သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ ပြောင်းလဲမှုတစ်ခုကြောင့် ကျနော့စိတ်တွေလည်း အပြောင်းအလဲ ဖြစ်နေပါတယ်၊ ဒီတော့... အဲ့ဒီ ပြောင်းလဲခြင်းကို ရည်ရွယ်ပြီး ဒါလေးကို ရေးလိုက်ပါတယ်......
သူငယ်ချင်းတို့ရေ... ကျနော်တို့ ကျော်ဖြတ်ခဲ့ကြတဲ့ ဆယ်ကျော်သက် ဘ၀မှာတုန်းက အချစ် ဆိုတာကို စူးစမ်းခဲ့ကြတယ်နော်၊ အချစ် ဆိုတာဟာ လူငယ်ဘ၀မှာ လောကသဘာဝက ပေးလာတဲ့ အရွယ်ဆိုင်ရာ စိတ်ခံစားမှု တစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် အချစ်နဲ့ ဘ၀ကို တည်ဆောက်ကြရမှာ ဆိုတော့.... အချစ်ကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်မယ်ထင်ပါတယ်၊ အချစ်ကြောင့် ကြည်နူးမှုတွေ ရခဲ့ကြသလို၊ အချစ်ကြောင့်ပဲ ကြေကွဲစရာတွေ ကြုံခဲ့ရပြန်တယ်၊ အချစ်ကြောင့် ခွန်အားတွေရပြီး အောင်မြင် ခဲ့ဖူးသလို၊ မောပမ်းပြီးလည်း ကျရှုံးခဲ့ဖူးပြန်တယ်၊ ဒီလို ဖြစ်နေတာတွေဟာ ကံတရားကြောင့်လား ဘ၀ပေး ကုသိုလ်ကြောင့်လားတော့ ကျနော် မပြောနိုင်ပါဘူး၊ ပုံပြင်လေး တစ်ပုဒ်တော့ ပြောပြပါ့မယ်......
တစ်ခါတုန်းကပေါ့..... ""လောကဓံ"" လို့ အမည်ခံထားတဲ့ ပင်လယ်ကြီးထဲမှာ ""ဘ၀"" ဆိုတဲ့ ကျွန်းလေး တစ်ကျွန်း ရှိသတဲ့၊ အဲ့ဒီကျွန်းလေးကို ပင်လယ်ကြီးက လှိုင်းတွေနဲ့ ပုတ်ခတ်လိုက်၊ လေပြင်းတွေနဲ့ တိုက်ခတ်လိုက်၊ မုန်တိုင်းတွေထန်လိုက်နဲ့ အမြဲလိုလို ဒုက္ခပေးနေသတဲ့၊ အဲ့ဒီ ကျွန်းလေးပေါ်မှာ တည်ရှိတဲ့ ဘ၀ရွာလေးမှာ နေထိုင်ကြတဲ့ လူတွေရဲ့ နာမည်တွေကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်၊ ဘာတဲ့... ကိုဂရုဏာ၊ မသံယောဇဉ်၊ ကိုမေတ္တာ၊ မမုဒိတာ၊ ကိုအချစ်၊ မအမုန်း၊ ကိုအလွမ်း၊ မအဆွေး၊ ကိုမနာလို၊ မ၀န်တို၊ ကိုဒေါသ၊ မစပ်စု၊ ကိုမာန၊ မလောဘ၊ ကိုမောဟ၊ မအတ္တ၊ ကိုစွဲလမ်း၊ မအနတ္တ၊ ကိုစေတနာ၊ မဝေဒနာ၊ ကိုတဏှာ၊ မအ၀ိဇ္ဇာ၊ ကိုသင်္ခါရ၊ မအနိစ္စ၊ ကိုသုခ၊ မဒုက္ခ၊ ကိုမျှော်လင့်၊ မတွေဝေ၊ ကိုချင့်ချိန်၊ မအချိန်.... စတဲ့ စတဲ့ နာမည်တွေတဲ့ဗျာ၊ အဲ.... ရွာသူကြီးရဲ့ နာမည်ကတော့ ဦးသောက ဖြစ်ပါတယ်၊ ဘ၀ရွာလေးက ရွာသူ/သားတွေဟာ မနက် မိုးလင်းတာနဲ့ အုန်းမောင်း ခေါက်သံတွေ၊ ဘုရားဝတ်ပြုသံတွေ၊ မေတ္တာပို့ အမျှဝေသံတွေ၊ ကျေးငှက်သံတွေ၊ သီချင်းသံတွေနဲ့အတူ လုပ်ငန်းခွင်ဝင်ကြနဲ့ အရမ်း သာယာတယ်၊ သံဃာတော်တွေက ဆွမ်းခံကြွ၊ ရွာသူ/သားတွေက ဆွမ်းလောင်နဲ့ အလွန်ပျော်စရာကောင်းတဲ့ ရွာလေးဖြစ်ပါတယ်၊ အဲ့ဒီရွာလေးဟာ ကျွန်းပေါ်မှာ တည်ရှိတာကြောင့် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ(၂၀) မှာတည်ရှိတဲ့ ရွာလေးလည်း ဖြစ်တာကြောင့် မိုးတွင်းပိုင်း ဒီရေတွေတက်ရင် ရွာသူ/သားတွေဟာ ကုန်းမြင့်တွေပေါ်ရောက်အောင် ပြေးတက်ကြရသလို မုန်တိုင်းတွေ လာပြီ ဆိုရင်လည်း ရင်တစ်ထိတ်ထိတ်နဲ့ ကျီးလန့်စာစား နေကြရပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာ မိုးလေ၀သ အထူး သတင်းတစ်ပုဒ် ကြေငြာပါတယ်၊ ""ယနေ့နံက် (၇)နာရီအချိန် မိုးလေ၀သ ဌာနမှ တိုင်းထွာချက်အရ ယနေ့နံက် (၇)နာရီမှစပြီး နောက်(၄၈)နာရီအတွင်း ""လောကဓံ"" ပင်လယ်ကို ဗဟိုပြုလျှက် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်နိုင်ပါတယ်၊ မုန်တိုင်း တိုက်ခတ်စဉ် လေပြင် မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၆၀)မှ (၈၀)အထိ တိုက်ခတ်နိုင်ပါတယ်၊ မုန်တိုင်းကြောင့် ပင်လယ် ရေမျက်နှာပြင်သည် အမြင့်ပေ (၂၀)မှ (၂၅)ပေထိ မြင့်တက်နိုင်ပါတယ်၊ ဒါကြောင့် ""လောကဓံ"" ကျွန်းပေါ်တွင် နေထိုင်ကြသူများ အနေဖြင့် မုန်တိုင်းလွတ်ရာသို့ အချိန်မှီ ပြောင်းရွှေ့ရန် လိုအပ်ပါတယ်""၊ ဆိုတာပဲ ဖြစ်ပါတယ်၊ ဒီတော့ ရွာသူကြီး ဦးသောကဟာ မုန်တိုင်းသတင်းကို တစ်ရွာလုံးသိအောင် မောင်ခတ်လို့ ကြေငြာတော့တာပေါ့ဗျာ၊ အဲ.... ဒါပေမယ့် ရွာသူ/သားတွေက ပေါ့ပျက်ပျက်ပါပဲ.. မအတ္တက ပြောတယ်၊ ""ဟင်း... ဒါမျိုးတွေက ရိုးနေပါပြီ၊ နှစ်တိုင်းလည်း မုန်တိုင်းနဲ့ နပန်းလုံးလာတာပါ၊ ဒီရွာက ရွှေ့စရာမလိုပါဘူး"" တဲ့၊ ကိုချင့်ချိန်ကတော့ ""အင်း.... ဒီနေ့ဟာ လပြည့်နေ့ ဆိုတော့ ဒီရေတက်မှာ သေချာတယ်၊ ဒီရေအတက်မှာ မုန်တိုင်းကျလာရင် ဒို့တစ်ရွာလုံး ပင်လယ်အောက်ကို ရောက်သွား နိုင်တယ်"" လို့ဆိုပါတယ်၊ မသံယောဇဉ်ကတော့ ""အလိုတော် ကျမတို့က ဒီရွာမှာ မွေးခဲ့တာ၊ ဒီရွာကနေ ဘယ်ကိုမှ မရွှေ့နိုင်ဘူး၊ ဒီမှာပဲ ဆက်နေမယ်"" တဲ့၊ ကိုမာနကလည်း ""သတင်းပဲဗျာ... ကြေငြာမှာပေါ့၊ ပြီးတော့လည်း ပြီးသွားမှာပါပဲ၊ ကြောက်စရာမလိုပါဘူး၊ ဒို့ကတော့ ဒီရွာမှာပဲ ဆက်နေမယ်"" တဲ့၊ ဒီအချိန်မှာ ကိုအချစ်ကလည်း စဉ်းစားတယ် ""အင်း... တကယ်လို့များ မုန်တိုင်း ကျခဲ့ရင်တော့ သူနဲ့ ဝေးရတော့မယ်... မုန်တိုင်းရယ်.... မကျပါနဲ့"" လို့ ကြိတ်ပြီး ဆုတောင်းသတဲ့၊ မအမုန်းကတော့ ""အင်း... မုန်တိုင်းသာ ကျလို့တော့ ဟိုကောင်မ သူ့ချစ်သူနဲ့ ဝေးရပြီ... အောင့်မျက်လေး လေး ပျော်လိုက်တာ"" လို့ ကြိတ်ပျော်နေသတဲ့၊ မဒုက္ခကတော့ ""အင်း... ငါ့ဘ၀နှယ် ကံဆိုးလိုက်တာ"" လို့ပဲ ညည်းညူနေသတဲ့ဗျာ၊ ဒီလိုနဲ့... အဲ့ဒီညမှာ မုန်တိုင်း ကျလာပါတော့တယ်၊ မုန်တိုင်းက