတ်ကို အပြင်မထွက်အောင် ထိန်းသိမ်း ထားနိုင်ပေမဲ့ ခန္ဓာကိုယ်ထဲက ကျန်းမာရေးကိုတော့ ကျွန်မ ဘယ်လိုမှ မလွန်ဆန်နိုင်ပါဘူး။ နဂို နှလုံးရောဂါအခံနဲ့  ဆေးရုံတက် လိုက်ရပါတော့တယ်။
အဲဒီတော့မှ ကျွန်မရဲ့ ဟန်ဆောင်မှုတွေကို သိခဲ့ရတယ်တဲ့လား။ ထားလိုက်ပါတော့ ကိုရယ်။ မမှီတော့ပါဘူး။ အရာရာဟာ နောက်ကျ သွားခဲ့ပါပြီ။
“ဘာမှ မခံစားရသလို ဘာလို့  ဟန်ဆောင်ခဲ့တာလဲ ကလေးရယ်။ ကို့ ကို ဖွင့်ပြောရောပေါ့ ” တဲ့။
ဖွင့်ဟ ပြောပြမှ သိမယ့် ချစ်ခြင်းမျိုးကိုလည်း ကျွန်မ မလိုချင်ပါဘူး။ ကျွန်မ လိုချင်တာ ကျွန်မရဲ့ ချစ်ခြင်းတွေကို မြင်နိုင် မယ့် တူညီတဲ့ ကို့ ရဲ့ အချစ် တစ်ခုကိုပေါ့။ ခုချိန်မှာ မရနိုင်တော့တဲ့အရာကို တမ်းတ မနေတော့ပါဘူး ကိုရယ်။ ရှိပါစေတော့။
ကျွန်မ ဆေးရုံတက်နေရတဲ့ နေ့ ရက်တွေမှာ ကို့ ရဲ့ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပြန်ရခဲ့ပေမယ့် စိတ်ထဲမှာ အရင်လို နွေးထွေး တယ်လို့  မခံစားရတော့ဘူး။ ရင်မခုန်တော့ဘူး။ အချိန်မရွေး သူများဆီ ရောက်သွားနိုင်တဲ့ အရာတွေလေ။
ကျွန်မရဲ့ ခံစားချက်တွေကို သိနေတဲ့ သူငယ်ချင်း နွေးနွေးက
“နင်တို့  ဆွေးနွေးကြပါအုံးလားဟယ်။ တစ်ယောက်နဲ့ တစ်ယောက် မချစ်တာလည်း မဟုတ်ပဲနဲ့ ” တဲ့။
“ကိုယ့်ကို မရွေးချယ်ပါဘူး ဆိုပြီး ထားခဲ့တဲ့ လူတစ်ယောက်ကို ကိုယ် ဘာများ ဆွေးနွေးရအုံးမှာလဲ နွေးရယ်။ သူ့ ရဲ့ ရွေး ချယ်မှုဟာ တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်ကြောင့်၊ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုကြောင့် ဒါမှမဟုတ် ငါရဲ့ မျက်ရည် စက်တွေကြောင့် ဘာကြောင့်နဲ့ မှ မပြောင်းလဲစေရဘူး။ ဒါဟာလည်း ငါ သူ့ အပေါ်ထားတဲ့ ငါ့ရဲ့ နောက်ဆုံး မာနပဲ”
“ဒီမာနတွေကြောင့်ပဲ နင်တို့ ၂ယောက် ဝေးရတော့မယ်လေဟယ်”
“ရှိပါစေတော့ နွေးရယ်။ အဲဒီ မာနကို ဖက်တွယ်ရင်း ကျန်ရှိတဲ့ ဘ၀ကို ငါ ရင်ဆိုင်ရအုံးမှာပါ”
ဒီလိုနဲ့  ကို လက်ထပ်ရမယ့် ရက်တို့  နီးကပ်လာပါတော့တယ်။ ကို မသွားခင် တစ်ရက်မှာ ၂ယောက်ထဲ တွေ့ ကြတော့
