မမြင့်မြင့်သိန်း
ရှေးက တိုင်းပြည်တစ်ပြည်ကို ထီးနန်းအုပ်ချုပ် မင်းလုပ်နေတဲ့ ဘုရင်ကြီး တစ်ပါးရှိတယ်။ သူ့မှာ ထီးညွန့်နန်းလျာအမွေစားအမွေခံအတွက် သားတော်တစ်ပါးမျှမထွန်းကားဘဲ သမီးတော်တစ်ပါးသာ ထွန်းကားလို့ ရှေ့ရေးကိုတွေးပြီး စိတ်လက်မကြည်မသာဖြစ်နေတယ်။
ဒီလိုနဲ့ သမီးတော အရွယ်ရောက်လာတဲ့ အခါကျတော့ သမီးတော်နဲ့ ထိုက်တန်တဲ့ အခြားပြည်က မင်းသားတစ်ပါးပါးနဲ့ စုလျားရစ်ပတ် လက်ထပ်ပေးဖို့ ကြံစည်တယ်။ ဒီအကြောင်းကို သမီးတော်နဲ့ တိုင်ပင်ကြည့်တော့ သမီးတော်က ဘုရင်ကြီးရဲ့ အကြံ အစည်ကို ခါးခါးသီးသီး ငြင်းဆန်တယ်။
သမီးတော်က သူကြင်ယာ ရွေးတဲ့ကိစ္စမှာ ကိုယ်တိုင် ကိုယ်ကျ ဘဝအဆက်ဆက် က ဖူးစာဖက်မှန်သူကိုသာ ရွေးချယ်ချင်တယ်။ ဒါကြောင့် ဒီကိစ္စကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ခွင့်ပြုဖို့ လျှောက်တင်တယ်။
ဒီအခါ ဘုရင်ကြီးက မိဘစကားနားမထောင်တဲ့ သမီးတော်ကို စိတ်ပျက်ပြီး “ ဒီအတိုင်းသဘောထားရင် ကြိုက်သူကို ကိုယ့်ဖာသာရှာယူပေတော့၊ မိဘစကားကိုနားမထောင်တဲ့အတွက် မိဘရဲ့ အရိပ်မှာလည်း မနေနဲ့တော့ ကံကိုယုံလှတဲ့ သမီးတော်ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နန်းတော်က ထွက်သွားစေ ” လို့ အမိန့်တော်မြတ် ချမှတ်တော်မူလိုက်တယ်။
ခမည်းတော်ရဲ့ အမိန့်ကို နာခံရတဲ့အခါ သမီးတော်ဟာ ဘာမှ တင်လျှောက်မနေတော့လဲ နန်းတော်ကထွက်သွားတယ်။
ဒီလို နန်းတော်ကထွက်သွားတဲ့အခါ သူဘယ်ကိုသွားရမှန်းလည်း မသိဘူး။ သူလိုချင်တဲ့ ဖူးစာရှင် အစစ်ကို ဘယ်လိုရှာရမှန်းလဲ မသိဘူး။ နောက်ဆုံးတော့ ကြံရာမရတာနဲ့ သူခြုံတားတဲ့ ခြုံပုဝါကို လက်နဲ့ လုံးထွေး ဆုပ်ကိုင်လိုက်ကာ အဓိဋ္ဌာန်ပြုလိုက်တယ်။ ဘယ်လိုအဓိဋ္ဌာန်ပြုသလဲဆိုတော့…..
“ ကျွန်မဟာ ကျွန်မရဲ့ ဖူးစာရှင်အစစ်ကို ရှာနေပါတယ်။ ဘယ်လိုရှာရမှန်းမသိတဲ့အတွက် ဒီခြုံပုဝါကို လုံးထွေးပြီး အိမ်ခေါင်မိုးတွေ ပေါ်ကို ပစ်တင်ပါမယ်။ ပစ်တင်လိုက်လို့ ခြုံပုဝါတင်နေတဲ့အိမ်ဟာ ကျွန်မရဲ့ဖူးစာရှင်အိမ်လို့ မှတ်ယူပါမယ်၊ ” လို့ အဓိဋ္ဌာန်ပြုတယ်။
ဒီလိုအဓိဋ္ဌာန်ပြုပြီးတော့ မင်းသမီးဟာ သူ့ခြုံပုဝါကို လုံးထွေးပြီး သူလက်လှမ်းမှီတဲ့ အိမ်တွေရဲ့ခေါင်မိုးတွေကို ပစ်တင်တယ်။ ဒီလိုပစ်တင်တိုင်း ခြုံပုဝါဟာ အိမ်ခေါင်မိုးတွေပေါ်က လျှောလျှောပြီး ပြန်ကျလာတယ်။ ဒီလိုနဲ့ အိမ်တော်တော်များများရဲ့ ခေါင်မိုးတွေကို ပစ်တင်ပြီးနောက် တဲ တစ် တဲ ပေါ်ပစ်တင်လိုက်တဲ့ အခါ ခြုံပုဝါဟာ ပြန်ကျမလာပဲ ခေါင်မိုးမှာတင်နေတာကို တွေ့ရတယ်။ ဒီတင်မင်းသမီးလေးဟာ ဒီတဲ့အိမ်ပိုင်ရှင်ဟာ သူ့ဖူးစာရှင်ပဲလို့ တစ်ထစ်ချစွဲယူပြီး တဲ့ကလေးထဲကို ဝင်သွားတယ်။
