အကိုက်အခဲပျောက်ဆေးတစ်မျိုးဖြစ်သော ပါရာစီတမောကို ရေတို၊ ရေရှည်သောက်သုံးပါက အသည်းအဆိပ်သင့်ပျက်စီးစေနိုင်ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)တွင် ဖတ်ကြားသွားသော စာတမ်းအရ သိရသည်။ အဆိုပါသုတေသနတွင် ကြွက်ဖြူများကို လတ်တလောအဆိပ်သင့်စေခြင်း၊ ကြွက်ဖြုကြီးများကို အချိန်တိုအဆိပ်သင့်စေခြင်းဖြင့် စမ်းသပ်ခဲ့ကြောင်း၊ လတ်တလောအဆိပ်သင့်စမ်းသပ်မှုတွင် ပါရာစီတမော ၀.၅ မှ ၀.၆ ဂရမ်/ကီလိုဂရမ်ကို တစ်ကြိမ်တည်းတိုက်ကျွေးခဲ့ရာ သေစေနိုင်သော ဆေးချိန်အမှတ်ကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ရေတို(အချိန်တို) အဆိပ်သင့်စမ်းသပ်မှုတွင် ပါရာစီတမောဝ.၂၅ မှ ၀.၅ ဂရမ်/ကီလိုဂရမ်ကို တစ်ရက် နှစ်ကြိမ်မှ လေးကြိမ်ခွဲ၍ တစ်ပတ်တိုက်ကျွေးခဲ့ရာ ထိုဆေးချိန်ပမာဏကို တိုက်ကျွေးမှုတွင် သေဆုံးမှုမရှိသော်လည်း ကိုယ်တွင်း စမ်းသပ်စစ်ဆေးရာတွင် သေစေနိုင်သော အသည်းပျက်စီးမှုကို စမ်းသပ်တွေ့ရှိခဲ့ကြောင်း၊ ယင်းကြောင့် ကြိမ်ဖန်များစွာ တိုက်ကျွေးသော ကြွက်ကြီးများတွင်လည်း အသည်းဆဲလ်များပျက်စီးမှုကို လတ်တလောအဆိပ်သင့်မှုများကဲ့သို့ပင် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ စမ်းသပ်တွေ့ရှိချက်များ အရ ပါရာစီတမောသည် အချိန်တို အတွင်း ၁၀ မှ ၁၅ ဂရမ် သောက်သုံးပါကဆေးပမာဏပေါ်မူတည်၍ အသည်းအဆိပ်သင့်ကာ သေစေနိုင်ကြောင်း၊ ရာသီလာစဉ်ကိုက်ခဲခြင်း၊ သွားကိုက်ခြင်းများအတွက် သောက်သုံးသင့်သည်ထက်ပမာဏပိုမိုသော ပါရာစီတမောကိုအချိန်တိုအတွင်း အကြိမ်များစွာသောက်သုံးခြင်းကြောင့်လည်း အသည်းပျက်စီးမှုဖြစ်ပေါ်စေနိုင်ကြောင်း၊ ဆေးပမာဏမများသော်လည်း အကြိမ်ရေများစွာကို အချိန်တိုအတွင်း သောက်သုံးခြင်းသည် ထိုဆေးပမာဏ အားလုံးပေါင်းအား တစ်ကြိမ်တည်းသောက်သုံးခြင်းကြောင့်ဖြစ်ပေါ်သော အသည်းပျက်စီးမှုနှင့်တူညီသော သို့မဟုတ် ပို၍ဆိုးဝါးသော ပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်ကြောင်းသိရသည်။