“ကို့  ကို အပြီးသာစိတ်နာလိုက်ပါတော့ ကလေးရယ်။ ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ ” တဲ့လေ။
“ဟင့်အင်း။ ကျွန်မ ကို့ ကို ဘယ်တော့မှ စိတ်မနာပါဘူး။ အကို တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို အမြဲ သတိ ရ နေမှာပါ။ ကို့ ကို တစ်ခုပဲ တောင်းဆိုပါရစေ။ ကျန်းမာရေး မကောင်းတဲ့ ကျွန်မအတွက် လူ့ ဘ၀ရဲ့ နောက်ဆုံးဆိုတဲ့ အချိန်ကို များ ရောက်လာခဲ့ရင် ကို့ မျက်နှာကို မြင်တွေ့ သွားချင်ပါတယ်။ ကို့ လက်ကို ဆုပ်ကိုင်ပြီး သေမင်းကို ရင်ဆိုင် ဖြတ်ကျော်ချင်ပါ တယ်။ နောက်ဆုံးဆိုတဲ့ အချိန်တစ်ခုမှာ ဘယ်နေရာကိုပဲ ရောက်ရောက် ကျွန်မနားကို ရောက်အောင် လာခဲ့ပါမယ် ဆိုတဲ့ ဂတိ တစ်ခုကိုပဲ ပေးခဲ့ပါ ကို။ ဒါ ကျွန်မရဲ့ ပထမနဲ့  နောက်ဆုံး တောင်းဆိုခြင်းပါပဲ”
သူ ကျွန်မကို ရင်ခွင်ထဲ နစ်မြုပ်မတတ် ဆွဲသွင်းထားခဲ့တယ်။ ကို့  ခန္ဓာကိုယ်တွေ တုန်ရီနေခဲ့တာ ကို ငိုနေတာများလား ကွယ်။ မငိုပါနဲ့  ကိုရယ်။ ကျွန်မအတွက်နဲ့  မျက်ရည်ကျတယ်ဆိုတာ ကို့ ဘ၀မှာ မရှိစေချင်ဘူး။ ကျွန်မက ကို့ အပြုံးကိုသာ ထာဝရ မြင်ချင်သူ ရယ်ပါ။
ကျွန်မတို့  နှစ်ယောက် ရင်ထဲမှာ ပြောစရာ စကားတွေ အများကြီး ရှိနေမှန်း သိနေကြတယ်။ ရုတ်တရက် အသိဝင်လာ လို့  ကို့ ရင်ခွင်ထဲက ရုန်းအထွက်
“ကို့ ဘ၀မှာ အချစ်ရဆုံးက ကလေးတစ်ယောက်ထဲပါ” တဲ့။
ကျေနပ်ပါတယ် ကို။ ဒီစကားတစ်ခွန်းနဲ့ တင် ကျွန်မ ရှင်သန်နေထိုင်ရမယ့် ဘ၀အတွက် ခွန်အားတို့  ဖြစ်စေခဲ့ပါပြီ။ ပြန်ဖို့  လှည့်ထွက်ပြီးခါမှ စိတ်မထိန်းနိုင်စွာနဲ့  ကို့ ကို နောက်ကျောက သိုင်းဖက်ရင်း ကြေကွဲစွာ ငိုကြွေးခဲ့မိပါတယ်။
“မင်း ရင်ထဲမှာ ရှိနေခဲ့တာတွေကို ဘာကြောင့် ကို့ ကို မပြောခဲ့တာလဲ ကလေးရယ်။ မင်း အရမ်း ခံစားနေရတာတွေကို ဘာကြောင့် ဟန်ဆောင်နေ ရတာလဲ။ ကိုနဲ့ တွေ့ တိုင်း မင်း ဘာကြောင့် မခံစားရသလို သရုပ်ဆောင်နိုင်ခဲ့တာလဲ။ မင်းရဲ့ မျက်နှာ ကို ကြည့်ပြီး မင်း မာနတွေနဲ့  ကို့ ကို မေ့နိုင်အောင် လုပ်နိုင်ပြီလို့  ထင်နေခဲ့တာ။ ကို အခု ဘာလုပ်ရတော့မှာလဲ”
