ဩပွဲလို့ ဆိုလိုက်ရင် ဘာပွဲများပါလိမ့်လို့ တွေးမိသွားကြပါလိမ့်မယ်။ အခြားတိုင်းရင်းသားများအနေဖြစ် ဘာပွဲမှန်းတောင် သိလိုက်ကြမည်မထင်ပါ။
ဩပွဲ ဆိုသည်မှာ ကရင် အမျိုးသားတို့၏ ရိုးရာဓလေ့ပွဲလေးတစ်ခုဖြစ်သည်။
ဩပွဲ(ခေါ်) တေးသီချင်းသီဆိုပွဲသည် ကရင်လူမျိုးတို့၏ ရှေးအကျဆုံး နုတ်မှုသီဆိုရာတွင် ရှေးအကျဆုံးသော ပွဲဖြစ်သည်။
သြပွဲကို အရှေ့ပိုးကရင်စကားဖြင့် (ဆ်ုအာင်လင်) ဆအိုင်လောင် ဟူ၍ခေါ်ကြသည်။ အချို့ဒေသတွင် (ထါခေါဟ်ပွယ်) ထာခိုးပွယ် ဟူ၍လည်းခေါ်ကြသည်။ အရှေ့ပိုးကရင်အခေါ် ဆအိုင်လောင် သည် လက်ဝှေ့ရေးပြခြင်း ဟူ၍ အဓိပ္ပာယ်ရသည်။
တနည်းမှာ ကိုယ်ကာယ ကြံ့ခိုင်မှုကို အလှပြခြင်း ဟူ၍လည်းမှတ်ယူနိုင်သည်။ ထာခိုးပွယ် သည် တေးသီဆိုပွဲဟု အဓိပ္ပာယ်ရသည်။ သြပွဲကို (ဃှဲုးလင်ဖ၀့်ခ္လီ့) ဟွီးလောင်ဖော့ခလီ့ (ခေါ်) မေတ္တာပန်းမျိုးစေ့ကြဲတဲ့ပွဲ ဟူ၍လည်းခေါ်ကြသည်။
ကရင်လူမျိုးများ အရှေ့တရုတ်ပြည် ယန်စီမြစ်အနီး တောတောင်များတွင် အခြေချနေထိုင်ခဲ့စဉ်က တောင်ယာစပါးကို ရိတ်သိမ်း၍ တလင်းများတွင် စပါးများကိုခြွေချနယ်သည့်အခါ ညီညာကခုန်၍ တေးကဗျာများကို သီဆိုကြသည်။ ထိုသို့ဆိုကြရာတွင် လုလင်ပျိုတို့ကတစ်ဖက၊် လုံမေပျိုတို့ကတစ်ဖက် အမေးအဖြေသီချင်းဖြင့် သီကုံး၍ သီဆိုကြသည်။ တစ်ဖက်နှင့်တစ်ဖက် တေးပြိုင်သောသဘောဖြင့် လင်္ကာ၊ ကဗျာ၊ စကားထာများကို သီချင်းဖွဲ့၍ ဆိုကြသည်။ ထိုမှ တေးသီပွဲ သို့မဟုတ် သြပွဲသည် တည်ရှိလာကြောင်း ဆိုစမှတ်ပြုကြသည်။
ဩပွဲဆိုသည်မှာ အပျို ၊လူပျိုများ၏ ပွဲဖြစ်၍ အပျိုလူပျို မစစ်သူများ၊တစ်ခုလပ်၊မုဆိုးဖိုး/မ ပါဝင်ခွင့်မရပေ။ အပျိုလူပျို စစ်သော်လည်း လူမှုရေး နာမည်ပျက်ရှိသူများပင် ပါဝင်ခွင့် မရခဲ့ပါ။အပျိုလူပျို စစ်စစ်တို့၏ သီးသန့်ပွဲသာတည်း။
ဩပွဲကို အလှူအိမ်ရှိသည့် ညတွင် ကျင်းပလေ့ရှိပြီး ကျင်းပကာလမှာ တစ်ညထဲသညတည်း။ ရှေးအခါက ဆီမီးခွက်တိုင်များ၊မီးတုတ်များနှင့် ကျင်းပကြပြီး ယခုနောက်ပိုင်းတွင်တော့ စတောင်းကင်းမီးမား ထွန်းညှိကာ ကျင်းပလေ့ရှိကြသည်။
