“မောင်လေးရေ…ထပါတော့…ရောင်နီလာလှပေါ့…တစ်ကျော့နှစ်ကျော့တေးကိုသီ…ငှက်ကြားနှုတ်ပလီ…တောင်ဆီနား ကခရပန်းပင်အောက်ကြိုင်လို့လန်း…”
မမကြူက ကောင်းမွန်ကို နံနက်ချိန်ရောက်တိုင်း နိုင်ငံကျော်အဆိုတော် တင်တင်မြသီဆိုသော တစ်ကျော့နှစ်ကျော့ တေးကိုသီ သီချင်းလေးဖြင့် နှိုးနေကျဖြစ်သည်။ အိပ်ယာက စောစောနိုးနေသော်လည်း မမကြူ၏ တေးသံလေးဖြင့် လာမနှိုးမချင်း ကောင်းမွန်က အိပ်ယာထဲတွင် အပျင်းထူနေလေ့ရှိသည်။
မမကြူကလည်း ကိုယ့်မောင်လေးအကြောင်းကို သိပြီးသားမို့ နံနက် စောစောထပြီး သနပ်ခါးအဖွေးသားလေးလူးပြီး ကောင်းမွန်ကို သွားနှိုးသည်။ မမကြူလာနှိုးတော့မှ ကောင်းမွန် အိပ်ယာကထပြီး မျက်နှာသစ်သည်။ သွားတိုက်သည်။ မမကြူက ကောင်းမွန်အိပ်ယာကနိုးလျှင် မီးဖိုချောင်ထဲ မေမေ့ကိုသွားကူသည်။
ဖေဖေက နံနက် ၅ နာရီတွင် အိပ်ယာထ၍ ၀ိပဿနာတရားကို နေ့စဉ် အားထုတ်သည်။ မမနဲ့မေမေတို့ နံနက်စာပြင်ဆင်ပြီးချိန်တွင် ဖေဖေက တရားထိုင်ပြီးသည့်အချိန်နှင့် ကိုက်ညီသည်။
ဖေဖေက နံနက်စာပြင်ထားသည့် စားပွဲနားကို ရောက်လာသည်။ ကောင်းမွန်ကလည်း သူ့နေရာတွင် သူဝင်ထိုင်လိုက် သည်။ နံနက်ခင်းအချိန်လေးသည် မိသားစု ၄ ယောက် စလုံးဆုံသည့်အချိန်ဖြစ်သည်။ မေမေက ဖေဖေ့အတွက် ပြင်ဆင်ပေးသည်။ မမကြူက ကောင်းမွန်အတွက် ပြင်ဆင်ပေးသည်။
“ဂွတ်ထမောနင်း ဖေကြီးရေ”
ရုတ်တရက် ပြောလိုက်သော မေမေ့စကားကြောင့် ဖေဖေက ပြုံးလိုက်သည်။ မမကြူနှင့် ကောင်းမွန်ကလည်း မေမေ့ကို နားမလည်သည့် အမူအယာနှင့်ကြည့်လိုက်သည်။
“ဂွတ်ထမောနင်း သမီး နဲ့ သားရေ”
ဒီနေ့မှ အထူးအဆန်းစကားတွေပြောနေသော မေမေ့ကို ကြည့်၍ မောင်နှမနှစ်ယောက် အံ့သြနေသည်။
“အားလုံး ကော်ဖီ ဒရင့်ပြီး ကိတ်မုန့်လေးတွေ အိ ကြနော်”
“မေမေရယ်…ဘယ်လိုဖြစ်နေတာလဲ”
မမကြူက မနေနိုင်တော့ မေးမိသည်။
“မေမေက အင်္ဂလိပ်လို စကားပြောတတ်အောင်လေ့ကျင့်နေတာ သမီးရဲ့”
“ဘာလို့လေ့ကျင့်နေတာလဲ မေမေ”
“သားလေးက နောက်လဆိုရင် နိုင်ငံခြားသွားပြီး ပညာသင်မှာလေ။ အဲဒီတော့ သားနဲ့ဖုန်းဆက်တဲ့အခါ မေမေက အင်္ဂလိပ်လိုပြောမှ သားနားကသူငယ်ချင်းတွေက သားကို အထင်မသေးမှာပေါ့ သမီးရဲ့”
