သူ့ကိုကျွန်မစတွေ့တဲ့ အချိန်ကသူသည် သူ့ကိုစွန့်ခွာသွားသော သူမကိုတန်းတန်းစွဲလန်း နေပါသည်။ သူ၏
စာသားများသည် အတိတ်ကသူမကို ပြန်လာရန်တမ်းတ နေပါသည်။ အတိတ်ကသူမကတော့
သူ၏အပြစ် ကြောင့်လား ၊ သူမ၏လိုအပ်ချက် ပုံစံနှင့်မညီညွတ်၍လား မသိသူ့ကို စိမ်းစိမ်းကားကား
ပစ်ခွာသွားပါသည်။ ကျွန်မကတော့ သူ၏စိတ်လွှင့်မျောရာ စာ ၊ ကဗျာ များကြားတွင်
ပရိတ်သတ်အဖြစ် ငေးကြည့်နေမိပါသည်။ အော်…… အတိတ်ကသူမသည် သူ့အတွက်တန်ဘိုး
ရှိသည့်ထိပ်ထားသခင်မ ဖြစ်နေလျှင် ထိပ်ထားသခင်မ သူ့အနားကပြေးမထွက်အောင် သူစီမံသင့်ပါသည်။
မရှိတော့မှထိပ်ထားသခင်မကို အကြိမ်ကြိမ်စာ၊ ကဗျာ ဖွဲ့ပေမဲ့ထိပ်ထားသခင်မ ကပြန်မလာပါတော့။ ကြားလူအနေနဲ့
သူ့ကိုသနားရမလား ထိပ်ထားသခင်မကို တောင်းပန်၍ သူ့ဆီခေါ်လာရမလား
ဒီလိုနဲ့အချိန်တွေ ရွှေ့နေသည့်ကြားကာလ တစ်ခုကိုရောက်ခဲ့ပါသည်။ သူနှင့်ကျွန်မဆုံတွေ့ ဖြစ်ပါသည်။
“ ဟေ့ ”
“ သူဘယ်လိုလဲ သူမကိုလွမ်းနေလား ”
“ မလွမ်းတော့ဘူး မေမြင့်မိုး ”
“ သေမလိုရှင်မလို ဖြစ်တဲ့သူအပြောင်းအလဲ မြန်ပါလားဟင် ! ”
“ ငါ့ကိုရွဲ့ပြီး မပြောပါနဲ့ မေမြင့်မိုးရယ်……”
“ မဟုတ်ဘူး ”
“ သူ့ကိုကြည့်ပြီး ကျွန်မ ယောကျာ်းလေးတွေကို ကြောက်လို့ပါ ”
“ ဟဲ့ … အဲ့ဒါအချိန်က စကားပြောတာလေ ”
သေသောသူကြာရင်မေ့ ပျောက်သောသူရှာလျှင်တွေ့တဲ့ အခုသူမကို သတိရမဲ့အစား လုပ်သားပျားတစ်ကောင်
လိုအလုပ်တွေလုပ်နေတယ်….။
“ နင်တို့မိန်းမတွေဟာ တော်တော်အပြောင်းအလဲ မြန်တယ်နော် ”
“ အံမယ် သူမဟုတ်တာလုပ်လို့ သူမစိတ်ဓာတ်ကျပြီး ထွက်ပြေးတာပါ။ ”
“ အေးပါ နင့်ကနင့်တို့မိန်းမတွေဘက်က ရှေ့နေလိုက်ပေါ့ ”
“ နင်သိဖို့က ချစ်သူနှစ်ဦးကွဲတာ နှစ်ဦးစလုံးအပြစ်ရှိလို့ဟဲ့ ”
“ နင့်အပြစ်ဖုံးပြီး သူ့မအပြစ်ကျပြောတာ နင်ယောကျာ်းမှ ဟုတ်ရဲ့လား ”
“ အေးပါ… စိတ်နာလို့ အလုပ်ကြိုးစားပြီး လုပ်သားပျားလို အလုပ်လုပ်နေရင် ပျားဘုရင်မနဲ့တွေ့ပါစေ ”
“ တွေ့မှာမေမြင့်မိုး…. နင်ငါ့ကိုဆရာမလုပ်နဲ့ နင်အပျိုကြီးဘဝစွံအောင်လုပ် ”
“ အေးပါ….အေးပါ သူတစ်ယောက် အချစ်စစ်တွေ့ပါစေ ”
