ဖိတ်စာလေး ပေါ်က လိုအပ်နေတဲ့ ကွက်လပ်လေး
အိမ်အပေါ်ထပ် လေသာဆောင် မှာ ကလေးငယ်တစ်ယောက် ထိုင်နေသည်။ ရှိလှ 12နှစ် 13 နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။
သူလက်ထဲတွင် ဖိတ်စာလေးတစ်စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။ တစ်စုံတစ်ခုကို လေးနက်စွာ တွေးတောနေတယ်
ဆိုသာ စူးရှတဲ့ သူမျက်ဝန်းအစုံက သက်သေတည်လျှက်ရှိသည်။ ဘေးဝဲယာသို့ မျက်လုံးကစားဖြင်း အလျဉ်းမရှိ ။ ဖိတ်စာ စာရွက်ပေါ်
တွင်သာ စူးစူးစိုက်စိုက် ကြည့်နေပါသည်။ အဝေးမှ တိုးဝင်လာသော အသံအားလုံးကိုလည်း သူဥပက္ခာပြုထားသည်။ သူဘာဖြစ်နေတာ
လဲ ဆိုတာကို အကြိမ်ကြိမ် အဖြေထုတ်နေမိပါသည်။ ကျွန်တော် အားငယ်နေတာလား ၊ ခံပြင်းနေတာလား တစ်ခုမှ မဟုတ်ပါ ။
ရိုးရှင်းစွာ တောင်းတ နေခြင်းပါ ။ လူကြီးတွေလို တန်ဆာဆင် စကားတွေ အလှတပ်ဖို့လဲ ကျွန်တော် အသက်ရွယ်နဲ့ မလိုက်ဖက်သေးပါ။
ကျွန်တော် ဖြစ်ချင်နေတာ တစ်ခုထဲပါပဲ။ လက်ထဲက ဖိတ်စာလေးပေါ်မှာ လူသား နှစ်ဦးကို အတူတကွ ကျွန်တော် မြင်လိုပါသည်။
ကျွန်တော် လူဖြစ်ရသော ဘ၀လေးမှာ ရိုးမလိုနဲ့ ဆန်းပြားမှုတွေ ရှိခဲ့ပါသည်။ ကျွန်တော် အသက် 9နှစ်မှာ ဖေဖေ နဲ့ မေမေ တရားဝင်
ကွာရှင်းလိုက်ကြသည်။ ကျွန်တော် နားလည် ခံစားတတ်နေခဲ့ပါပြီ။ မိဘနှစ်ပါး ကွာရှင်းခဲ့ခြင်း အပေါ် ထူးခြားတဲ့ အားငယ် စိတ်ပျက်ခြင်း
အလျဉ်းမရှိခဲ့ပါ။ နေ့စဉ်ရက်ဆက် အရက်သောက် နေတဲ့ ဖခင် ၊ ဆက်ဆက်ထိမခံ ပြန်ပြောတတ်သူ မိခင်တို့ နှစ်ဦး ရန်ပွဲတွေကို မမြင်
ရတော့ခြင်းက အဆိုးထဲက အကောင်းတစ်ခုပါပဲ။ ရပ်ကွက်ထဲမှာ ဂရင်းနစ် စံချိန်တင်ရအောင်ကို ရန်ဖြစ်တတ်သူ နှစ်ယောက် တစ်နေရာ
ဆီ နေခြင်းဟာ ပိုပြီး ဖြစ်သင့်သည်လို့ မှတ်ယူမိပါသည်။
မေမေက ကျွန်တော် နဲ့ ညီမလေးကို လက်ဆွဲကာ ဘိုးဘိုး ဘွားဘွား တို့ အိမ်ကို ပြန်လာခဲ့ခြင်းက ဖေဖေကို အပြီးတိုင် လမ်းခွဲလိုက်ခြင်း
သက်သေပါပဲ။ ဘွားဘွားက ကျွန်တော်နဲ့ ညီမလေးကို တရားဝင် သားနဲ့ သမီးအဖြစ် မွေးစားလိုက်သည်နှင့် တပြိုင်တည်း မေမေ
က အဒေါ်နေရာသို့ ရောက်ရှိသွားပါတော့သည်။ ဘိုးဘိုး ဘွားဘွား တို့ဧ။် လိုလေးသေးမရှိအောင် အလိုလိုက်မှုအောက်မှာ အရာရာ
ပျော်ရွင်ဖွယ် အတိဖြစ်ခဲ့ရသည် ။ ဘွားဘွားကိုလည်း မေမေလို့ ခေါ်ပါသည်။ ကျွန်တော် နဲ့ ညီမလေးက မေမေလို့ ခေါ်လိုက်တိုင်း ဘယ်
မေမေက ထူရမှန်းမသိအောင် ဖြစ်ခဲ့ပုံလေးတွေက လည်း ကြည်ကြည် နူးနူး ရယ်မော စရာလေးတွေ ဖြစ်ခဲ့ဘူးသည်။ ဖေဖေ လာခေါ်
ရင်လဲ မေမေက ကြည်ဖြူစွာ ထည့်ပေးတတ်ပါသည်။ မိဘနှစ်ပါးရဲ့ အိမ်ထောင်ရေးပြိုကွဲခြင်းအပေါ်အားငယ်ခြင်း၊ကြေကွဲခြင်းဆိုတာတွေ က ကျွန်တော်နဲ့ ညီမလေးအတွက် မသက်ဆိုင်သလိုပါပဲ။
ကြည်နူးချမ်းမြေ့ခြင်းတွေ နဲ့ ပြည့်နှက်နေတဲ့ ကျွန်တော် ဘ၀လေးထဲကို တောင်းတ ခြင်းတွေကို သယ်ဆောင်လာခဲ့ ပုံကတော့ ......
