တစ်ဦးတည်းသောတဲ့ ဘ၀မှာ သိပ်ကို နှစ်ခြိုက်ခဲ့တဲ့ စကားလေးပါ။ သိပ်လဲဂုဏ်ယူခဲ့ဖူးသည်။ တစ်ဦးတည်းသောဆိုမှတော့ နောက်တစ်ယောက် မရှိနိုင်ပါဘူး။ မိဘရဲ့ တစ်ဦးတည်ေးသာ သားသမီးမို့ ဘယ်လောက်များဂရုစိုက် အလိလိုက်ခြင်းခံခဲ့ရမလဲဆိုတာ တစ်ဦးတည်းသော သားသမီးတိုင်း ခံစားရိပ်မိနိုင်ကြမှာပါ။ တစ်ဦးတည်းသော သားသမီးဆိုတာ မိသားစုမှာ အငယ်ဆုံး သားသမီး၊ အကြီးဆုံးသားသမီးတွေထက် ပိုပြီး အချစ်ခံကြရတယ် ချစ်ခြင်းတွေက ပိုတယ်လို့ ကိုယ့်ဘက်ကိုယ်ယက်ပါရစေ။
ဘာလို့များလဲ။ သားကြီိးသမီးကြီးဆိုလဲ အိမ်ထောင်ဦးကလေးမို့ ချစ်ပါသည်။ အငယ်ဆုံးလေးကလဲ မိသားစုရဲ့ အငယ်ဆုံး အထွေးဆုံးလေးမို့ ဘာမှမသိနားမလည်ရှာဘူး ဆိုတဲ့ အတွေးနဲ့ကလေးအရာထားလို့ ချစ်ကြပါသည်။ ဒါပေမယ့် တစ်ဦးတည်းသော သားသမီးတွေကတော့ မတူဘူးရှင့်။ စတင်မွေးဖွားလာကတည်းက မွေးချင်းပေါက်ဖော် မရှိဘဲ သူတစ်ယောက်ထဲ မိဘရဲ့ အချစ်တွေကို ခြယိလှယ် သိမ်းပိုက်လို့ဂရုစိုက်မှုတွေကိုလဲ ရာနှုန်းပြည့်ရရှိခဲ့တာပါ။ မိဘတိုင်းက သားသမီးတွေကို ချစ်တာ အချစ်ပြိုင်လို့ မရဘုလို့ ဆိုကြသော်ငြား အထက်ပါ အချက်လေးကြောင့်ပဲ ပိုချစ်ခံရတယ်လို့ ပြောချင်တာပါ။ မောင်နှမရှိတဲ့ သူတွေ သင်ဇာ့ကို မဆဲချင်ပါနဲ့အုံးနော်။
တစ်ဦးတည်းသောလေးသူ့မှာ မျှဝေပေးရမယ့်သူ မရှိလို့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်ဓါတ်ကတော့ အပြည့်ပါလာပြီးသားပါ။ တစ်ခြားသူတွေ အကုန် မဆိုလိုပါဘူး။ သင်ဇာ့ကို သင်ဇာဆိုလိုတာပါ။ သင်ဇာ့လို စိတ်ချင်းထပ်တူကျတဲ့သူတွေလဲ ပါချင်ပါမှာပေါ့။ ဘ၀မှာ အစစ အရာရာ မရမရှိ မိသားစုရဲ့ ၀င်ငွေ အချိုးအစားအလိုက် မင်းသားလေးတွေ မင်းသမီးလေးတွေ အဖြစ် မြှောက်စာခံရမှာပါ။ အချိန်တိုင်းအတွက် မိသားစုရဲ့ ပထမ ဦးစားပေး နေရာကနေ ဘယ်တော့မှ ဖြုတ်ချ မခံရပါဘူး။ မျှဝေပေးရမယ့် မွေးချင်းမရှိလို့ ဘယ်အရာမဆို သူသာရနေကြမို့ မျှဝေပေးရမယ်ဆိုတဲ့စိတ်၊အမြဲအလိုလိုက်ခံထားရလို့ ကိုယ်ချင်းစာတဲ့စိတ်ကလဲ ရှားမှရှားပါ။ မျှဝေပေးချင်တဲ့စိတ် ကိုယ်ချင်းစာတတ်တဲ့စိတ် ငယ်ငယ်ထဲက ကိုယ်ပိုင်အသိနဲ့ ပါလာတာ ရာခိုင်နှုန်းတော်တော် နည်းပါသည်။ဥပမာ- သင်ဇာ့လိုပေါ့