တဲကလေးထဲမှာတော့ အိုမင်းမစွမ်းဖြစ်နေပြီဖြစ်တဲ့ အဘွားအိုတစ်ယောက်နဲ့ သားလူပျိုကလေးနေတဲ့ တဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ လူတွေဖြစ်တဲ့ အတိုင်း သက်မွေးဝမ်းကြောင်း အတွက် အင်ဖက် ကောက်ပြီး အသက်မွေးကြတယ်။
အင်ဖက် ကောက်တယ်ဆိုတာက မနက်မိုးမလင်းခင် ဝေလီဝေလင်း အချိန်လောက်မှာ တောင်ခြေက “အင်တော” အင်ဖက်တော ကို ဝင်ရတယ်။ အင်ဖက်တောထဲရောက်တော့ ညက ကြွေကျထားတဲ့ အင်ဖက်ရွက်ကြီးတွေကို ကောက်ရတယ်။ ကောက်ပုံက ဥပမာ- လက်ယာဘက် လက်နဲ့ ကောက်ယူလိုက်ပြီးရင် ရင်ဘတ်မှာ ကပ်ထားလိုက်ရတယ်။ ပြီးတော့ လက်ဝဲလက်လက်နဲ့ ဖိထားလိုက်ရတယ်။ ဒီလို ဖက်ကို ကောက်လိုက် ရင်ဘတ်မှာ ကပ်ပြီးဖိထားလိုက်နဲ့ ဖက်ထပ်ကြီးကြီးလာတဲ့အခါ တစ်နေရာရာမှာ အမှတ်အသားလုပ်ပြီး စုပုံထားရတယ်။
နောက်ဆက်ပြီး ခုတင်တုန်းကလို ကောက်ပြန်တယ်။ ဒီလိုနဲ့ အင်ပင်တွေ အောက်မှာ လိုက်ကောက်လို့ တစ်ထမ်း တစ်ပိုးစာလောက် ရပြီလို့ထင်ရင် မထမကပုံထားတဲ့ ဖက်ပုံတွေက ဖက်တွေကိုပါ လိုက်စုပြီး အထုပ်ကြီးထုပ်ကာ ရွက်လို့ ပိုးလို့ ပြန်လာခဲ့တာပဲ။ နေမွန်းမတည့်ခင် အိမ်ပြန်ရောက်လေ့ရှိပြီး အိမ်ရောက်တဲ့အခါ ခုနကဖက်တွေကို မြေပေါ်မှာ ညီညီထပ်ကာ တုံးတို တုံးစတွေနဲ့ ပြားနေအောင် စန့်နေအောင် ဖိထားရတယ်။ နောက် လေးတောင်ထွာလောက်ရှိတဲ့ ဝါးကို စိတ် ဖျာပြီး (သက်ငယ်တံ) ဖက်တံ လုပ်ရတယ်။ ပြီးတော့ “ ဖက်ထိုးတယ်” လို့ခေါ်ကြတဲ့ ဖက်ပစ်တွေ ပစ်ကြရတယ်။ ဒီအင်ဖက်ပစ်ကိုပဲ အိမ်တွေမှာ မိုးကြ ကာကြရတယ်။ လုပ်ငန်းကတော့ နတ်တော် ပြာသို အင်ဖက်တွေ ကြွေတဲ့လလောက်သာ အလုပ်ဖြစ်ပြီး ကျန်လတွေမှာ အလုပ်ရပ်ထားရတယ်။
မိန်းမပျိုလေးတစ်ယောက် တဲထဲကို ဝင်လာတာမြင်တော့ ပျာပျာသလဲ နေရာထိုင်ခင်းပေးကြတယ်။ “ဘာကိစ္စ ရှိပါသလဲ ” လို့ မေးကြတယ်။
ဒီတော့ မင်းသမီးလေးက သူဟာဘုရင့်သမီးတော် ဖြစ်တဲ့အကြောင်း၊ နန်းတော်က နှင်ထုတ်လို့ ထွက်လာခဲ့တဲ့အကြောင်း နဲ့ ဘယ်မှ မသွားတတ် မလာတတ်နဲ့ ဒီတဲလေးမှာ ခိုကိုးပြီး နေပါရစေဆိုတဲ့ အကြောင်း နေခွင့်တောင်းတယ်။ စိတ်ကောင်းရှိတဲ့ တဲရှင်သားအမိကလည်း နေခွင့်ပြုလိုက်တယ်။
