Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အချစ်ဆုံးမို့ အချစ်မသုဉ်းစေသင့်ပါ

$
0
0

ကျုပ်နဲ့ ကျုပ်ရဲ့ မဟေသီလေးက အကြောင်းပါခဲ့ပါတာ နှစ်ပေါင်းတော်တော်လေးတော့ ကြာခဲ့ပြီ။

ဒါပေမယ့် ကျုပ်ရဲ့ မဟေသီအပေါ် ကျုပ်ရဲ့ အချစ်တွေက လျော့သွားတယ်လို့တော့ မရှိခဲ့ပါဘူး။

တစ်နေ့ထက်တစ်နေ့ အချစ် ဒီဂရီတွေ တိုးတက်မြဲသာ တိုးတက်နေခဲ့တာပါ။

ချစ်လွန်းတော့လဲ တစ်ခါတစ်ခါ သဝန်ကြောင်တဲ့စိတ်တွေတောင် ပေါ်ပေါ်လာတတ်သေးရဲ့။

ကျုပ်က ကျုပ်ရဲ့မဟေသီလေးကို ဒီလောက်ထိအောင် ချစ်တယ်ဆိုတော့ ကျုပ်မဟေသီလေးက တော်တော်လှတယ်လို့ ခင်ဗျားတို့

ထင်ကြလိမ့်မယ်။ မလှပါဘူး။ ကျုပ်မဟေသီက အချောအလှဧကရီတွေရဲ့ စာရင်းဝင်မဟုတ်ပါဘူး။

သာမန် ရွက်ကြမ်းရေကျို အဆင့်သာပါ။

ဒါဖြင့်ရင် ဘာဖြစ်လို့ ဒီလောက်တောင် ချစ်သလဲဆိုတော့ ကျုပ်ရဲ့ မဟေသီလေးက ကျုပ်အပေါ်မှာ ကျွန်တစ်ယောက်လိုလဲ

ကျိုးနွံရိုသေအလိုက်သိတယ်ဗျာ။ နှမလေးတစ်ယောက်လိုလဲ ကျုပ်ကို ဂရုတစ်စိုက်နဲ့ ကြင်နာတယ်ဗျာ။

အမေတစ်ယောက်လိုလဲ အရာရာမှာ အမှားအယွင်းမရှိရအောင် ဖြောင်းဖြောင်းဖျဖျ သွန်သင်ဆုံးမတတ်တယ်ဗျာ။

ပြောရရင် သူဟာ ကျုပ်ရဲ့ တာဝန်ကျေတဲ့ ကျွန်မကလေး၊ ချစ်စရာကောင်းတဲ့ နှမကလေး၊ လေးစားစရာကောင်းတဲ့ မိခင်၊

အကြံဉာဏ်ကောင်းတွေပေးတတ်တဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက်ကလေး ဒီလိုဂုဏ်တွေကြောင့် ကျုပ်က သူ့ကို အချစ်တွေတိုးပြီးရင်း

တိုးနေရတာပါဗျာ။ အချစ်တွေတိုးတော့လဲ တစ်ခါတစ်ခါ ကျုပ်က အချစ်စမ်းတတ်တယ်ဗျ။

တစ်နေ့ကတော့ ကျုပ်မဟေသီလေးကို ကျုပ်က မေးခွန်းလေးတစ်ခု မေးမိပါရဲ့။

‘အသက်ရယ် ဒီလောကကြီးထဲမှာ မင်းရဲ့ အချစ်ဆုံးသူက ဘယ်သူများလဲဟင်’လို့။

ကျုပ်မဟေသီလေးကလဲ အပါးလေးဗျ ဖြေလိုက်တာများ ‘ကျွန်မကိုယ်ကျွန်မ အချစ်ဆုံးပေါ့ မောင်’တဲ့။

ကျုပ်လိုချင်တဲ့အဖြေမဟုတ်ပေမယ့် သဘာဝဆန်ပြီး မှန်ကန်တဲ့ အဖြေဆိုတော့ ကျုပ်ကလဲ ငြိမ်ငြိမ်လေး လက်ခံလိုက်ရတာပေါ့ဗျာ။