“ဘာမှမလုပ်နဲ့  ကို။ မနက်ဖြန် ကို ရန်ကုန်ကို သွားရမယ်။ ဟိုကျရင် သတ်မှတ်ထားတဲ့ရက်မှာ ကို မင်္ဂလာဆောင်ရမယ်။ ပျားရည်ဆမ်း ခရီးထွက်ရမယ်။ နောက် ၂ပတ်ပြည့်လို့  ခွင့်ရက်စေ့ရင် ကို အလုပ်ထဲကို ပြန်လာရမယ်။ ဒါပဲပေါ့။ တခြား ဘာများ ပြောင်းလဲ စဉ်းစားချင်သေးလို့ လဲ။ ”
“မဟုတ်ဘူး။ ကလေးကို ထားခဲ့မယ်ဆိုရင် ကို မတရားရာကျမှပေါ့။ ကို ရန်ကုန်ကို မသွားတော့ဘူး။”
ကျွန်မအပေါ် မတရားရာကျမယ်ဆိုရင် အစထဲက ဒီလမ်းကို ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲလို့  ခုချိန်ကျမှ ကျွန်မ မပြောရက် မမေးရက်တော့ပါဘူး ကိုရယ်။
“ကို ရန်ကုန်ကို မသွားလို့  ဘယ်ဖြစ်ပါ့မလဲ။ ဖိတ်စာဝေထားပြီး လူသိရှင်ကြား လက်ထပ်မယ့် ကိစ္စမှာ သတို့ သား မလာလို့  မင်္ဂလာပွဲ ပျက်ရတယ်ဆိုရင် တဘက် မိန်းကလေးမှာ ဘယ်လောက် နစ်နာမလဲ။ အပြစ်မရှိတဲ့ မိန်းကလေး တစ်ယောက်ရဲ့ အရှက် နဲ့  ဂုဏ်သိက္ခာကို ဘာမဟုတ်တဲ့ ကျွန်မလို မိန်းမတစ်ယာက်ရဲ့ မျက်ရည်နဲ့  မလဲချင်စမ်းပါနဲ့  ကိုရယ်။ ကျွန်မကိုချစ်ရင် ကို ရန်ကုန် ပြန် ပြီး စိတ်အေးလက်အေး လက်ထပ်လိုက်ပါ။”
“ကျွန်မ ဘ၀ရဲ့ နောက်ဆုံး အချိန်လေးမှာပဲ ကျွန်မ အနားကို ကို ရောက်လာရင် ကျေနပ်ပါပြီ။”
ကျွန်မရဲ့ မျက်ရည်တွေကိုတော့ ဒဏ္ဍရီတစ်ခုအနေနဲ့  ဒိုင်ယာရီထဲမှာ သော့ခတ် သိမ်းဆည်းပြီး ထားရစ်လိုက်ပါပြီ။ ကျွန်မ ကျေနပ်ပါတယ်။
x x x x
ကို မင်္ဂလာ ပြန်ဆောင်နေတဲ့အချိန်အတွင်းမှာပဲ ကျွန်မတို့  အကြောင်းကို အနည်းငယ် ရိပ်မိနေတဲ့ ကို့  သူငယ်ချင်း ကိုစည်သူက
“ညီမလေး နင် နေကောင်းရဲ့လား။ ကြည့်ရတာ ညောင်နာနာနဲ့ ။ နင့်ကို ငါ ပြောစရာ …အင်း … ပြောစရာ ဆိုတာထက် ၀န်ခံစရာ ရှိတယ်ဆိုတာက ပိုမှန်မယ် ထင်တယ်။” တဲ့။
အဆက်စပ်မရှိ ဖွင့်ဟလာတဲ့ စကားတစ်ခွန်းကို ကျွန်မ စိတ်ဝင်စားသွားမိတယ်။
“ဘာလဲဟင် ကိုစည်သူ”
“ငါတို့  နင်နဲ့  ပတ်သက်ပြီး ဆွေးနွေးကြဘူးတယ်။ နင်သိရင် စိတ်ဆိုးမလားတော့ မသိဘူး။ နင့်ကို ဝေဖန်တာဆိုလည်း မမှားဘူးပေါ့ဟာ။ ခု ဟိုကောင် လက်ထပ်သွားတော့ ငါ စဉ်းစားသွားမိတယ်။ ဒီကိစ္စမှာ ငါ့ ပယောဂမှ ကင်းရဲ့လားလို့ လေ။ နင့်ကို မြင်တိုင်း ငါ အပြစ်ရှိသလို ခံစားနေရလို့  ဖွင့်ပြောပြတာပါ။”