*ဟေ့ ငါမြေးလေး ကိုဒီနှစ်ရှင်ပြုမယ် * ဆိုတဲ့ ဘွားဘွားဆီက စကားသံကို ကြားတာနဲ့
*ဟေးးးးး ပျော်တယ်ဗျို့ .....ဘွားဘွား သားက ဆင်စီးချင်တာနော်*
*စီးရမှာ ပေါ့ မြေးရယ် * ဖြေသံအဆုံးမှာ ဖောင်းကားနေတဲ့ ဘွားဘွားပါးကြီးနှစ်ဖက်ကို အားရပါးရ နမ်းရှိုက်လိုက်မိပါသည်။
ဒီအချိန်ထိ ကျွန်တော်ဘ၀လေးက ပျော်စရာ အတိပါပဲ။
ဒီနေ့ ဘိုးဘိုး ရန်ကုန်ကနေ ပြန်ရောက်လာခဲ့သည်။ အလှူဖိတ်စာတွေလဲ ပါလာခဲ့ပါပြီ။ ဧည့်ခန်းထဲမှာ မိသားစု အစုံလင်ပေါ့။
ဖိတ်စာတွေ ဖောက်နေတဲ့ အချိန်ထိ မေမေ မျက်နှာပေါ်မှာ ပီတိ အပြုံးတွေ အပြည့်ပါပဲ။ အတွင်းစာမျက်နှာလေးကို လှန်ကြည့်လိုက်
ချိန်မှာတော့ မေမေ မျက်နှာ ပေါ်က အပြုံးတွေ ချက်ချင်းပျောက်ကွယ်သွားပါသည်။ အပြုံးတွေနေရာမှာ ကျွန်တော် မသိတဲ့ ခံစားချက်တွေပြောင်းလဲဖြစ်တည်သွားသည်။ မေမေ မျက်ဝန်းမှာ မျက်ရည်တွေ တွဲခိုနေတယ်လို့ ကျွန်တော်ထင်မိပါသည်။
ကျွန်တော် စိုက်ကြည့်နေသည်ကို သတိထားမိသွားသည်နှင့် မေမေ မျက်နှာပေါ် ဟန်ဆောင်အပြုံးတွေ ပြန်လည်ရောက်ရှိလာတယ်။
တွဲခိုနေတဲ့ မျက်ရည်တွေကို မျက်တောင်တစ်စုံကို ပုတ်ခတ်ပုတ်ခတ် လုပ်ခြင်းဖြင့် ကျလုလုမျက်ရည်တွေကို ထိန်းလိုက်ပါသည်။
ကျွန်တော်နဲ့ ညီမလေးကို ပြုံးပြပြီး မေမေ ထထွက်သွားပါတော့သည်။
မေမေ တစ်နေရာမှာ ငိုနေမှာလား ။ မေမေ ဘာဖြစ်တာလဲ ဆိုတဲ့ မေးခွန်းတွေကို အဖြေထုတ်ဖို့ ဖိတ်စာလေးကို ဖတ်ကြည့်လိုက်မိပါသည်။ ဖိတ်စာလေးရဲ့ တစ်နေရာကို ရောက်တဲ့ အခါမှာတော့ မေမေ ခံစားမှုကို
ကျွန်တော် သိလိုက်သလိုရှိလာခဲ့ပါသည်။ ဖတ်နေရင်းနဲ့ အမည်မဖော်တတ်တဲ့ ခံစားချက်လေးတစ်ခု ကျွန်တော်ရင်ထဲကို ဖြတ်သန်း
စီးဆင်းလာပါသည်။ ဖိတ်စာလေးကို ကျစ်နေအောင် ဆုပ်ကိုင်ရင်း အိမ်ပေါ်ထပ် လေသာဆောင် မှာထိုင်နေမိပါသည်။ ဖိတ်စာပေါ်က
နေရာလေးတစ်ခုကို မမှိတ်မသုန် စိုက်ကြည့်နေမိသာ မည်မျှ အချိန်ကြသွားသည် မသိ။ ကျွန်တော် ဦးခေါင်းကို ဖွဖွညင်သာစွာ
ရင်ခွင်တစ်ခုထဲသို့ ဆွဲသွင်းလိုက်ချိန်ကြမှ သတိဝင်လာမိသည်။ ရင်ခွင်ပိုင်ရှင်ကို မော့ကြည့်လိုက်ချိန်တွင် မျက်ရည်တွေ ပြည့်လျှံ
နေတဲ့ မျက်ဝန်းတစ်စုံက တစ်စုံတစ်ခုကို တောင်းပန်သလို ကြည့်နေတဲ့ မေမေ ကို တွေ့လိုက်ရပါသည်။