ဒီလိုနေလာရင်းနဲ့ မင်းသမီးလေးက တဲရှင်လူပျိုဟာ သူ့ရဲ့ဖူးစာဖက် အမှန်ဖြစ်တဲ့အကြောင်း ယုံကြည်ရင်းစွဲရှိတာနဲ့ မကြာခင်ပဲ မိန်းမတို့ရဲ့ မာယာနဲ့ သွေးဆောင်ပြီး နှစ်ဦး နှစ်ဝ မေတ္တာမျှကာ ပေါင်းသင်းနေကြတဲ့ အထိ စွမ်းဆောင်လိုက်တယ်။
မင်းသမီးလေးနဲ့ တဲရှင်လူပျိုလေးဟာ ဒီလိုတိတ်တဆိတ်လက်ထပ်ပြီးနေလာတာဟာ ရက်တွေ၊ လတွေ ကြာလာတော့ အစားဆင်းရဲ အနေဆင်းရဲ ကို မခံနိုင်တဲ့ မင်းသမီးက သူ့လက်စွပ်ကိုချွတ်ပြီး “ မြို့ထဲက သူဋ္ဌေးတစ်ဦးဦးဆီမှာရောင်းချေပါ၊ ပြီးတော့ ရတဲ့ငွေနဲ့ စားစရာ ဝတ်စရာတွေကို ဝယ်ခဲ့ပါ ” လို့ သူ့ယောက်ျားကို ခိုင်းတယ်။
ယောက်ျားဖြစ်သူ အင်ဖက်ကောက်သမားလည်းခိုင်းတဲ့ အတိုင်း လက်စွပ်ကိုယူကာ မြို့ထဲမှာ တစ်မနက်လုံးလည်ပြီး ရောင်းတယ်။ ဒါပေမယ့် ဘယ်သူမှ ဝယ်မယ့်သူမရှိတာနဲ့ စိတ်ပျက်ပြီး ပြန်လာတယ်။ ဒီလိုပြန်အလာမှာ ရွာအပြင်က ချောင်းကူးတံတားလေးပေါ်ရောက်တော့ ခဏနားရင်းက ဒီလက်စွပ်ကြောင့် သူ့မှာ ပင်ပန်းကြီးစွာ တစ်နေ့လုံးလုံး လမ်းလျှောက်နေရတယ်။ ဈေးနှုန်းမေးတဲ့လူတောင် တစ်ယောက်မှ မရှိဘူး။ အလကားလက်စွပ် သက်သက်ဒုက္ခပေးတဲ့ လက်စွပ် လို့ သူမောသမျှ ပင်ပန်းသမျှကို လက်စွပ်အပေါ်ဒေါသထွက်ပြီး လက်စွပ်ကို ချောင်းထဲ ပစ်ချလိုက်တယ်။
တကယ်တော့ လက်စွပ်က အဖိုးမဖြတ်နိုင်တဲ့ ပတ္တမြားရတာနာနဲ့ ကွင်းထားတဲ့လက်စွပ်ဖြစ်လို့ ဘယ်သူကမျှ မဝယ်ရဲ၊ ဈေးမမေးရဲ၊ ဖြစ်နေပြီး ဝယ်မယ့်သူမရှိတဲ့ လက်စွပ်ဖြစ်တယ်။
ဖက်ကောက်သမားဟာ လက်စွပ်ကို ရေထဲ ပစ်ချလိုက်ပြီး တော့ စိတ်ဆိုးပြေသလိုဖြစ်တာနဲ့ သူ့တဲကို ပြန်ခဲ့တယ်။
တဲကို ပြန်ရောက်တဲ့အခါကျတော့ မင်းသမီးက ဆီးပြီး “ လက်စွပ်ရောင်းလို့ ဘယ်လောက်ရသလဲ၊ အစားအစာနဲ့ အဝတ်တွေ မမြင်ပါကလား” လို့မေးတယ်။
ဒီအခါ ဖက်ကောက်သမားက “ မင်းလက်စွပ်က အလကားလက်စွပ်ပါ၊ ဝယ်မယ့်သူဝေးလို့ မေးမယ့်သူတောင် မရှိတာနဲ့ ငါ ချောင်းထဲပစ်ချလိုက်ပြီ ” လို့ ပြန်ပြောတယ်။
ဒီလိုပြောလိုက်တော့ မင်းသမီးက “ ခက်ပါဘိတော့ရှင်ရယ်၊ ရောင်းလို့မရရင်လည်း ဘာဖြစ်လို့ရေထဲပစ်ချရသလဲ၊ ကျွန်မရဲ့ခမည်းတော်ဟာ ကျွန်မကို ချစ်လွန်းလို့ မေတ္တာနဲ့ အမွေပေးထားတဲ့ လက်စွပ်ဖြစ်တယ်။ ဒီလက်စွပ်မှာ ကွင်းထားတဲ့ ပတ္တမြားဟာ အဖိုးမဖြတ်နိုင်တဲ့ပတ္တမြား ” လို့ ယူကျုံးမရနဲ့ ပြောလိုက်တယ်။
ဒီတော့ ဖက်ကောက်သမားက “အံမယ် ကြီးကျယ်လို့၊ ဒီနီနီကျောက်ခဲလေးမျိုးတွေ မင်းဘယ်လောက်များများလိုချင်သလဲ၊ ငါဖက်ကောက်တဲ့ဆီမှာ လှည်းနဲ့တိုက်ယူတောင်မကုန်ဘူး ” လို့ ဘာမျှဂရုမစိုက်သလိုပြန်ပြောတယ်။
