သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ဒီနေ့ ကျနော်ရတဲ့ အတွေးလေးတစ်ခုကို ပြောချင်ပါတယ်၊ သူငယ်ချင်းတို့ သိကြတဲ့ အတိုင်းပါပဲဗျာ၊ ရွှေဘက စီးပွားရေးသမား ပေါက်စလေးပါ၊ ကျနော် စီးပွားရေး လောကထဲကို ရောက်လာတာက ကျနော် ဘွဲ့ရခဲ့တဲ့ ၂၀၀၉ ခုနှစ်ကပေါ့၊ အဲ့ဒီနှစ်မှာ ဖေဖေဆုံးတယ်၊ ဒီတော့ ကျနော်က ဖေဖေလုပ်ခဲ့တဲ့ ဆန်စပါး အရောင်းအ၀ယ် လုပ်ငန်းကို ပခုံးပြောင်း ထမ်းဆောင် ရပါတယ်၊ ဒီလုပ်ငန်းကို ကျနော် ၀ါသနာလည်းပါခဲ့ပါတယ်၊ မေမေ၊ ညီမလေးတို့နဲ့အတူ ကြိုးစားပြီးလည်း လုပ်ခဲ့တယ်လေ။
အဲ့ဒီလိုနဲ့ မနှစ်ကတုန်းကပေါ့၊ ကျနော်တို့မြို့ကနေ စင်္ကာပူမှာ အလုပ်သွားလုပ်နေတဲ့ အစ်ကိုကြီးက မြို့ကို အလည် ပြန်လာတယ်၊ အဲ့ဒီအစ်ကိုကြီး ကျနော်တို့ မြို့ကနေ ထွက်သွားခဲ့တာ (၁၀)နှစ်လောက် ရှိသွားပါပြီ၊ သူရဲ့ စီးပွားရေး တိုးတက်မှုဟာ အရမ်းကောင်းပါတယ်၊ မြန်လည်း မြန်ပါတယ်၊ သူက သူ့မိဘတွေရဲ့ မိတ်ဆွေ စင်္ကာပူသူဌေးနဲ့အတူ ရှယ်ယာ လုပ်နေတဲ့ မော်တော်ယဉ် အပိုပစ္စည်း ဖြန့်ဖြူးရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ၊ ဒီတော့ ကျနော် သူ့ကို အရမ်းအားကျမိတယ်၊ ဒါကြောင့်လည်း သူ့ကို ကျနော် အားကျကြောင်း ပွင့်လင်းစွာ ဖွင့်ပြောမိခဲ့ပါတယ်၊ ဒီတော့ အစ်ကိုကြီးက ""ညီလေးရယ်... မင်းက ငါ့ကို အဝေးက ကြည့်မိလို့ ဖြစ်မှာပါကွ၊ မင်းက ငါ့ကို အနီးကပ်မကြည့်တော့ ငါ့ရဲ့ အတွင်းစိတ်ကို မင်းမမြင်နိုင်လို့ ဖြစ်မှာပါ"" လို့ ပြောပါတယ်။
သူငယ်ချင်းတို့ရေ.... အစ်ကိုကြီး ပြောတဲ့စကားတွေကို ကျနော် နားမလည်စွာနဲ့ပဲ အစ်ကိုကြီးရဲ့ အတွင်းစိတ်တွေ ဖြစ်ပျက်နေပုံကို ပြောနိုင်ရင် ပြောပြဖို့ တောင်းဆိုခဲ့တဲ့ အခါမှာတော့... အစ်ကိုကြီးက ""အေး... ညီလေးရေ... လူဆိုတာ အရွယ်နဲ့အမျှ အသိတွေ၊ အမြင်တွေ ပြောင်းလဲလာတယ်ကွ၊ အမြင်ပြောင်းလဲတယ် ဆိုတာ ဖေါက်ပြန်သွားတာ မဟုတ်ဖူးနော်၊ တိုးတက်လာတာပါ၊ ငါလည်း စင်္ကာပူကို ရောက်ခါစက ကိုယ့်ကိုကိုယ် မြင်တဲ့အမြင်၊ ပါတ်ဝန်းကျင်ကို မြင်တဲ့အမြင်တွေဟာ သူ့အချိန်နဲ့သူတော့ မှန်တယ်လို့ ယုံကြည် ခဲ့ပါတယ်၊ ယုံကြည်တဲ့အတိုင်း ကြိုးစားခဲ့လို့လည်း ငါ့ရဲ့ မျှော်လင့်ချက်နဲ့ အိမ်မက်တွေကို တဖြည်းဖြည်းနဲ့ ငါပိုင်ဆိုင် လာတယ်၊ ဒါပေမယ့် စင်္ကာပူမှာ အလုပ်လုပ်နေတဲ့ ကာလမှာ ဒို့မြန်မာတွေရဲ့ ဆယ့်နှစ်လ ရာသီပွဲတွေ၊ ရက်ထူးရက်မြတ်တွေကို သတိရဖို့ နှစ်တိုင်းလိုလို မေ့နေခဲ့တယ်၊ အဲ့ဒါအပြင် ကောင်းကင်ပေါ်မှာ လမင်းကြီးရှိတယ် ဆိုတာကိုတောင် ငါမေ့နေတာ တော်တော် ကြာပါပြီ၊ လျှပ်စစ် မီးရောင်အောက်မှာ အလုပ်တွေ လုပ်နေရင်းနဲ့ ကောင်းကင်ပေါ်က လမင်းနဲ့ ကြယ်တာယာ တွေကိုတောင် ငါ မကြည့်အားခဲ့ဘူးလေ၊ ငါ့ဘ၀မှာ အဖိတ်နေ့၊ ဥပုသ်နေ့ ဆိုတာတွေလည်း မရှိခဲ့တာ ကြာပါပြီကွာ၊ အရင်တုန်းကတော့ ငွေတွေ ရေတွက် နေရတာကို ငါမျှော်လင့်ခဲ့ပါတယ်၊ အဲ့ဒါကိုပဲ ဘ၀ လို့ ငါ အဓိပ္ပါယ် ဖွင့်ခဲ့တယ်၊ ဒီလို အောင်မြင်မှု တွေကို ငါပိုင်ဆိုင်ခါစက ဒို့တွေ ငယ်ငယ်က သူငယ်ချင်းတွေနဲ့အတူ အဆောင်မှာနေပြီး လက္ဖက်ထမင်းလေးနဲ့ ကျောင်းတက်ခဲ့ရတဲ့ ဘ၀ကို ငါကဲ့ရဲ့ခဲ့မိတယ်၊ အခုတော့ အဲ့ဒီဘ၀ကို ငါတမ်းတမိပြန်တယ်၊ ငါလိုချင်တဲ့ ငွေတွေနဲ့အတူ အောင်မြင်မှုတွေအပေါ်မှာ ငါမပျော်ပြန်ဘူး၊ ဘာလို့လည်း ဆိုတော့ အခု ငါ့မှာ သူငယ်ချင်းတွေနဲ့ ပျော်ချိန် မရှိဘူးလေ... မနက်(၆)နာရီဆို လုပ်ငန်းခွင်ဝင်၊ ည(၈)နာရီဆို အခန်းပြန်ရောက်၊ အခန်းဆိုတော့ အိမ်နဲ့လည်းမတူဘူး၊ မီးဖိုဆောင်လည်း မရှိဘူး၊ အိပ်စရာ ခုတင်လေးတစ်လုံးရယ်၊ အ၀တ်ထည့် ဘီရိုလေး တစ်လုံးရယ်ပဲလေ၊ ဒီတော့... ခေါက်ဆွဲခြောက်စားပြီး ငွေစုနေရတာပါ၊ တွေးကြည့်ရင်တော့ တော်တော် အဓိပ္ပါယ် မဲ့တယ်ကွာ၊ ဒီတော့ ညီလေးရေ.... လမင်းကြီးကို မကြည့်အားလောက်အောင် အလုပ်ရှုပ်နေတဲ့ ငါ့ဘ၀ကို မင်း အားမကျနဲ့ကွာ၊ အဖိတ်နေမှန်းမသိ၊ ဥပုသ်နေ့မှန်းမသိ၊ ဘယ်တုန်းက လပြည့်ပြီး ဘယ်တော့ လကွယ်မယ်မှန်း မသိတဲ့ ငါ့ဘ၀ကို မင်းအားမကျပါနဲ့ကွာ၊ လက္ဖက်ရည် ပေါ့ကျတစ်ခွက်၊ လက္ဖက်တစ်ဇွန်းနဲ့ ထမင်းသုတ်လေးတစ်ပွဲလောက်မှ မရှိတဲ့ ငါ့ပါတ်ဝန်းကျင်းကို