သင်ဇာ တစ်ကိုယ်ကောင်းဆန်ပါသည်။ မျှဝေတတ်သောစိတ်၊ သည်းခံတတ်သောစိတ်၊ နားလည်ေးပးတတ်သော စိတ်မရှိပါ။ အနိုင်ယူလိုသည၊ အစစ သာချင်သည်၊ သူငယ်ချင်းများ ကြားတွင်လည်း မိမိသာ အချစ်ခံချင်သည်၊ အရှုံးကိုလဲ လက်မခံတတ်သည့် မေမေ့အပြောအရ စိတ်ပုပ်ပုပ် ရုပ်ဆိုးဆိုးနှင့် သိပ်ကိုဆိုးသောကောင်မလေး ဖြစ်ခဲ့ပါသည်။ ကြီးလာမှသာ ဖေဖေပြောသောစကားများ၊ အချော့ကြိုက်သင်ဇာ့အတွက် မေမေချော့သော အပျော့စွဲစကားများ၊ လောကကပေးသော ဘ၀ပေးအသိများကြောင့်သာ နည်းနည်းလေး လိမ္မာလာဟန်တူသည် ထင်ပါသည်။
ခုထက်ထိ မပျောက်သေးသော အကျင့်ဆိုးလေး တစ်ခုရှိပါသေးသည်။ ဘယ်နေရာ ဘယ်ကိစ္စတွင်မဆို အနိုင်မရဘဲ အရှုးံနဲ့ ကြုံတွေ့လာတဲ့အခါ၊ ပြသာနာတက်လို့အခြေအတင်ရှင်းရမယ့်အခါ ပြန်လဲမပြောတတ်၊ ပြန်လဲမဖြေရှင်းတတ် ဘာစကားတစ်ခွန်းမှမတုံ့ပြန်ဘဲ မျက်ရည်ကျတတ် ငိုတတ်ခြင်းပါ။ ထိုအကျင့်ကြောင့် သင်ဇာ့ကို သင်ဇာမုန်းပါသည်။
ငယ်ငယ်က ဘယ်နေရာတွင်မဆို နံပါတ်တစ်ဖြစ်ခဲ့သော်လည်း အသက်ကြီးလို့ အတန်းကြီးလာသောအခါ ငယ်စဉ်ကနှစ်ခြိုက်ခဲ့သော တစ်ဦးတည်းသောကို မကြိုက်တော့ပါ။ တစ်ဦးတည်းသော ဖြစ်ရမယ့်အစား အစ်ကို၊ အစ်မ၊မောင်လေး၊ ညီမလေးများသာ လိုချင်လာတော့သည်။ ဘာကြာင့် ဘာကြောင့် ရယ်စရာတော့ ကောင်းချင်ကောင်းနေပါလိမ့်မည်။ ကလေးဘ၀တွင်ကစားရင်းစကားများသည် ပင်တွင်လည်း မိမိနောက်တွင်အားဖြည့်မည့်သူမရှိတာက အစပြုပါ။ ဒါကလဲ ဥပမာတစ်ခုပါ။
တကယ်တမ်း မိသားစုတွင် စီးပွားရေး၊လူမှုရေး မုန်တိုင်းထန်လာသောအခါ တစ်ဦးတည်းသောလေးမှာ မိဘမှလွဲ ၍ တိုင်ပင်စရာမရှိပါ။ မိဘဖြစ်သော ထိုနှစ်ယောက်တို့၏ ပြသာနာဆိုလျှင် တစ်ဦးတည်းသောလေး မည်သူ့ကို တိုင်င်ရအံ့နည်း။ မောင်နှမရှိလျှင်တော့ ပြသာနာပြေလည်ရာ ပြေလည်ကြောင်းဖေဖေတစ်ဘက် မေမေတစ်ဖက်နှင့် မောင်နှမများ ၀ိုင်းကာ နားချကြမည်။ တစ်ဦးတည်းသောလေးကျတော့ကော………………………….......