ဒီစကားကို ကြားတော့ မင်းသမီးက နောက်တစ်နေ့ဖက်ကောက်သွားရင် သူ့ကိုပါခေါ်ဖို့နဲ့ သူပါလိုက်ကြည့်ချင်ကြောင်းကို ပြောတယ်။
မနက်မိုးလင်းခါနီး ဖက်ကောက်ထွက်တဲ့အခါကျတော့ မင်းသမီးဟာ သူ့ယောက်ျားနဲ့အတူ ဖက်တောကို လိုက်သွားတယ်။ ဖက်တောရောက်တဲ့အခါ သူ့ယောက်ျားပြောတဲ့အတိုင်း ပတ္တမြားတွင်းကြီးကို တွေ့တယ်။ ဒီတင် မင်းသမီးက သူ့ယောက်ျားကို ဖက်မကောက်စေတော့ဘဲ ပတ္တမြားတွေကို နိုင်သမျှ ထမ်းပိုး ယူငင်စေပြီး သူလည်း တစ်ရွက် တစ်ပိုးရွက်ကာ တဲကို ပြန်ခဲ့တယ်။ ပတ္တမြားတွင်းနေရာကို လည်း ခြံခတ်ပြီးထားခဲ့တယ်။
(တောထဲ တောင်ထဲမှာ တစ်နေရာကို ခြံခတ်ထားရင် ဒီနေရာဟာ ပိုင်သူရှိပြီး ဒီခြံထဲက ပစ္စည်းကို ဘယ်သူမှ မယူရဆိုတဲ့အထိမ်းအမှတ်ဖြစ်တယ်။)
အဲဒီကစပြီး သူတို့ဟာ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရတော့ဘဲ မင်းသမီးရဲ့စီစဉ်ပေးတဲ့အတိုင်းရလာတဲ့ပတ္တမြားထဲက တန်ဖိုးနဲတာကလေးတွေကို ထုခွဲရောင်းချပြီး အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြရတော့တယ်။
တစ်နေ့တော့ တောကစားတာဝါသနာပါတဲ့ဘုရင်ကြီးဟာ တောလည်ဖို့ အဖော်အဖြစ် လိုက်ပါကြရန် လူငယ်လူရွယ်တွေကို ဆင့်ခေါ်တော်မူတယ်။
ဒီလိုဆင့်ခေါ်တဲ့ အထဲမှာ အင်ဖက်ကောက်သမားလည်းပါတာဖြစ်လို့ မယားမင်းသမီးက တောကစားသွားတဲ့အခါဖြစ်တတ်တဲ့ အရေးအခင်းကိုတွေးပြီး ကောက်ညှင်းမှုန့်နဲ့ ခမောက်တစ်ချပ်လုပ်ကာ သူ့ယောက်ျားကို ပေးလိုက်တယ်။ တောထဲ တောင်ထဲမှာ ရိက္ခာကုန်နေရင် ဒီကောက်ညှင်းမှုန့်နဲ့လုပ်ထားတဲ့ ခမောက်ကို ဖဲ့ပြီးစားဖို့ မှာလိုက်တယ်။ ဒီလိုစားတာကို တစ်ခြားသူတစ်ပါးကမြင်လို့ တောင်းစားရင် တစ်ခုခုနဲ့ လဲမှ ပေးရမယ်လို့ လည်း မှာလိုက်သေးတယ်။ ဒါနဲ့ အင်ဖက်ကောက်သမားဟာ သူ့မယားလုပ်ပေးတဲ့ ကောက်ညှင်းမှုန့် ခမောက်ကိုဆောင်းပြီး နန်းတော်ကို လာခဲ့တယ်။
နန်းတော်ကို ရောက်လာတဲ့ လူတွေကို ဘုရင်ကြီးက အစုလေးတွေ ခွဲဝေပြီးတော့ တောအနှံ့ အပြားကိုလွှတ်တယ်။ အင်ဖက်ကောက်သမားကတော့ ဘုရင်ကြီးဦးစီတဲ့ အစုနဲ့အတူပါတယ်။ ဘုရင်ကြီးက အင်ဖက်ကောက်သမားကို သူ့သမက်ဖြစ်နေမှန်းမသိဘူး။ အင်ဖက်ကောက်သမားကလည်း သူဟာ ဘုရင်ကြီးရဲ့ သမက်ဖြစ်ကြောင်း မပြောရဲဘူး။