“ကျွန်မအကြောင်း ဘာတွေ ပြောကြတာလဲဟင်” လို့  မေးမိချိန်မှာ သိခွင့်ရခဲ့တာက ကျွန်မ မမြင်မိ၊ သတိမထားမိတဲ့ ကျွန်မရဲ့ အားနည်းချက်တွေလေ။
ဒီအချက်တွေကြောင့်များ ကို ကျွန်မကို ထားခဲ့လေသလား။ ကျွန်မ မတွေးချင်တော့ပါဘူး ကို။ ကို မသိခဲ့သည့် ကိုစည်သူ နဲ့  ကို့ ရဲ့ အမြင်တွေကို ကျွန်မ သိခွင့်ရခဲ့တယ်လေ။
“မင်း မိုးပပကို သဘောကျနေတာလား”
“ဘာဖြစ်လို့ လဲ ကိုစည်သူ”
“ငါ့အမြင် ပြောရရင် မိမိုးတို့ လို မိန်းကလေးမျိုးဟာ သူငယ်ချင်းလို၊ မိတ်ဆွေလို ခင်မင် ပေါင်းသင်းလို့ ကောင်းပေမယ့် ချစ်သူလို အိမ်ထောင်ဖက်လို ရွေးချယ်မယ်ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ဘူးလားလို့ လေ”
“ဘယ်လို အဆင်မပြေနိုင်တာလဲ အကို။ ပြောပြပါအုံး”
“ဟ ကြည့်လေကွာ။ ချစ်သူဘ၀မှာလည်း မိန်းမပီပီ အလှလည်း မပြင်တတ်ဘူး။ စိတ်မကောက်တတ်ဘူး။ သ၀န်လည်း မတို တတ်ဘူး။ ချစ်သူကို မချော့တတ်ဘူး။ အတင်းလည်း မပြောတတ်ဘူး။ စကား မများတတ်ဘူး။ ဒီတော့ သူတို့ လို မိန်းကလေး မျိုးနဲ့  ချစ်သူ ဖြစ်ရတာ ရင်ခုန်ဖို့  မကောင်းဘူး။ ရိုးရိုးရှင်းရှင်းကြီးနဲ့  ပျင်းစရာချည်း။ နောက်ပြီိး သူတို့ က အရာရာမှာ ကိုယ့်ကို ကိုယ် ယုံကြည် မှုများတော့ သူများကို အားမကိုးဘူး။ ဘယ်သူ့ ကိုမှလည်း ဆရာ မတင်ချင်ကြဘူးလေ။ ”
“ဟုတ်တယ်နော် အကို။ အိမ်ထောင်ဖက် ဆိုရင်ရော”
“ပိုဆိုးတာပေါ့ ငါ့ညီရာ။ ဘယ်တော့မှ ကိုယ့်နောက်လိုက် လုပ်မှာ မဟုတ်ဘူး။ ကိုယ်နဲ့  ရင်ဘောင်တန်းပြီး ပခုံးချင်း ယှဉ်မဲ့သူမျိုး။ ကိုယ့်ကို အားကိုးတကြီး မှီနွဲ့ နေမဲ့သူမျိုး မဟုတ်ဘူး။ အလုပ်ခွင်မှာတောင် ကြည့်ပါလား။ မင်း သူ့ ကို ဘယ်တုန်းက နိုင်အောင် ပြောနိုင်လို့ လဲ။ သူက စကားတတ်တော့ မင်းပဲ ခံနေရတာ ငါတို့ အမြင်ပဲ။ ကိုယ့်ယောကျာ်းဆိုပြီး ယုယုယယ ပြုစုပေး မယ်။ ချက်ပြုတ် ကျွေးမွေးပေးမဲ့သူမျိုး မဟုတ်ဘူး။”