မင်းအားမကျသင့်ဘူးညီလေး၊ ငါ့ပါတ်ဝန်းကျင်မှာ နှစ်ကူးသင်္ကြန်မရှိဘူး၊ သီတင်းကျွတ် မီးထွန်းပွဲမရှိဘူး၊ ဖေဖေနဲ့မေမေတို့ မရှိဘူး၊ သူငယ်ချင်းတွေ မရှိဘူး၊ မိသားစု မရှိဘူး၊ ငွေရှာသူတွေပဲ ရှိတယ်ဆိုတာကို သေချာကြည့်လေ တွေ့လာလေပဲကွ၊ အခု ငါ့မြို့ကို ပြန်ရောက်တုန်းလေး မိသားစုတွေ၊ အပေါင်း အသင်းတွေနဲ့ နွေးနွေးထွေးထွေး နေထိုင်ရတာကို ငါအရမ်းသဘောကျတယ်၊ ဘာပဲဖြစ်ဖြစ်ကွာ လူတွေဟာ စားဝတ် နေရေးအတွက် ငွေရှာရတယ်၊ အဲ့သလို ငွေရှာတဲ့အခါ နည်းနှစ်နည်းပဲ ရှိပါတယ်၊ ပထမ တစ်နည်းက ကိုယ်မယုံကြည်လို့ မလုပ်ချင် ပေမယ့် သူများ ခိုင်းတာကြောင့် လုပ်ရတဲ့အလုပ်ကို လုပ်ပြီး ငွေရှာနေရသူတွေက များပါတယ်၊ အဲ့ဒီလူတွေမှာ ငွေကြေး အများကြီး ရှိချင် ရှိနေမယ်၊ ပိုင်ဆိုင်မှုတွေ အများကြီး ဖြစ်ချင် ဖြစ်မယ်၊ ဒါပေမယ့် သူတို့ဟာ ကိုယ်ယုံကြည်ရာကို လုပ်ခွင့်မရတာကြောင့် လူဖြစ်ရကျိုး မနပ် သူတွေပေါ့၊ အဲ့ဒီအထဲမှာ ငါလည်းပါတယ်လေ၊ နောက်တစ်မျိုးက ကိုယ်ဝါသနာပါပြီး လုပ်ချင်စိတ်လည်းရှိ၊ အများအတွက်လည်း အကျိုးရှိတဲ့အလုပ်ကို လုပ်ရင်းနဲ့ ဘ၀ကို ရပ်တည်နေရသူတွေကတော့ အနည်းစုလေးပါ၊ သူတို့ဟာ ၀င်ငွေ နည်းကြပေမယ့် ကိုယ် ယုံကြည်ရာကို လုပ်ခွင့်ရလို့ လူဖြစ်ရကျိုး နပ်တဲ့သူတွေလို့ ဆိုနိုင်ပါတယ်၊ အခုတော့ ငါက အဲ့ဒီလို လူမျိုးတွေကို အားကျနေပြီလေ၊ သူတို့ရဲ့ဘ၀တွေကို ငါက ဂုဏ်ယူမိနေပြီ ညီလေးရေ"" တဲ့ဗျာ။
သူငယ်ချင်းတို့ရေ... အဲ့ဒီအစ်ကိုကြီး ကျနော့ကို ပြောပြနေတဲ့အချိန်မှာ အစ်ကိုကြီးဟာ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်း တွေရဲ့ မေတ္တာကို ငတ်မွတ် ဆာလောင်မှုတွေကြောင့်လားတော့ မသိဘူးဗျာ၊ သူ့ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေ ၀ဲလည်လို့ နေပါတယ်၊ ဒီတော့... ကြီးပွားချင်တဲ့၊ သူဌေးဖြစ်ချင်တဲ့ ကျနော်လည်း ဘယ်လို ငွေရှာပြီး၊ ဘယ်လို ရှင်သန်ရမလဲ ဆိုတာကို တွေးရင်း..... ကျနော့ သူငယ်ချင်းတွေလည်း ငွေရှာရင် ဘယ်နည်းကို သုံးမလဲ သိချင်လိုက်တာဗျာ..........။