ဩပွဲ ကျင်းပမည်ဆိုလျှင် အနီးအနားရွာရှိ အပျိုလူပျိုများသို့ 'ခွိက်ဖ္လးဘံင်'' ခေါ် ''လက်ဖက်ထုပ်ကမ်းခြင်း'' ဟု ဆိုအပ်သော ကွမ်းယာထုပ်များကို ပေးပို့ကမ်းလှမ်းရလေသည်။ အခြားရွာမှ အပျိုလူပျိုများသည် ကွမ်းယာထုပ်ရရှိလျှင် သြပွဲရှိကြောင်း သိရှိကြရလေသည်။
ကွမ်းယာထုပ်များပေးပို့ရာတွင်မီးသွေးခဲကိုထုပ်၍ ဖိတ်ကြားလျှင် မဖြစ်ဖြစ်အောင်လာရောက်ရန် ဆိုလိုသည်။ ဆေးရွက်ကိုထုပ်၍ ဖိတ်ကြားလျှင် အုပ်အုပ်ကြွပ်ကြွပ် လာနိုင်ကြောင်းကိုဆိုလိုသည်။ ထုံးကိုထုပ်၍ပို့လျှင် သြပွဲတွင် လက်ဝှေ့ရေးပြနိုင်ကြောင်း ဆိုလိုသည်။ ငရုပ်သီးကိုထုပ်၍ ဖိတ်ကြားလျှင် အမြန်လာရောက်ရန် ဖိတ်ခေါ်သည်။ မရမ်းရွက်ကိုထုပ်၍ပို့လျှင် အေးအေးချမ်းချမ်း၊ ညီညီညွတ်ညွတ်လာရန် သဘောဖြစ်သည်။ ဖွဲနုထုပ်၍ပို့လျှင် သြပွဲသို့ ပျော်ရွှင်ချမ်းမြှေ့စွာ လာရောက်ရန်ဖြစ်သည်။ သရက်ရွက်ကိုထုပ်၍ ဖိတ်ကြားလျှင် သြပွဲတွင် စောင့်နေသည် ဟုဆိုလိုသည်။
ရပ်ဝေးမှ အပျိုများ ရောက်ရှိလာချိန်မှာတော့ ရွာခံအပျိုများက မီးရောင်အောက်သို့ ပို့ဆောင်ပေးရပါသည်။ ရပ်ဝေးများ လူပျိုများကတော့ လက်ဝှေ့ရေးပြကြရသည်. လက်ဝှေ့ရေးပြရာတွင် ဆိုင်းချက်ညီညီ ပြ၍ ယောကျာင်္းပီသကြောင်း ပြရပါသည်။ အပျိုများက လက်ဝှေ့ရေးပြလာကြသော လူပျိုများ၏ ကာယဗလများကို သေချာ အကဲခတ် လေ့လာကြပါသည်။ ရှေးယခင် အမျိုးသားများသည် ဆေးမှင်ကြောင်များထိုး၍ ကြံ့ခိုင်မှုကို ပြကြပေမဲ့ ယခုခေတ်တွင်တော့ ခန္ဓာကိုယ် တစ်ခုလုံးဆေးမှင်ကြောင် ထိုးခြင်းများ နည်းပါးလာပေပြီ။
လက်ဝှေ့ရေးပြရာတွင် ပါဝင်ပြခွင့်မရသည့် လူပျိုများမှာ ရည်ရွယ်ထားသူ ချစ်သူရည်းစားရှိနှင့်သူ၊ လက်ထပ်ကြမည်ဟု လူသိရှင်ကြားကြေငြာထားပြီးကာမှ တစ်စုံတစ်ရာ အကြောင်းကြောင့်ပျက်ပြယ်သွားခဲ့ရသူတွေ ပါဝင်ခွင့်မရပေ။
