ဝမ်းရေးပူပူ......
`မိချို....မိချို......ရေ.`
` ဘယ်သူလဲ....၀င်လာခဲ့အမရေ..`
ခပ်ယိုင်ယိုင် နှစ်ထပ်အိမ်လေးရဲ့ အနောက်ဘက်မှာ မိချိုတို့လို အခန်းလေးတွေ ငှားနေတဲ့သူတွေက ဒုနဲ့ဒေးပါ။ အိမ်ဘေးဘက်က တစ်ယောက်စာ လမ်းကလေးကနေ အတော်ကလေးဝင်မှသာ ရောက်နိုင်တာမို့.... အိမ်ရှေ့နဲ့က နီးလျက်နဲ့ဝေးပါ။ ခြံအပြင်ကကြည့်ရင်တော့ နှစ်ထပ်အိမ်လေးတစ်လုံးသာ မြင်နိုင်ပေမယ့် အနောက်ဘက်မှာတော့ အလုပ်သမား တန်းလျားပုံစံ အခန်းတွေက ကိုယ်စီ.ကိုယ်စီ.....။
လူနေမှုစနစ် နိမ့်ကျချင်လည်းနိမ့်စရာ.... အာလုံးထဲချွန်ပြီး ဘယ်သူမှ ထူးခြားပြီးကိုကောင်းမလာတာ...။ မိသားစုလေး 5စုလောက်က စရိုက်ပေါင်းသောင်းခြောက်ထောင်လောက်ရှိတယ်။ တခြားနေရာတွေထက် ဈေးက တစ်ဝက်လောက် သာသာနေတော့လည်း အခြေအနေချင်းတူသူများသာ စုနေကြရတော့တာပေါ့။
ဟော.. ခုလည်းကြည့်လေ... မိချိုဆိုတာကလည်း..... အပျိုမှန်း အအိုမှန်းတောင် မသိ၊ ဘာလုပ်လို့ ဘာကိုင်မှန်း တော်ရုံတောင်မသိ…အားလုံးသိတာက…
` နင်သေချာလုပ်ပေးနော်ဟဲ့..... `
` အင်းပါ အမရယ်.. ရတာနဲ့ကျွန်မ ဆက်သွယ်လိုက်မယ် .. 3 ရက် 4 ရက်ထက် ပိုမကြာပါဘူး..`
` နင်နော်.. ဈေးပိုပေးတဲ့သူကို မရောင်းလိုက်နဲ့နော်.. ´
`ကျွန်မက ကတိတည်ပါတယ်...`
ဒေါ်သိန်းပြန်သွားပြီးတာနဲ့.. မိချိုတစ်ယောက် အလုပ်စရှုပ်ရပါပြီ။ မှာတဲ့စာရင်းတွေကို သေချာရေးမှတ်ရင်း... ပစ္စည်းတွေရှိမဲ့နေရာကို စိတ်နဲ့အရင်မှန်းကြည့်နေလိုက်ပါတယ်။..... ဈေးနှုန်းတွေနဲ့ ပစ္စည်းတွေကိုလည်း တွဲမိအောင် လုပ်ရသေးတယ်လေ..။
ဖြုန်းအားအကောင်းဆုံး ဒေါ်သိန်းကတော့ သူနဲ့ လက်တွဲလာတာ ကြာပြီလေ.။ ရပ်ကွက်ဈေးတွေထဲမှာ ဈေးတစ်ခုကို ၃ ရက်လောက် လှည့်ရောင်းနေတဲ့ ဒေါ်သိန်းကိုတော့ လူတွေတော်တော်လေးကို သိနေကြပြီ။
ဈေးနှုန်းက သူများတွေထက် ပိုပြီးသက်သာလို့လည်း ဒေါ်သိန်းက ရောင်းအားကောင်းနေတာ....။ ခုဆို.ဒေါ်သိန်းကြီး ဈေးမထွက်ရင်..လူတွေက မေးတောင်မေးနေကြပြီ....။
ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့... ပစ္စည်းတွေက ဈေးကြီးတာတွေများနေတယ်ဆိုတာ... သူသတိထားမိတယ်။ လုပ်ငန်းကို ခပ်မြန်မြန်ပဲ စလိုက်ရင်ကောင်းမလားလို့တောင် တွေးနေမိတယ်။