“မေမေရယ်…သမီးတို့က ဗမာပဲ ဗမာလိုပြောတာ အထင်သေးစရာရှိလို့လား”
“ဟုတ်သားပဲ မေမေကလည်း”
ကောင်းမွန်ကပါ ၀င်ပြောသည်။
“သမီးနဲ့သား ဖေဖေပြောမယ်။ သမီးတို့သားတို့ မေမေ ပြောချင်သလိုပြောစမ်းပါစေကွယ်”
ဖေဖေက ၀င်ပြောသဖြင့် ဘာမှ ပြန်မပြောဘဲ နေလိုက်ကြသည်။
“မနေ့က ဈေးသွားရင် အင်္ဂလိပ်စာ မီးနင်းစာအုပ်လေးဝယ်လာခဲ့တယ် သမီးရဲ့။ မြန်မာလိုရေးထားတာလေး တွေပါတော့ မေမေကျက်ရလွယ်တာပေါ့”
“အင်းပါ”
မမကြူက စိတ်မသက်မသာနှင့် ပြန်ဖြေလိုက်သည်။
“သမီးနဲ့သား ရှစ် အာဝါမှာ သင်တန်းသွားရမှာမဟုတ်လား”
မေမေက (၈)နာရီမှာ သင်တန်းသွားရမှာ မဟုတ်လားဟုမေးခြင်းဖြစ်သည်။ မမကြူနဲ့ကောင်းမွန်က ခေါင်းညိတ်ပြလိုက်သည်။
“သင်တန်းပြီးရင် အိမ်ကို တန်းတန်း ဂိုးဘက်ခဲ့နော်။ သားလေးကောင်းမွန်အတွက် လိုအပ်တာလေးတွေ ဈေးမှာ သွား ဘိုင်ရအောင်”
“မေမေနဲ့တော့ ခက်နေပါပြီ။ အိမ်ကိုတန်းတန်းပြန်လာခဲ့။ ဈေးသွားဝယ်ရအောင်လို့ ဗမာလိုပြောလဲရတဲ့ဟာကို” မမကြူစိတ်ထဲမှ ပြောနေမိသည်။
♥♥♥♥♥
“မမ”
“ရှင့်”
မမကြူနဲ့ ကောင်းမွန်စကားပြောတိုင်း သုံးသည့် စကားလုံးများဖြစ်သည်။ မောင်နှမ နှစ်ယောက်မှာ အလွန်ချစ်ကြ သည်။ တစ်ယောက်အပေါ်တစ်ယောက် ညှာတာသည်။ ဖေဖေ နဲ့ မေမေကလည်း မောင်နှမ နှစ်ယောက် ချစ်ချစ်ခင်ခင် နေတာကိုကြည့်၍ ကြည်နူးနေသည်။
ကောင်းမွန်က မလေးရှားနိုင်ငံ မှာ ကွန်ပျူတာပညာသွားသင်တော့မှာမို့ လိုအပ်သည့်အခြေခံလေးရသွားအောင် ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြော သင်တန်းလိုက်တက်နေသည်။ မမကြူကလည်း အတူတက်ချင်သည် ဆိုသောကြောင့် မောင်နှမနှစ်ယောက် ကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စကားပြောသင်တန်းများကို မမောမပန်း တက်ရသည်မှာ ပျော်စရာကောင်းနေသည်။
“မမ…မေမေ့ အပြောအဆိုတွေကို ကျွန်တော် မကြိုက်ဘူးဗျာ”
“ဟုတ်တယ် မောင်လေးရဲ့…မမလည်း မကြိုက်ဘူး။ ဗမာလို ပြောရင်လည်းဖြစ်တဲ့ဟာကို”
“မေမေက လေးတန်းပဲအောင်ထားတာ ဆိုတော့ အင်္ဂလိပ်စကား အသုံးအနှုန်းတွေကို မှန်အောင် ဘယ်သုံးတတ် မလဲနော်”