ဩပွဲတွင် လက်ဝှေ့ရေးပြခြင်းဖြစ် ယောက်ျားတို့၏ ကိုယ်ခန္ဓာကြံ့ခိုင်ပြည့်ဖြိုး၍ တင့်တယ်ခြင်း၊ ကျန်းမာသန်စွမ်းခြင်းကို အပျိုစင်တို့က ကြည့်ရှုမှတ်သားထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တနည်းမှာ လူပျိုကာလသားများကို အမျိုးသမီးများက အကဲခတ်ခွင့် ပေးထားခြင်းဖြစ်သည်။ လက်ဝှေ့ရေးပြ၍ပြီးလျှင် အပျိုစင်များ ချောမချော လှမလှကို လူပျိုတို့က ကြည့်ရှုအကဲခတ်ခွင့်အလှည့် ရောက်လာသည်။ ထိုအခါ မိမိတို့အ၀တ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပြီး တန်းစီထိုင်နေသော အပျိုစင်များရှေ့တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စသည်ဖြင့် လူးလာလျှောက်၍ ကြည့်ရှု့လေသည်။
ထိုသို့ ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး မိမိသဘောကျသည့် အမျိုးသမီးရှေ့တွင် ထိုင်ချကာ မိတ်ဆက်စကားဆိုခြင်း ၊နေရပ်လိပ်စာမေးခြင်း၊မိမိနေရပ်လိပ်စာကို ပြောပြခြင်းဖြစ် ကရင်အခေါ် ခ္လုင်ကွေ(ခလိုင်ကွေ) သို့ လဝ်ဏီ.လဝ်ကွေ(လော်နီလော်ကွေ) ဟာသပြောခြင်းဖြစ် ဩပွဲတွင် စုံတွဲ စကားစစ်ထိုးရန် စကားဦးသန်းခြင်းဖြစ်သည်။
ခလိုင်ကွေ(ခေါ်)မိတ်ဆက်စကားဦးသန်းချိန်တွင် ယောင်္ကျားလေးများက မိမိနှစ်သက်ရာ မိန်းကလေးများရှေ့သို့ သွား၍ တေးသီချင်း လကာင်္များရါတ်ဆိုကာ ဖိတ်ခေါ်လေ့ရှိပြီး အမျိုးသမီးများက မနှစ်သက်လျှင် ငြင်းဆိုပိုင်ခွင့်ရှိလေသည်။
ခလိုင်ကွေ ပြောဆိုနေချိန်တွင် စကားထာ၊တေးလကာင်္တို့ဖြစ် ထေ့ခြင်းငေါ့ခြင်းများရှိသည်။ စင်စစ် ခလိုင်ကွေကို တေးကဗျာ၊ လင်္ကာကျွမ်းကျင်ခြင်း၏ နှုတ်ရေးယှဉ်ပြိုင်ခြင်းပင်ဖြစ်သည်ဟု ယူဆရပေမည်။
ယောက်ျား လူပျိုမောင်တို့၏ ကာယဖွံ့ထွား ကြံ့ခိုင်မှုကို လက်ဝှေ့ရေးပြစဉ်က မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ သို့ရာတွင် တေးသီချင်း၊ လင်္ကာ၊ အတွေးအခေါ်၊ ဉာဏ်ပညာပြည့်ဝခြင်း ရှိမရှိကို သိရှိနိုင်ရန် တေးကဗျာ၊ လင်္ကာဖြစ်သော တေးသီချင်း သီကုံးစပ်ဆိုခြင်းဖြင့် လူပျိုမောင်တို့အား အရည်အသွေးကို စမ်းသပ်ကြသည်။ သြပွဲမှအစပြု၍ ယောက်ျားတို့၏ ကာယစွမ်းရည် ဉာဏ်စွမ်းအား ပြည့်စုံမှုတို့ကို စိစစ်ပြီး ဘ၀ကြင်ဖော်အဖြစ် ရွေးချယ်ဖြစ်သွားကြသူ အများအပြား ရှိသည်။