ထင်တာထက် ပြင်းထန်ပါတယ်၊ ""ဘ၀"" ရွာလေး တစ်ရွာလုံးမှာ ကူပါ၊ ကယ်ပါ ဆိုတဲ့ ငိုသံတွေ၊ ပူဆွေးသံတွေနဲ့ ၀က်ဝက်ကွဲအောင် ဆူညံသွားပါတယ်၊ တစ်ချို့ကလည်း ပင်လယ်ထဲမှာ လှေကို ရအောင်လှော်လို့၊ တစ်ချို့ကလည်း ရရာ သစ်တုံး၊ ဘောကွင်းတွေနဲ့ မှီတွယ်လို့ ပင်လယ်ထဲမှာ မျှောနေကြပါတယ်၊ နောက်ဆုံးတော့ ""လောကဓံ"" ဆိုတဲ့ ပင်လယ်ကြီးထဲမှာ ""ဘ၀"" ဆိုတဲ့ ကျွန်းလေးဟာ ကွယ်ပျောက်လို့ ပျက်စီးသွားပါတော့တယ်၊ မျှော်လင့်ချက်မဲ့နေတဲ့ ရွာသူ/သားတွေ အားလုံးရဲ့ ရင်ထဲမှာတော့ ဒုက္ခကိုယ်စီနဲ့ပေါ့ဗျာ၊ သူတို့ကို ဘယ်သူကများ လာပြီး ကူညီမလဲ၊ ကယ်ဆယ်မလဲဆိုပြီး တောင့်တနေကြတယ်လေ၊ အဲ့ဒီအချိန်မှာ သူတို့အားလုံးကို လိုက်ပြီး ကယ်တင်နေတဲ့ ကယ်တင်ရှင်ကြီး ပေါ်လာပါတယ်၊ အဲ့ဒီကယ်တင်ရှင်ကြီးက ဘယ်သူများပါလိမ့်။
သူငယ်ချင်းတို့ရေ.... လူ့ဘ၀ဆိုတာကလည်း ""လေကဓံ"" ပင်လယ် လောကကြီးထဲက ကျွန်းလေး တစ်ကျွန်းမျှသာ ဖြစ်ပါတယ်၊ တစ်ချိန်ချိန်မှာ မုန်တိုင်းကျမယ်၊ ဒီရေတက်မယ်၊ လှိုင်းထန်မယ်လေ၊ အဲ့ဒါကိုတော့ သဘာဝ ဘေးဒဏ်လို့ ခေါ်ဆိုကြပြီး လူတွေ သောကရောက်လို့ ပူဆွေးဝမ်းနည်းဖွယ်တွေနဲ့ ရင်ဆိုင်ရလို့ ဒုက္ခတွေ ပင်လယ်ဝေကြရပါတယ်၊ ဒါပေမယ့်... တစ်ခါတစ်လေကျတော့ အဲ့ဒီ လှိုင်းလေတွေကိုပဲ လှတယ် လှတယ်ဆိုပြီး မြတ်နိုးနေမိပြန်ပါတယ်၊ ကျနော်တို့ရဲ့ ရင်ထဲမှာ အချစ်တွေရှိပါတယ်၊ အမုန်းတွေလည်း ရှိပါတယ်၊ အလွမ်း အဆွေးတွေလည်း ရှိနေပြန်တယ်၊ အကြင်နာ၊ စေတနာနဲ့ သံယောဇဉ်တွေ ရှိသလို၊ လောဘ၊ ဒေါသ၊ မောဟနဲ့ အတ္တတွေလည်းရှိတယ်၊ ဒီတော့ လူတိုင်းလိုလိုဟာ အချစ်နဲ့ ကြုံရသလို အမုန်းနဲ့လည်း ကြုံရပါလိမ့်မယ်၊ မလွမ်းချင်ပဲ လွမ်းပြနေတာ ရှိသလို၊ မဆွေးချင်ပဲ ဆွေးနေရတာလည်း ရှိနေပါတယ်၊ သံယောဇဉ်ကြောင့် ဒုက္ခတွေဖြစ်တတ်သလို မရေရာတဲ့ မျှော်လင့်ချက်တွေလည်း ရှိတတ်ပါတယ်၊ တစ်ခါတစ်လေမှာ ဒေါသနဲ့ အော်ဟစ် နေပေမယ့် ရင်ထဲမှာတော့ မေတ္တာစိတ်တွေ အပြည့်နဲ့ ဆိုတာမျိုးလည်း ရှိတတ်ပါတယ်၊ ငိုကြွေးခြင်းနဲ့ ဘ၀ကို စခဲ့ပေမယ့် အဲ့ဒီငိုကြွေးခြင်း ကိုပဲ ကျေနပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်၊ အချစ်ကြောင့် ပျော်ရွှင်ခဲ့ရသလို ပျော်ရွှင်ခြင်းတွေ ဆိတ်သုဉ်းသွားရတာ မျိုးလည်း ရှိပါတယ်၊ ဒါပေမယ့် ကျနော်တို့ဘ၀တွေကိုလည်း စိတ်ပျက် အားလျှော့မသွားအောင် ကျနော်တို့ရဲ့ စိတ်ကို ဖြည့်ပြီး တွေးနိုင်အောင်၊ ဖြေပြီး တွေးနိုင်အောင်၊ လေ့ကျင့်ပေးနေတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရှိနေပါတယ်၊ အဲ့ဒါ ဘယ်သူပါလိမ့်.....