.. အင်း....ဒါပေမယ့်.. ဒါပေမယ့်.... ခဏလောက်တော့ စောင့်ရမယ်...။
*****----- *****----- *****-----
နေ့လည် ၁၁ နာရီ ခွဲ ဆိုတာ နွေရာသီအဖို့တော့ တော်တော်လေးကို ပူနေပါပြီ။ လက်ထဲမှာ ကိုင်ထားတဲ့ သားရေ ပိုက်ဆံအိတ် ဖောင်းဖောင်းလေးကို အသာကိုင်ရင်း.. မိချို ဈေးထဲကို လှမ်းဝင်လိုက်ပါတယ်။ ဈေးဝယ်သူတွေ များပြားလှတဲ့ဒီဈေးကြီးကတော့ သူ့ရဲ့ဘ၀ ၀မ်းကျောင်းရာ နေရာပေါ့...။ အသက် 10 နှစ်ကတည်းက ကျွမ်းကျင်ပြီးသားနေရာဆိုတော့လည်း အလုပ်လုပ်ရတာ သိပ်မခက်ခဲပေါင်..။
ခေါင်းထဲမှာ အလွတ်ကျက်ထားတဲ့ ပစ္စည်းတွေရှိရာကို တစ်နေရာပြီးတစ်နေရာ လျောက်ကြည့်ရင်း.. ဈေးနှုန်းတွေလည်း ထူပူနေအောင် မှတ်သားလိုက်ပါတယ်။ မျက်လုံးကလည်း အခြေအနေတိုင်းကို လေ့လာသုံးသပ်ရသေးတယ်လေ...။ ခပ်လွယ်လွယ်လို့ ထင်ပေမယ့် ခက်တော့လည်း ခက်သားလားနော်..။
တစ်ခါတစ်လေများဆို.. အစမ်းသပ်လေ့လာရင်းနဲ့ကို အလုပ်ဖြစ်လာတာတွေလည်းရှိပါ့... အဲ့ဒိအခါမျိုးကျတော့.. မိချိုတို့မျက်နှာက ခပ်ပြုံးပြုံးရယ်......။
လေ့ကျင့်သား ပြည့်နေတဲ့ လက်အစုံကတော့ မိချိုရဲ့ အားထားစရာ..။
မျက်နှာ အနေအထား အခြေအနေ အားလုံး ကွက်တိဆိုလို့ကတော့ မိနစ်ပိုင်းတောင်မကြာ..လက်ထဲမှာက ပါလာပြီးသား.....။
လက်ကလျှင်သလို ခြေကလည်းသွက်ပါ့ ဒီလောက်လမ်းကျဉ်းကျဉ်းလေးကို ခဏလေးနဲ့ သွားနိုင်တယ်လေ.. ဆိုင်ခန်းတွေကိုလည်း တည့်တည့်မသွားပဲ မမြင်နိုင်အောင်ကို သွားတတ်တာ။ အပြင်ရောက်လို့ကတော့ အသင့်စောင့်နေတဲ့ ကလေးတွေကို ပေးလိုက်ရုံပဲ..။
မိနစ်အနည်းငယ်လောက်စောင့်ပြီး မယောင်မလည်နဲ့ ခုနက နေရာကိုအသာလေးနားစွင့်ကြည့်လိုက်လို့.. အခြေအနေကောင်းတယ်ဆိုရင်.. နောက်တစ်ခေါက်ပေါ့............။
ဒေါ်သိန်းမှာထားတဲ့ပစ္စည်းတွေအစုံကို လိုက်ကြည့်နေရင်း.... ခြေထောက်လည်းညောင်းလာတာမို့.. အပေါ်ထပ်က စားသောက်စရာတွေရောင်းတဲ့အထပ်ကို တက်သွားလိုက်ပါတယ်။ မုန့်ဟင်းခါး.... လက်ဖက်ရည်.. ရှမ်းခေါက်ဆွဲ..စသည်စသည်ဖြင့်... ရောင်းချနေတာတွေများ အလကားပေးနေသလို.....။ စားနေတဲ့သူတွေ များလွန်းတာကြောင့် မနည်းကို ကွေ့ဝိုက်ပြီးသာ လှမ်းနေရတယ်လေ။
ဈေးတစ်ဈေးလုံး ဘာထူးလဲနော်... အားလုံးအလကားပေးနေသလိုကို လူတွေအလုအယက် ၀ယ်နေလိုက်ကြတာ.....