ဩပွဲကို မိုးစင်စင်လင်းသည်အထိ ကျင်းပလေ့မရှိပဲ မနက် (၄) နာရီချိန်လောက်တွင် သိမ်းလေ့ရျိကြသည်။ ပွဲသိမ်းချိန်ရောက်လျှင် ရွာခံ ကာလသားများက ပွဲသိမ်းရန် အချက်ပေး သီချင်းများသီဆိုပေးလေ့ရှိပြီး ပါဝငဆင်နွဲနေသူများက အလိုက်တသိပင် စကားဝိုင်းသိမ်းပေ့လေ့ရှိကြသည်။
ထို့နောက် စီတန်းထိုင်နေကြသော မိန်းမပျိုလေးတို့သည် ဩသီချင်းသီဆိုရန် နျစ်ယောက် သုံးယောက်တစ်တွဲစိတွဲ၍ ထိုင်ကာ ဟန်ပြင်ကြသည်။ လူပျိုကာလသားများမှာလဲ မိမိနှစ်သက်ရာ တွဲ၍ မိမိကြိုက်နှစ်သက်သော ပျိုမေများရှေ့ကိုးတောင်ကွာ၊ ဆယ်တောင်ကွာတွင် ပုဝါဖြူ (သို့မဟုတ်) စောင်ဖြူ၊ လက်ကိုင်ပုဝါတို့ဖြင့် လက်တစ်ဖက်စီကိုင်ထားလျက် မျက်နှာကိုကွယ်ထားပြီး တေးသီချင်းဖြင့်ဆက်သွယ်ကျူးရင့်လာကြသည်။
တေးသီချင်း သီဆိုရန်အစတွင် အချင်းချင်း အမည်၊ နေရပ်၊ စသည်များကို တေးသီချင်းဖြင့် အပြန်အလှန် သီဆိုမေးမြန်းကြသည်။ ထိုအချိန်တွင် ရွာခံကာလသား၊ ကာလသမီးတို့က ဆေးလိပ်၊ ကွမ်း၊ ကောက်ညှင်းပေါင်း၊ကောက်ညှင်းထုပ်တို့ဖြင့် ထိုင်နေသော အတွဲများရှေ့တွင် ချပြီး ဧည့်ခံကျွေးမွေးကြသည်။
ဩသီချင်းသီဆိုရာတွင် အမျိုးအစားလေးမျိုးရှိသည်။
(၁)ဉာဏ်စမ်းသဘော သက်ရောက်သော အမေးအဖြေ သီချင်းများ။
(၂)ရေမြေတောတောင်အလှ ဖွဲ့နွဲ့သော သီချင်းများ။
(၃)ဘာသာရေးဆိုင်ရာ ဖွဲ့နွဲ့သော သီချင်းများ။
(၄) ဗုဒ္ဓဝင်ဆိုင်ရာ သီချင်းများပင်ဖြစ်သည်။
အထက်ပါ သီချင်းလေးမျိုးကို စတင်သီဆိုခြင်းမပြုမီ မည်သည့်အမျိုးအစား ယှဉ်ပြိုင်၍ သီဆိုလိုကြောင်း သြသံဖြင့် သီဆိုမေးမြန်းကြရသည်။ နှစ်ဦးနှစ်ဘက် ပိုင်နိုင်မည်ထင်သော သီချင်းသွားတစ်မျိုးမျိုးကိုရွေး၍ စတင်သီဆိုကြရမှာဖြစ်သည်။ တစ်ဘက်က သီဆိုမေးမြန်းသော စကားထာ၊ စကားဝှက် အစချီသော သြသံသီချင်းကို တစ်ဘက်က စကားထာ၊ စကားဝှက်ဖြင့် ပြန်လည်ဖြေကြားရသည်။ တစ်ခါတစ်ရံ သြသီချင်းသီဆိုရာတွင် ၀ါရင့်၍ ကျွမ်းကျင်သူက ၀င်္က၀ုတ္တိအင်္လကာမြောက်အောင် ဖွဲ့နွဲ့လှည့်ပတ် သီဆိုသောအခါများတွင် တစ်ဖက်က နားမလည်၍ ပြန်ဖြေမတတ်အောင် ရှိတတ်သည်။