“ကျွန်တော်လည်း အဲဒီလိုပဲ မြင်တယ် အကို။ သူ့ ရဲ့ ပုံစံက သူငယ်ချင်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ယောက် လို ခင်မင် ဂုဏ်ယူချင်စရာကောင်းပေမယ့် ချစ်သူတစ်ယောက်လို ချစ်ဖို့ ဖြစ်နိုင်ပေမယ့် အိမ်ထောင်ဖက်အဖြစ်တော့ ရေရှည်လက် တွဲဖို့  ဖြစ်နိုင်မယ် မထင်ဘူး။ ဖန်ပုလင်း လှလှလေးထဲ ထည့်ပြီး ရှိုးကေ့စ်မှာ အလှပြထားရမဲ့ အရုပ်မလေးလိုပဲ။ ကိုင်ကြည့်ဖို့ လည်း မလွယ်၊ ယူ ကစားလို့ လည်း မဖြစ်နိုင်ဘူး။”
သြော်…. တကယ်လည်း ကိုဟာ ကျွန်မကို ဖန်ဘူးလေးထဲ ထည့်ပြီး ရှိုးကေ့စ်ပေါ် တင်ထားခဲ့တာလေ။ သူ မသိသွား တာကတော့ သူထားခဲ့တဲ့ အရုပ်မလေးမှာ နှလုံးသားရှိပြီး အရုပ်မလေးဟာ သူကြောင့် နှလုံးသားမှာ ဒဏ်ရာ ရသွားတာကိုပေါ့။
x x x x
တကယ်လည်း ကို ရွေးချယ်လိုက်တဲ့ မိန်းကလေးဟာ သူ ဖြစ်စေချင်သလို သူ ထားရာနေ၊ စေရာသွား၊ အိမ်မှုကိစ္စ သိမ်းထုတ် သေချာဆိုတဲ့ ရိုးသား အေးဆေးတဲ့ မိန်းကလေး တစ်ယောက်ပါ။ ဆံပင်ရှည်ရှည်၊ မြန်မာဆန်ဆန်နဲ့  ကို့ ကောင်မ လေးဟာ ကို အနားက ပျောက်သွားရင်တောင် ကမ္ဘာကြီး ပျက်လုမတတ် ဖြစ်နေတတ်တဲ့ မျက်နှာမျိုးနဲ့ လေ။
ထမင်းစားရင်လည်း ကို မစားသေးရင် ဇွန်းတောင် မကိုင်သေးဘဲ ထိုင်စောင့်နေတတ်တာ။ ကျွန်မလို ဗိုက်ဆာနေပြီနော်။ ဘယ်သူ့ ကိုမှ မစောင့်နိုင်ဘူး။ နောက်ကျတဲ့သူ ငတ်ဆိုပြီး ဘယ်သူ စားပြီးမပြီး မစောင့်ပဲ လုစားတတ်သူမျိုး မဟုတ်ဘူး။ ထမင်း စားပြီးရင်လည်း ကျွန်မက ကိုယ့်ပန်းကန် ကိုယ်ဆေးဖို့ တောင် ပျင်းသူရယ်လေ။
ဒါကြောင့်ပဲ ကို့ ကို ကံကောင်းတယ်လို့  အားလုံးက ၀ိုင်းပြောကြတာပေါ့။ ကျွန်မ ထင်သလို ၀ါသနာတူ၊ စိတ်တူ၊ ကိုယ်တူ ဆိုတဲ့ လက်တွဲဖော်မျိုးကို ဘာကြောင့် သူတို့ တွေ မလိုချင်ကြလဲ မသိဘူးနော်။ အရင်တုံးက ကို့ ဆိုင်ကယ်နောက်မှာ အမြဲလိုလိုပါ တတ်တဲ့ ကျွန်မ နေရာမှာ အရိပ်ကလေးတစ်ခု အစားထိုး ၀င်ရောက်ခဲ့ပြီ။