ဒီလိုနဲ့တောထဲကို ဝင်ကြတဲ့အခါ ဘုရင်ကြီးနဲ့ အင်ဖက်ကောက်သမားဟာ တောကောင်တစ်ကောင်ရဲ့နောက်ကို လိုက်ကြရာက သူတို့ ၂ ယောက်အုပ်စုနဲ့ကွဲပြီး တောကြီးမျက်မည်းထဲကို ရောက်သွားတယ်။ ပြီးတော့လည်းတောကောင်ကိုပါမျက်ချည်ပြတ်သွားပြီး လာလမ်းပြန်လမ်းလည်းပျောက်ကာ တဝဲလည်လည်နဲ့ တောထဲမှာလမ်းစရှာမတွေ့ဘဲ ဖြစ်နေတယ်။ ဒီလိုနဲ့ ဘုရင်ကြီးနဲ့ အင်ဖက်ကောက်သမားဟာ တောနက်ကြီးထဲမှာ တဝဲလည်လည်နဲ့ လမ်းစရှာမတွေ့ဘဲ ဖြစ်နေလိုက်တာ သူတို့မှာပါလာတဲ့ ရိက္ခာတွေ ကုန်တဲ့အထိဖြစ်လာတယ်။
ရိက္ခာကုန်တော့ အင်ဖက်ကောက်သမားက သူဆောင်းထားတဲ့ ခမောက်ကို ဖဲ့ပြီးစားတယ်။ ဒါကို ဘုရင်ကြီးကမြင်တဲ့အခါ သူ့ကိုလည်းမျှပါလို့တောင်းတယ်။ ဒီတော့ အင်ဖက်ကောက်သမားက သူ့မယားမှာလိုက်တဲ့အတိုင်း “ ဘုရင်မင်းမြတ် ကျွန်တော်မျိုးဆီက တစ်ဖဲ့စာ လိုချင်လို့ရှိရင် ဘုရင်မင်းမြတ်ရဲ့ရွှေခမောက်ကလည်း တစ်ဖဲ့စာ အစားပြန်ပေးရမယ်။ ” လို့ လျှောက်တင်တယ်။
ဒီအခါ အင်မတန်ဆာနေတဲ့ ဘုရင်ကြီးက သူ့ရွှေခမောက်ကို တစ်ဖဲ့ ဖဲ့ကာ အင်ဖက်ကောက်သမားရဲ့ မုန့်ခမောက်တစ်ဖဲ့နဲ့ လဲယူပြီးစားလိုက်တယ်။ ဒီလိုနဲ့လမ်းစရှာကြရင်း ဘုရင်ကြီးဟာ ဆာလာတိုင်း ရွှေခမောက်ကို ဖဲ့ဖဲ့ ပြိး မုန့်ခမောက်နဲ့ လဲလိုက်တာ နောက်ဆုံးမှာ ရွှေခမောက်လည်းကုန်ပြီး မုန့်ခမောက်လည်း မရှိတော့တဲ့ အဖြစ်ကိုရောက်တယ်။ ဒီလိုခမောက် နှစ်ခုလုံးကုန်တယ်ဆိုပေမယ့် မယားအလိမ္မာရဲ့လင်ဖြစ်တဲ့ အင်ဖက်ကောက်သမားကတော့ ခမောက်တစ်ခုစာ ရွှေတွေကို ရလိုက်တယ်။
ရွှေခမောက်ရော မုန့်ခမောက်ပါ ဆောင်းစရာမရှိတော့တဲ့ အခါကျတော့မှ သူတို့ဟာ လမ်းစကလေးတစ်ခုကို တွေ့ကြတယ်။ ဒီအချိန်မှာ ဘုရင်ကြီးဟာ မောလှပြီဖြစ်လို့ အရိပ်
ကောင်းတဲ့ လမ်းဘေးက ညောင်ပင်ကြီးအောက်မှာ တုံးလုံး ပက်လက်လှဲပြီး ခဏနားတယ်။ ဒီလိုနားနေတုန်း ဘုရင်ကြီးက အင်ဖက်ကောက်သမားကို “ ငါညောင်းလှတယ်၊ နှိပ်ပေးစမ်းပါ ” လို့ခိုင်းတယ်။
ဒီလိုခိုင်းတဲ့ အခါ အင်ဖက်ကောက်သမားက သူ့ကို ဂရုတစိုက် နှိပ်ပေးအောင် ဘုရင်ကြီးက
“ မင်းနှိပ်ပေးတဲ့အတွက် ငါပုံ တစ်ပုံ ပြောပြမယ် ” လို့ပြောပြီး “ ဟို ရှေးတုန်းက …” လို့ အစချီပြီး ပုံ တစ်ပုံကို စပြီးပြောတာနဲ့ ဆက်လက် မပြောနိုင်တော့ဘဲ တစ်ခါတည်း အိပ်ပျော်သွားတယ်။
ဒီအခါ ပုံနားထောင်ဖို့ ရောက်နေတဲ့ တောစောင့်နတ်နဲ့ တောင်စောင့်နတ် က ဘုရင်ဖြစ်ပြီး သူတို့ကို လိမ်ရပါမလားလို့ မကျေမနပ်ဖြစ်ကာ ကျိန်ဆဲလိုက်ကြတယ်။ ဘယ်လိုကျိန်ဆဲလိုက်ကြသလဲ ဆိုတော့….
