“အပြစ်မရှာပါနဲ့…အဖြေရှာစေချင်”
ဒီနေ့ မနက်မိုးလေးအလင်းမှာတော့ ထုံးစံအတိုင်း ကွန်ပျူတာစားပွဲလေးရှေ့ကို ကျွန်မရောက်ခဲ့ရပြန်ပြီ နေ့စဉ်လိုလို ဖွင့်နေကျဖြစ်တဲ့ ငွေစာရင်းဖိုင်တစ်ခုကို ဖွင့်ကြည့်လိုက်မိတယ် အမှတ်မထင်ဆိုသလိုပါပဲ ဖိုင်က လုံးဝဖွင့်လို့မရခဲ့ပါဘူး ဖိုင်လေးမှာ အင်္ဂလိပ်စာတမ်းတချို့နဲ့ errorလေးတွေဖြစ်နေတာတွေ့ရပါတယ် ဒါနဲ့ပဲ ကျွန်မ စိတ်အရမ်းညစ်သွားခဲ့ရတယ်…။
တကယ်တော့ ဒါဟာ စိတ်ညစ်စရာမဟုတ်ဘူးဆိုပေမယ့် ပုထုစဉ်လူသားအနေနဲ့ စိတ်အရမ်းညစ်ခဲ့မိပါတယ် ကျွန်မအတွက်တော့ ဒီနေ့ဟာ ပျော်ရွှင်သောနေ့သစ်မဖြစ်နိုင်တော့ပါဘူး ဘာဆက်လုပ်ရမလဲ စဉ်းစားကြည့်မိတဲ့အခါမှာတော့ အချိန်မှီဆိုသလို ကျွန်မရဲ့သူဌေးကို ဖုန်းဆက်လိုက်မိတော့တယ် သူက ဒီလိုပြောခဲ့ပါတယ်….
“ကလင်….လင်….လင်”
“ဟယ်လို…”
“ဟုတ်ကဲ့ သူဌေးလား…”
“အင်း…ပြော နေခြည်”
“ဒီမှာလေ Excel fileတခု ဖွင့်လို့မရဘူးဖြစ်နေတယ်….ဘယ်လိုလုပ်ရမှန်းကိုမသိတော့ဘူး…စိတ်တွေလည်းညစ်တယ်”
“အော်…ဒါလား..နေခြည်ရယ်”
“ဘာမှ စိတ်ညစ်မနေနဲ့”
“အသေးအဖွဲကိစ္စတွေကို ခေါင်းထဲထည့်မထားနဲ့….ဟုတ်ပြီလား”
“ဟုတ်ကဲ့….” ဆိုပြီး
ကျွန်မ ဖုန်းလေးချအပြီး ရင်ဘတ်ကလေးအပေါ် လက်ကလေးအသာလေးဖိပြီး “ဟင်း….”ဆိုပြီး သက်ပြင်းလေး မသိမသာချလိုက်မိပါတော့တယ်… သူဌေးပြောလိုက်တော့ ကျွန်မရင်ထဲမှာ အလုံးကြီးတစ်ခု ကျသွားတာကလွဲပြီး စိတ်ထဲမှာတော့ မကောင်းဘူးဆိုတာ သိလိုက်ရပါတယ်…။
“စာဖတ်သူတို့ရေ ၀ိုင်းဝန်းပြီးစဉ်းစားကြည့်ပါအုံးနော်“
“သိန်း ရာနဲ့ထောင်နဲ့ချီအောင် ရင်းနှီးမြှုပ်နှံထားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို ၀န်ထမ်းဖြစ်တဲ့ ကျွန်မကို အစစအရာရာ….လွှဲအပ်ထားတယ်ဆိုတည်းက…..သူဌေးက ယုံကြည့်စိတ်ချမှုတွေ ပါဝင်နေလို့ပေါ့…ဒါပေမယ့် အဲဒီလို လုပ်ငန်းတစ်ခုမှာ တာဝန်ယူပေးရတဲ့ ကျွန်မအဖို့ကတော့ မလွယ်ကူလှပါဘူးရှင်…အစစအရာအရာ ဆိုင်တစ်ဆိုင်ရဲ့ တာဝန်က ကျွန်မရဲ့ခေါင်းပေါ်မှာ ပုံပိနေတဲ့အတွက်….သူပြောတဲ့ အသေးအဖွဲဆိုတာလေးက ကျွန်မအတွက်တော့ ကြီးကြီးမားမားပြဿနာကြီးတစ်ခုပေါ့….”