ကိုနဲ့ အတူ အမြဲ အလုပ်တွဲနေရသေးသလို သွားတိုင်း လာတိုင်း စားသောက်တိုင်းမှာလည်း ကိုတို့ ကို အမြဲမြင်နေရတယ် လေ။ ဒီတော့ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါတယ် ပြောပြော၊ ကို့ နဲ့  သူ့ အမျိုးသမီးကို အမြဲတွဲပြီး မြင်နေရတာ၊ သူတို့  ပျော်ရွှင်နေကြတာကို ဘယ်လိုမှ မခံစားရဘူးပြောပြော ကြာတော့ စိတ်ကျဉ်းကျပ်မှုဒဏ်ကို ကျွန်မ မခံနိုင်ဘူး။ ဒါကြောင့်ပဲ ကုမ္ပဏီ က နှုတ်ထွက်ခွင့်ကို ဘယ်သူမှ မသိအောင် ကျွန်မ လျှောက်ခဲ့တယ်။ ဒီဒေသလေးကို ခင်တွယ်ပြီး နေလာခဲ့တဲ့ ၃နှစ်ကျော်ကာလ ကို မေ့ပစ်နိုင်ဖို့  ကျွန်မ အတော်ကြာအောင် ကြိုးစားရအုံးမှာပါ။
အလုပ်ထွက်စာ ရတဲ့နေ့ မှာမှ သိခွင့်ရခဲ့လို့  အားလုံးက ကျွန်မကို မကျေနပ်ကြဘူး။ ဂရုဏာဒေါသနဲ့  ဆူကြတာလေ။ ကျွန်မ ကလည်း နဂိုထဲက မကောင်းတဲ့ ကျန်းမာရေးကို အကြောင်းပြပြီး နှုတ်ထွက်တာမို့  လူကြီးတွေကလည်း ခွင့်ပြုပေးခဲ့တာပါ။
အားလုံးထဲမှာ စိတ်အဆိုးဆုံးကတော့ သူပေါ့။ ဒါဟာ သူ့ ကို လက်စားချေခြင်းတဲ့လား။ အမှန်အတိုင်း ပြောရရင် ရင်မဆိုင်ဝံ့လို့  ထွက်ပြေးရတဲ့သူပါ ကိုရယ်။ စာနာ နားလည်ပါနော်။
အလုပ်နားပြီး ရန်ကုန် ပြန်ရောက်ခဲ့ပေမယ့်ကျွန်မစိတ်တွေက မနေ့ တနေ့ ကလို နေရာဟောင်းကို ပြန်လည် သတိရ နေဆဲပါပဲ။ တခြား ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ခဲ့တယ်။ စိတ်တွေကို တခြားနေရာတစ်ခုမှာ နှစ်မြုပ်ပြီး သူတို့ ကို မေ့နိုင်အောင် ကြိုးစားခဲ့တယ်။ သူတို့  သတင်းမကြားအောင် နေခဲ့တယ်။ ဒီလိုနဲ့  ကျွန်မတို့ ချင်း အဆက်အသွယ် ဝေးသထက် ဝေးလာတယ်။
သူတို့ မှာ သမီးလေး တစ်ယောက် ရနေပြီဆိုတာ သိခဲ့ရတယ်။ သူတို့ မိသားစု ဘ၀လေး ပျော်ရွှင် နေတာကို သိရတော့ ကျေနပ်မိပါတယ်။ ကျွန်မကတော့ ဘ၀ ခရီးလမ်းကို ခြောက်သွေ့ စွာ လျှောက်လှမ်း နေဆဲပါပဲ။
x x x x
ငါးနှစ်ခန့် ကြာသော်
လူက နားပေမဲ့ စိတ်က အနားမရ အစိုးမရတာကြောင့် ကျွန်မကို နှိပ်စက်နေကျ နှလုံးရောဂါက ဘ၀ကို အနိုင်ယူခဲ့ပြီလေ။ သေမင်းနဲ့  စစ်ခင်းရင်း တဖြည်းဖြည်းနဲ့  ကျွန်မအတွက် အချိန်တို့  နည်းလာပြီလို့  သိရချိန်မှာတော့ ကျွန်မတို့ အကြောင်းကို သိတဲ့ သူငယ်ချင်း နွေးနွေးကတဆင့် သူ့ ဆီကို ဆက်သွယ်ခိုင်းခဲ့ပါတယ်။