ဩသီချင်းများသီဆိုဖြေကြားလျှင် အဖြေတိကျမှန်ကန်ရမည်။ရမ်းသန်းဖြေဆိုခြင်းပြုလုပ်၍မရပါ။ တစ်ခါတစ်ရံ ဘေးမှ ကျွမ်းကျင်သူများက ကူညီ ဖြေကြားပေးလေ့ရှသည်။ အဘိုးအဘွားများက လာရောက်နားထောင်ကြသည်။
ကရင့်ဩပွဲမှာ တေးသီချင်းဆိုခြင်း၊ကဗျာရွတ်ဆိုခြင်း၊လကာင်္ရွက်ခြင်း၊ဥာဏ်စမ်းခြင်းများနှင့်အပျိုလူပျို နှုတ်မှုပြိုင်ကြခြင်းဖြစ်သည်။ အချို့ပွဲများမှာ မိုးစင်စင်လင်းသော်လည်း အလျော့မပေးစတမ်း မပြီးစီးနိုင်ဖြစ်နေကြသည်။ ထိုအခါမျိုးတွင် အလှူရှင်မှာ ဆုငွေချီးမြင့်ကာ နှစ်ဦးနှစ်ဖက် ပြိုင်ပွဲရပ်နား၇န် မေတ္တာရပ်ခံရသည်။
ကိုလိုနီခေတ်နောက်ပိုင်းမှစ၍ ယခုခေတ်ကာလတွင် ဩပွဲ၌ လက်ဝှေ့ရေးပြခြင်းများ တိမ်ကောလာကာ တေးသီးချင်းသီဆိုသည့် နှုတ်မှုရေးရာ ပြိုင်ပွဲသာ တွင်ကျယ်လာသည်။ သို့သော် ပြိုင်ပွဲစလျှင် ပြုလုပ်နေကြ စအိုင်လောင် ဟု ခေါ်ဆိုသည့် လက်ဝှေ့ရေးပြခြင်းဟု အဓိပ္ပယ်ရသည့် အသုံးအနှုန်းကိုသာ သုံးစွဲနေခြင်းမှာ ယခုတိုင်ဖြစ်သည်။
မျက်မှောက်ခေတ် ကာလ ဩပွဲတွင် ရှေးယခင်က ခေတ်စားခဲ့သော သီချင်းကြီးများလဲ တိမ်းမြုပ်ပျောက်ကွယ်လာတာ မောင်မယ်ဘွဲ့သီချင်းများကိုသာ သီဆိုကြတော့သည်။
ဩပွဲအကြောင်းလေး ဖတ်ရှု့ခဲ့ပြီး ဖြစ်၍ ဩပွဲလေးသို့ ကြွရောက်ပါရန် ဖိတ်ခ်ါပါတယ်ရှင်။ ဩပွလြေးမှာ စောင့်မျှော်နေမယ်နော်။
မှတ်ချက်။ ။ ကရင့်ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာတစ်ခုကို စာဖတ်သူများအား ဗဟုသုတ အနေနှင့် ရေးသားဖော်ပြခြင်းဖြစ်ပါသည်။
လေ့လာသိရှိခဲ့သမျှ ရေးသားထားခြင်းဖြစ်ပါသည်။ အမှားအယွင်းရှိက ထောက်ပြ ပြောဆိုခွင့်ရှိပါသည်ရှင်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်