လူတိုင်းအမှားနှင့် မကင်းပါ မမှားသောသူ မရှိသလိုမှန်သောလူ ဟူ၍လည်းမရှိပါ။ အမှားတစ်ခု
ရင်ဆိုင်ရသည့် အခါအတတ်နိုင် ဆုံးသဘောထားကြီးစွာ ခွင့်လွှတ်ဖြေရှင်း နိုင်ရပါမည်။ လူ့ဘဝသက်တမ်းသည်
တိုလွန်း၍လူ့ဘဝရခိုက် ခွင့်လွှတ်ခြင်းကို အတိုင်းအတာတစ်ခု
ထိတော့ထားရှိသင့်ပါသည်။ ပြုသူသာအပြစ်ဖြစ်၍ ဖြစ်သူသည်နားလည်မှု ရှိရပါမည်။
နားလည်မှုလွဲ၍သာ ဒေါသမီးတောက်လောင်၍ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများဖြစ်ပါသည်။
ကျွန်မတို့သည် နောင်တစ်ချိန် လူကြီးများဖြစ် လာမည့်သူများ ဖြစ်ပါသည်။ အခြေခံလူ့အဖွဲ့အစည်း
ကိုသေချာလေ့လာသင်ယူ သင့်ပါသည်။ အမြင့်ကိုတတ်လှမ်း ရန်အောက် ခြေကိုခိုင်ခိုင် တည်ဆောက်ရပါမည်။
အဖြစ်အပျက်လေးတစ်ခု ဥပမာတင်ပြရပါမည်။
ကျွန်မဆိုဒ်တစ်ခု၏ ဖိတ်ခေါ်ခေါင်းစဉ် တစ်ခုကိုရေးသားခဲ့ပါသည်။
ထိုခေါင်းစဉ်ဖြင့်ရေးသားသူ မှန်သမျှကိုနေ့တစ်နေ့တွင် စုပေါင်းဖော်ပြမည် ဟုဆိုဒ်တာဝန်ခံမှ ပြောပါသည်။
ထိုခေါင်းစဉ်ကို ကျွန်မကဲ့သို့မန်ဘာများ ဝင်ရောက်ရေးသားပါသည်။ ထိုခေါင်းစဉ်ဖြင့်ရေးသား
သူများအားလုံးဖော် ပြမည့်နေ့တွင် ကျွန်မရေးသားချက်အား မဖော်ပြပါ။ ဘဝတူမန်ဘာများ၏ ရေးသားချက်သာ
ပါလာပါသည်။ ကျွန်မစိတ်ထဲ အရမ်းထိခိုက်သွားပါသည်။ ဘာကြောင့်မပါသလဲ ၊ ဘာအပြစ်ရှိသလဲ
ကျွန်မယနေ့တိုင် တာဝန်ရှိသူများကို မမေးတော့ပါ။ အလကားရေးခွင့် ကလောင်သွေးခွင့်ရနေသော
သဘာဝဘေးမဲ့ ဥယျာဉ်ကြီးကို ကျွန်မကြောင့် အကျည်းမတန်စေချင်ပါ။ တစ်ဖက်မှာလည်း
ကျွန်မကိုစော်ကားခံရ၍ ဒေါသဖြစ်နေသော မိဘ ၊ သူငယ်ချင်းများကို ဖြေသိမ့်ပေးရပါသည်။
ကျွန်မမကျေနပ်လျှင် ထွက်သွားနိုင်သလို တစ်ခြားနံမည် ကလောင်တစ်ခုနှင့် ရေးနိုင်ပါသည်။
အခွင့်အရေးများစွာ ရှိလျှက်နှင့် မည်သူ့ကိုမှ အပြစ်မပြောတော့ပါ။ သူငယ်ချင်းများကသာ လူလူချင်းဘာကြောင့်
နင့်ပို့(စ်)မထည့်သည်ကို မေးပါဟုပြောပါသည်။ ကျွန်မမမေးတော့ပါ။ အဓိကသည်ကျွန်မ လွတ်လပ်စွာ
စာရေးချင်ပါသည်။ ကျွန်မ၏စာများကို ကျွန်မချစ်တဲ့သူများ ဖတ်စေချင်ပါသည်။ အေးချမ်းခြင်း