အင်း.. ငါရော.... ငါလဲအလကားရတာပဲလေ....။
ကိုယ့်စကားနဲ့ကိုယ် အသာပြုံးလိုက်ရင်း......
` ရှမ်းခေါက်ဆွဲတစ်ပွဲ..´
လွတ်နေတဲ့ထိုင်ခုံမှာ ၀င်ထိုင်လိုက်ရင်း.... စာပွဲထိုးလေးကိုလှမ်းမှာလိုက်ပါတယ်။ ရောင်းအားအကောင်းဆုံးဆိုင်တွေထဲမှာတော့.. ဒီဆိုင်က ထိပ်ဆုံးက... ရောင်းအားကောင်းဆို အရသာကလည်း ကောင်းတာကိုး....။
စားနေရင်းကလည်း သူလိုကိုယ်လိုတွေများ ရှိလေမလားလို့ မျက်စိကိုလည်း အလုပ်ပေးရသေးတယ်လေ...။ ဘာပဲပြောပြော ဒီချိန်က နားချိန်မလား..။ စရိုက်လေးပဲ ကွာပေမယ့် သူတို့ကလည်းအချင်းချင်းလဲရှောင်တာ မဟုတ်ဘူး..။ လစ်ရင်လစ်သလို..........။
အားလုံးစိတ်ချရပြီဆိုတော့မှ ဈေးထဲကနေ ပြန်လာခဲ့တယ်..။ ဒီတစ်ပတ် အ၀တ်အစားတွေထဲက ဘာဒီဇိုင်းများ အသစ်ထွက်လဲလို့ မျက်စိကစားလိုက်ရင်း..... လိုချင်တာလေးတွေကိုလည်း သွားရေ ကျခဲ့ပြန်ပြီလေ..။
` ညီမရေ... သွားပြီ..`
` ဟုတ် အမရေ... နောက်လဲ လာအားပေးနော်.. ´
အပြောချိုချိုနဲ့ အရောင်းဝန်ထမ်းလေးကတော့ မိချိုကို ဖိတ်ခေါ်နေပါပြီ.. လာမှာပါ... သိပ်မကြာခင်ပေါ့.....။
*****----- *****----- *****-----
အန်တီချို.... 12 နာရီနော်....
ကလေးတွေမေးသမျှကို ခေါင်းပဲ အသာညှိတ်လိုက်ရင်း..စားလက်စ ထမင်းပန်းကန်ကို လက်စသတ်လိုက်ပါတယ်။ ကလေး ၃ ယောက်ကိုလည်း သူတို့ ကြိုက်တာလေးတွေ ချက်ကျွေးလိုက်တယ်. ဒါက မိချိုရဲ့ စေတနာ...။ ကိုယ့်အလုပ်ကို တစ်ဖက်တစ်လမ်းနေ ကူညီပေးရာလည်းရောက် ထောက်ပံ့ပေးရာလဲရောက်ဆိုတော့ သူတို့လေးတွေလည်း မိချိုကို တစ်နည်းနည်းနဲ့တော့ ခင်ပုံရသား.....။
ဈေးထဲမှာ ပလတ်စတစ်လေးတွေ လိုက်ကောက်တတ်တဲ့သူတို့အဖို့ မိချိုပေးတဲ့ မုန့်ဖိုးကို မျှော်ကြတာတော့ မဆန်းပါဘူးလေ..။ ညနေဆိုင်သိမ်းချိန် မရောက်ခင်ကတည်းက ဒီလိုကလေးတွေ အားလုံး အယောက် ၅၀ ထက်မနည်းကို ရှိနေတတ်တယ်...။ တစ်ချို့ကြတော့လည်း အဝေးကနေလာရတော့ နေ့လည်လောက်ဆို တစ်ယောက်စ နှစ်ယောက်စ လောက်တော့ မြင်နေရဘီလေ..။
နေရာအကွက်အကွင်းတစ်ခုစီကို သေချာ ချိန်းလိုက်ရင်း.. မိချို အ၀တ်အစားလဲနေလိုက်ပါတယ်။ အရင်ထွက်သွားပြီဖြစ်တဲ့ ကလေးတွေကတော့ ဒီနေ့အဖို့ သူတို့အလုပ်က သက်သက်သာသာ..။ ထိုင်စောင့်ရုံ..။
` ဟဲ့.ပလုပ်တုတ်..´