သူငယ်ချင်းတို့ရေ... ""ဘ၀"" ရွာလေးက ရွာသူ/သားတွေကို ကယ်တင်ခဲ့သူနဲ့ ကျနော်တို့ရဲ့ လူ့ဘ၀တွေကို ကယ်တင်ခဲ့သူက အတူတူပဲ တစ်ဦးတည်းလို့ သိရပါတယ်၊ သူ့ကြောင့်... မာနတွေ ကွယ်ပျောက်သွားနိုင်သလို၊ အချစ်တွေကလည်း အမုန်းတွေ ဖြစ်သွားနိုင်ပါတယ်၊ အမုန်းတွေကလည်း အချစ်တွေ ဖြစ်သွားနိုင်ပါတယ်၊ လောဘ၊ ဒေါသ၊ အတ္တနဲ့ မာနတွေ အားလုံးဟာလည်း မေတ္တာ၊ ဂရုဏာနဲ့ မုဒိတာတွေ ဖြစ်သွားနိုင်ပါတယ်၊ ဒီတော့ သူဟာ ကျနော်တို့ရဲ့ ခံယူချက်တွေ၊ ခံစားချက်တွေ၊ အမြင်တွေကို ပြောင်းလဲပေးနိုင်တဲ့ နတ်တစ်ပါးလို့တောင် ပြောရမယ် ထင်ပါတယ်၊ နောက်ပြီးတော့လည်း သူဟာ ကျနော်တို့ရဲ့ ဘ၀တွေကို မေ့အောင် ဖန်တီးနိုင်သလို၊ သူ့ရဲ့ အဆုံးအဖြတ်ကို ကျနော်တို့တွေ မဖြစ်မနေ လိုက်နာနေရတာမျိုးလည်း ရှိနေတယ်ဆိုတော့ သူ့ကို တရားသူကြီး လို့တောင် ပြောရမလားပဲ။
ဘ၀မေ့ပြီး ဘ၀င်မြင့်နေသူတစ်ယောက် သူနဲ့တွေ့ခဲ့ရင်၊ ငါမှန်တယ် ငါမှန်တယ်ဆိုပြီး မောဟတွေအလံထူလို့ အတ္တတွေနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက် သူနဲ့တွေ့ခဲ့ရင်၊ ငါသာ အချော အလှဆုံးလို့ အလှမာန်တက်နေသူတစ်ယောက် သူနဲ့ တွေ့ခဲ့ရင်၊ ငါ့လောက် ကြီးကျယ် မြင့်မြတ်သူ မရှိဘူးဆိုပြီး ဥစ္စာ ဓန မာန်တက်နေသူတစ်ယောက် သူနဲ့တွေ့ခဲ့ရင်၊ ငါသာ အချမ်းသာဆုံး အခမ်းနားဆုံး ဆိုပြီး ဘ၀မာန်တက်နေသူတစ်ယောက် သူနဲ့တွေ့ခဲ့ရင်၊ အရူအမူးချစ်ပြီး အရူးအမူး ကြေကွဲနေတယ်ဆိုတဲ့ ကောင်လေး/ ကောင်မလေးတစ်ယောက် သူနဲ့တွေ့ခဲ့ရင် သူက ကယ်တင်မှာ သေချာတယ်၊ သူက ဆုံးဖြတ်ပေးမှာ သေချာတယ်၊ ကျနော်တို့ ဘ၀ရဲ့ ကယ်တင်ရှင်လို့ ဆိုကြပါစို့၊ သူဟာ ဘယ်သူဖြစ်မလဲဗျာ၊ ရှူးးးးးးးးးးးးး တိုးတိုး သူ့နာမည်က ""အချိန်"" တဲ့လေ။