“ဟုတ်တယ်…မောင်လေး…မေမေ့ အသက်အရွယ်ကြီးနဲ့ အဲလိုပြောတော့ ရယ်စရာကြီးဖြစ်နေတာနော်”
“ကျွန်တော်ကတော့ ရယ်ချင်လွန်းလို့ အောင့်ထားရတာ”
“အင်း….ဖေဖေက ဘာမှ မပြောတော့ ခက်တယ်”
“ဖေဖေကလဲ မေမေ ဘာလုပ်လုပ် ဘာပြောပြော တစ်ခွန်းမှ ၀င်ပြောတာ…ဟန့်တားတာ မရှိတော့ ကျွန်တော်တို့ တားလဲရမှာ မဟုတ်ဘူးနော်”
“အေးပါ…မောင်လေးရယ်”
“မေမေက အင်္ဂလိပ်စကားကို ကြားညှပ်ပြောတာ သူများတွေကြားရင် မေမေ့ကို အထင်သေးမှာ မမရဲ့”
“မေမေ ပြောတာ မှားနေပါတယ်လို့ ပြောရင်လဲ ပြင်မပေးရဲဘူး…မောင်လေး”
“မေမေ့ကြောင့် ခက်ပါတယ်မမရယ်”
မောင်နှမ နှစ်ယောက်စကားပြောရင်း ကွန်ပျူတာသင်တန်းကို ရောက်သည့်တိုင် မေမေ့အကြောင်းက ပြောလို့ မကုန်နိုင်အောင်ဖြစ်နေသည်။
♥♥♥♥♥
“သမီးနဲ့သားတို့တောင် ရီတန်း(return)လာပြီပဲ”
သင်တန်းမှ ပြန်လာသော မောင်နှမနှစ်ယောက်ကို မြင်သောအခါ ဧည့်သည်နှင့်စကားပြောနေသော မေမေက လှမ်းပြောသည်။
“မခင်ရေ…စကားတွေ ဂွတ်(Good)နေလိုက်တာ…နောက်မှ ဆက်ပြောရအောင်နော်။ သမီးနဲ့သားကို ထမင်း ဖိ(Feed)ဖို့ ရပဲယား(repair) လိုက်ဦးမယ်”
မမကြူက “မေမေရယ်…စကားကောင်းနေလိုက်တာ၊ သမီးနဲ့သားကို ထမင်းကျွေးဖို့ ပြင်လိုက်အုံးမယ်” လို့ ရိုးရိုး ပြောရင်ဖြစ်တာပဲဟု စိတ်ထဲမှာ ပြောလိုက်သည်။
ဧည့်သည် ဒေါ်ခင်က မေမေ့စကားကို ပြုံး၍နားထောင်နေသည်။
“မခင်ရယ်…ဖရီး(Free)တဲ့အခါ မကြာမကြာ ကမ်း(come) ခဲ့စမ်းပါ။ သားလေးက မလေးကို ကွန်ပျူတာ သွား လန်း(learn) ရမှာလေ။ အခု မောင်နှမ နှစ်ယောက် ကွန်ပျူတာနဲ့ အင်းဂလိရှစ် ကို သွားပြီး ကလိုင်း(Climb)နေကြ တာလေ”
“မခင်လည်း အလုပ်ရှိလို့ပြန်ပါဦးမယ်”
ဒေါ်ခင်ခင်က မေမေ့ကို နှုတ်ဆက်ပြီး အိမ်မှထွက်သွားသည်။
“မေမေ…”
“ဘာလဲ…သမီး”
“သမီးပြောမယ်…”
“ဘာပြောချင်တာလဲ သမီးရဲ့”
“မေမေရယ် စကားပြောတဲ့အခါ ဗမာလိုပဲ ပြောပါနော်။ အင်္ဂလိပ်စာလုံးတွေ မပီမသနဲ့ မပြောတတ်ပြောတတ် ထည့်ပြောတော့ သူများကြားရင် သမီးတို့ရှက်တယ်”
“ဟုတ်တယ် မေမေ”
“သြော်…မောင်နှမနှစ်ယောက်က အတိုင်အဖောက်ညီလှချည်လား။ မေမေက သမီးနဲ့သားကို ဂုဏ်မြင့်ချင်လို့ပါ ကွယ်”