ကမန်းကတန်း လမ်းလျှောက်ရင်း. ခလုပ်တိုက်မိသွားတာမို့.. မိချို ကိုယ်ကို မနည်းထိန်းလိုက်ရပါတယ်.။ လက်ထဲကအထုပ်ကလည်း အတော်ကလေး လေးလာပြီဆိုတော့..... ပြုတ်မကျအောင် မနည်းကို သတိထားလိုက်ရတယ်.။
လမ်းတစ်ဖက်ကိုငေးနေတဲ့ ငမိုးကို ကိုယ်လုံးချင်း မသိမသာ ၀င်တိုက်လိုက်ပြီး.. ပစ္စည်းဂိုဒေါင်တွေဘက်ကို အသာလေး လျှောက်လာလိုက်ပါတယ်.။
`ဟာ.. အန်တီချို.. မြန်လိုက်တာ..`
`စကားရှည်မနေနဲ့. မြန်မြန်ထည့်... `
` သေချာဂရုစိုက်သွားနော်.... ဟိုဘက်ပေါက်မှာ ဟိုကောင်တွေ စောင့်နေတယ်..`
` အန်တီချိုကော မလိုက်ဘူးလား..´
` ငါ နောက်က လိုက်လာခဲ့မယ်..´
*****----- *****----- *****-----
` ရော့..ဒါအရင်ယူထားအေ..´
` ဟာ.ဒေါ်သိန်းကလည်း… ကျွန်မက ဒီငွေနဲ့ပဲ စားနေရတာ.. ခုတောင် ဘယ်လောက်နားရဦးမလဲမသိဘူး…´
`အေးပါဟယ်.. ငါ ဈေးတစ်ရက်..နှစ်ရက်..ရောင်းပြီး လာပေးပါ့မယ်. တကတည်း.. ဘာမှမပင်ပန်းတဲ့ သူကများ..´
` အဲ့လိုတော့မပြောပါနဲ့ ဒေါ်သိန်းရယ်… ကျွန်မနေရာကနေလည်း ၀င်ကြည့်ပါဦး…`
ဒေါ်သိန်းနဲ့ စကာပြောပြီးပြန်လာတော့ လက်ထဲမှာ ငွေကအတော်များများရယ်.. ဒါကလည်း သိပ်မကြာခင် ကုန်သွားမှာ.. အိမ်လခ၊ ရေဖိုး၊ မီးဖိုး နဲ့ တခြား အသုံးစားရိတ်လေးတွေ ဖယ်လိုက်ရင် ဒီလတွက်က လောက်ငှ ရုံသာ..။
ဘာပဲဖြစ်ဖြစ် ရောင်းအားကောင်းနေတဲ့ ဒေါ်သိန်းကိုတော့ တစ်ဖက်ကလည်း ကျေးဇူးတင်ရမလို.. ဟုတ်တယ်.. ငါကမှ မရောင်းချင်တာ..။ ကိုယ့်ပစ္စည်းကိုယ်တော့ ပြန်မရောင်းချင်…။ စိတ်မလုံတာပဲလား..ဘာလားတော့မသိ…။
မိချိုလည်း ကြောက်တတ်ပါတယ်လေ… မဖြစ်သာလို့သာလုပ်နေရတာ… ငယ်ငယ်ကတည်းကကျွမ်းကျင်တာပြပါဆိုတော့ ကိုယ့်မှာ ဒါပဲရှိတယ်လေ။ ဒီအသက်အရွယ်ရောက်မှတော့ တခြားအလုပ်ကို ဘာသွားလုပ်စားရပါ့မလဲ..။ နေပါစေတော့.. ကိုယ့်ဘ၀နဲ့ကိုယ်…။
ခုတလော..ဈေးရောင်းရတာ သိပ်အဆင်မပြေဘူးတဲ့..။ တိုင်တာတောတာတွေလည်း ရှိလာတယ်ဆိုပဲ…။
ခေါင်းထဲမှာတော့ ဒေါ်သိန်းပြောသံတွေကေ၀၀ါးဝါး…။
*****----- *****----- *****-----
`အမယ်.. ဒါက ဘယ်တုန်း လှလို့ ပလို့ ပါလား`
`လိုတာလေး နဲနဲ သွားဝယ်မလို့ပါအမ `
မျက်နှာချင်းဆိုင်အိမ်က အမတစ်ယောက်က လှမ်းနှုတ်ဆက်လိုက်ခြင်းကြောင့် အပြုံးမပျက် ပြန်ပြောရင်း ကားဂိတ်ဘက်သာ ထွက်လာခဲ့လိုက်ပါတယ်။