တကယ်တမ်း သူ့ ဆီ ဆက်သွယ်ချိန်မှာ သူ လာ မလာ မသေချာပေမဲ့ ကျွန်မကတော့ ကျွန်မ ဘ၀အတွက် ပထမဆုံးနဲ့  နောက်ဆုံး ချစ်ခွင့်ရတဲ့ တစ်ဦးတည်းသော ချစ်သူ ကို့ ကို မြင်သွားချင်တာ ကျွန်မရဲ့ နောက်ဆုံး ဆန္ဒရယ်သာ-
ကျွန်မ ယုံကြည်နေပါတယ်။ သူ ရောက်လာမယ်ဆိုတာကိုပေါ့။
ဒီနေ့  နေလို့  ပိုမကောင်းဘူး။ ရင်ထဲမှာ ကျပ်ကျပ်ခဲခဲနဲ့ ။ ဒါပေမဲ့ ဒီနေ့  သူလာမယ်ဆိုတဲ့ ကိုယ့်ဘာသာ စွဲလမ်းတဲ့ ယုံကြည်မှု တစ်ခုနဲ့ တင် သေချာ ကျေနပ်နေခဲ့တာ။ ကျွန်မကို ပြုစုတဲ့ နာ့စ်လေးကတောင်
“မမ ဒီနေ့  နေကောင်းပုံရတယ်။ မျက်နှာလေးကို လန်းနေတာပဲ” တဲ့။ ဒီနေ့ တော့ သူ အ၀တ်အစားလဲပြီး သနပ်ခါးလိမ်း ပေးတာကို စိတ်ကြည်ကြည်လင်လင်နဲ့  ခံနေမိတယ်။ ခြေသံကြားတိုင်း သူ့ ခြေသံလားလို့  လှည့်ကြည့်မိတာလည်း အမောပါပဲ။ ကိုယ်က လာစေချင်လို့  လာမယ်ထင်ပေမဲ့ ကိုကတော့ သူ့ မိသားစု ကိစ္စတွေကြားမှာ လာနိုင်ပါအုံးမလား။ ကျွန်မ စိတ်လျှော့ လိုက်ရတော့ မလား။
နေ့ လည်ခင်းလောက်မှာ ကျွန်မ အသက်ရှုကြပ်လာပြီး မောလာပြီ။ ဒါပေမဲ့ ကျွန်မ ပြောလိုက်တာနဲ့  ဆရာဝန်၊ ဆရာမ တွေ က ဆေးတွေထိုး၊ အောက်စီဂျင်တွေပေး၊ နှလုံးခုန်စက်တွေ ပြင်နဲ့  ရှုပ်ယှက်ခတ်နေတော့မှာ။ အဲဒီအချိန်မှာမှ သူ ရောက်လာ ခဲ့ရင် ကျွန်မ ဘယ်လိုများ စကားပြောနိုင်မှာလဲ။ အနှစ်နှစ်အလလ တွေ့ ချင်ခဲ့တဲ့ သူ့ မျက်နှာကို မြင်တွေ့ ခွင့် ရသွားပါရစေအုံး။ သူ့  ကို တွေ့ ခွင့်မရခင် ကျွန်မကို မခေါ်ပါနဲ့ အုံး သေမင်းရယ်။
မျက်လုံးတွေ ပြာလာပြီ။ ကြိုးစားပြီး ဘုရားစာ ရွတ်ဆိုနေတုန်းမှာ နူးညံ့စွာ ထိတွေ့ လာတဲ့ လက်တစ်ဖက်၊ ဒီလက်ရဲ့ အထိအတွေ့  ဟာ နှစ်ပေါင်းများစွာ ကြာပေမဲ့ ဘယ်သူရယ်လို့  မျက်စိဖွင့်ပြီး ကြည့်စရာ မလိုပဲ ပြောနိုင်လောက်အောင် မှတ်မိနေ ပါတယ်။
“ကလေးရယ်” ဆိုတဲ့ စကားတစ်ခွန်းက ဘာကြောင့်များ ရှေ့ မဆက်ပဲ ရပ်တန့် နေပါသလဲ။
“ကျေးဇူးတင်ပါတယ် ကိုရယ်။ နောက်ဆုံး ဆန္ဒကို ဖြည့်စွက်ပြီး လာတွေ့ တဲ့အတွက်ပေါ့”
“ဒီမှာ ကြည့်ပါအုံး ကလေး။ ဒါ ကိုယ့်သမီးလေ။ ဘယ်သူနဲ့  တူလဲလို့ ”