သို့ပေမယ့် ကျွန်မ စဉ်းစားမိသွားတယ်…
“ငါ့ထက် သိပ်တော်ပြီး အောင်မြင်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုဖြတ်ကျော်ခဲ့ကြသလဲ၊ ဘယ်လို ဦးဆောင်ခဲ့ကြသလဲ….ငါကရော ဒီလောက်လေးနဲ့တင် စိတ်ဓါတ်တွေ မြေပြင်ကို ကျဆင်းနေရင် ရှေ့ဆက် ဘယ်လိုလုပ်မလဲ”ဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိချိန်မှာတော့… ကျွန်မရဲ့ စိတ်ကို ပျော်အောင်နေတတ်ဖို့ ကြိုးစားခဲ့ပါတော့တယ်…အချိန်တွေက တစ်နေ့ဆိုသလို ကုန်ဖို့ ညနေစောင်းအချိန်ကို ရောက်လာပြန်ခဲ့ပါပြီ ညနေပိုင်းမှာ ကျွန်မရဲ့ကွန်ပျူတာလေးကို ဆန်းစစ်မိပါတယ် အဆင်ကိုပြေနေတာပဲဆိုပြီး ပျော်နေခဲ့မိတယ် တစ်နေကုန်ဆိုသလိုပဲ အင်တာနက်လိုင်းတွေကလည်း ကျလိုက်တာ ညနေ(၃)နာရီထိုးအချိန်မှပဲ လိုင်းလေးရလာလို့ အပျော်တွေကျူးခဲ့တာပေါ့ customerလေးတွေ တဖွဲဖွဲနဲ့ရောက်လာလို့ ကျွန်မရဲ့ cafezee controlကို ဖွင့်ချိန်မှာတော့….
“ဟင်း…လာပြန်ပြီ”
“ဘာမှန်းမသိတဲ့ စာတမ်းကြီး….စိတ်တွေညစ်လာပါပြီ”
“ဟူး…၀ူး….ငါဘာလုပ်ရပါ့မလဲ”
ကွန်ပျူတာတစ်ခုလုံးကို ပိုက်စိပ်တိုက်ကြည့်လိုက်ချိန်မှာတော့ serverရဲ့ network connection မရှိတော့တာရယ်၊ Antivirus softwareလေးကလည်း အလုပ်မလုပ်တော့တာရယ်၊ Browserတွေကလည်း တစ်ခုမှအလုပ်မလုပ်တော့တာရယ်ကို တွေ့လိုက်ရပါတယ်…“
“ဟင်း…ခက်တာပါရော့လား…အဲဒါမှ”
“ငါကလည်း ကွန်ပျူတာနဲ့ပတ်သက်ရင် serviceပိုင်းကို သိတယ်ဆိုရုံလောက်သိတာ…မကျွမ်းကျင်ဘူး”
“ဘယ်လိုလုပ်ရပါ့မလဲ”ဆိုပြီး
တစ်ယောက်တည်း ငူငူကြီးထိုင်ပစ်လိုက်တော့တယ်…နောက်ဆုံးအဆင့်မှာတော့ လက်လျှော့လိုက်ရပြီး shutdownလုပ်ထားပစ်လိုက်ရပါတော့တယ်..
ဒီလိုနဲ့ ကျွန်မ စားပွဲမှာ လက်မှိုင်ချပြီး စိတ်တွေထပ်ပြီးညစ်ရပါတော့တယ် ဘာကြောင့်များ ဆက်တိုက်ဆိုသလိုဖြစ်နေတယ်ဆိုတာ မပြောတတ်လောက်အောင်ပါပဲ စားပွဲလေးမှာထိုင်ငေးရင်း လမ်းမပေါ်ကို ငေးကြည့်ချိန် သွားလာနေကြတဲ့ လူတွေပေါ့ ၊ စကတ်ကလေးတွေ၊ ဂါဝန်လေးတွေ
ဘောင်းဘီတို၊ အရှည်လေးတွေ၊ သနပ်ခါးအဖွေးသား၊ မိတ်ကပ်အရဲသားလေးတွေနဲ့ လန်းဆန်းပြီး ပျော်လို့ရွှင်လို့ပေါ့….ကျွန်မမှာတော့ ရေမချိုးရသေးတဲ့အဖြစ်တစ်ခုရယ်ပါ…စိတ်ထဲမှာတော့ အတွေးတစ်ခုဆိုသလို ၀င်လာပြန်ပါတော့တယ်…
သူတို့တွေကရော တကယ်ပဲပျော်နေကြတာမှဟုတ်ရဲ့လား…ငါတစ်ယောက်တည်းပဲ စိတ်ညစ်နေရတာလားဆိုပြီး တွေးရင်း မှင်သက်မိနေပါတော့တယ်
