ခုတလော ဖတ်ရတဲ့ ပို့စ်တွေမှာ တစ်ခြားသူတွေရဲ့ ပို့စ်တွေကို မသိမသာ ခပ်ပါးပါးလေး တွန်းတို့သွားတာတွေ များနေသလားလို့ ထင်မိတယ်။ ကျွန်တော်တို့မြို့တော်က စာရေးသူအားလုံးဟာ စာရေးဆရာကြီးတွေ ကလောင်တစ်ချောင်းကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်သူတွေ မဟုတ်ကြသေးပါဘူး။ ပြောရရင်တော့ လိုလာခရီးကို ဘေးကင်းကင်း နဲ့ရောက်အောင် အကျိုးရှိတဲ့ခရီးကို ပျော်ပျော်ရွှင်ရွှင်သွားရောက်နိုင်အောင် ဆိုင်ကယ်စီးလေ့ကျင့်နေတဲ့ သင်ယူနေတဲ့ လူတစ်ယောက်အဆင့်မှာပဲ ရှိကြပါသေးတယ်။ သယ်ချင်းတို့ အရည်အချင်းကို အထင်သေးဆော်ကားတာမျိုး မဟုတ်ရပါဘူးနော်။ သယ်ချင်းတို့ စာတွေကို ကျွန်တော်ကိုယ်တိုင် ဖတ်နေရတာပဲ။ သယ်ချင်းတို့အရည်အချင်းကို အသိမှတ်ပြုတဲ့သူတွေထဲမှာ ထိပ်ဆုံးပိုင်းက ကျွန်တော်ပါပါတယ်။ သယ်ချင်းတို့ကိုယ်တိုင် တကယ့် စာရေးဆရာကြီးတွေ လုံးချင်းဝတ္ထုတွေရေးထုတ်နိုင်နေတဲ့ ကလောင်ပိုင်ရှင်ကြီးတွေ ဖြစ်နေရင် မြို့တော်လေးမှာ ခုလိုဝင်ရေးနေကြပါအုံးမလားဆိုတာကိုေ၀၀ါးစွာတွေးမိခဲ့ပါတယ်။ ခုလို တွေ့ဆုံနေချိန်လေးမှာ လက်တွဲလို့ ကူညီစေချင်ပါတယ်။ တွန်းလှန်လို့ ကန်ချခဲ့တာမျိုးကို မဖြစ်စေလိုပါဘူး။ လုံးချင်းဝတ္ထုတွေ ရေးနေတဲ့ စာရေးဆရာ, အရင်က အတွေးသစ်ဂျာနယ်မှာ ပုံမှန်ပါဝင်ရေးသားနေတဲ့ စာရေးဆရာ, ကဗျာဆရာတွေနဲ့ ရင်းနှီးပါတယ်။ သူတို့ အဲလိုအသိအမှတ်ပြုခံ စာရေးဆရာတွေဖြစ်လာဘို့ ရှေးစာရေးဆရာတွေ ရေးထားတဲ့ စာတွေကို ဖတ်ရပါတယ်။ ကြိုက်တဲ့ စကားလုံးတွေကို စုဆောင်းထားရပါတယ်။ ရှေးဆရာကြီးတွေရဲ့ ရေးနည်းရေးဟန် စကားလုံးသုံးစွဲပုံ ဇာတ်လမ်းဇာတ်ကွက်ပုံဖော်ပုံတွေကို အတုယူရပါတယ်။ သူတို့ရဲ့ ဖန်တီးမှု့ကို တုအောင်မတုနိုင်ဘူးဆိုရင်တောင် တုလောက်အောင်နီးနီးထိ အတုယူ ရေးသားရပါတယ်။ ရှေးဆရာတွေရဲ့ အထင်ကရ ကိုယ်ပိုင်စကားလုံးတွေ မဟုတ်ရင် ကိုယ့်စာပေထဲမှာ ထည့်ရေးကြပါတယ်။ ကိုယ်ပိုင်အတွေး ကိုယ်ပိုင်ဖန်တီးမှု့နဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ တီထွင်ပြီးရေးကြရတယ်။ အများလက်ခံ လောက်တဲ့ သင်ခန်းစာပေ စာပေတွေ ရသပေးစာပေတွေ ပညာပေး စာပေတွေကို ပြုစုကြရတယ်။ ဒါဟာ သဘာဝတရားတစ်ခုပါ။ ဒါကို Paraphrasing - လို့ ခေါ်လို့ သတ်မှတ်လို့ ရနိုင်မယ်မထင်ပါဘူး။ Paraphrasing – နဲ့ ပတ်သက်နဲ့ ယူဆချက်တွေကလည်း အမျိုးမျိုးပဲလေ။
အဲဒီလိုကိုယ်ပိုင်စာပေအဖြစ် ပြုစုကြတဲ့အခါ တစ်ချို့စကားလုံးတွေကို ကိုယ့်စာပေထဲမှာ ထည့်သုံးတာ ရှိချင်ရှိမယ်။ စာရေးဆရာတစ်ယောက်ရဲ့ ကိုယ်ပိုင်စကားလုံးတွေဆိုရင်တော့ မူရင်းပိုင်ရှင်ရဲ့ ကလောင်အမည်ကို ထည့်ရေးပေးရပါတယ်။ ဥပမာ -- ကဗျာတို့ သြ၀ါဒတို့ မိန့်ခွန်းတို့ အမှတ်တရ စာစုတို့ပေါ့ဗျာ။ ကျန်တဲ့ဇာတ်လမ်းဖန်တီးမှု့တော့ တူချင်တူနေကြပါလိမ့်မယ်။ အဲလိုတူတာကိုလည်း စာပေခိုးတယ်လို့ မသမာ လိမ်ညာတယ်လို့ ပြောလို့ စွတ်စွဲလို့ မရပါဘူး။ သူများရေးထားတဲ့ စာပေကို မူရင်းအတိုင်း ကော်ပီလုပ်တယ်ဆိုရင်တော့ မူရင်းစာပေရှင်ရဲ့ ကလောင်ကို ထည့်ပေးရပါတယ်။ မူရင်းစာကို ကော်ပီလုပ်တာ မဟုတ်ပဲ တစ်ယောက်ယောက်ရေးထားတဲ့ အကြောင်းအရာကိုပဲ ကိုယ့်အတွေး ကိုယ့်ရှု့ဒေါင့် ကိုယ့်အမြင်နဲ့ ပြန်လည်ရေးသားတာဆိုရင်တော့ ဘာကိုပြန်လည် ရေးသားထားပါတယ်လို့ ရေးပေးရပါမယ်။ ရေးသားသူရဲ့ နာမည်ကိုမှတ်မိရင် ရေးပါ။ နာမည်မမှတ်မိရင် တစ်ယောက်ယောက် ရေးဘူးကြောင်း ဘယ်လို အကြောင်းအရာဖြစ်ကြောင်းကိုရေးပေးပါ။ ဒါကို ကော်ပီလို့ ယူဆရင်လည်း ယူဆနိုင်ပါတယ်။ ကျွန်တော့်အမြင်ကတော့ အကြောင်းအရာတူပေမဲ့ ကိုယ်ပိုင်ဟန်နဲ့ ပြန်ရေးတဲ့အခါ ကော်ပီလို့ မထင်ပါဘူး။ ကိုယ့်အတွေးနဲ့ ပြန်လည်ခံစားခြင်းပဲလို့ ထင်ပါတယ်။ အကြောင်းအရာတစ်ခုကို သူသူငါငါ ကိုယ့်ခံစားချက်နဲ့ကို ခံစားခွင့် ရေးဖွဲ့ခွင့် တင်ပြခွင့်ရှိရမှာပေါ့။ ကျွန်တော့်အမြင်ဟာ မှားချင်လည်း မှားမှာပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက်ခံယူချက်ခြင်း အမြင်ခြင်းမှ မတူတာပဲလေ။ ဥပမာပေါ့ - - ပုဂံအကြောင်းကို အပြိုင်အဆိုင်ဇာတ်ကားရိုက်ကူးကြတယ်။ ပေးဆပ်သူတို့နှလုံးသားနဲ့ ကျန်စစ်မင်းပါပဲ။ အကြောင်းအရာတစ်ခုကို သူ့ခံစားချက်နဲ့သူ သူ့အတွေးနဲ့သူ တင်ပြတဲ့အခါ ဒါကို တစ်ယောက်ယောက်က ကော်ပီလုပ်တယ်လို့ စွတ်စွဲလို့ရနိုင်ပါသလား။ သယ်ချင်းတို့ကရော ဘယ်လိုများ ခံယူထားကြပါသလဲ?။ သိချင်လို့ပါနော်။
