ဥသြ…ဥသြ….ဥသြ….
ဥသြတွန်သံကြားရပြန်ပါပြီ။
သည်အခါ သည်ကာလ ထာဝရမေ့လို့မရပါလား မျိုးရယ်…။
ညတုန်းက မိုးရွာထားတော့ အိမ်ရှေ့က ပိတောက်ပင်ကြီးဟာ အ၀ါရောင်တ၀င်းဝင်း အနံ့တသင်းသင်း နဲ့ ဖြစ်နေပါပေါ့လား။ ပိတောက်ပန်းတွေမြင့်ရပြန်တော့ ပိတောက်ကြိုက်တဲ့မျိုးကို ပိုလို့ အောက်မေ့ သတိရပြန်ပါတယ်။ မျိုးအတွက် ပိတောက် လက်ဆောင် မောင်ပေးခဲ့တာ ရာသီအလီလီပြောင်းပေမယ့် မောင်က မေ့လို့ မရပါဘူးကွယ်။
သင်္ကြန်အကြိုမိုးက ရွာထားတော့ မြေသင်းရနံ့ကလေးက သင်းပျံ့ပျံ့ကလေးဖြစ်နေတယ် မျိုးရယ်…။
နွေနေ အပူ…ရင်ထဲဆူအောင် မပူလောင်ပေမယ့် နှောင်ဖွဲ့မိတဲ့ မောင်တို့ ချစ်ခြင်းက မြစ်မင်းဧရာ ရေဇလာကမ်း အလွမ်းဇာတ်လမ်းက ပိုလို့ဆိုးရွားစွာခံစားနေရပြီပေါ့ မျိုးရယ်…။
သံယောဇဉ် အမြစ်တွယ် အချစ်နယ်ကိုချဲ့ တကယ့်မေတ္တာအစစ် ဖြစ်ခဲ့ပေမယ့် ဘယ်အငြိုးက ရက်စက် မောင်နဲ့ မျိုးကို ခွဲပစ်ရက်တာလဲကွယ်။
♥♥♥♥♥
လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းကပေါ့…
အဲဒီနေ့ကို မောင် မမေ့ပါဘူး မျိုးရယ်။
ဧပြီလဆန်း ညနေချမ်းလေးမှာ မောင်က ကျုံးလမ်းဘေးအတိုင်း စက်ဘီးကလေးကို နင်းပြီး အလုပ်ကပြန်လာတယ်။ ၇၈ လမ်း မီးပွိုင့်မှာ မီးနီနေလို့ ခဏရပ်လိုက်တဲ့အချိန်မှာ နောက်က စက်ဘီးတစ်စီးက မောင့်ရဲ့စက်ဘီးကို အရှိန်နဲ့ ၀င်တိုက်လိုက်တယ်။
“အမလေး…တိုက်ပြီ ”
အသံကြားလိုက်ရပြီး ခြေဖျားထောက်ရပ်ထားတဲ့ အနေအထားကနေ ဘေးကို လဲကျသွားတယ်။ ခြေနင်းကွင်းနဲ့ ခြေသလုံးကို ထိုးမိပြီး သွေးတွေ ဖြာကျလာတယ်။
“မျိုးက စက်ဘီးကောင်းကောင်း မစီးတတ်ဘူး။ ဘရိတ်ကလည်း မမိတော့ တိုက်မိတာပါ”
မျိုးဆိုသော မိန်းမချောလေးက မောင့်ကို လာထူပေးရင်း ပြောလာတယ်။ နံ့သာရောင် ပါတိတ်ဝမ်းဆက်ကလေး ၀တ်ဆင်ထားသော မျိုးက အားနာသော မျက်နှာဖြင့် ပြောကြားလာတယ်။ မောင်က အားယူပြီးထလိုက်သော်လည်း ခြေထောက်က နာနေသောကြောင့် ရုတ်တရက်မထနိုင်။
ယာဉ်ထိန်းအမျိုးသားနှစ်ယောက် ရောက်လာပြီး မောင့်ကို လာထူပေးတယ်။ စက်ဘီးကို ထောင်ပေးတယ်။
“ကိစ္စမရှိပါဘူး။ မီးနီသွားတော့ နောက်က တိုက်မိတာ ဖြစ်တတ်တယ်”
ပြောသာပြောရတယ်။ ခြေထောက်က ထောက်လို့မရဖြစ်နေတယ်။ မျိုးက ခြေထောက်က ဒဏ်ရာကို မြင်သွားတယ်။
“မျိုး…တောင်းပန်ပါတယ်နော်”
မျိုးက ပြောလဲပြောတယ်။ ဆံပင်တွင် ချည်နှောင်ထားသော ပုဝါစိမ်းလေးကို ဖြည်လိုက်ပြီး မောင့်ခြေထောက်မှာ လာစည်းပေးတယ်။