အမြဲတစေလို နေ့စဉ်နဲ့အမျှ ကွန်ပျူတာနဲ့ကျွန်မဟာ သားသမီးနဲ့မခြားဖြစ်နေခဲ့တာ အတော်ကိုကြာခဲ့ပါပြီ တစ်နေ့တစ်နေ့ကျွန်မရဲ့အဖော်ဟာ ကွန်ပျူတာလေးပေါ့ ကျွန်မငြီးငွေ့လာသလိုခံစားရတယ် ဘာကြောင့်ငြီးငွေ့လာသလဲဆိုတဲ့ မေးခွန်းကို အဖြေရှာမိတဲ့အခါမှာတော့ ကျွန်မစိတ်ညစ်လို့သာ…ဘာကြောင့်စိတ်ညစ်သလဲဆိုရင် ကွန်ပျူတာပျက်လို့ပေါ့..ကွန်ပျူတာကိုသာ ကျွန်မပြင်နိုင်ခဲ့ရင် စိတ်ပျော်ရွှင်မှု တဒင်္ဂလောက်တော့ရမိမှာ ဧကန်မလွဲပါပဲ..ကျွန်မ ဘယ်သူ့ကိုအပြစ်တင်ရမလဲ ဗိုင်းရပ်(စ်)ကို ဖန်တီးတဲ့ ပညာရှင်တွေလား…ဒါမှမဟုတ် အမြဲတမ်းဖြစ်တတ်တဲ့ ကွန်ပျူတာကြီးကိုလား…ဒါမှမဟုတ် ကျွန်မကိုယ်ကျွန်မလားဆိုတား အပြစ်ရှာချင်စိတ်တွေဝင်လာပါတော့တယ်…
ကျွန်မရဲ့ စိတ်တွေသာ ပျော်ရွှင်နေမယ်ဆိုရင် ဒီလုပ်ငန်းလေးထဲမှာ ကျွန်မပျော်နေမှာပါ ကျွန်မကိုယ်တိုင်တွေးကြည့်မိပါတယ်
“ဘာကြောင့် စိတ်ညစ်ရသလဲ”ဆိုတဲ့ အဖြေကို ရှာတွေ့ခဲ့မိပါတယ်
အဲဒီအဖြေကို ကျွန်မကိုယ်ကျွန်မ ရှာဖွေနိုင်ဖို့ မေးခွန်းတွေအကြိမ်ကြိမ်မေးမြန်းခဲ့ရပါတယ်
ငယ်စဉ်ကတည်းက စိတ်ညစ်တဲ့အခါတိုင်း ထိုင်ငိုလေ့ရှိတတ်တဲ့ကျွန်မ ခုတော့လည်း အရာရာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ နားလည်သဘောပေါက်သွားခဲ့ရပါတယ်….။
ဒါကြောင့် စာဖတ်သူများကလည်း ကျွန်မလိုပဲ နေ့စဉ်အခက်အခဲတွေ ကြုံတွေ့နေရလိမ့်မယ်လို့ ထင်မိပါတယ် ဒါကြောင့် ကျွန်မပြောချင်တာလေးတစ်ခုကတော့ ပြဿနာရှိရင်အဖြေတစ်ခုတော့ရှိရမယ်၊ ပြဿနာကို
ပြဿနာလို့မတွေးဘဲ ဘာကြောင့်ဖြစ်လာရတာလဲ ဘာဆက်လုပ်သင့်လဲဆိုတာကို စဉ်းစားကြပါ ပြဿနာကို အရှည်ကြီးထားပြီး ဖြေရှင်းဖို့မကြိုးစားဘဲ ဒီတိုင်းထားခဲ့ရင် မိမိတို့ရဲ့စိတ်ထဲမှာပါ စွဲမြဲသွားနိုင်ပြီး နောက်ဆုံးမှာ ပြဿနာက ပြေလည်မသွားဘဲ မိမိတို့ရဲ့ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ဖွယ်ရာတွေရှိပါတယ် …။
ကျွန်မသူဌေးပြောတဲ့ အဓိပ္ပာယ်တွေနဲ့ဆိုလိုရင်းကို ကျွန်မသဘောပေါက်လာခဲ့တယ် မလိုလားအပ်တဲ့နေရာတွေမှာ ကြီးကြီးမားမားမဟုတ်တဲ့နေရာတွေမှာ ကျွန်မတို့ရဲ့စိတ်ကို အသုံးမချပါနဲ့ဆိုတာ တကယ်ကိုလက်တွေ့ကျကျနဲ့ ကျွန်မကိုယ်တိုင်သိလိုက်ရတဲ့အချိန်မှာတော့…..
စာဖတ်သူများလည်း ကျွန်မလိုဘဲ “အဖြေကိုရှာကြပါ အပြစ်မရှာကြပါနဲ့လို့”ပြောရင်းနဲ့ စာဖတ်သူတို့ရဲ့ ဘ၀မှာ ကျင်လည်နေသမျှ အခက်အခဲတွေများကို အဖြေရှာဖို့ကြိုးစားကြည့်ကြပါလို့ ဆန္ဒပြုရင်းနဲ့ ရေးသားတင်ပြလိုက်ရပါတယ်ရှင်….။