“မဟုတ်သေးဘူးထင်တယ်မေမေ”
“တော်စမ်းပါအေ…ညည်းတို့ကို ငါကမွေးထားတာပါ။ ငါ့ကို လေးတန်းပဲအောင်တယ်ဆိုပြီး အထင်သေးလို့ ပြောတာလား”
“သမီးနဲ့သား”
ဖေဖေက အိပ်ခန်းထဲက ထွက်လာပြီး ခေါ်လိုက်တယ်။
“ဟုတ်ကဲ့…ဖေဖေ”
“သမီးနဲ့သားရဲ့မေမေ ပြောတတ်သလိုပြောတာကို လက်ခံပေးလိုက်ပါလား”
မမကြူ နှင့် ကောင်းမွန်တို့၏စိတ်ထဲတွင် မကျေမလည်ဖြစ်သော်လည်း ဖေဖေ့စကားကို မလွန်ဆန်ဝန့်သောကြောင့် ခေါင်းညိတ်လိုက်ရသည်။
♥♥♥♥♥
“ကြူ”
မမကြူသူငယ်ချင်း မတင်မျိုးဝေက ကွန်ပျူတာ သင်တန်းမှ အထွက်တွင် လှမ်းခေါ်လိုက်သဖြင့် လှည့်ကြည့်လိုက်သည်။
“ဘာလဲ…ဝေ”
“မကြူတို့ မောင်နှမ နှစ်ယောက်ကို အကူအညီတောင်းမလို့”
“ဘာများလဲ ဝေ”
“လာမယ့် တနင်္ဂနွေနေ့ ဝေ့မွေးနေ့လေ။ မွေးနေ့အတွက် အိမ်မှာ ညအိပ်ပြီ လာကူပေးဖို့ပါ”
“ဒါများ….ဝေရယ်…ဖေဖေနဲ့မေမေကို ပြောပြီး လာခဲ့မယ်လေ”
“ကျေးဇူးတင်ပါတယ်…ကြူရေ…မောင်လေး ကောင်းမွန်ကလဲ မဝေတို့ကို ကူရမယ်နော်”
“ကျွန်တော်တို့ မောင်နှမက အတွဲညီပြီးသားပါ။ မမ…သူငယ်ချင်းဆို ကျွန်တော်…၀ိုင်းကူလုပ်ပေးမှာပေါ့”
“ကြူရေ…စောင့်နေမယ်နော်”
“စိတ်ချပါ…ဝေ”
အိမ်ပြန်ရောက်တော့ ဖေဖေနှင့် မေမေကို အကျိုးအကြောင်းပြောပြသည်။ ရှောရှောရှူရှူပင် ခွင့်ပြုသောကြာင့် လိုအပ်သော ပစ္စည်းမျာကို ယူပြီး ထွက်လာခဲ့ကြသည်။
♥♥♥♥♥
လူချင်းသာခင်မင်ရင်းနှီးနေသော်လည်း မတင်မျိုးဝေတို့အိမ်ကိုမရောက်ဖူးသဖြင့် မေးမြန်းပြီးသွားရသည်။ အိမ်ရှေ့ကို ရောက်သောအခါ ခြံတံခါးပိတ်ထားသဖြင့် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။ ခေတ်မီမီ ၀တ်စားထားသော အမျိုးသမီးကြီးတစ်ယောက်အိမ်ထဲမှ ထွက်လာသည်ကို တွေ့ရသည်။ ဆံပင်ကို အကြေကောက်ကောက်ထားသည် မှာ အသက်အရွယ်နှင့် မလိုက်ဟုထင်သည်။ အနားကို ရောက်မှ မျက်နှာကို ကြည့်လိုက်သည့်အခါ မိကပ်တွေအဖွေး သားလိမ်းခြယ်ထားသည်ကို တွေ့ရသည်။
လက်စွပ်တွေကလည်း လက် ၁၀ ချောင်းအပြည့်ပါလား။ ဆွဲကြိုးကြီးကလည်း အကြီးကြီးပဲ။ လက်ကောက်တွေက လည်း မနည်းပါလား။ စိန်နားကပ်ကလည်း အရောင်တ၀င်းဝင်းနဲ့။