အဲ့ဒီနောက်ပိုင်း သူနဲ့ကျွန်မမဆုံဖြစ်တော့ပါ။ ဒါပေမဲ့ သူ့ကဗျာ ၊ စာတွေသည် အတိတ်ကသူမကို မေ့၍ပစ္စုပ္ပန်
သူမအကြောင်း ပါလာပါသည်။ အော် …. ဘာလိုလိုနဲ့ သူမအသစ်လေးရဲ့ အကြောင်းစာ ၊ ကဗျာ ၊
ဓာတ်ပုံလေး တွေနဲ့သူပျော်နေပါလား။ ပျားဘုရင်မ ( သို့ ) ထိပ်ထားသခင်မ တစ်ဦးနဲ့သူ ပျော်နေပြီ။
သူစိတ်ချမ်းသာတာကို မြင်ရ၍ပါ။ သူငယ်ချင်းတစ်ဦး လွမ်းဆွေးမဲ့အစား ပျော်ရွှင်နေလျှင်ကျွန်မ ဝမ်းသာပါသည်။
အခုတော့သူ့စာ ၊ ကဗျာများသည် သူမအသစ်လေး အကြောင်းသီကုံးနေပါတော့သည်။ သူမ အသစ်ကလေး
အထင်လွဲမှာစိုး၍ ကျွန်မကိုတောင် မေ့နေပါပြီ။ ဝမ်းသာပါတယ် သူရယ်…. စိတ်တည်ငြိမ်မှု တစ်ခုရ၍
သူ့စိတ်ကလေး အေးချမ်းတာပေါ့။ ကျွန်မကတော့ ကြားလူဆိုတော့ သူစိတ်ချမ်းသာရင် ဝမ်းသာ
သလိုသူငိုညည်းရင်
ဝမ်းနည်းသနားမိတယ် ။ သူရေ…. သူမအသစ်ကလေးနဲ့ ပျော်နိုင်ပါစေ….။ ပန်းခင်းသော
လမ်းလျှောက်နိုင်ပါစေ။
ချစ်သူဘဝမှ လက်တွဲဖော်အထိ မြဲနိုင်ပါစေ ကျွန်မမေမြင့်မိုးကတော့ သူ့အနားမှာ သူမဆိုသည့်
ချစ်သူတွေမရှိသည့်အခါ စကားပြောဖေါ် ၊ ပခုံးဌားဖေါ် ၊ ကြားလူပေါ့။ သူ့အကြောင်းကို ကောင်းကောင်းသိလို့
ကျွန်မကတော့ ဗွေမယူပါဘူး။ အမြဲတမ်း သူငယ်ချင်းပါဘည်း။ သူနဲစတွေ့ထဲက သူသည်ကျွန်မ၏
သူငယ်ချင်းပါဘည်း။ သူပျော်အောင် သူအားတတ်အောင် ကျွန်မစာတွေ ၊ ကဗျာတွေ ရေးပေးပါသည်။
သူ့ကိုကျွန်တန်ဖိုးထားပါသည်။ ကျွန်မတန်ဖိုးကိုတော့ သူ့အနားတွင် သူမများမရှိမှ သူသိပါမည်။ ကျွန်မသည်
သူ့အတွက် အဖြည့်ခံသူငယ်ချင်း ဖြစ်ပါသည်။ ဒီတစ်ခါသူနဲ့ ကျွန်မဆုံကြပြန်ပါသည်။
ဟေ့… သူအခုအသစ်နဲ့ပေါ့ ….။
“ ဟုတ်တယ် တွေ့တယ်မဟုတ်လား ငါ့ရဲ့သူမချောပါတယ်”
“ ဒီတစ်ခါနင်နဲ့သူမ ထာဝရဘဝခရီးလျှောက်လှမ်းနိုင်ပါစေ ”
“ ဆုတွေမလိုပါဘူး ငါ့ရဲ့သူမက တစ်သက်စာချစ်မှာတဲ့ မေမြင့်မိုး ”
“ အေးပါ နင်သူမနဲ့ ချစ်နေရင် ငါဝမ်းသာပါတယ်။ ပုခုံးဌားသက်သာတာပေါ့ ”
“ တိုးတိုးပြော မေမြင့်မိုး ငါ့သူမကြားဦးမယ် ”
“ မကြားပါဘူးဟာ နင်ကလည်း အဟောင်းပစ်တော့ ဆွေးရတာနဲ့ အသစ်ရတော့ ပျော်ရတာနဲ့ ကောင်းပါတယ်….