ဟုတ်တယ်လေ ကျုပ်လဲ ကျုပ်ကိုယ်ထက်ပိုပြီး ဘယ်သူ့ကိုမှတော့ မချစ်နိုင်ပါဘူး။

တခြားလူတွေကိုလဲ မေးကြည့်မယ်ဆိုရင်လဲ အဖြေက ဒီလိုပဲ ထွက်လာမှာပါပဲ။ မှန်ကန်တဲ့အဖြေကို ပေးကြကြေးဆိုရင်ပေါ့ဗျာ။

မိမိကိုယ်နှင့်တန်းတူသော ချစ်အပ်သောသူသည် မရှိဘူးဆိုတဲ့ ဘုရားရှင်ရဲ့ စကားတော်အတိုင်း အားလုံးဟာ မိမိကိုယ်ကိုသာ

အချစ်ဆုံးပါပဲဗျာ။

တစ်ခါတော့ ကျုပ်စဉ်းစားမိတယ်ဗျ။

ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဆိုတဲ့ လူတွေအားလုံးဟာ တစ်ကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ချစ်ကြရဲ့လားဆိုတာကိုပေါ့။

ကျုပ်အထပ်ထပ်အခါခါစဉ်းစားပါတယ်။ စဉ်းစားတော့လဲ အဖြေပေါ်တာပေါ့ဗျာ။

ချစ်တယ်လို့ ကျုပ်တို့ သုံးနှုန်းနေကြတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်ကို ကျုပ်က ဒီလိုလေးဖွင့်ဆိုချင်တယ်ဗျ။

ချစ်တယ်ဆိုတာ ချမ်းသာစေချင်တာ။

ခင်ဗျားရဲ့ သားသမီးကို ခင်ဗျားချစ်ရင် အဲဒီသားသမီးလေးတွေကို ခင်ဗျားချမ်းသာအောင်ကြိုးစားမယ်။

ခင်ဗျားရဲ့ မိဘတွေကို ခင်ဗျားချစ်ရင် အဲဒီမိဘတွေကို ချမ်းသာအောင်ထားမယ်။

ခင်ဗျားရဲ့ ချစ်သူရည်းစားကို ခင်ဗျားချစ်ရင် အဲဒီချစ်သူကို ခင်ဗျားချမ်းသာအောင် ထားနိုင်ဖို့ ကြိုးစားမှာပဲ။

ဒါကြောင့် ချစ်တယ်ဆိုတာ ချမ်းသာစေချင်တာလို့ ကျုပ်က ဖွင့်ဆိုချင်တာပေါ့ဗျာ။

ခုခင်ဗျားက ခင်ဗျားကိုယ် ခင်ဗျား အချစ်ဆုံးဖြစ်တဲ့အတွက် ငါချမ်းသာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ အမြဲတမ်း ကြိုးစားနေမှာပဲ။

ငါဆင်းရဲဖို့ ရည်ရွယ်ချက်နဲ့တော့ ဘယ်တော့မှ ခင်ဗျားအလုပ်လုပ်မှာမဟုတ်ဘူး။

ဒါပေမယ့် တစ်ချို့က ချမ်းသာဖို့လို့ အလုပ်လုပ်နေပေမယ့် မသိမသာ ဆင်းရဲအောင် လုပ်မိနေတတ်ကြတယ်ဗျ။

အဲဒီလူတွေကတော့ မကောင်းမှုတွေကို လုပ်နေ ပြောနေ ကြံစည်နေတဲ့ သူတွေပဲပေါ့ဗျာ။

ခင်ဗျားပဲ စဉ်းစားကြည့်လေ။

မကောင်းမှုတွေကို လုပ်ရင် ပြောရင် ကြံစည်ရင် မကောင်းကျိုးတွေက ကျုပ်တို့ဆီကို အနှေးနဲ့ အမြန်ရောက်လာမှာလေ။

ဘယ်လောက်ပဲ ချမ်းသာချင်လို့ပါလို့ ပြောပြော အဲဒီလူဟာ ဆင်းရဲတော့မှာ အသေအချာပဲ။

ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးပါလို့ ဘယ်လောက်ပဲ ရွတ်နေရွတ်နေ အဲဒီလူဟာ ကိုယ့်ကိုယ်ကိုယ်မချစ်တတ်တာ အသေအချာပဲ။

