လူ့လောကမှာ ကောင်းတဲ့ လူနဲ့ ဆိုးတဲ့ လူဆိုပြီး လူနှစ်မျိုး ရှိတတ်တယ်။ သူ့ဘ၀ သူ့ပတ်ဝန်းကျင်မှာ ကောင်းတာကို များများ ပြုမူ လုပ်ဆောင်တဲ့ လူက လူကောင်း ဖြစ်ပြီး ဆိုးတာတွေကို ကျူးလွန်နေတဲ့ လူတွေ ကိုတော့ လူဆိုးလို့
သတ်မှတ်ကြပါတယ်။ ကောင်းတာ၊ တစ်နည်းအားဖြင့် ဟုတ်တာ မှန်တာ မှန်သမျှကို
ဝေရာမဏိ ရှောင်ကျဉ်ပါ၏ လို့ သစ္စာအဓိဋ္ဌာန် ပြုထားသလို လူစာမျိုးတွေကိုတော့
"ဟုတ်ရှောင်" လို့ အပြောင်အပျက် ခေါ်ကြတယ် (ဟုတ်ရှောင်ဟာ တရုတ်အမျိုးသား
မဟုတ်ပါ)။ ဒီနေရာမှာ ကောင်းတာနဲ့ ဆိုးတာကို အကဲဖြတ်ဖို့ အတွက်
ရာခိုင်နှုန်းနဲ့ အကဲဖြတ် ကြတာတွေလည်း ရှိပါတယ်။ အကဲဖြတ်မှုကို ရာခိုင်နှုန်း
တစ်ရာပဲ ထားပါတော့။ လူ တစ်ယောက်ဟာ ၇၀ ရာခိုင်နှုန်း ကောင်းတာတွေကို
လုပ်နေရင် လူကောင်းလို့ သတ်မှတ်ပြီး ၃၀ ရာခိုင်နှုန်း လောက်သာ ကောင်းကွက်
ရှိရင်တော့ လူဆိုးလို့ သမုတ်ကြတယ်။ ဒီအတိုင်းပဲ မဟုတ်တာ၊မမှန်တာ၊
မကောင်းတာက ၇၀ ရာခိုင်နှုန်း ဖြစ်ပြီး ကောင်းကွက် ကလေးက ၃၀ ရာခိုင်နှုန်း
လောက်ပဲ ရှိနေပြန်ရင်လည်း လူဆိုးစာရင်းထဲ ၀င်သွားပြန်ရော။ ကောင်းတာတစ်ဝက်၊
ဆိုးတာ တစ်ဝက် အတိအကျ ရှိနေရင် ဘယ်လို သတ်မှတ်မလဲလို့ ကပ်ဖဲ့ မေးနေရင်တော့
အဲဒီမေးခွန်းဟာ လူကန့်လန့်၊ လူ့ခွစာလို့ အရင် သုံးသပ်ပြီးမှသာ သူ့အဖြေကို
ဖြေရင် သင့်မယ် ထင်ပါတယ်။ လူတွေမှာ တစ်ဝက်ကောင်း၊ တစ်ဝက်ဆိုးတဲ့ လူဆိုတာ
အင်မတန် နည်းပါ လိမ့်မယ်။ တစ်ဖက်ဖက် ကိုတော့ အလေးသာနေမှာ အသေအချာပါပဲ။
ဒါမျိုးဟာ ရှိကောင်းတော့ ရှိနိုင်တယ်။ဒါပေမဲ့ ထူးခြား ဖြစ်စဉ်ပဲ
ဖြစ်လိမ့်မယ်။ သူ့ဘ၀တစ်သက်မှာ "ကြားနေလူ" ဖြစ်ဖို့ ဆိုတာ အမှန်ပဲ ခက်ခဲပါ
လိမ့်မယ်။ ကောင်းရင်ကောင်း၊ ဆိုးရင်ဆိုး အဲဒီလိုပဲ ဖြစ်ရမယ်။ လူ့ဘ၀မှာ
ကြားနေလို့မရဘူး။ လူတိုင်းလူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာ ကောင်းတဲ့
လူရော၊ ဆိုးတဲ့ လူရော တွေ့ကြုံ ရတတ်ပါတယ်။ လူကောင်းလို့ မြင်တဲ့လူကို
ဘယ်လို ပေါင်းသင်း ဆက်ဆံရမယ်။ လူဆိုးလို့ သတ်မှတ်ထားတဲ့ လူကို ဘယ်လို
ပေါင်းသင်း ဆက်ဆံရမယ် ဆိုတာကို အကြမ်းဖျင်း အားဖြင့် သိနား လည်ကြတယ်။
မကောင်းတကောင်းလူ၊ ကြားနေလူ ဆိုတာ မျိုးကျတော့ ထိတွေ့ဆက်ဆံရတာ ခက်လိမ့်မယ်။
လူ့လောကထဲမှာ လူတွေက စီမံခန့်ခွဲပြီး လူတွေနဲ့ လှုပ်ရှား လည်ပတ် နေရတဲ့
အလုပ်ဌာနတွေ၊ ကုမ္ပဏီတွေ မှာလည်း လူကောင်းရော၊ လူဆိုးရော၊
