ဒီလိုလုပ်လို့ဘယ်ရမလဲ
ဆိုင်တစ်ဆိုင်ရဲ့တံခါးမှာ ခုလိုစာရေးပြီး ကပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ရပါတယ်။
ဆိုင်ပိတ်သည်။
အပြင်သို့သွားသည်။
(ပုံ)စက်ချုပ်ဆရာ
ဒီစာရဲ့အောက်ဘက်မှာလည်း စာရွက်တစ်ရွက်ကို ခုလိုရေးပြီး ကပ်ထားတာတွေ့ရပါသေးတယ်။
ခဏစောင့်ပါ။
သူ့ကိုအမြန်ဆုံးဆွဲခေါ်လာခဲ့မယ်။
(ပုံ)စက်ချုပ်ဆရာကတော်
သမီး မေးလိုက်ဦးမယ်
အိမ်ရှေ့ကို ကြွေးရှင်ရောက်လာတာ မြင်တာနဲ့ ဖခင်ဖြစ်သူက သမီးကိုအိမ်ထဲ ဆွဲခေါ်ကာ......
သမီးလေး အိမ်ရှေ့ရောက်လာတဲ့ဒေါ်ကြီးက ဖေ့ဖေ့ကိုမေးရင် ဖေဖေမရှိဘူး ခရီးထွက်နေတယ်လို့ ပြောကြားလား......လို့
ပြောပြီး ဖခင်ဖြစ်သူက အိမ်ခန်းထဲ ၀င်ပုန်းနေပါတယ်။
အိမ်ရှေ့ရောက်လာတဲ့ ကြွေးရှင်ဒေါ်ကြီးက
ဟဲ့...ကလေး နင့်အဖေကော
ဖေဖေမရှိဘူး ခရီးထွက်သွားတယ်
ဟေ.....ဟုတ်လား၊ ဘယ်သွားတာတဲ့လဲ၊...............
ဒေါ်ကြီးရဲ့အမေးကြောင့် ကလေးခမျာ တွေဝေသွားပြီး
“နေဦးနော်ဒေါ်ကြီး သမီးသွားမေးပေးမယ်“........ဆိုကာ သူ့ဖေဖေပုန်းနေတဲ့ အခန်းထဲပြေးဝင်သွားပါတော့တယ်။
ကြော်ငြာကောင်းလို့
အမျိုးသမီးကြီး တစ်ယောက်သည် ဂျာနယ်တိုက်တစ်ခုထဲ သို့ဝင်လာပါတယ်။
ဂျာနယ်တိုက်ထဲမှာ တာဝန် ရှိသူတွေ ၊ အယ်ဒီတာတွေ တစ်ယောက်မှ မတွေ့ရဘဲ ရုံးစာရေးကိုသာ တွေ့ရလို့ ခုလိုမေးလိုက်ပါတယ်။
ဒီမှာ ဟေ့သူငယ် အယ်ဒီတာတွေတစ်ယောက်မှ မရှိကြဘူးလား
မနေ့ကထည့်လိုက်တဲ့ အန်တီရဲ့ ခွေးပျောက်ကြော်ငြာနဲ့ပတ်သက်ပြီး ဘာများထူးသေးလဲ
အန်တီ့ခွေးသာ ပြန်တွေ့ပါစေ အန်တီ ကြော်ငြာထားတဲ့အတိုင်း ဆုငွေတစ်သန်းပေးဖို့ အဆင်သင့်လုပ်ထားပါတယ်
“ဟုတ်ကဲ့ အန်တီ အယ်ဒီတာတွေ တစ်ယောက်မှ မရှိကြပါဘူး။
သူတို့အားလုံး အန်တီကြော်ငြာထားတဲ့ ခွေးကို လိုက်ရှာနေကြပါတယ်“