ဘုရင်ကြီးဟာ အိပ်ယာကထပြီး ဒီညောင်ပင်အောက်က မြင်းနဲ့ မထွက်ခင် ညောင်ကိုင်း ကျိုးကျလို့ ဘုရင်ကြီးသေပါစေ။
ဒါနဲ့မှ မသေသေးရင် နန်းမြို့ကို ဝင်တဲ့အခါ မင်္ဂလာတံတားဘောက်ပြုတ်ကျပြီးသေပါစေ။
မသေသေးပါက စက်တော်ခေါ်တဲ့ အခါ မြွေခဲပြီး သေပါစေ။
ဒါနဲ့လည်း မသေသေးရင် ရေသောက်တဲ့အခါ ရေခွက်ထဲက ကင်းခြေများကိုက်ပြီးသေပါစေ။
တစ်ခါ ဒါမှ မသေရင် ကွမ်းစားတဲ့အခါ ကွမ်းအညှာက အပ်စူးပြီးသေပါစေ လို့ ကျိန်ဆဲကြတယ်။
နတ်တွေကျိန်ဆဲတာကို အင်ဖက်ကောက်သမား သမက်ဖြစ်သူက ကြားတော့ ဘုရင်ကြီးကို သူကယ်မှ ဖြစ်တော့မယ်၊ သူကမှ မကယ်ရင် နတ်တွေရဲ့ကျိန်စာနဲ့ သေရလိမ့်မယ်လို့ တွေးပြီး ယောက္ခမ ဘုရင်ကြီးကို နတ်တွေရဲ့ကျိန်စာ မထိအောင် ကယ်ပါတော့မယ်လို့ သန္နိဋ္ဌာန်ချလိုက်တယ်။
တောစောင့်နတ်ဟာ ပုံပြောမယ်ဆိုပြီး မပြောဘဲ နေတဲ့ ဘုရင်ကြီးကို အားရအောင် ကျိန်ဆဲပြီးတော့မှ သူတို့ရဲ့ ဗိမာန်ကို ပြန်သွားကြတယ်။ နတ်တွေပြန်သွားပြီးတာနဲ့ ဘုရင်ကြီးဟာ အိပ်ယာက နိုးလာတယ်။
အိပ်လိုက်ရလို့ အားအင်တွေပြည့်လာတဲ့ ဘုရင်ကြီးဟာ ခရီးဆက်ထွက်ဖို့ မြင်းပေါ်ကို တက်လိုကတယ်။ မြင်ပေါ်ကို ဘုရင်ကြီးတက်လိုက်တာနဲ့ အင်ဖက်ကောက်သမား က ညောင်ပင်အောက်က အမြန်ဆုံးထွက်မိအောင် ဘုရင်မြင်းကို လှမ်းပြီး ရိုက်လိုက်တယ်။ ဒီလိုရိုက်လိုက်လို့ ဘုရင့်မြင်းကလန့်ပြီး ညောင်ပင်အောက်က ပြေးထွက်သွားတာနဲ့ တပြိုင်နက် ညောင်ကိုင်းကြီးဟာ နတ်တွေရဲ့ကျိန်စာအတိုင်းကျိုးကျလာတယ်။
ဒါပေမယ့် ဘုရင်ကြီးကတော့ ညောင်ကိုင်းအန္တရယ်က လွတ်ပြီး ရှေ့ကသွားနှင့်နေပြီ။ အတန်ကြာသွားမိတဲ့အခါကျတော့ ဖြတ်ကူးရမယ့်တံတားတစ်ခု ကိုရောက်လာတယ်။ ဒီတင် အင်ဖက်ကောက်သမားက နောက်ကအမှီလိုက်လာပြီး တံတားပေါ်စတက်နေတဲ့ မြင်းကို နောက်ကနေ ရိုက်လိုက်ပြန်တယ်။ မြင်းကလည်း သူ့ကို ရိုက်လိုက်တာနဲ့ တံတားကို ဒုန်းစိုင်းပြီး ကူးပြေးတယ်။ တံတား တစ်ဖက်ကို ရောက်ရောက်ချင်းပဲ တံတားဟာ ကျိုးကျသွားတယ်။
နန်းမြို့ထဲ ဝင်တဲ့အခါမှာလည်း မင်္ဂလာတံခါးအဝင်မှာ အင်ဖက်ကောက်သမားကမြင်းကို နောက်ကနေပြီး ရိုက်လိုက်ပြန်တယ်။ ဒီိလိုလုပ်လိုက်လို့ မြင်းဟာအပြေးဝင်သွားပြီးတာနဲ့ တံခါးရွက်ဟာ ပြုတ်ကျလာတယ်။ ဒါပေမယ့် ဘုရင်ကြီးဟာ အန္တရာယ်ကင်းကင်းနဲ့ နန်းမြို့ထဲ ရောက်သွားတယ်။