“မလုပ်ပါနဲ့ဗျာ…ပုဝါမှာ သွေးတွေစွန်းကုန်ပါမယ်။ ခဏနေရင် သွေးတိတ်သွားမှာပါ”
“အို…မဟုတ်တာရှင်။ အခုတောင် စက်ဘီးနင်းနိုင်မှာ မဟုတ်ဘူးနော်။ မျိုး…လေးဘီးငှားပြီး ဆေးခန်းလိုက်ပို့ပေးမယ်”
“ကျွန်တော့်ဘာသာ ကားငှားသွားပါမယ်…ဒီက မျိုး…သွားစရာရှိတာသွားပါ”
“ခင်ဗျားကလည်းဗျာ…ဆေးခန်းသွားလိုက်ပါ။ တိုက်တဲ့သူက လုပ်ပေးရမယ့် တာဝန်ရှိလို့ပြောနေတာကို”
ထူမပေးသော လူတစ်ယောက်က ၀င်ပြောတယ်။ လေးဘီးကားတစ်စီးကို တားပြီး ဆေးခန်းကို ထွက်လာခဲ့တယ်။ စက်ဘီးကိုတော့ ယာဉ်ထိန်းထံတွင် အပ်နှံထားခဲ့တယ်။ ဆေးခန်းတွင် ဆေးထိုး၊ ဆေးထည့်၊ ပတ်တီးစီးပြီးတော့ မောင့်လက်ထဲမှာ ဆုပ်ကိုင်ထားသည်ကတော့ အစိမ်းရောင် ပုဝါလေးဖြစ်တယ်။ သွေးစွန်းနေသော အစိမ်းရောင်ပုဝါ လေးကို ပြန်မပေးမိ။ မျိုးဆိုသော မိန်းမချောလေးကလည်း ပြန်မတောင်း။ ကျသင့်သော ဆေးကုသစရိတ်ကို မျိုးက ထုတ်ပေးတယ်။
ဆေးခန်းမှတစ်ဖန် မျိုးက အိမ်အထိ လိုက်ပို့ပေးသည့်တိုင် မောင့်လက်ထဲက သွေးစွန်းသော အစိမ်းရောင်ပုဝါလေးက ပါလာခဲ့တယ်။ မျိုးက လေးဘီးသမားကို စက်ဘီးနှစ်စီးစလုံးကို တင်ပြီး ယူလာရန်မှာနေတယ်။ လေးဘီးသမား ထွက်သွားသည့်တိုင် မျိုးက မောင့်အနားက မခွါသေး။
ဒီအချိန်တုန်းက မောင်က အခန်းကျဉ်းလေးတစ်ခုမှာ အငှားနေရတာဖြစ်တယ်။ မောင့်အခန်းကလေးက ၁၀ ပေပတ်လည်သာရှိတယ်။ ပစ္စည်းပစ္စယဆိုတာကလည်း ဘာမှမရှိ။ သို့သော် သူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်ထား တယ်။
မောင့်အနေအထားကို မျိုးနားလည်သွားဟန်ရှိတယ်။ မောင့်လက်ထဲက သွေးစွန်းနေသော အစိမ်းရောင် ပုဝါလေးကို မျိုး တောင်းသဖြင့် ပေးလိုက်တယ်။ မျိုးက ထိုပုဝါလေးကို သေသေချာချာခေါက်ပြီး စားပွဲပေါ်ရှိ ဖန်ခွက်ကလေးထဲတွင် ထည့်ထားလိုက်တယ်။ မျိုးလုပ်သမျှကို မောင်က ဘာမှ မပြောဘဲ ကြည့်နေလိုက်တယ်။
“မျိုးက…ရန်ကုန်ကပါ။ မန္တလေးကို အလည်လာတာ…မျိုးရဲ့သူငယ်ချင်းဆီကိုလေ။ ကျုံးတစ်ပတ်စက်ဘီးစီးချင်စိတ် ရှိတာနဲ့ တစ်ယောက်ထဲ ထွက်လာတာ”
မောင်က ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မျိုးကို ငေးမောကြည့်နေမိတယ်။ မောင်နှင့်မျိုးသည် ဤမျှနှင့် ဇာတ်လမ်းပြီး ဆုံးမည်ဟု ထင်မှတ်ခဲ့လေတယ်။
♥♥♥♥♥
နောက်ရက်တွင် ခြေထောက်က ကိုက်လာသောကြောင့် မောင်အလုပ်လုပ်သော ဆိုင်ကို PCO ဖုန်းမှ တစ်ဆင့် အကျိုးအကြောင်းပြောပြီးခွင့်တောင်းခံလိုက်တယ်။