အချစ်ဆုံးပါလို့ ရေရွတ်ရင်းနဲ့ အချစ်တွေသုဉ်းနေတဲ့သူပဲ။

အချစ်ဆုံးပါလို့ ပြောရင်းနဲ့ အမုန်းဆုံးလူတွေရဲ့ အလုပ်ကို လုပ်နေတဲ့သူပဲ။

တစ်ချို့များကတော့ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ဒီသုံးမျိုးမှာ ကောင်းမှုတွေချည်းပဲဖြစ်အောင် နေထိုင်ကြတယ်။

အဲဒီလူတွေကတော့ တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့သူလို့ ကျုပ်ကဆိုချင်တယ်။

ဘာကြောင့် ဆိုတော့ ဒီလူတွေကမှ ကိုယ့်ကိုယ်ကိုယ် ခုရောနောင်ပါ ချမ်းသာအောင် ကြိုးစားနေကြတဲ့သူတွေလေ။

ကိုယ့်ကိုယ်ကိုယ် မချစ်ပါဘူးလို့ ပြောချင်ပြောနေမယ်။ သို့သော် သူတို့က တကယ်ချစ်တတ်တဲ့သူ အမှန်ပဲ။ ဒါက ကျုပ်ရဲ့အတွေး။

ဘုရားရှင်ကလဲ ခုလို ဟောပါတယ်။

မိမိကိုယ်ကို ချစ်အပ်တယ်လို့ သိမြင်တဲ့ သူတွေဟာ ဘယ်သောအခါမှ မိမိကိုယ်ကို မကောင်းမှုဒုစရိုက်တရားတွေနဲ့ မယှဉ်မစပ်စေရဘူး။

မကောင်းမှုဖြင့် ချမ်းသာသုခဆိုတာကို ရဖို့ရာ ဘယ်လိုမှ မလွယ်ကူပါဘူးတဲ့။

ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်တယ်ဆိုရင် ကောင်းမှုသုစရိုက်တရားတွေကို ကြိုးစားပါ။

ကောင်းမှုသုစရိုက်ဖြင့်သာလျှင် ချမ်းသာသုခကို ရနိုင်ကြတယ်။

သင်တို့ သေဆုံးတဲ့အခါ သင်တို့ရဲ့ စည်းစိမ်ဥစ္စာ အလုံးစုံဟာ သင်တို့ရဲ့ နောက်ကို လိုက်ပါမှာမဟုတ်ဘူး။

သင်တို့ပြုထားတဲ့ ကောင်းမှု မကောင်းမှုတွေကသာ သင်တို့ရဲ့ နောက်ကို လိုက်ပါသွားလိမ့်မယ်။

ဒါကြောင့် မိမိကိုယ်ကို ချစ်အပ်တယ်လို့ သိတဲ့ သူမှန်သမျှသည် မကောင်းမှုတွေကို ရှောင်ရှားပြီး ကောင်းမှုတရားတွေကို

ကြိုးစားကြပါ…တဲ့။

ခင်ဗျားကို ကျုပ်ပြောပါရစေ။ ခင်ဗျားဟာ ခင်ဗျားကိုယ်ခင်ဗျား အချစ်ဆုံးပါလို့လက်ခံရင် ကောင်းမှုတရားတွေကို ကြိုးစားပါ။

မကောင်းမှုတွေကို ရှောင်ကြဉ်ပါ။ ဒီလိုမှမဟုတ်ပဲ ချစ်ပါတယ်ဆိုပြီး မကောင်းမှုတွေချည်းပဲ ခင်ဗျားလုပ်နေမယ်ဆိုရင် ခင်ဗျားဟာ

အချစ်ဆုံးမဟုတ်ပဲ အချစ်သုဉ်းနေသူ ဖြစ်သွားလိမ့်မယ်။ ကျုပ်ပြောချင်တာကတော့ ဒါပါပဲဗျာ။

အမှန်တကယ် ချစ်တတ်ကြပါစေဗျာ။

ကောသလသံယုတ်၊ ပိယသုတ်ကို မှီငြမ်းပါသည်။

မွန်လေး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>