နန်းတော်ကို ရောက်တဲ့အခါကျတော့ အင်ဖက်ကောက်သမားက “ အရှင်မင်းမြတ်၊ အရှင်မင်းမြတ်မှာ အသက်အန္တရာယ် ရှိနေပါသေးတယ်။ ဘုရင်မင်းမြတ်တောထဲမှာ စက်တော်ခေါ်ရာကထပြီး ပြန်လာဖို့လုပ်စဉ်က ညောင်ကိုင်းကြီးကျိုးကျပါတယ်။ နောက်ဖြတ်လာသော တံတားကျိုးပါတယ်။ ဒါတွေဟာ တောစောင့်နတ်နဲ့ တောင်စောင့်နတ်ရဲ့ ကျိန်ဆဲတဲ့အတွက် ဖြစ်ပါတယ်။ နောက်လည်း ကျန်ပါသေးတယ်။ ဒီည ဘုရင်မင်းမြတ် စက်တော်ခေါ်တဲ့အခါ မြွေခဲဖို့ ရှိပါသေးတယ်။ နောက်ပြီး သောက်တော်ရေ သောက်တဲ့အခါမှာလည်း ရေခွက်ထဲက ကင်းခြေများ ထွက်ကိုက်ဖို့ ရှိပါသေးတယ်။ နောက်ကွမ်းစားတဲ့အခါ ကွမ်းယာက အပ်စူးပြီး နတ်ရွာစံဖို့ ရှိပါသေးတယ်။
ဒါတွေဟာ တောထဲမှာ အရှင်မင်းကြီး အနှိပ်ခံစဉ်က ပုံပြောမယ်လို့ ပြောပြီး ပုံကို ဆုံးအောင် မပြောတဲ့အတွက် တောစောင့်နတ် နဲ့ တောင်စောင်နတ်က ကျိန်ဆဲလိုက်တာဖြစ်ပါတယ်။ နန်းတော်မရောက်ခင် တွေ့ရတဲ့ အန္တရာယ် ၃ ခုကိုတော့ ကျွန်တော်မျိုးက အရှင်မင်းမြတ်ရဲ့ မြင်းကို ရိုက်နှက်ပြီး လွတ်ကင်းအောင် လုပ်ခဲ့ပြီးပါပြီ။ ကျန်တဲ့နန်းတော်ထဲမှာ ဖြစ်မယ့်အန္တရာယ်ကို အခုကျွန်တော်မျိုး သတိပေးရခြင်းဖြစ်ပါတယ်။ သတိဝိရိယနဲ့ ဆောင်ရွက်တော်မူပါ။ ” လို့ လျှောက်တင်လိုက်တယ်။
ဒီတော့မှ ဘုရင်ကြီးက သူ့မြင်းကို အင်ဖက်ကောက်သမားက နောက်ကနေရိုက်ပုံ၊ ရိုက်လို့ မြင်းက လန့်ပြီး အပြေးမှာ ညောင်ကိုင်းကြီး ကျိုးကျပုံ၊ မင်္ဂလာတံတားဘောင်ပြုတ်ကျပုံတွေကို သတိရပြီး ဒီ အတိုင်းဆိုရင် သင်မပြန်လေနဲ့ဦး၊ ငါနဲ့အတူ နန်းတော်မှာနေပြီး သင်သိထားသလို ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဆက်ပြီး ဆောင်ရွက်ပါလို့ အမိန့်ရှိတယ်။
အင်ဖက်ကောက်သမားဟာ အမိန့်အတိုင်း ဘုရင့်အပါးမှာ နေလိုက်တယ်။ ဒါနဲ့ ညမိုးချုပ်လို့ ဘုရင်ကြီးစက်တော်ဆောင် ဝင်တဲ့အခါကျတော့ စက်တော်ဆောင်ရဲ့ ကြိုကြိုကြားကြားကို အင်ဖက်ကောက်သမားက စစ်ဆေးကြည့်ရှုတယ်။ ဒီတင် အဆိပ်ပြင်းလှတဲ့ မြွေကြီးတစ်ကောင်ကို တွေ့တယ်။ ဒါနဲ့မြွေကြီး ကို ရိုက်သတ်ပြီး ဘုရင်ကြီးကို ပြတယ်။