အိမ်ရှေ့မှ ပိတောက်ပင်မှ ပိတောက်ပွင့်တို့သည် ရွှေအိုရောင် အဆင်းကိုဆောင်လျက်ရှိတယ်။ လေအလာတွင် ဆံမြညှာကို ကလူကျီစယ်သလို တလွင့်လွင့်တလူလူ လှုပ်ရမ်းနေတယ်။
နွေအပူက ရေကို နွေးစေသလို လေငွေ့လေသက်တို့က အပူဓာတ်ကို ရစ်ပတ်လို့ပေးနေတော့တယ်။
“ကလင်….ကလင်…ကလင်”
အ၀ါရောင် ၀မ်းဆက်ကလေးဆင်မြန်းထားသည့် မျိုးက စက်ဘီးဘဲလ်သံလေးပေးပြီး ခြံဝင်းထဲဝင်လာတယ်။ အိမ်ရှင်က ထွက်ကြည်သည်ကို ပြုံးလျက်နှုတ်ဆက်ပြီး မောင့်အခန်းလေးထဲကို ၀င်လာတယ်။
“ကျော်…ဘာမှ မစားရသေးဘူးမဟုတ်လား၊ ခြေထောက်ကော သက်သာလား”
“ကောင်းကောင်းတော့ လျှောက်လို့မရသေးဘူး။ စက်ဘီးစီးလို့မရလို့ အလုပ်က ခွင့်ယူလိုက်တယ်”
“ကျွန်မနံမည်က ခင်မျိုးဝေပါ…မျိုးလို့ပဲခေါ်နိုင်ပါတယ်”
“ကျော်က…တစ်ယောက်ထဲနေတာပေါ့”
“ဟုတ်တယ်…ကျောင်းပြီးတော့ ရွာမပြန်တော့ဘဲ ဒီမှာ ကြုံရာအလုပ်လုပ်ပြီး နေတာ”
“သြော်…ကျော်…အလုပ်မလုပ်နိုင်တော့ မျိုးနေ့တိုင်းလာပြီး ထမင်းချက်ကျွေးမယ်နော်”
“နေပါစေ…ကျော်က ဖြစ်သလို စားနေရလို့ ရိုးနေပါပြီ”
“မရဘူးနော်…မျိုးကြောင့် ကျော်အလုပ်မလုပ်နိုင်တာ…မျိုးကိုယ်တိုင် ကျော် သက်သာတဲ့အထိ ပြုစုမှာ”
အဲဒီအချိန်က မောင်က မျိုး ချက်ပြုတ်ကျွေးမွေးခဲ့တာကို နှစ်သက်စွာစားသုံးခဲ့တယ်။ မျိုးရဲ့လက်ရာက ဆိုင်မှာ စားရတဲ့အရသာထက် ပိုကောင်းနေတော့ မောင်က မျိုးကို မောင့်အနားက ခွါသွားမှာကို စိုးကြောက်မိခဲ့တယ်။
♥♥♥♥♥
နွေ…ရေတွေကို ခမ်းခြောက်စေပေမယ့် သည်နွေကတော့ မောင့်အတွက် မျိုးဟာ စမ်းရေတစ်ပေါက် လိုပါပဲ အေးမြစေခဲ့ပါတယ်။ နွေခြေရာလမ်းကလေးဖြစ်စေမဲ့ မန္တလေးမြို့ရဲ့ ကျုံးလေးနဘေးမှာ မောင်နဲ့မျိုးတို့ ချိန်ခါဆည်းဆာမှာ ကြည်နူးမှု ဖြာဝေခဲ့ရပါတယ်။
သင်္ကြန်နားနီးလာပြီဖြစ်တဲ့အတွက် ကျုံးနဘေးမှာ ဖျော်ဖြေရေးမဏ္ဍပ် နဲ့ ရေကစားမဏ္ဍပ်တွေ အစီအရီ ပေါ်လာတယ်။ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုတွေရခဲ့ပြီး ချစ်သူတွေဖြစ်ခဲ့ကြတယ်။ ချစ်သူတွေဖြစ်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် အခေါ်အဝေါ်တွေပါပြောင်းလဲလို့လာခဲ့ပါတယ်။
“မျိုး”
“မောင်…ဘာပြောချင်လို့လဲ”
“မောင့်အခြေအနေကို မျိုးသိပါတယ်နော်”
“မောင်ရယ်…မျိုးက မောင့်ကိုချစ်တာက ပကာသနမဖက်တဲ့ အချစ်ပါ။ မောင့်အပေါ်မှာထားတဲ့ မျိုးရဲ့မေတ္တာတွေဟာ ဘယ်အခါမှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး”