ကဲ သယ်ချင်းတို့ရေ ကျွန်တော်ကတော့ သယ်ချင်းတို့ရဲ့ ဘယ်လိုစာပေမျိုးမဆို အားပေးနေပါတဲ့ ပရိသတ်တစ်ယောက်ပါ။ ချစ်ကြည်ရေးပွဲကစားတဲ့အခါ အနိုင်အဆုံးက သိပ်အရေးမပါဘူး။ ကိုယ့်အရည်အသွေးကိုပြသရင်း သူ့အရည်အသွေးကို လက်ခံအားပေးတတ်ဘို့ပါပဲ။ ချစ်ကြည်ရေးကစားပွဲမှာ အရှုံးထက် အရုပ်ဆိုးအကျည်းတန်တာ တစ်ခုရှိနေပါတယ်။ အဲဒါကတော့ တစ်ဖက်အသင်းနဲ့ တစ်ဖက်အသင်း ပုတ်ခတ်ထိပါး စောက်ကားရန်စ တိုက်ခိုက်နေကြတာပါပဲ။ စာရေးချင်သူဟာ စာမဖတ်လို့ မရပါဘူး။ သူများတွေရေးထားတဲ့ စာကိုဖတ်ရပါတယ်။ ဖတ်ပြီး ကိုယ်မတွေးမိတတ်တဲ့ အတွေးလေးတွေ ကိုယ်မရေးတတ်တဲ့အရေးလေးတွေ ကိုယ်မသုံးတတ်တဲ့ အသုံးအနှုန်းစကားလုံးလေးတွေကို တွေ့ရင် ကြိုက်ရင် မှတ်ထား သိမ်းထားရပါတယ်။ အဲဒါတွေကို ကိုယ်ပိုင်ခံစားချက်နဲ့ ကိုယ်ပိုင်အတွေးနဲ့ ကိုယ်ပိုင်ဖန်တီးမှု့နဲ့ ကိုယ်ပိုင်စာပေတွေ ပြုစုရေးသားရပါတယ်။ ဒီတော့ ကိုယ်ကြိုက်တဲ့သူရဲ့ ရေးသားဟန်တွေ စကားလုံးလေးတွေ ပါကောင်း ပါနိုင်ပါတယ်။ ဒါကို ကျွန်တော်တို့ ဝေဘန်စေရာ အပြစ်တင် နေစရာ မလိုပါဘူး။ နားလည်ပေးနိုင်ရပါမယ်။ ခုလောလောဆယ် ဖတ်လိုက်တဲ့ ပို့စ် နှစ်ခုသုံးခုလောက်မှာ တစ်ချို့စကားလုံးလေးတွေကို ကျွန်တော် နည်းနည်း ပြန်တို့ ပေးလိုက်ပါတယ်။ ဘယ်လိုများ ခံစားရမလဲလို့ သိချင်လို့ပါ။ စေတနာ သက်သက်နဲ့ပါပဲ။ စာရေးသားသူ အားလုံးကို ကျွန်တော်လေးစားပါတယ်။ ဖတ်လို့ကောင်းအောင် ချောမောပြေပြစ်အောင် ထိမိပေါ်လွန်အောင် အများလက်ခံအောင် ရေးဘို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော့်အမြင် ကျွန်တော့်အတွေးနဲ့တော့ တကယ်ကို မလွယ်တာပါ။ သယ်ချင်းတို့ ပို့စ်တွေ ကဗျာတွေထဲမှာ ကျွန်တော်ကြိုက်တဲ့ စကားလုံးတွေ ကျွန်တော်လုံးဝ မရေးတတ်တဲ့ စာသားတွေ ကျွန်တော်လုံးဝ မတွေးတတ်တဲ့ အတွေးကောင်းကောင်းလေးတွေ ပါပါတယ်။ အဲဒါတွေကို ကျွန်တော် မှတ်သားထားပါတယ်။ ကော်ပီလုပ်ပီး ဆေ့ဗ်လုပ်ထားတာတွေလည်း ရှိပါတယ်။ အခွင့်သင့်လို့ ရေးသင့်ရင် အဲဒီစကားလုံးလေးတွေကို