သူပြောလိုက်မှ သူ့ ဘေးနားက မိန်းကလေးကို သတိထားကြည့်လိုက်မိတော့
ဘုရားရေ ကျွန်မ အမြဲတမ်း တမ်းတ ရူးသွပ်ခဲ့တဲ့ ကျွန်မတို့ နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ရင် ကျွန်မ လိုချင်လိုက်တာဆိုပြီး ပုံဖော် စိတ်ကူးယဉ် ရူးသွပ်ခဲ့ဖူးတဲ့ ကလေးရဲ့ ရုပ်ကလေးအတိုင်း ချွတ်စွပ်တူတဲ့ ကောင်မလေးတစ်ယောက်။ နေပါအုံး။ ဒီကလေး လေးကို ကျွန်မ ဆေးရုံ မတက်ရခင် ရက်ပိုင်းလေးကတင် အင်းလျားကန်ပေါင် တစ်နေရာမှာ တွေ့ ခွင့်ရလိုက်သေးတာ။
သြော် သူလေးဟာ ကိုရဲ့ သမီးငယ်လေးပဲကိုး။ ကျွန်မ ရင်ထဲမှာ နင့်ကနဲနေအောင် စူးအောင့်သွားပါတယ်။
“အန်တီ့နား လာပါအုံး ကလေးရယ်”
သူ့ အဖေကို မော့်ကြည့်ရင်း အနားကပ်လာတဲ့ ကလေးလေးရဲ့ ချစ်စရာကောင်းတဲ့ ပါးမို့ မို့ လေးကို လှမ်းကိုင်လိုက်တာ ကျွန်မရဲ့ နောက်ဆုံးအားပါပဲ။
“အန်တီ ဘာဖြစ်သွားတာလဲ မသိဘူး ဖေဖေ” ဆိုတဲ့ စကားသံလေးနဲ့ ပြိုင်တူ
“ကလေး” လို့ ခေါ်လိုက်တဲ့ ကိုရဲ့ အသံ
ကျွန်မ ကို့ သမီးလေးကို ပြောချင်တာ တစ်ခုကို ပြောခွင့်မရလိုက်ပေမဲ့ ကျွန်မ ရင်ထဲကတော့ တိတ်တခိုး ဆန္ဒပြု ဆုတောင်း ပေးလိုက်မိပါတယ်။ သမီးလေး ကြီးပြင်းလာမဲ့ ဘ၀မှာ ချစ်သူနဲ့  စိတ်တူ ကိုယ်တူ လက်တွဲခွင့် ရနိုင်ပါစေ။ အန်တီ့လို ကိုယ်ဖြစ်ချင်တာကို ဖွင့်မပြောပဲ အတ္တတစ်ခုကို တံတိုင်းလို ကာရန်ထားရင်း ချစ်သူနဲ့  ဝေးကွာသွားရတာမျိုးလည်း မဖြစ်ပါစေနဲ့ ။ မာနတစ်ခုကို ရှေ့  တန်းတင်ပြီး ရှေ့  ဆက်ရတဲ့ ကိုယ့်ဘ၀ကို အထီးကျန်စွာနဲ့  ဖြတ်သန်းရသူမျိုးလည်း မဖြစ်ပါရစေနဲ့ ။ အချစ် အတွက်နဲ့  အစွဲအလမ်း ကြီးလွန်းသူလည်း မဖြစ်ပါရစေနဲ့ လို့ လေ။
ကျွန်မအတွက်လည်း နောင်ဘ၀ဆိုတာ ရှိခဲ့ရင် ကိုယ်ချစ်တဲ့သူနဲ့  လက်တွဲခွင့်ရပြီး ခုလို ချစ်စရာ ကောင်းတဲ့ သမီးလေး တစ်ယောက်ကို မွေးဖွားပြီး ပျော်ရွှင်ဖွယ် ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခွင့် ရပါစေလို့ လေ။
ချစ်သူတွေကြားမှာ အတ္တတွေ၊ မာနတွေ ကင်းစွာနဲ့  ပျော်ရွှင်စွာ စိတ်တူ ကိုယ်တူ ချစ်ခင်နိုင် ကြပါစေနော်။
မေဇူး