“ဒါပေမယ့် မျိုးရယ်…မျိုးက ရန်ကုန်မှာနေတာ…မောင်က မန္တလေးမှာနေတာလေ..။ မျိုးက ဒီမှာ ခဏလာတဲ့ ဧည့်သည်ပါ။ အချိန်တန်ရင် နေရပ်ပြန်သွားမှာ မဟုတ်လား။ မီးဝေးတဲ့ချိတ်လို ကြာရင် အေးခဲသွားမှာကို မောင် စိုးရိမ် မိပါတယ် မျိုးရယ်”
“မောင်ကလည်းကွာ…ဒါတွေကို တွေးမနေပါနဲ့လား။ မျိုးကလေ ဟောဒီက မောင့်ကို ဒဏ်ရာတွေပေးခဲ့တာက ခြေထောက်မှာလေ…မျိုး လမ်းလျှောက်တိုင်း မောင့်ကို သတိရနေမှာပါ”
“စကားတတ်လိုက်တာ မျိုးရယ်…မျိုးက လမ်းမလျှောက်ပဲထိုင်နေတဲ့အချိန်တို့၊ အိပ်နေတဲ့အချိန်တို့ဆို မောင့်ကို မေ့ထားမှာပေါ့နော်”
“မောင်ကလည်း…သတ်သီးကတ်သတ်ပြောတတ်လိုက်တာ။ ဟောဒီခြေထောက်တွေ ရှိနေသရွေ့ မောင့်ကို မမေ့ပါဘူးတဲ့”
“အင်းပါ…မောင့်အတွက်က မျိုးက အချစ်ဦးပါ။ အချစ်ဦးကို ထူးထူးကဲကဲချစ်မိတဲ့မောင်ပါ မျိုးရယ်”
“အံမယ်…မျိုးကလည်း…မောင့်ဟာ မျိုးရဲ့ အချစ်ဦးပါနော်…မျိုးကလည်း အချစ်ဦးမို့ စွဲစွဲမြဲမြဲချစ်နေမှာပါ မောင်ရယ်”
“မျိုးရယ်…ဥသြသံကျူး ဟောဒီလတန်ခူးလေးဟာ ကြည်နူးစရာကောင်း၊ လွမ်းစရာကောင်းတယ်နော်”
“ဟုတ်ပါတယ်မောင်ရယ်”
“ရန်ကုန်ကို မျိုး ပြန်သွားရင် မောင်တော့ လွမ်းပြီး ကျန်ခဲ့မှာ”
“မျိုးလည်း မောင်နဲ့မခွဲနိုင်ဘူး”
“မခွဲနိုင်ရင်…မောင်တို့ လက်ထပ်ရအောင်လေ”
“မောင်ရယ်…လက်ထပ်ဖို့အချိန်မကျသေးပါဘူး။ မောင့်အပေါ် မျိုးက သစ္စာရှိနေမှာပါမောင်”
“အင်းပါ…လက်ရှိအခြေအနေနဲ့ မောင့်ဘ၀ထဲ မျိုးကို ဆွဲမသွင်းရက်ပါဘူး။ မောင်..ကြိုးစားပါမယ် မျိုးရယ်”
“မောင့်ဘ၀ နုံခြာနေလို့ ပြောတာမဟုတ်ဘူးနော်မောင်…မျိုးကို အထင်မလွဲနဲ့”
“မောင်…အထင်လွဲတာ မဟုတ်ပါဘူး။ မျိုးကို မောင်က အဆင့်အတန်းမြင့်မြင့် ထားချင်လို့ပါ”
“မောင့်စေတနာကို မျိုး..နားလည်ပါတယ်။ အဆင့်အတန်းမြင့်မြင့်မနေရချင်နေပါစေ။ မောင်နဲ့ အတူနေရရင် မျိုး ကျေနပ်ပါပြီ…မောင်ရယ်”
မောင်က မျိုးကို ကြင်နာအနမ်းလေးများပေးလိုက်တယ်။ မျိုးရင်မှာ ချစ်လိပ်ပြာလေးတောင်ပံခတ်၊ ဘ၀င်တုန် လှိုက်ခုန် သိမ့်သိမ့်တုန်အောင် ချစ်တဲ့မောင့်ကို ဘယ်လိုများထားခဲ့ရက်နိုင်မှာလဲဟု တွေးတောမိပါတယ်။
♥♥♥♥♥
ဥသြသံကျူး ဒီတန်ခူးမှာ ပန်းကလေးတွေနွမ်း၊ စမ်းရေလေးတွေ ခမ်း၊ ရော်ရွက်ဝါတို့ တဖြုတ်ဖြုတ်ကြွေကာကျ သဘာဝက အပူသရုပ် ဖော်ထုတ်လို့နေပါတယ်။