ကျွန်တော် ထည့်သုံးဖြစ်မှာပါ။ ဥပမာဆိုပါတော့ သစ္စာမဲ့တဲ့ သစ်ပင်အောင်မှာ ငါ့အချစ်တွေ ခိုင်မာနေတော့ -- ပေါ့လေ။ မူရင်းအတိုင်းတော့ မဟုတ်ပါဘူး။ မူရင်းစာသားနဲ့ ကလောင်ရှင်ကို ကျွန်တော်ကော်ပီလုပ်ထားပါတယ်။ ဘယ်နား သိမ်းထားမိမှန်းမသိလို့။ ရှာကြည့်သေးတယ် မတွေ့လို့ပါ။ မြို့တော်ကဗျာတွေထဲက စာသားလေးပါ။ အရမ်းကြိုက်ခဲ့တဲ့ ကဗျာလေးပါ။ အထူးသဖြင့် အဲဒီစာသားလေးကိုပေါ့။ ကဗျာပြိုင်ပွဲဝင် ကဗျာတွေထဲကလို့ ထင်ပါတယ်။ ထားပါတော့။ ကျွန်တော်က အဲဒီစာသားနဲ့ခပ်ဆင်ဆင် အဓိပ္ပါယ်တူ စကားလုံးကို သုံးလိုက်တယ်ပေါ့ဗျာ။ အဲဒါကို ကော်ပီလို့ သယ်ချင်းတို့ ယူဆပါသလား?။ ကျွန်တော်ကတော့ မယူဆဘူး။ အတုယူရေးတယ်လို့ပဲ ယူဆတယ်။ ဒါဟာ လုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ရှေးစာရေး ဆရာတွေလည်း ဒီလိုပဲ လုပ်ခဲ့ကြတာပါပဲ။ ဒါကို အပြစ်တစ်ခုအနေနဲ့ ခပ်ပါးပါးဖြစ်ဖြစ် ခပ်ထူထူဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ထင်ထင်ရှားရှားဖြစ်ဖြစ် ပွတ်ဆွဲတာမျိုး တွန်းတို့တာမျိုး မလုပ်သင့်ဘူးလို့ ထင်ပါတယ်။
ခုလို ပြောပြတာဟာ ကျွန်တော်ကိုယ်တိုင်က ကော်ပီတွေလုပ်နေလို့ မဟုတ်ပါဘူးနော်။ ကျွန်တော်ရေးတဲ့ စာပေဟာ အပြင်မှာ တကယ်ဖြစ်နေတဲ့ အဖြစ်မှန်တွေ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ကိုယ်တိုင်ရေးတဲ့ စာတွေချည်းပါပဲ။ အကြောင်းအရာတူကို ပြန်လည်းရေးသား မျှဝေတာတော့ ရှိတာပေါ့။ ရှေးစာရေးဆရာတစ်ယောက်ယောက်ရေးသားဘူးတဲ့စာကို ဖတ်ဘူးတဲ့စာကို ပြန်လည်ရေးသား မျှဝေတဲ့အခါ အမှာစာကို ကျွန်တော်ထည့်ရေးလေ့ရှိပါတယ်။ ခုလိုပြောရတာဟာ တက်လမ်းရှိတဲ့ သစ်ပင်ပျိုလေးတွေကို သစ်ရွက်တစ်ရွက်မှာ ပိုးပေါက်ပါလို့ဆိုတဲ့ သေးမွှားတဲ့ ပစ်ချက်နဲ့ ခုတ်လှဲ တွန်းဖဲ့ခဲ့ကြမှာကို အရမ်းစိုးရိမ်လို့ပါ။ မြို့တော်မှာ တက်လမ်းရှိတဲ့ စာပေ၀ါသနာရှင်တွေ အများကြီးတွေ့ထားပါတယ်။ အတွေးကောင်း အရေးကောင်းတဲ့ ပညာ ဗဟုသုတ ရသတွေကို ထိထိမိမိ ပေးစွမ်းနိုင်တဲ့ ကလောင်ရှင်တွေ များစွာရှိပါတယ်။ သူတို့စာပေတွေကို ဖတ်ခွင့်ရလို့ သူတို့နဲ့ခင်မင်ခွင့်ရလို့ မြို့တော်လေးမှာ ပျော်နေကြရ တာပေါ့ဗျာ။ မြို့တော်သားအချင်းချင်းတော့ သွေးစည်းစေချင်ပါတယ်။ အရိုးထွင်စားရင်ဖြစ်တဲ့ ဈေးကြီးပေးထားတဲ့ အသားတုံးကို အရိုးပါတယ်ဆိုတဲ့ မလုံလောက်တဲ့ အကြောင်းပြချက်လေးနဲ့ လွှင့်မပစ်ကြ ပါနဲ့။ ခွင့်လွှတ်ပေးကြပါနော်။ စာရေးဝါသနာပါတယ်ဆိုတဲ့ အချက်နဲ့တင် သယ်ချင်းတို့ကို ခင်မင်နေတဲ့သူပါ။ ခုလို ရေးလိုက်တော့ ကြိုက်တဲ့သူက နည်းနည်း မကြိုက်တဲ့သူကများများ ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ကိစ္စမရှိပါဘူး။ စိတ်ကြိုက် အော်ဟစ်ခွင့် ကောမန့်ပေးခွင့်ရှိပါတယ်။ ကျွန်တော်က သုညပါ။ သုညသမားအတွက် ဘာမှ ထူးပြီး ဆုံးရှုံးသွားစရာ မရှိပါဘူး။ သုညသမားလေးရေးလိုက်တဲ့ စာကြောင့် အနှောက် အသွားလေးတွေ နည်းနည်းလေးလောက်ဖြစ်ဖြစ် လွတ်သွားကြမယ်ဆိုရင် သုညသမားလေးက ကလို့ ပျော်ရွှင်နေမှာပါဗျာ။ ခုလိုရေးလိုက်လို့ သယ်ချင်းတို့ရဲ့ ခပ်ပါးပါး တွန်းတို့မှု့လေးတွေ ခပ်ပါးပါး တိုက်စားမှု့လေးတွေ မသိမသာထိပ်ခေါက်မှု့လေးတွေ လျော့ပါးသွားမယ်ဆိုရင် အမုန်းတွေကို လက်ခံဘို့ အဆင်သင့်ပါ။ ပြီးတော့ မမြင်ရာ ကွယ်ရာကတိုင် အပြုံးပန်းတွေ ခိုင်ခိုင်နဲ့ သယ်ချင်းတို့အပေါ်မှာ မယိုင်လဲ မြဲခိုင်တဲ့ သံယောဇဉ်နဲ့ ဘယ်လောက်ကြာကြာ မမေ့တတ်ပဲ ခင်မြဲခင်နေမဲ့ စံလင်းပါ။
သယ်ချင်းတို့ရေ စာရေးသူမှာ စု - တု - ပြု ဆိုတဲ့ အချက်ကို လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာလေးကို လက်ခံပေးကြပါနော်။ ကျွန်တော့်ကို စာရေးဆရာတစ်ယောက်က ပြောဘူးပါတယ်။ “ စု - တု - ပြုကို များများလုပ်ရင် စာရေးတတ်လာမယ်၊ စာရေးတတ်ဘို့ကိုလည်း စု - တု - ပြုကို လုပ်ရတယ် ” တဲ့။ သယ်ချင်းတို့က ကိုယ်ပိုင်အတွေး မြင့်မားလွန်းလို့ စု - တု - ပြု လုပ်စရာ မလိုဘူးဆိုရင်လည်း စု - တု - ပြုလုပ်တဲ့ မြို့တော်က မောင်နှမညီအစ်ကိုတွေကို ခွင့်လွှတ်ပေးကြပါနော်။ လက်မခံဘူးဆိုရင်တောင် ခွင့်လွှတ်ပေးနိုင်ကြပါစေလို့ ---
(စု - စုဆောင်းပါ၊ တု - အတုယူပါ၊ ပြု - ကိုယ်ပိုင်စာပေ ပြုစုရေးသားပါ)။
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း