ငါ့ကိုတော့ မေ့ပြီပေါ့….။”
ကျွန်မပြောတော့ သူရီနေသည်။ ကျွန်မကို လူတွေကသူ့ကို တစ်ဖက်သတ်ကြိုက်နေသည်ဟု ထင်ကြသည်။
မဟုတ်ပါ။ ခင်ခြင်း ၊ သံယောဇဉ်ကြီးခြင်း သာဖြစ်ပါသည်။ သူကလည်း ကျွန်မကို ခင်မင်မှုသံယောဇဉ်ကြီးခြင်း
ကလွဲ၍ မကြိုက်ပါ။ ကျွန်မကလည်း ဘယ်တော့မှ သူ့ကိုမကြိုက်ပါ။ တစ်ခါတစ်ရံ ခင်ဖို့ကောင်းပေမဲ့
ချစ်ဖို့မကောင်းသော သူများ ၊ ဘဝအတွက်အပ်နှံဖို့ မသင့်သူများရှိပါသည်။ သူသည် ကျွန်မအတွက်
ခင်ဖို့ကောင်းပေမဲ့ ဘဝအတွက် တော့မဖြစ်နိုင်တဲ့သူပါ။ ဒါကိုသူရော ကျွန်မပါသိပါသည်။
သူမအသစ်လေးနှင့် ပျော်နေ၍ ကျွန်မဆီသူအဆက်အသွယ် ဖြတ်ထားပါသည်။ ကျွန်မလည်းသူ၏ စာ ၊
ကဗျာများတွင် သူမအသစ်လေးနှင့် ပျော်နေ၍ ဝမ်းသာပါ သည်။ သူ……နှင့် သူမအသစ်လေး ပျော်နေလို့
ငါမေမြင့်မိုးကို မေ့ထားပေမဲ့ ငါလေနင့်ကို စကားလေးတစ်ခွန်းပြောပါရစေ။ ငါမကြာခင် ငါ့မိဘများစီမံမဲ့
သူနဲ့စေ့စပ်တော့မယ်။ နင်သူမအသစ်လေးနဲ့ အဆင်မပြေရင် ငါ့ဆီမလာနဲ့တော့ ငါ့ပခုံးမဌားတောာ့ဘူး ။
နင့်ရဲ့အလွမ်းနာတွေ နားမထောင်တော့ဘူး။ နင်ဟာတန်ဖိုးတစ်ခုကို နားမလည်လို့ တန်ဖိုးနားလည်တဲ့
သူဆီငါ့သွားတော့မယ်။ နင်သူမထိပ်ထားသခင်မ အသစ်လေးနဲ့ ပျော်နိုင်ပါစေ…..။ ကျောခိုင်းပြီဆိုရင်
လှည့်မကြည့်နဲ့တော့ “သူ”ဆိုတဲ့ သူငယ်ချင်းရယ်….။ အခုငါရေးတဲ့စာဖတ်ပြီး နင်ရီနေမယ်မဟုတ်လား ၊
နင်အကြောင်းငါရေးလို့ မကျေမနပ်ဖြစ်နေလား ၊ ငါနင့်ကို သူငယ်ချင်း အဖြစ်ခင်ပေမဲ့
နင့်ကစိတ်မမှန်တော့ငါ ပေါင်းရတာခက်တယ် သူရေ…. တော်ကြာတစ်မျိုး ခုတစ်မျိုးနဲ့
နင့်ရဲ့ဒဏ်နင်သူမအသစ်လေး
ဘယ်လောက်ခံနိုင်မလဲ မသိပါဘူး…သူရေ…..။ ကျွန်မကသူ့အကြောင် မမေ့ပါ….။ ကျွန်မပြောရင်
ဘာပြောပြောစိတ်မဆိုးတတ်သလို ကျွန်မဆုံးမရင်လည်း ခလေးတစ်ဦးလိုနာခံပါသည်။