မျိုးရဲ့သူငယ်ချင်းတွေနဲ့အတူ မောင်တို့ မန္တလေးတောင်ကိုရောက်ခဲ့ကြတယ်။ မန္တလေးတောင်ပေါ်ကနေ မန္တလေးမြို့ရဲ့ အလှအပကို ခံစားကြတယ်။ မြစ်ဧရာတစ်ဖက်ကမ်းက စစ်ကိုင်း မင်းဝံတောင်တန်းကြီးကိုလည်း လှမ်းကြည့်ကြတယ်။ အရှေ့ဖက်ကို ရှုကြည့်မိပြန်တော့ ရန်ကင်းတောင်ကို လှမ်းမြင်နေရတယ်။ မြောက်ဖက်ကို ကြည့်လိုက်သောအခါ မိုးကုတ်သွားကားလမ်းပေါ်တွင် ကားများ မောင်းနှင်သွားလာနေသည်ကို မြင်တွေ့လိုက်ရ တယ်။
မျိုးကတော့ မောင့်အနားက မခွါဘဲ တစ်တွဲတွဲဖြစ်နေတယ်။ မျိုးရဲ့ဘေးမှာ မောင်နေရတာ အလွန်ပျော်မိပါတယ်။ မောင်နဲ့မျိုးနှစ်ယောက်သား မန္တလေးတောင် အနောက်ဖက်စောင်းတန်းမှာ ရှေ့ရေးတွေကို ဆွေးနွေးလို့ ပျော်ခဲ့ကြတယ်။
မောင်နဲ့မျိုးတို့ တွေ့ဆုံခဲ့တဲ့အချိန်က အခုလို ဆိုင်ကယ်တွေ ခေတ်မစားသေး။ စက်ဘီးမြို့တော်လို့ခေါ်ရလောက် အောင် များပြားလှတဲ့ စက်ဘီးတွေနဲ့ သွားလာလှုပ်ရှားနေကြတဲ့အချိန်ဖြစ်ပါတယ်။ စိုင်းထီးဆိုင်ရဲ့သီချင်းလေးလို အချစ်ကလေး မျိုးကို တင်ပြီး စက်ဘီးကလေးကို စီးသွားရတာ မောင့်အဖို့ မောလို့မောမှန်းတောင် မသိအောင် ဖြစ်ခဲ့ ပါတယ်။
မောင်က မန္တလေးမြို့အနှံ့ စက်ဘီးတစ်စီးနဲ့ လျှောက်သွားတဲ့အချိန်မှာ “ဘီးကလေးကိုစီး အချစ်ကလေးကိုတင်ပြီး” သီချင်းကလေးကို သီဆိုတဲ့အခါ မျိုးကလည်း “မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး”လို့နောက်ကနေ လိုက်ဆို ပေးတဲ့အခါ မောင် အရမ်းကို ပျော်မိပါတယ်။
တစ်နေ့တော့ မောင်တို့နှစ်ယောက် ဂေါဝိန်ဆိပ်ကို စက်ဘီးကလေးစီးပြီးသွားကြတယ်။ အညာစုန်ဆန်သွားနေတဲ့ သဘောင်္ကြီးတွေကို ထိုင်ကြည့်နေမိတယ်။ ကုန်တင်ကုန်ချလုပ်နေတဲ့ အလုပ်သမားတွေကို လှမ်းမြင်နေရတယ်။
“မျိုး”
“ဘာလဲ…မောင်”
“ငှက်စီးရအောင်လေ”
“မောင်ကလည်းနောက်ပြီ”
မောင်က ဘာမှထပ်မပြောတော့ဘဲ မျိုးလက်ကိုဆွဲကာ ရေစပ်သို့ဆင်းလာခဲ့တယ်။
“ဦးလေး…ကျွန်တော်တို့ကို ရေလယ်သောင်ကို ပို့ပေးစမ်းပါ”
လှေသမားကို မောင်က ပြောလိုက်တယ်။ လှေပေါ်ကို မောင်တို့နှစ်ယောက်တက်ပြီးနောက် လှေသမားက ရေလယ် သောင်ကို လှော်ခတ်ပို့ပေးလေတယ်။ ရေလယ်သောင်ကို အရောက်တွင် မောင်တို့ လှေပေါ်မှာ ဆင်းကြတယ်။
“မောင်…”
“ဘာလဲ…မျိုး”
“မောင်က ငှက်စီးမယ်ဆိုပြီး ခေါ်လာတာလေ”
မျိုးက ပြောတော့ မောင်က ဟားတိုက်လို့ရယ်လိုက်တယ်။ မျိုးက နားမလည်သလို ပြန်ကြည့်တယ်။
“မောင်…ဘာလို့ရယ်တာလဲ”
“မောင်တို့ ငှက်စီးပြီးလာတာ ရေလယ်သောင်ကိုတောင် ရောက်ပြီလေ”
“ဟွန်း…မောင်ကလည်း ပြောရော့မယ်။ လှေစီးပြီးလာတာလေ။ ဘယ်က ငှက်…ဟုတ်ရမှာလဲ”