လူကန့်လန့်ရော၊လူ့ဂွစာရော တွေ့ရလိမ့်မယ်။ ဓမ္မတာအတိုင်း အဲဒီ လူတွေနဲ့
နိစ္စဓူဝ ဆက်ဆံနေရလေတော့ သူတို့ရဲ့ ကောင်းမှုဆိုးမှုကို တာဝန်ရှိသူတွေ အနေနဲ့
ခံကြရမှာ အသေအချာပါပဲ။ ဒီတော့ မန်နေဂျာလို၊ ဘီအိုဒီလို၊
လုပ်ငန်းပိုင်ရှင်လို ပုဂ္ဂိုလ်တွေဟာ အဲဒီ ကိစ္စအတွက် တစ်စုံတစ်ရာ
ပြင်ဆင်ထားသင့် ကြတယ်။ဝန်ထမ်းတွေထဲက ကောင်းတဲ့ဘက်မှာ ၇၀ ရာခိုင်နှုန်း
ကောင်းကြတဲ့ ၀န်ထမ်းတွေကို လူကောင်း၊ ၀န်ထမ်းကောင်းလို့ သတ်မှတ်ကြမှာလည်း
ငြင်းမရဘူး။ ဒီတော့ အဲဒီ လူကောင်းသူကောင်း ၀န်ထမ်းကောင်း ဆိုတာတွေ ဆီက
ကောင်းတဲ့ အချက်အလက်တွေကို ရှာဖွေ စူးစမ်းဖို့ လိုလာတော့မှာ သေချာတယ်။
အဲဒီထဲ ကနေ ကိုယ့်အတွက် ဘယ်အချက်အလက်တွေကို သင်ယူ လေ့လာသင့်တယ်။
ဘယ်ကိစ္စတွေကို အတုယူသင့်တယ် ဆိုတာကို အထက်ဆင့်က တာဝန်ရှိသူတွေ ဂရုပြုသင့်တာ
အမှန်ပါပဲ။ လုပ်သားကောင်း သို့မဟုတ် ၀န်ထမ်းကောင်း တစ်ဦးရဲ့
အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန် တိကျ မှန်ကန်တာမျိုး၊ ပေးအပ်တဲ့ တာဝန်ကို
ကျေပွန်အောင် ဆောင်ရွက် တတ်တာမျိုး၊ ထိုးထွင်း ကြံဆမှု ရှိတာမျိုး၊ လုပ်ဖော်
ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် နေထိုင် ပြောဆို တတ်မှုမျိုး၊ အနာဂတ်
ဘ၀တိုးတက်ရေး အတွက် အလုပ်အပေါ်မှာ မမှိတ်မသုန် ယုံယုံကြည်ကြည် လုပ်ကိုင်
တတ်တာမျိုးတွေဟာ အမှန်တကယ် လေ့လာ ထိုက်တဲ့ ကိစ္စတွေ အဖြစ် မြင်သင့်တယ်။
သူ့ရဲ့ ကောင်းကွက်တွေဟာ ကိုယ့်ရဲ့ရှေ့ရေး၊ ကိုယ့်ဘ၀ တိုးတက်အောင်မြင်ရေး
အတွက် နည်းလမ်းကောင်းတွေ အဖြစ် ရှုမြင်သင့်တယ်။ဘာကြောင့်လဲ၊ ကိုယ်ဟာ
အလယ်အလတ်အဆင့် ခေါင်းဆောင်မှုထဲမှာ ပါဝင်နေတဲ့ သူတစ်ဦး ဖြစ်ချင်ဖြစ်မယ်။
ဒါမှမဟုတ် ထိပ်ပိုင်းက ခေါင်းဆောင်မှုထဲမှာလည်း ပါဝင်ကောင်း
ပါဝင်နေနိုင်တယ်။ ဒါပေမဲ့ ပြီးပြည့်စုံမှုမရှိတဲ့ လူ့ဘ၀ရဲ့ လိုအပ်ချက်တွေအရ
ကိုယ်ဟာ အဲဒီအဆင့်တွေထက် တစ်ဆင့်မြင့်တဲ့ နေရာကို မျှော်မှန်းနေမှာ
သေချာပါတယ်။ လက်ရှိ ရောက်နေတဲ့ အဆင့်ထက် ပိုမိုကောင်းမွန်တဲ့ အဆင့်
တစ်ခုအတွက် ကြိုးစားမှာလည်း မလွဲနိုင်ဘူး။ ဒီတော့ စောစောက
ကိုယ့်ရဲ့ဝန်ထမ်းကောင်း၊ အလုပ်သမားကောင်းတွေ ဆီက ကောင်းမွန်တဲ့ အကျင့်
စရိုက်ကောင်း တွေကို သင်ယူ လေ့လာရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့
ကောင်းကွက်ကလေးတွေကို စေ့စေ့စပ်စပ် လေ့လာသင်ယူ အဖြေထုတ်ပြီး အဲဒီက