အသက်အရွယ်နှင့်မလိုက်ဖက်အောင် ဖြစ်နေသည့် အမျိုးသမီးကြီးသည် အသားကလည်း မည်းလိုက်သေးသည်။ တင်မျိုးဝေက ညိုချောလေးဆိုတော့ သူ့အမေတူတာ ဖြစ်နိုင်သည်။
“သမီးရဲ့…သူငယ်ချင်းတွေထင်တယ်”
“ဟုတ်ကဲ့ရှင့်”
“လာကြ…လာကြ သမီးက မှာထားတယ်။ ရက်ကွက်ထဲကို စားပွဲ၊ ကုလားထိုင်သွားငှားနေတယ်။ လာတော့မှာပါ”
ထိုအမျိုးသမီးက ပြောပြောဆိုဆိုနှင့် ခြံတံခါးကို ဖွင့်ပေးသည်။ မမကြူနှင့် ကောင်းမွန်းက ထိုအမျိုးသမီး၏ နောက်က လိုက်သွားလေသည်။
♥♥♥♥♥
အတော်ကလေးကြာတော့ တင်မျိုးဝေ ပြန်ရောက်လာသည်။ မမကြူတို့ မောင်နှမကို မြင်တော့ ၀မ်းသာအားရဖြစ်နေ သည်။ မမကြူနှင့် ကောင်းမွန်တို့ မောင်နှမနှစ်ယောက်က တင်မျိုးဝေလိုအပ်သည်များကို စိတ်ပါဝင်စားစွာ ကူညီဆောင်ရွက်ပေးနေသည်။
မောရပန်းရမှန်းမသိဖြစ်နေစဉ် ဧည့်ခန်းမှ သီချင်းသံကို ကြားလိုက်ရသည်။ တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းဖြစ်သည်။ ချိုပြုံးသီဆိုသော အသံလည်းမဟုတ်။ ပိုးအိစံအသံလည်းမဟုတ်။ အခြားကြားဖူးနေသော အဆိုတော်များ၏ အသံလည်း မဟုတ်ဖြင့် မမကြူက ဂရုတစိုက်နားထောင်လိုက်သည်။
“ဝေ…ဒီသီချင်းကို ဘယ်သူဆိုထားတာလဲ၊ ကြားဖူးနေကျ အသံမဟုတ်တော့ တစ်မျိုးလေးဖြစ်နေတယ်”
“ကြူရယ်…အဲဒါမေမေဆိုနေတာလေ”
“ဝေ့မေမေက သီချင်းဆိုတာ ၀ါသနာပါလား”
“ပါတယ်…သီချင်းဆိုလဲ ၀ါသနာပါတယ်။ ရပ်ထဲရွာထဲမှာ အလှူအတန်းရှိရင်လဲ ၀င်ကချင်ကနေတာ”
မမကြူက တင်မျိုးဝေပြောသည်ကို ကြည့်ပြီး အံ့သြနေသည်။ တင်မျိုးဝေကလည်း သူ့အမေ၏ ၀ါသနာကို ပြောပြရသည် မှာ ဂုဏ်ယူနေပုံရသည်။
“သမီးရေ…”
“ရှင်…မေမေ”
အိမ်ထဲမှ အော်ခေါ်သံကြားရသဖြင့် တင်မျိုးဝေက ပြန်ထူးလိုက်သည်။
“သမီးရေ…လာစမ်းပါဦး”
“ကြူတို့မောင်နှမလဲ လိုက်ခဲ့လေ”
တင်မျိုးဝေက ခေါ်သဖြင့် မမကြူနှင့်ကောင်းမွန်တို့ကလည်း လိုက်သွားသည်။
“မေမေ…သမီး..ဘာလုပ်ပေးရမလဲ”
“အေသင်ချိုဆွေရဲ့ တင်းတယ် သီချင်းစီဒီ ရှာမတွေ့လို့”
“သမီး…အခန်းထဲမှာ မေမေ၊ သွားယူလိုက်မယ်နော်”