“မောင်တို့ မန္တလေးမှာက လှေကို ငှက်လို့ခေါ်တာမျိုးရဲ့”
“အဆန်းပဲနော်…”
“ဟုတ်တယ်…မျိုးရဲ့…ဘယ်အချိန် ဘယ်ကာလကစပြီး မောင်တို့မန္တလေးက လှေကို ငှက်လို့ခေါ်တယ် မသိဘူး”
“မောင်ရယ်…သဲသောင်ပေါ်မှာ လေကလေးတဖြူးဖြူးနဲ့နေလို့ကောင်းလိုက်တာနော်”
မျိုးက သဲသောင်ပေါ်က ကျောက်တုံးလှလှလေးများကို လိုက်ကောက်နေတယ်။ မောင်ကလည်း မျိုးနဲ့အတူ လိုက်ကောက်ပေးတယ်။ တစ်ယောက်နဲ့တစ်ယောက် ကျောက်တုံးကလေးများကို ပြပြီး ပျော်နေကြတယ်။
“မောင်ရေ”
“မျိုး”
“ဟို…ရေစပ်နားက ကျောက်တုံးလေးတွေက လှတယ်နော်”
“အင်း…တော်တော်လှတယ်။ သွားကောက်ရအောင်လေ”
မောင်က မျိုးနဲ့အတူ ရေစပ်က ကျောက်တုံးလေးကို ကောက်ရန် ရေစပ်ကိုဆင်းလိုက်တယ်။
“၀ုန်း”
လုံးဝထင်မှတ်မထားခဲ့သော အဖြစ်အပျက်က လျင်မြန်လွန်းလှတယ်။ သဲသောင်သည် ရုတ်တရက် ပြိုကျကာ မောင်နဲ့မျိုးတို့နှစ်ဦးစလုံး ရေထဲပြုတ်ကျသွားတယ်။ မောင်က ရေကူးတတ်သူမို့ ကိုယ်ဖော့ကာ လက်ပစ်ကူးလိုက်တယ်။ မျိုးကို အနီးအနားမှာရှာကြည့်တယ်။ မတွေ့ရ။ ရေစီးနှင့်မျောပါသွားတယ် ထင်တယ်။
“ညီလေး…တက်တက်”
ငှက်သမားက အနားရောက်လာပြီး ပြောတယ်။ မောင်က ငှက်ပေါ်တက်တယ်။ အနီးအနား ၀န်းကျင်တွင် မျိုးကို လိုက်ရှာတယ်။ ငှက်သမားများရောက်လာတယ်။ ရေစီးအတိုင်းလိုက်ရှာကြတယ်။ စစ်ကိုင်းတံတားအနားထိ ရောက်သွားသော်လည်း မျိုးရဲ့အစအနပင်ရှာမတွေ့။
“သဲထဲ နစ်သွားတာထင်တယ်။ ကျွန်တော်ထင်တယ်…အဲဒီသဲသောင်စပ်က အောက်မှာလိုဏ်ဖြစ်နေတာနေမှာ လူဝိတ်နဲ့ဆိုတော့ အောက်ကို ပြိုကျသွားတာ”
ငှက်သမားက ပြောသဖြင့် စက်လှေတစ်စင်းရောက်လာသောတော့ ရေလယ်သောင်ကို ပြန်လာကြတယ်။ ရေငုတ်ရှာသူက ရှာကြတယ်။ လုံးဝရှာမတွေ့။ မောင့်ရင်မှာ ပူလောင်နေတယ်။ နေဆယ်စင်းမက ပူလောင်ပြင်းပြလှ တယ်။ အ၀တ်အစားတို့ရေတွေစိုရွှဲနေတယ်။ မျိုးအတွက် ပူပန်ရသော စိတ်ကြောင့် နေမထိ ထိုင်မသာဖြစ်နေတယ်။ စက်လှေများကလည်း လူမှုရေးစိတ်အပြည့်ဖြင့် လိုက်လံရှာပေးကြတယ်။
ညနေအလင်းရောင်ပျောက်သည်အထိ လိုက်လံရှာဖွေသော်လည်း ဘယ်ဆီဘယ်ဝယ် လွင့်မျှောသွားသည်မသိရသော မျိုးကို မတွေ့ရသဖြင့် လက်လျော့လိုက်ကြတယ်။
♥♥♥♥♥
“ဖြန်း”
မျိုးရဲ့သူငယ်ချင်းကို မပြောရက်သော်လည်း အသိမပေးလျှင် မဖြစ်သည့်အတွက် ပြောလိုက်ရတယ်။ ပါးပြင်ပေါ်ကျလာ သောလက်ကို မကာမိ။ သည်ထက်ပို၍ မောင့်ကို အပြစ်ပေးလျှင် ပေးနိုင်တယ်။
