၁။ ရန်ကုန်မြို့တွင်လူဦးရေထူထပ်လာသည်နှင့်အမျှ လိုင်းကားများတွင်လည်းခရီးသည်များပိုပိုများပြားလျှက်ရှိပါသည်။ကျွန်တော်သည်လည်းများသောအားဖြင့်လိုင်းကားကိုသာအားကိုးအားထားပြုရပါသည်။အချို့သောယာဉ်များတွင်လူများပြည့်ကျပ်လျှက်ရှိစဉ်သံဃာတော်များလည်းဆွမ်းခံရန်/ခရီးသွားရန်တက်ရောက်လာတတ်ပါသည်။ထိုသို့သံဃာတော်များတက်ရောက်လာပါက နေရာပေးလှူသူရှိသလို နေရာမပေးလှူပဲအမှတ်မဲ့နေမိသူများကိုလည်းတွေ့ရတတ်ပါသည်။ဗုဒ္ဓဘာသာဝင်များသည်သရဏဂုံ သုံးပါးကိုစောင့်ထိန်းရသူများဖြစ်ကြပါသည်။သံဃာဟူသည်မှာသရဏဂုံသုံးပါး တနည်းအားဖြင့်ရတနာသုံးပါးတွင်ပါဝင်နေသော အသက်ထက်ဆုံးရိုသေလေးမြတ်ဆည်းကပ်ကိုးကွယ်ရမည့်ပုဂ္ဂိုလ်များပင်ဖြစ်ပါသည်။ထိုသို့သောသံဃာရတနာအတွက် ခဏတာပိုင်ဆိုင်ခွင့်ရသည့်နေရာလေးကိုပေးလှူစေချင်ပါသည်။
၂။ ဗုဒ္ဓဘာသာဝင်ဟူသည်မှာငွေကြေးအခက်အခဲကြောင့်သာမပေးလှူနိုင်သော်လည်း ငွေကြေးဥစ္စာတတ်နိုင်ပါလျှင် ဘုရား၊ကျောင်းကန်ဆောက်လုပ်လှူဒါန်းကြမည့်လူများပင်ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။နည်းနည်းလှူနိုင်သူကနည်းနည်းလှူပြီး များများလှူနိုင်သူကများများလှူလျှက်ရှိပါသည်။ထိုသို့ငွေကုန်ကြေးကျခံပြီးဒါနကုသိုလ်များစွာပြုနေသူများသည် ခဏတာပိုင်ဆိုင်ခွင့်ရသောငွေကုန်ကြေးကျမရှိသောအလှူဒါနကိုပြုလုပ်စေချင်ပါသည်။
၃။ ကျွန်တော်တို့သည်မြန်မာနိုင်ငံအတွင်း၊ရန်ကုန်မြို့အတွင်းနေထိုင်ရသည်ကိုကြံဖန်ပြီး တွေးတတ်လျှင်ဂုဏ်ယူစရာပင်ကောင်းလွန်းနေပါသည်။(ရန်ကုန်မြို့မဟုတ်သော အခြားနေရာများတွင် နေထိုင်သူများကိုမလေးမစားပြုခြင်းမဟုတ်ပါ)။မြန်မာနိုင်ငံမဟုတ်သော အခြားနိုင်ငံတစ်ခုတွင် ကျွန်တော်တို့ရောက်ရှိနေပါလျှင် သံဃာရတနာကိုပေးလှူရန်မဆိုထားနှင့် ဖူးတွေ့ရန်ပင် အလွန်ခဲယဉ်းပါလိမ့်မည်။ရန်ကုန်မြို့မဟုတ်သော အခြားနယ်မြို့တစ်မြို့တွင်ကျွန်တော်တို့သည် အခြားဒါနတစ်ခုကိုသာပြုနိုင်မည်ဖြစ်ပြီး လိုင်းကားပေါ်တွင်ချွေးပျံနေသော/ဆွမ်းခံခြင်းပြီးဆုံးပြီး၍ခြေထောက်များအနားမရသေးမီကားပေါ်တွင် မတ်တပ်ရက်လျှက်ညောင်းနေမည်ဖြစ်သော သံဃာတော်များကိုနေရာပေးလှူခြင်းအလှူကိုပြုလုပ်နိုင်မည်မဟုတ်ပါ။
၎။ သံဃာဟုဆိုရာတွင် အချို့ကြည်ညိုဖွယ်ရာမဖြစ်သောသံဃာတော်များကိုလည်း မြင်တွေ့ဘူးပါသည်။ဆရာတော်ဦးကောသလ္လဆုံးမစကားကိုမှတ်မိသလောက်တင်ပြလိုပါသည်…
ဘုရားအလောင်းတော်ဆဒ္ဒန်ဆင်မင်းဘ၀တွင်သောနုတ္တရမုဆိုးကိုသတ်ရန်အခွင့်အရေးရသော်လည်း မုဆိုး၏ကိုယ်ပေါ်မှသင်္ကန်းကိုမြင်ရုံနှင့်ပင်မုဆိုးအားမသတ်ပဲလွှတ်ပေးခဲ့ပါသည်။ဘုရားအလောင်းတော်ပင်ဖြစ်သော်လည်းလက်ရှိဘ၀သည် တိရစ္ဆာန်ဘ၀ဖြစ်နေပါသည်။ထိုသို့တိရစ္ဆာန်ပင် သင်္ကန်းကိုမြင်ရုံနှင့်သံဃာအပေါ်ကြည်ညိုစိတ်နှင့်မုဆိုးအားခွင့်လွှတ်ခဲ့ပါသည်။ကျွန်တော်တို့သည်လူဘ၀ကိုရရှိနေပါလျှက်ဆဒ္ဒန်ဆင်မင်းကဲ့သို့စိတ်ထားမျိုးမထားနိုင်ရမလဲ ဟုဆင်ခြင်စေလိုပါသည်။
၅။ လိုင်းကားပေါ်တွင်သံဃာတော်များကဲ့သို့နေရာအခက်အခဲရှိသောကိုယ်ဝန်ဆောင်များ/ သက်ကြီးရွယ်အိုများ/ကျောင်းဆရာမများနှင့်အခြားလိုအပ်နေသူများကိုလည်းနေရာပေးလှူခြင်းသည်
ချစ်စရာကောင်းသောလူ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်ဟုမြင်မိပါသည်။အများအကျိုးဆောင်ရွက်ပေးနိုင်မှုကိုလူ့တန်ဖိုးဟုငယ်စဉ်တည်းကမှတ်သားခဲ့ဖူးပါသည်။မိမိအတွက်ငွေကုန်ကြေးကျမရှိသော/ သူတစ်ပါးအတွက်လိုအပ်နေသော/မိမိခဏတာပိုင်ဆိုင်ရသောနေရာတစ်ခုကိုပေးလှူခြင်းဖြင့် တန်ဖိုးရှိသောလူသားများဖြစ်ပေါ်လာစေကြောင်းဆုတောင်းရင်းကျွန်တော်၏တင်ပြချက်ကိုနိဂုံးချုပ်ပါသည်။
(ကျွန်တော်သည်လူအများအမှတ်တမဲ့နေမိသောအရာများကိုကုသိုလ်ဘက်သို့လမ်းကြောင်းပြောင်း ယူရန်သာရည်ရွယ်ပါသည်။မည်သူ့ကိုမျှ ထိပါးပုတ်ခတ်လိုခြင်းမရှိပါ။)