တင်မျိုးဝေက အိပ်ခန်းထဲဝင်သွားသည်။ ပြန်ထွက်လာသောအခါ စီဒီတစ်ချပ်ပါလာသည်။ EVD စက်ထဲထည့်ပေး လိုက်သည်။ တင်မျိုးဝေ၏ မိခင်က မိုက်ကို စမ်းလိုက်ပြီးနောက် အေသင်ချိုဆွေ၏ တင်းတယ် သီချင်းကို အားရပါးရ သီဆိုနေသည်။ တင်မျိုးဝေက သူ့မိခင်ကို လက်ခုပ်တီးပြီးအားပေးနေသည်။ မမကြူနှင့် ကောင်းမွန်လည်း မနေနိုင်တော့ လက်ခုပ်တီးပေးလိုက်ကြသည်။
သီချင်းတွေတစ်ပုဒ်ပြီးတစ်ပုဒ် သီဆိုပြီးနောက် မောသွားသော သူ့မိခင်ကို တင်မျိုးဝေက အအေးဗူးယူပြီးပေးသည်။
“သမီးတို့ သီချင်းဆိုချင်လဲဆိုကြ…မေမေ တော့ မောသွားပြီ ခဏနားဦးမယ်”
မမကြူက အအေးဗူးကို လက်ကကိုင်ပြီးထွက်သွားသော တင်မျိုးဝေ၏ မိခင်ကို ကြည့်ပြီး မေမေ့ကို သတိရလိုက်သည်။
♥♥♥♥♥
“ဝေ”
“ကြူ…ဘာပြောချင်လို့လဲ”
“ကြူ…ပြောရင် ဝေစိတ်မဆိုးနဲ့နော်”
“စိတ်မဆိုးပါဘူး…ပြောစရာရှိတာပြောလေ”
“ဒီလိုပါဝေရယ်…ဝေ့မေမေက လက်ဝတ်လက်စားတွေကို ဘာ့ကြောင့် ဒီလောက်အများကြီး ၀တ်ထားရတာလဲ”
“သြော်…ဒါလား…မေမေက ကြွားချင်လို့ ၀တ်ထားတာမဟုတ်ပါဘူးကြူရယ်။ မေမေက အသက် ၂၀ အထိ အကြော်ဗန်းကို ရွက်ပြီး ရပ်ကွက်စုံအောင်လှည့်ပြီး ဈေးရောင်းခဲ့ရတာ။ မိခင်မုဆိုးမကြီးနဲ့ မောင်လေးနှစ်ယောက်ကို အကြော်ရောင်းပြီး ရှာဖွေကျွေးမွေးခဲ့တာ။ သိပ်ဆင်းရဲတော့ နားကပ်ကလေးတောင် မ၀တ်နိုင်ခဲ့ရရှာဘူး”
“အင်း”
“ဖေဖေက လက်သမားအလုပ်လုပ်တယ်။ ဖေဖေနဲ့ အကြောင်းပါပြီး လင်မယားနှစ်ယောက် ကြိုးကြိုးစားစားရှာဖွေ၊ ရှာလို့ရသမျှကို စုဆောင်း၊ ဖေဖေက ကန်ထရိုက်အလုပ်ကလေးရတော့ ပိုပြီးအဆင်ပြေလာတယ်။ နောက်တော့ ကုန်မာဆိုင်ဖွင့်ဖြစ်သွားတာပေါ့”
“တော်တော် ရုန်းကန်ခဲ့ရတာပေါ့နော်”
“ဟုတ်တယ်…မေမေက ဖေဖေ့ကို ခွင့်တောင်းတယ်”
“ဘာများလဲ ဝေ”
“ငယ်ငယ်က ဆင်မြန်းချင်ခဲ့တဲ့ ရွှေငွေတွေကို အခုဆိုရင် ၀တ်ခွင့်ရလို့ အားပါးတရကြီးဝတ်ချင်တယ်တဲ့။ ဖေဖေက မေမေ့ကို ပြန်မေးတယ်။ သူများကို ကြွားချင်တဲ့စိတ်နဲ့ဝတ်တာလားဆိုတော့ မေမေက မကြွားချင်ပါဘူး။ ငယ်ငယ်က ဆင်းရဲတဲ့အချိန်တုန်းက ၀တ်ချင်စားချင်ပေမယ့် မ၀တ်မစားရလို့ အတိုးချပြီး ၀တ်ပါရစေတဲ့။ ဖေဖေက မေမေ စိတ်ချမ်းသာမယ်ဆိုရင် လုပ်ချင်တာလုပ်တဲ့”
“ဝေကကော စိတ်ထဲဘယ်လိုခံစားရလဲ”