“ရှင့်ကြောင့်…ကျမသူငယ်ချင်းအခုလိုဖြစ်ရတာ။ မျိုးမိဘတွေကို ဘယ်လိုပြောရမလဲ”
ဖြစ်သမျှကို ခေါင်းငုံ့ခံရန်မှ လွဲ၍ ဘာမှမတတ်နိုင်သည့်အခြေအနေဖြစ်တယ်။ မောင့် ရင်နှင့်အမျှ ခံစားရသည်မှာ နွေ ဆယ်စင်းမက ပူပြင်းလှပါတယ်။ နွေရယ်….ရေတွေကိုခမ်းခြောက်စေပေမယ့် မောင့်ရဲ့ သောကမျက်ရည်တွေကတော့ မခမ်းခြောက်နိုင်အောင် ဖြစ်နေပါတယ်။ ဝေဒနာလမ်းခွဲလေးမှာ ခြေရာထင်ဟပ်ကျန်ခဲ့တဲ့ နှလုံးသားဝေဒနာကို ဖြေလို မပြေနိုင်အောင်ဖြစ်နေပါတယ်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို အကြောင်းကြားပေးရန် မှာကြားထားသောကြောင့် ၂ ရက်မြောက်နေ့တွင် ဧရာဝတီမြစ်ကမ်းဘေးမှ ရွာကြီးတစ်ရွာက အမျိုးသမီးအလောင်းတစ်လောင်းပေါ်နေကြောင်း ဖုန်းဆက်လာတယ်။ မျိုးရဲ့မိဘတွေရောက်လာကြတယ်။ မောင့်ကို မတွေ့ချင်ကြောင်း၊ စိတ်နာကြောင်း ပြောသဖြင့် မောင့်အပြစ်နှင့် မောင်သာ ခံရမည့်အတွက် မောင်က သွားတွေ့ဖြစ်အောင်တွေ့လိုက်တယ်။
မျိုး၏ဖေဖေက မောင်မှန်းသိတော့ ဒေါသတကြီးနဲ့ လက်သီးဖြင့် အားရပါးရထိုးကြိတ်တယ်။ အနားက ၀ိုင်းဆွဲကြ၍ သာ မောင်သက်သာရာရသွားတယ်။
“ဟေ့ကောင်…မင်းမျက်နှာကို ငါမကြည့်ချင်ဘူး။ ငါ့သမီးလေး ဆုံးတာ မင်းကြောင့်ကွ”
ဒေါသချောင်းချောင်းထွက်နေသော မျိုး၏ဖေဖေကို မောင်နားလည်ပါတယ်။ သမီးတစ်ယောက်လုံး ဆုံးရှုံးရသည့် ဝေဒနာကို မည်မျှခံစားနေရမည်နည်း။ မျိုး၏ မေမေကတော့ ငိုရှိုက်ထားသည့်မှာ မျက်နှာပြင်တစ်ခုလုံး နီရဲနေပေ တယ်။ မောင့်ကို မျိုး၏သူငယ်ချင်းက အတင်းပြန်ခိုင်းသဖြင့် ပြန်ခဲ့ရတယ်။
မျိုးတို့မိဘများနှင့် အသိုင်းအ၀ိုင်းများက ကားငှားပြီး သွားကြတယ်။ မောင့်ဘ၀ နွေနဲ့အတူ ပူလောင်ခဲ့လေပြီ။
♥♥♥♥♥
“မောင်ရေ…”
“မျိုး”
“မျိုးကို ကယ်ပါဦးမောင်ရယ်”
ရေစီးနဲ့အတူ မျှောပါသွားတဲ့ မျိုးကို မောင့်လက်ထဲက အစိမ်းရောင်ပုဝါစလေးဖြင့် စက်လှေပေါ်ကနေ လှမ်းပေးလိုက်တယ်။ မျိုးက အစိမ်းရောင်ပုဝါစလေးကို မမှီ့တမှီ လှမ်းဆွဲသော်လည်း မမိလိုက်ဘဲ ရေစီးနဲ့အတူ မျောပါသွားတယ်။
“မျိုး…”
မောင်က အသံကုန်အော်လိုက်တယ်။
“ကယ်ကြပါဦးဗျာ….မျိုးကို ကယ်ကြပါဦး”
မောင့်အသံသည် တစစ ကျယ်လောင်သွားတယ်။ မောင့်စိတ်တွေ ဂယောင်ချောက်ခြားဖြစ်နေမှန်း သိလိုက်တယ်။ အိပ်မက်မှန်းသိလိုက်တယ်။ ဒီလိုအိပ်မက်တွေ မကြာခဏမက်နေသည်ကို သတိထားမိတယ်။ အစိမ်းရောင် ပုဝါလေးကို စီးပြီး လက်ယပ်ခေါ်နေသည့် မျိုးရဲ့ရုပ်သွင်သည် ညှိုးငယ်နေတယ်။ အားကိုးရာမဲ့နေသည့်ဟန်ရှိတယ်။ မောင်ကလက်ကမ်းပေးသော်လည်း မျိုးက မောင့်လက်ကို လှမ်းမဆွဲနိုင်။
