သဘာဝရဲ့ ဘာသာတရား
နိဒန်း
အရာအားလုံးဟာ ဘုရားသခင်စီစဉ်တဲ့အတိုင်း ဖြစ်သတဲ့
အရာအားလုံးဟာ ကုသိုလ်ကံအလျှောက်ဖြစ်သတဲ့
အရာအားလုံးဟာ နတ်ဒေ၀တာ ဖန်ဆင်းတဲ့အတိုင်းဖြစ်သတဲ့
တကယ်တော့ အရာအားလုံးဟာ သူ့ အလိုလို ဖြစ်နေတာနဲ့တူတယ် . . .
လမ်းပေါ်မှာ ကျောက်ခဲတလုံးကိုခလုတ်တိုက်တာဟာ
ဘုရားသခင်လုပ်လိုက်လို့ တိုက်ရတာလို့ မထင်ဘူး
ရေအိုင်ထဲ ရေနစ်ရတာဟာ နတ်ဒေ၀တာတွေ
တန်ခိုးနဲ့ နှစ်လိုက်တာလို့ မထင်ဘူး
အရက်သောက်ဘူး မူးလဲတာဟာ
ကုသိုလ်ကံ အကုသိုလ်ကံ နဲ့ ဆိုင်မယ်မထင်ဘူး
ကျောက်ခဲရှိလို့ တိုက်ရတယ်
ရေအိုင်ရှိလို့ နစ်ရတယ်
အရက်သောက်လို့ မူး ရတယ်
အစီအစဉ်ကျပြီးသားလို့ထင်တယ် . . .
စာကိုယ်
ဘာသာတရားရှိမှ ကိုယ့်ကျင့်တရားကောင်းမယ်လို့ ဆိုကြတယ်
အကြမ်းဖက်နေတဲ့ လူအများစုဟာ ဘာသာတရားရှိသူတွေဖြစ်တယ်
ဘာသာတရား နဲ့ အကြမ်းဖက် ဘယ်လိုအချိုးချရမလဲ
အကြမ်းဖက် ဘာသာမဲ့ ဘာသာတရား ကိုယ်ကျင့်တရား
ဒီအချင်းအရာတွေရဲ့ ကူးလူးဆက်နွယ်မှု့ မှာ ကွင်းဆက်တခုပြတ်ကျန်ခဲ့တယ်
လူဟာ မျောက်က ဆင်းသက်လာခဲ့တယ်လို့ဆိုတယ်
လူဟာ ဘုရားသခင်ဖန်ဆင်းခဲ့တယ်လို့ ဆိုတယ်
လူဟာ ဘယ်က ဆင်းသက်လာတယ်ဆိုတာသိလို့ အကျိုးမရှိဘူးဆိုတယ်
ဘာပဲ ဖြစ်ဖြစ် လူဟာ လူဖြစ်တယ်
တခြားတဖက်မှာ လူဟာ လူမဖြစ်ဘူး
သည်းခံပြီး ဆုံးအောင်ဖတ်ပါ
လူ့ စိတ်သဘောသဘာဝအရ သင့်အသိညဏ်နဲ့ ဒီကဗျားအား
ကောင်းသည် ဆိုးသည် ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဟု
ယခု အချိန်တိုအတွင်းမှာကို သင် ဆုံးဖြတ်နေတဲ့အတွက်
အဲ့ဒါကိုပဲ လူလို့ခေါ်တယ် . . .
နိဂုံး
ဆိုကြပါစို့ သင်ဟာ မူဆလင်ဖြစ်မယ်
သင်ဟာ ဟိန္ဒူ ဖြစ်မယ်
သင်ဟာ ခရစ်ယန် ဖြစ်မယ်
သင်ဟာ ဗုဒ္ဓဘာသာဖြစ်မယ်
သင်ဟာ ဖရီးသင်ကာ ဖြစ်မယ်
သင်ဟာ ဘာသာမဲ့ ဖြစ်မယ်
ဘာပဲ ဖြစ်ဖြစ် . . .
သင့်ရှေ့ မှာလူတစ်ယောက် လဲကျသွားလို့ မှ
သင်မထူပေးဘူးဆိုရင် သင်ဟာ ဘယ်ဘာသာဝင်မှ မဟုတ်တော့ဘူး
သင့်ရှေ့က လူတစ်ယောက်ကို သင် ကြင်နာစွာထူပေးခဲ့မယ်ဆိုရင်
သင်ဟာ ဘာသာအားလုံးဖြစ်တယ်
ဘယ်ဘာသာတရားမှ ကြင်နာမှု့ ကင်းမဲ့ပါလို့ မသင်ကြားခဲ့ဘူး
မယုံရင် အိမ်က သင်ယုံကြည်ရာ ကျမ်းစာကို ပြန်ဖတ်ပါ . . .
ကျနော်တို့ ကမ္ဘာဟာ အခုအချိန်မှာ
ဘာသာတရားထက် ကြင်နာဖေးမမှု့ကို ငတ်ငတ်မွတ်မွတ်လိုအပ်နေခဲ့တယ် . . .