နောက်ကွယ်ပြီဆိုတာနဲ့ ပြောကြမယ့် အတင်းအဖျင်းလောက်ကတော့ မိချိုတို့က မဖြုံ..။
အပေါ်အောက် ဆင်တူ ကြက်ဥနှစ်ရောင်လေးနဲ့ သပ်သပ်ရပ်ရပ်လေးဝတ်စားထားတော့ မိချိုတို့က ရုပ်တော့အထွက်သား..။
ခပ်ယဲ့ယဲ့လေးပြုံးလိုက်ရင်း….. ပိုက်ဆံနဲ့ပေးဝယ်လာတော့လည်း ဒီလောက်တော့ အရောင်ထွက်တော့မပေါ့… ဟုတ်ဘူးလားနော်.။
ဟာ..ဒေါ်သိန်း…ဒေါ်သိန်း…
အဝေးကတည်းက လှမ်းမြင်နေရတဲ့ ဒေါ်သိန်းတစ်ယောက်.. မိချိုရှိရာဘက်ကို ဦးတည်ပြီးလာနေတာ တွေ့ရတော့
အသင့် ရပ်ထားတဲ့ လိုင်းကားပေါ် ကမန်းကတန်းပြေးတက်လိုက်ရပါတယ်..။ သူ..ဘယ်များ သွားမလို့ပါလိမ့်…။ ဘေးနားကလူတွေကကော ဘယ်သူတွေလဲ…… ငါ့ဆီ လာတာများလား….အို..မဟုတ်လောက်ပါဘူး…။
သူ့လမ်းသူသွားတာပါဟု စိတ်ကထင်လိုက်ရင်း…လှမ်းအကြည့်…
ကားရှိရာဘက်ကို လက်ပြလိုက်ရင်း လှမ်းလာနေတဲ့ ဒေါ်သိန်းနဲ့ လူကြီး သုံးယောက်…
လိုင်းကားရယ်..မြန်မြန်ထွက်ပါတော့..ထွက်ပါတော့…လာနေပြီ..လာနေပြီ…. မြန်မြန်..မြန်မြန်..
နှုတ်ကနေ ကမန်းကတန်းရွတ်ရင်း တုန်ရင်စွာလှုပ်ရှားနေတဲ့ လက်အစုံက ချွေးစေးတွေတောင်ပြန်လာနေပြီလေ..။ ကားလက်တန်းကို ကိုင်ထားပေမယ့် သိပ်မမြဲချင်တော့..။ေ၀၀ါးလာတဲ့ မျက်လုံးအစုံကို အသာမှတ်လိုက်ရင်း….
ဝူး………….
အမလေးတော်ပါသေးရဲ့…ငါ ရင်တွေထိတ်လိုက်တာ…….
ဘာမဟုတ်တာလေးတောင် ငါဖြင့် လန့်နေလိုက်တာ……။ တော်ပါသေးရဲ့ တော်ပါသေးရဲ့..
စိတ်ချရပြီဆိုတော့မှ မျက်လုံးကိုဖွင့်အကြည့်..
`ဟဲ့..မိချို … နေ့လည်ဘက်ကြီး ဘာတွေဖြစ်နေတာတုန်း.. ကယောင်ကတန်းနဲ့အေ…´
`ရှင်………….အော်… ဘာမှမဟုတ်ပါဘူးအဒေါ်….အိမ်မက်မက်နေတာပါ…`
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း အမောပြေ ရေတစ်ခွက်တော့ ခပ်သောက်မိသား…. ရင်ထဲတော့ အေးချမ်းသွားတာအမှန်ပင်..။ စိတ်တည်ငြိမ်သွားတော့ ခုနက အိမ်မက်က တဖြည်းဖြည်းပြန်ပြီး ပုံပေါ်လာတော့တာ. နောက်တစ်ချက် ရေရွတ်မိတာက……………….ဟူး……………….။
မိချိုရဲ့ ရင်ထဲက အပူကိုတော့ ဘယ်ရေအေးကများ အစဉ်အေးချမ်းအောင် စွမ်းဆောင်နိုင်ပါ့မလဲနော်…။
*****-----*****-----*****-----
ကြိုးစားပါဦးမည်။
သူဇာလေး (စိမ့်စမ်းရေ)
27.4.2012