“ဝေတင်မကဘူး ကိုကိုကြီး၊ ညီမလေး၊ မောင်လေးတွေအားလုံးကပါ ဖေဖေနဲ့ တစ်သဘောထဲပဲ။ မေမေ စိတ်ချမ်းသာသလို နေရင် ပျော်တယ်။ မေမေက တက္ကသိုလ်ကျောင်းက ငွေလမင်း သီချင်းကို သိပ်ကြိုက်တာ။ ဘာလို့ကြိုက်တာလဲလို့ ဝေ…တို့က မေးတော့ သူ့ဘ၀မှာ ကျောင်းကို ကောင်းကောင်းနေခဲ့ရဘူးပေမယ့် သားသမီးတွေကို တက္ကသိုလ် အသီးသီးကို ပို့နိုင်ခဲ့တာမို့တဲ့”
“အင်း…ဝေတို့မေမေက ကံကောင်းတယ်နော်”
“အလှူတွေမှာ မေမေ၀င်ကရင် ဝေ…တို့မိသားစုက လက်ခုပ်လိုက်တီးပေးတာ သိလား။ မေမေ ပျော်နေရင်…ဝေ သိပ်ပျော်တာ ကြူရယ်။ အဲဒါ…ဝေတို့မေမေလို့ သူငယ်ချင်းတွေကို ပြောရတာ အမောပါပဲ”
“ဝေ…မေမေက ကလိုက်ခုန်လိုက် သီချင်းဆိုနေတာ ဝေတို့ မရှက်ဘူးလား”
“ကြူရယ်…ဒါရှက်စရာလား။ မေမေက မကောင်းတာ လုပ်နေတာမှ မဟုတ်ဘဲ။ ဝေတို့ချစ်တဲ့မေမေ…စိတ်ချမ်းသာပြီး ကချင်က….ဆိုချင်ဆို…ဝေပျော်တယ်။ ကြူရယ်…မေမေ့ ဘ၀ အခုမှ ပျော်ခွင့်ရတာ…မေမေ ငိုနေတာ။ ၀မ်းနည်း နေတာ။ စိတ်ဆင်းရဲနေတာ မမြင်ချင်ဘူး”
“ဝေ…ရယ်…ကျေးဇူးတင်လိုက်တာ”
“ဘာဖြစ်လို့လဲ ကြူရဲ့”
“မောင်လေးနဲ့ ကြူက မေမေ့ကို အမြင်မှားနေကြတာ”
မမကြူနဲ့ ကောင်းမွန်တို့၏ စိတ်ထဲတွင် မေမေ့ကို အင်္ဂလိပ်လို မတတ်ဘဲ ပြောနေတာကို မနှစ်သက်ကြကြောင်း၊ မပြောစေချင်တာက သူများကြားလျှင် ရှက်လို့ဖြစ်ကြောင်းပြောပြလိုက်သည်။
“မောင်လေး”
“မမ”
“မမတို့ အိမ်ပြန်ရောက်ရင် အင်္ဂလိပ်လို မေမေ ပြောတတ်သလို ပြောတာကို လက်ခံပေးရမယ်နော်။ မမတို့ မေမေကို နားလည်ပေးကြရအောင်နော်။ ဒါမှ တို့မေမေလို့ ဟစ်ကြွေးမယ်နော်။ မေမေ့အတွက် မမတို့ မရှက်ကြတော့ဘူး”
“ဟုတ်တယ်မမ…မနက်အိပ်ယာက ထရင် ဂွတ်ထမောနင်းပါမေမေလို့ ပြောကြမယ်နော်”
“အခုပဲ ပြန်ပြီး မေမေ့ကို ဂွတ်ထမောနင်းပါမေမေလို့ ပြောလိုက်ချင်တယ်… မောင်လေးရေ…”
မမကြူနှင့်ကောင်းမွန်တို့၏ မျက်ဝန်းထဲတွင် မေမေ့မျက်နှာကို မြင်ယောင်မိရင်း ပျော်ရွှင်ကြည်နူးမိလေသည်။
ကိုယ်တိုင်ခံစားနှလုံးသားဖြင့် ရေးဖွဲ့သည်။
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၇-၄-၂၀၁၂)၁၃၇၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ၊ အင်္ဂါနေ့ (၁၃း၁၀)နာရီ