ကျွန်မခြံထဲ လိုအပ်လို့အကူအညီ တောင်းလျှင်လည်း လုပ်ပေးပါသည်။ ကျွန်မကကျောခိုင်းပြီး
လှည့်မကြည့်နဲ့ ပြောပေမဲ့သူ့အမှတ်မထားဘူး ဆိုတာကျွန်မသိပါသည်။ ကျွန်မကျောပြင်ကို လာထုပြီးဒါလား
သူငယ်ချင်း… နင်မကြိုက်လို့ ၊ နင်မယူလို့ သဝန်တို ၊ အူတိုနေတဲ့ မိန်းမလို့ စကားနာထိုးမဲ့သူပါဘည်း။
နင်ကြိုက်တာနင်ယူ ငါကြိုက်တာငါယူပေမဲ့ ငါတို့နှစ်ဦးဟာ အခင်မင်ဆုံး သံယောဇဉ်အကြီးဆုံး
သူငယ်ချင်းပါ မေမြင့်မိုး….။ ငါနိုင်ငံခြားက ပြန်လာရင်နင့်အတွက်ရော
နင့်နဲ့စေ့စပ်မဲ့သူအတွက်ပါ ချောကလက်တွေ ရေမွှေးတွေ ဝယ်လာပါ့မယ်။ ငါ့ချစ်သူရှိပေမဲ့ နင်နဲ့တော့ ပြတ်ပြတ်စဲစဲ
မနေပါရစေနဲ့ မေမြင့်မိုး ငါပြန်လာရင် နင်လေဆိပ်လာကြိုပါဟာ…. အရင်လို နင့်ခြံထဲလိုတာ ငါလုပ်ပေးပါ့မယ်… ။
ကဲ… ကျွန်မဘာလုပ်ရမလဲ…. ? ကျွန်မသူငယ်ချင်းက ဘယ်လိုဆူဆူပြောပြော ကျွန်မနဲ့တော့ ပြတ်ပြတ်စဲစဲ
မလုပ်နိုင်ဘူးတဲ့……။ ဒါဆိုကျွန်မအတွက် စာတွေကဗျာတွေရေးပေးအုံးနော်…။ ဒါမှကျွန်မကိုသံယောဇဉ်
ကြီးတာယုံမှာ။ ရေးပေးမယ်မဟုတ်လား ၊ သူငယ်ချင်းဖြစ်တဲ့ မေမြင့်မိုး အကြောင်းလေ ၊ ဒါဆိုဘွာတေးပေါ့ဟာ….။
ကျွန်မက လည်းသူ့အကြောင်း ကဗျာတွေစာတွေ ဆက်ရေးနေမှာပါ။ သူကလည်း ကျွန်မဘွာတေးပြောလို့
သဘောကျပြီး ကျွန်မအကြောင်းဘာရေးရမလဲ စဉ်းစားနေမှာ။ ကျွန်မကိုဘယ်လိုပယ်ပယ်နယ်နယ် စာရေးပြီးစောင်း
ချိတ်ရမလဲပေါ့။ လာစမ်းပါသူရေ…. သူငယ်ချင်းအချင်းချင်းဘည်း လက်ရည်ပြိုင်ကြတာပေါ့။
ငါတို့သူငယ်ချင်း နှစ်ဦးကြားဘယ်သူ ဘာပြောပြော … ဘွာတေးဆိုရင် နင်ရောငါရော နားလည်ပြီနော်
ဘဝအမောတွေကြား ငါတို့တွေပျော်ပျော် ရွှင်ရွှင်ဖြတ်သန်းရအောင် သူရေ……။ သူငယ်ချင်း အချင်းချင်း
ခွင့်လွတ်တတ်ဖို့ ဘွာတေးဆိုတဲ့ စကားလေးငါတို့ သယ်သွားကြရအောင် သူရယ်….။ ငါ့စာဖတ်လို့ နင်ပျော်သလို
နင့်အကြောင်းရေးရလို့ ငါပျော်တယ်သူရေ…..။