ပေးတဲ့သင်ခန်းစာတွေ အတိုင်း ကိုယ့်ဘ၀ကို ပိုမို တိုးတက်သွားအောင်
ဆောင်ရွက်ရမှာ အမှန်ပဲ။ “ပညာလို အိုသည်မရှိ” ဆိုသလို ဘယ်အရွယ်၊ ဘယ်အဆင့်ကို
ရောက်နေနေ၊ ဘယ် အသက်အရွယ်ပဲ ဖြစ်နေပါစေ ကောင်းတာကို သင်ယူရတာ
နောက်ကျတယ်လို့ မရှိပါဘူး။ ဒီနေရာမှာ ကောင်းတဲ့ အမူအကျင့်၊ ကောင်းတဲ့
စာရိတ္တနဲ့ ကောင်းတဲ့ ၀န်ထမ်းဆီက ကိုယ်ဟာ သင်ယူစရာရှိတာ၊
လေ့လာစရာရှိတာတွေကို သင်ယူ လေ့လာတာ၊ လိုအပ်တဲ့ ဆောင်ရွက် သင့်တဲ့ ကိစ္စအဖြစ်
နားလည်နိုင်ပေမဲ့ မကောင်းတဲ့ အကျင့်စရိုက်နဲ့ လူဆိုးသူဆိုး၊
ဝန်ထမ်းဆိုးတွေ ဆီကတော့ ဘာမှသွားပြီး မလေ့လာတာဟာ အကောင်းဆုံးပါပဲ။ အန္တရာယ်
ကင်းပါတယ်။ ကိုယ်က သူတို့ဆီက လေ့လာ သင်ယူတာထက် သူတို့ကို အကူအညီ
ပေးတာမျိုးက ပိုပြီး အဆင်ပြေ ပါလိမ့်မယ်။ လူတွေက ကြပ်တည်းလို့
ပတ်ဝန်းကျင်ကြောင့်၊ မလွှဲမရှောင်သာ နိုင်တဲ့အတွက် တစ်ခါတစ်ရံမှာ
အမှားအယွင်းတွေကို လုပ်တတ်ကြတယ်။ သူတို့ဟာ တစ်ကြိမ်မကလည်း မှားနိုင်ကြ
ပါတယ်။ ဒီအခါ တာဝန်ရှိ သူများဟာ အရေးယူ အပြစ်ပေးလိုက်ခြင်း အားဖြင့်
ကာယကံရှင် တွေဟာ ကောင်းသွား လိမ့်မယ်လို့ ထင်တတ်ကြတယ်။ အဲဒါဟာ ရာနှုန်းပြည့်
အရေးယူ အပြစ်ပေး လိုက်ခြင်း အားဖြင့် အမှားကို မြင့်ခွင့်နဲ့ ပြင်ခွင့်
အတွက် အကူအညီ ပေးတာမျိုးက ပိုပြီး ထိရောက်မယ် ထင်ပါတယ်။ အမှား တစ်ခုကို
ကျူးလွန်မိလို့ လူဆိုးလို့ သတ်မှတ် သတ်မှတ်၊ အမှားအယွင်းတွေ များလွန်းလို့
မကောင်းတဲ့ လူအဖြစ် သတ်မှတ် သတ်မှတ် အဲဒီ သတ်မှတ်ခံရတဲ့ လူတွေဟာ ဆိုးသွမ်း
မိုက်မှောင်တယ် ဆိုတဲ့ ဘောင်ထဲမှာ နေချင်ကြတာ မဟုတ်ဘူး။ အဲဒါကို
ယုံစေချင်တယ်။ သူတို့ဟာ မလွှဲမရှောင်သာတဲ့ အခြေအနေတွေ ကြောင့်သာ လူဆိုး
ဖြစ်ခဲ့ရပေမဲ့ ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လင့်ချင်တဲ့ မျှော်လင့်မှုဟာ
သူတို့မှာ ရှိနေကြတာ သေချာပါတယ်။ ဒါကို ယုံပါ။ ဒီတော့ သူတို့ကို ဆိုးရာက
ကောင်းလာအောင် ကူညီခြင်းအားဖြင့် လူ့ပတ်ဝန်းကျင်မှာ ရှင်သန်ခွင့် ရအောင်
ကူညီသင့်တယ်။ ရေနစ်သူကို ၀ါးကူထိုးတာ မျိုးထက် ကိုယ်က သူတို့အတွက် လက်လှမ်း
ဆွဲယူစရာ ကောက်ရိုး တစ်မျှင်လောက်ပဲ ဖြစ်နေနေ ကူညီသင့်ပါတယ်။ အဓိက ကတော့
ကိုယ်ကိုယ်တိုင်က သင်ယူစရာ ရှိရင် သင်ယူပြီး ကူညီစရာရှိရင် ကူညီ
ပြုပြင်ပေးသူ တစ်ဦးအဖြစ် ရပ်တည်နိုင်ရင် အကောင်းဆုံး ပါပဲ။
ရတနာပုံ မှ ဆောင်းပါးတိုလေးပါ... သယ်ရင်းအားလုံးကို ဝေမျှပေးလိုက်ပါတယ်.....ဗျာ