*မဟုတ်ဘူး မေမေ ။ ကျွန်တော် အပြစ်တင်နေတာ မဟုတ်ဘူး ကြေကွဲနေတာလဲ မဟုတ်ဘူး။ ဖိတ်စာထဲက
နေရာလေးတစ်ခုမှာ ကျွန်တော်ရဲ့ အရင်းနှီးဆုံး လူးသားနှစ်ဦးကို ကျွန်တော် ရှိနေစေချင်တာပါ မေမေ ။ လူသားတစ်ယောက် ဖြစ်တည်
ဖို့ အတွက် အဖေ အမေ ဆိုတဲ့ လူနှစ်ဦး မဖြစ်မနေ လိုအပ်တယ်မလား မေမေ။ အဲဒီလူသားနှစ်ဦး ဘယ်နေရာ ဘယ်လိုအခြေနေမှာ
ရှိနေကြပါစေ ကျွန်တော်ကို သာသနာ့ဘောင် သွပ်သွင်းချီးမြှင့် ပွဲလေးမှာတော့
ဦး........နှင့် ဒေါ်......... တို့ ဧ။်သားလှရတနာ
ဆိုတဲ့ နေရာလေးမှာတော့ ကျွန်တော် အဖေအရင်းနဲ့ အမေရင်း နာမည်လေးကို ကျွန်တော် လိုချင်မိတာ တရားပါတယ်နော် မေမေ ။
ဘိုးဘိုး ဘွားဘွားတို့က ဘယ်လိုဘဲ တရားဝင် မွေးစားကြပါစေ ကျွန်တော် အဖေနဲ့အမေရင်း မှ မဟုတ်တာဘဲလေ။ ဖိတ်စာလေးထဲက
မိဘနေရာလေးမှာတော့ ကျွန်တော် မိဘ အရင်းနာမည်တွေဘဲ ရှိပါရစေဗျာ။ မိဘတွေ နေရာမှာ အဘိုးဘွားနာမည်တွေ ဖြစ်နေသာ
ကွက်လပ်လေး တစ်ခု ဖြစ်နေသလို ခံစားမိသာ ကျွန်တော်မှားလား မေမေ ။ ကျွန်တော် ကြေကွဲနေတာ မဟုတ်သလို ၊ မေမေကို အပြစ်
မြင်နေတာ မဟုတ်ပါဘူး ။ ရိုးရှင်းစွာ တမ်းတမိသာပါ မေမေ * ဆိုတဲ့ ရင်ထဲက စကားတွေကို ပဲ့တင်ထပ်အောင် ရင်ထဲမှာ
ပြောနေမိပါသည်။ ကျွန်တော် နည်းတူ မေမေလဲ ရင်တွင်းစကားတွေ ပြောနေမယ်ဆိုတာ မေးစရာ မလိုဘဲ ကျွန်တော် သိနေခဲ့သည်။
မေမေ လည်း ဖိတ်စာလေး ပေါ်က ကွက်လပ်လေးကို ဖြည့်ပေးချင်နေမှာပါ ။ မေမေ ကျွန်တောတို့ ကို ခဏခဏ ပြောဖူးတဲ့ စကားလေး
လိုပေါ့
*ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်တာတွေကို ဇွတ်ဖန်တီး ပုံဖော်လို့ ရတာမျိုးမှ မဟုတ်တာ။ ဖြစ်တည်လာတဲ့ အကြောင်းအရာတွေကို
အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် လူပီတအောင် ကြိုးစားကြရမယ် *
ဆိုသလိုမျိုးပေါ့ ။ ကျွန်တော် ဖြစ်တည်နေတဲ့ အကြောင်းအရာ ပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါ့မယ် မေမေ။
ဖိတ်စာလေးပေါ်က ကွက်လပ်လေး ကို ဘ၀အတွက် အရေးကြီးတဲ့ နောက်တချိန်ပွဲမျိုးမှာ ကွက်လပ်လေး မဖြစ်နေအောင် သား
ကြိုးစားမယ်မေမေ ။
အချစ်ကို ကိုးကွယ်သူလေး
ခိုင်လေး (ရွှေတောင်)