မစဉ်းစားကောင်း စဉ်းစားကြည့်ပါ။ ရေစက်ကုန်လို့ လမ်းခွဲကြသော မိဘနှစ်ပါးတွင်တော့ တစ်ဦးတည်းသောလေး ဘယ်ဘက်သို့ လိုက်မည်နည်း။ ဖေဖေ့ဘက်လား မေမေ့ဘက်လား။ အလွန်ခေါင်းစားစရာကောင်းပြီိး ဝေခွဲရခက်သော ပြသာနာဖြစ်ပါသည်။ မောင်နှမများရှိလျှင်တော့ ယခုကဲ့သို့အဆင့်ရောက်လျှင်တောင် တစ်ဖက်ဆီ အချိုးမျှလို့ ယူနိုင်ကြသေးသည်။ တစ်ဦးတည်းသောလေးကို အဘယ်သို့ ခွဲတမ်းချကြအံ့နည်း။ သုံးယောက်သာရှိသော မိသားစုတွင် ဖေဖေ့ဘက်လိုက်လျှင် ဖေဖေတစ်ယောက်တည်း မေမေ့ဘက်လိုက်လျှင် မေမေတစ်ယောက်တည်း။ မည်သူ့ဘက် လိုက်သင့်၏၊မလိုက်သင့်၏၊ လိုက်ကောင်း၏၊ မလိုက်ကောင်း၏ အတွေးကလည်း မိဘမို့ တစ်ဦးတည်းသောလေးမည်သို့လုပ်ရအံ့နည်း။
သတင်းစာထဲတွင် မကြာခဏ အမွေပြသာနာတက်သည်ကို ကြားဖူးမြင်ဖူးကြလိမ့်မည်။ ထိုအကြောင်းကြောင့် သမီးဆို လုစရာမရှိဆိုသော စကားကို ငယ်စဉ်က ဂုဏ်ယူတတ်သော်လည်း ယခုမူ ပစ္စည်း ဥစ္စာ ဟူသည် တဒင်္ဂသာ မြဲသောသဘောမရှိ။ လုလခင်လုရအံ့ သင်ဇာမောင်နှမသာ လိုချင်သည်။ ပစ္စည်းဥစ္စာကား မိမိကြိုးစားလျှင်ရှာနိုင်သည်။ ယခုတော့ တိုင်ပင်စရာ အားထားစရာ မောင်နှမသာလိုချင်သည်။ အရာရာ ပူဆာတိုင်း လိုတိုင်းရခဲ့လျက် ဒီ တစ်ခုကို ဘာကြောင့် မပူဆာခဲ့မိသနည်း၊ မဖြစ်နိုင်တော့သော တောင့်တခြင်း…………………………………………
အကယ် ၍ မိဘများကွယ်လွန်သွားလျှင် စကားတစ်ခွန်းရှိပါသည်။ တစ်ကောင်ကြွက် တစ်မျက်နှာ သင်ဇာနားလည်ပါသည်။ လောကတွင် မိမိကွယ်သာ ကိုးကွယ်ရာ သို့သော်လည်း အပင်ပန်းဆုံးအချိန်များတွင် တစ်ချက်လောက်ငဲ့ကြည့်လိုက်ပါ အကောင်းအဆိုးဝေဖန်ပေးမည့် မောင်နှမမရှိ ဒုက္ခနှင့်ကြုံလာ ၍ နှစ်သိမ့်ပေးမည့်သူမရှိ၊ ကျားကန်ပေးမည့်သူမရှိသော တစ်ဦးတည်းသော ဘ၀တည်း………………………………………………………………………
ဒါ့ကြောင့်မို့လေ သူငယ်ချင်းတို့ရယ် တစ်ဥိးတည်းသောဘ၀ဟာ အားသာချက်များသလို အားနည်းချက်တွေကလည်း အများကြီးပါ။ မောင်နှမရှိတဲ့သူတိုင်းလည်း ကိုယ်ရရှိထားတဲ့ မောင်နှမကို တန်ဖိုးထားပြီး ချစ်ခင်ကြပါ။ ရန်ဖြစ်ရင်လဲ ခဏပေါ့နော် မောင်နှမချင်းမို့သံယောဇဉ်ထားပါ၊ မိဘကပေးတဲ့ မွေးချင်းပေါက်ဖော်တွေကို ဂရုစိုက်လို့ တစ်ဦးကို တစ်ဦး အနိုင်ယူခြင်း ၊၀န်တိုခြင်းကင်းလို့ ညှာတာထောက်ထားတတ်ကြကာ အချင်းချင်း ချစ်တတ်ကြပါစေလို့ သင်ဇာ ဆန္ဒပြုရင်း………………………………………………..