“ဘ၀တွေခြားခဲ့ရပြီပေါ့မျိုးရယ်။ မောင် ငိုနေရပါပြီမျိုးရယ်”
သြော်…
နွေရယ်…ရေတွေကခမ်း၊ ပန်းကလေးတွေနွမ်း၊ သောကမျက်ရည်တွေက အခုအထိ မခမ်းခြောက်နိုင်သေးပါ။ ပန်းပိတောက်တို့ဝေနေချိန်၊ ဥသြသံတွေကြားနေရချိန်၊ အတာသင်္ကြန် အဖန်ဖန်ရောက်ခဲ့လေးတိုင်း မောင့်မျက်ရည်တွေ ၀ိုင်းလို့နေပါတော့တယ်။
ဆောင်းအကုန်နွေအကူး ပုရစ်ဖူးလေးတွေ စီဝေနေချိန် လေရူးသုန်သုန် မြူမှုန်တွေကြားမှာ ဝေေ၀၀ါးဝါး မထင်မရှား ပေါ်နေတဲ့ မျိုးရဲ့သွင်ပြင် မောင် အမြဲမြင်လို့ နေပါတော့တယ်။
အပူရှိန်ပြင်းပြင်းအောက် တူးပို့တူးပို့ မြူးစို့သင်္ကြန် နွေဂိမာန်မှာ သံသာချိုတေး ဟစ်ကြွေးသီဆို ပျော်နေကြတဲ့ သူတွေကို မောင်ငေးလို့ ကြည့်နေမိပါတယ်။
မောင်က ပိတောက်ပင်ကြီးအောက်မှာ ဥသြသံကို နားစွင့်ရင်း ထိုင်နေခိုက် ရေလာလောင်းတဲ့ ကလေးငယ်ကို ရီဝေေ၀မျက်လုံး အပြုံးကို ဟန်လုပ်ပြီး ကြည့်မိတယ်။ မောင်နဲ့မျိုးသာ လက်ထပ်ဖြစ်ခဲ့ရင် ရင်သွေးလေးဟာ ဒီအရွယ် တောင် ရောက်တော့မှာ ဖြစ်ပါတယ်။
အိပ်ယာကထတော့ ဖန်ခွက်ထဲက သွေးစွန်းနေသော အစိမ်းရောင် ပုဝါလေးကို ထုတ်ယူပြီးကိုင်လာခဲ့သဖြင့် ရေစိုသွား သည့်အတွက် အနီရောင်သွေးတွေက လက်မှာ စွန်းထင်းသွားလေတယ်။
သြော်...မျိုးရယ်…
ကျန်ရစ်သူမောင့်မှာကွယ် တကယ်တမ်း မျှော်မှန်းရော်ရမ်းမှန်းဆ လွမ်းခဲ့ရတဲ့ နှစ်လရှည်ကြာ သောကခြေရာ မောင့်ရင်ထဲမှာ ထင်ကျန်လို့နေပါတယ်။ မျိုးမရှိတဲ့ နေရာ အထီးကျန်ကမ္ဘာလေးထဲမှာ ယောင်ချာချာနဲ့ ကျန်နေခဲ့တဲ့ မောင့်ကို မျိုးရဲ့ကိုယ်ပွား အစိမ်းရောင်ပုဝါစလေးနဲ့ နှစ်သိမ့်လို့ နေရပါတော့မည်။
မျိုးက ခွဲခွါ နှစ်ရှည်ကြာခဲ့ပေမယ့် မှန်းဆကာလွမ်း တမ်းတမိတဲ့ မောင့်အဖြစ် အထီးကျန် နှလုံးသားဒဏ်ရာက လွမ်းငှက်တွန်ကြူး အတာနွေတန်ခူး ရောက်လေတိုင်း အသစ်အသစ်ဖြစ်လို့ နေပါတော့တယ်။
“ဘ၀ဆက်တိုင်း ဤမုန်တိုင်းဒဏ် မျိုး မခံပါရစေနဲ့။ မျိုးအတွက် မောင့်မျက်ရည်စက် ဆက်လက်မကျပါရစေနဲ့။ မောင့်ရဲ့အပါး ဘယ်သောအခါများမှ မျိုးခွဲခွါ မသွားစေရပါဘူး။ မြတ်ဘုရားထံပါး ဘုရားတပည့်တော် ရှိခိုးကော်ရော် အခါခါတောင်းဆု ပြုလိုက်ရပါတယ်ဘုရား”
♥♥♥♥♥
ကိုယ်တိုင်ခံစား နှလုံးသားဖြင့် ရေးဖွဲ့သည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၄-၄-၂၀၁၂)