မြွေရန်အေးသွားတော့ ဘုရင်ကြီးက ရေဆာတာနဲ့ သောက်ရေခွက်နဲ့ရေကိုခပ်ပြီး သောက်မယ်လို့ လုပ်တဲ့အခါ အင်ဖက်ကောက်သမားကလှမ်းပြီး ဘုရင့်လက်ထဲက ရေခွက်ကို ဆွဲယူလိုက်တယ်။ ဒီအခါ ရေခွက်ထဲက ကင်းခြေများကြီးတစ်ကောင် ထွက်လာတာကိုတွေ့ရတယ်။ အင်ဖက်ကောက်သမားဟာ ကင်းခြေများကို ဘုရင့်ရှေ့မှာပဲ သတ်ပစ်လိုက်တယ်။
ပြီးတော့ ဘုရင်ကြီးဟာ ကွမ်းစားမလို့ ကွမ်းအစ်ကိုဆွဲပြီး ကွမ်းယာဖို့ ပြင်လိုက်တဲ့အခါမှာလည်း အင်ဖက်ကောက်သမားက ဘုရင်ကြီး လက်က ကွမ်းရွက်ကိုဆွဲယူပြီး အညှာကို ကြည့်လိုက်တယ်။ ဒီအခါ အညှာထဲက အပ်တစ်ချောင်းကို တွေ့ရပြန်တယ်။ အပ်ကို ယူပြီး ဘုရင်ကြီးရဲ့ အသက်ကို ကယ်လိုက်ပြန်တယ်။
ဒီအခါ ဘုရင်ကြီးက သူ့အသက်ကို အကြိမ်များစွာ ကယ်တဲ့ အင်ဖက်ကောက်သမားကို ကျေးဇူးတင်လှပြီး အမျိုးအနွယ်နဲ့ အလုပ်အကိုင်ကို မေးတယ်။ ဒီတော့ အင်ဖက်ကောက်သမားက သူ့ရဲ့ အတ္ထုပ္ပတိကို ရှင်းလင်းပြောပြလိုက်တယ်။ ဒီတော့မှ ဘုရင်ကြီးက သူ့အသက်ကို ကယ်လိုက်တဲ့ အင်ဖက်ကောက်သမားဟာ သူ့သမက်ဖြစ်မှန်းသိသွားပြီး ညတွင်းချင်ပဲ သမီးတော်နဲ့ အင်ဖက်ကောက်သမားရဲ့ မိခင်ကို အခမ်းအနားနဲ့ နန်းတော်ကို ခေါ်စေတယ်။
နောက်တနေ့မနက် ညီလာခံကျတော့ ဘုရင်ကြီးက သူ့သမီးတော်ဟာ စစ်မှန်တဲ့ ဖူးစာရှင်ကို ရတဲ့အတွက် ကြီးပွားချမ်းသာပြီး အဖိုးမဖြတ်နိုင်တဲ့ပတ္တမြားရတနာတွေ မရေမတွက်နိုင်အောင် ပိုင်ဆိုင်နေပုံနဲ့ သူ့သမက်တော်ကလည်း သူတောကစားထွက်ရာမှာ သူ့ကို သေဘေးက အကြိမ်ကြိမ် ကယ်ဆယ်ခဲ့ပုံ၊ အမြှော်အမြင်ရှိတဲ့မယားရဲ့စကားကို နားထောင်တဲ့ သမက်ဖြစ်လို့ တောထဲမှာ ရိက္ခာကုန်ပေမယ့် ငတ်လို့မသေရဘဲ သူ့ သရဖူ ခမောက်ကိုပါ သမက်တော်က ရအောင်ယူနိုင်ပုံ ကို ချီးကျူးပြောဆိုပြီး ဒီညီလာခံမှာပဲ သမက်တော် အင်ဖက်ကောက်သမားကို အိမ်ရှေ့မင်းအရာ လွှဲပေးလိုက်တယ်။
ဒီအချိန်ကစပြိး မင်းသမီးနဲ့ အင်ဖက်ကောက်သမားဟာာ ချမ်းသာ ပျော်ရွှင်စွာနေကြရပြီး ဘုရင်ကြီးနတ်ရွာစံတဲ့အခါ အဲဒီတိုင်းပြည်ရဲ့ ပြည့်ရှင်ဘုရင်ကြီးနဲ့ မိဘုရားကြီးဖြစ်လာတယ်။
(ဒီပုံပြင်ကို ၁၉၇၂ ခု ဧပြီလ ၈ ရက်နေ့က တံခွန်တိုင်ပွဲမှာ ဒေါဆော်ဘီးရွာက ဦးဖြေရယ် က
ပြောပြပါတယ်။)
(လူထုဦးလှ၏ တိုင်းရင်းသားပုံပြင်များမှ ကူးယူဖော်ပြပါသည်။)