အရသာကိုယူချင်ပါသည်။ ဒါပေမဲ့ ကျွန်မတော်တော် စိတ်ထိခိုက်သွားပါသည်။
မိဘသူငယ်ချင်း များကိုကျွန်မကိစ္စ ကျွန်မခံနိုင်ရည်ရှိပါတယ် ဆိုပေမဲ့ ကျွန်မအလူးအလဲ
ငိုကြွေးခံစားခဲ့ပါသည်။ ထိုနေ့ကို မေ့မရသောနေ့အဖြစ် ဒိုင်ယာရီထဲ ရေးသားထားလိုက်ပါသည်။
ဝဋ်ကြွေးပါ၍ ဖြစ်သွားတာမဆန်းကြယ်ပါ။ ထိုနေ့က စိတ်ညစ်ညစ်နဲ့ ကဗျာလေးတစ်ပုဒ်ေ၇းလိုက်ပါသည်။
ကဗျာခေါင်းစဉ်ကိုလည်း “ ပစ်တိုင်းထောင်၏ ငိုရှိုက်သံ ” လို့အမည် တပ်လိုက်ပါသည်။
ပို့(စ်)လေးတစ်ခုလည်း ရေးလိုက်ပါသည်။ “ အမှတ်တမဲ့မှ အမှတ်တရသို့ ” ဆိုသည့်
ရသစာပေလေး ဖြစ်ပါသည်။ ဘာဖြစ်ဖြစ်လွတ်လပ်စွာ အခမဲ့စေတနာဖြင့် ရေးခွင့်ပေးသော
ဆိုဒ်တွေကို ကျေးဇူးတင်ပါသည်။ စာပေကိုဝါသနာ ကြီးသောကျွန်မတို့ ဝါသနာရှင်များ
ကလောင်သွေးခွင့် ရေးခွင့်ရသော အခွင့်ထူးသည် ကျေးဇူးကြီးလှပါသည်။ ကျေးဇူးရှင်ဆိုဒ် တာဝန်ခံများ
စိတ်မနွမ်းစေချင်ပါ။ မကူညီနိုင်ပေမဲ့ မနှောင့်ယှက်ရက်ပါ။ ဒါသည်ကျွန်မ၏ မေတ္တာ ၊ စေတနာ ၊
အမှန်ပင် ဖြစ်ပါသည်။
ပညာရည်နို့ သောက်သုံးခွင့်ရနေခြင်းသည် ကျွန်မအတွက် အမြတ်ဖြစ်ပါသည်။
အမြတ်များစွာရနေသော ကမ္ဘာရှိ မြန်မာစာပေရှင်များ စုဝေးရာ online စာမျက်နှာ၌
ကျွန်မပျော်ပါသည်။ နိုင်ငံပေါင်းစုံ၏ ဘာသာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ သိပ္ပံရေးရာ ၊ ဝိဇ္ဇာရေးရာ ၊
အထွေထွေဘာသာရပ်များကို တစ်စုတစ်ဝေးတွေ့ရ ၊ မှတ်ရ၍စာပေဟင်းလေးအိုး
ဆိုတာထိုနေရာ ဖြစ်နေပါသည်။ ဆိုဒ်တကာလိုက်၍ စာပေဖတ်ရမှတ်သား ရသည်မှာလူ့ဘဝကံကောင်း
လှပါသည်။ အားလပ်ချိန် စာဖတ်ခြင်းဖြင့် အချိန်ဖြုန်းရတာ တန်ဖိုးအရှိဆုံး ဖြစ်ပါသည်။
ဘဝအတွက်ပေးအပ်သော ကိစ္စများလုပ်ဆောင်ပြီးလျှင် မိမိစိတ်အပန်းဖြေရန် online စာပေများ
ဖတ်ရခြင်းကို အကြိုက်ဆုံးဖြစ်ပါသည်။ အမှားမကင်းသော လူ့ဘုံလောကတွင် အမှားများသည် တစ်ချိန်မဟုတ်
တစ်ချိန်ကြုံရပါမည်။ ကြုံသည့်အခါတိုင်း စိတ်ဓာတ်ခိုင်ခိုင်ထားပြီး သဘောထားကြီးစွာ နားလည်မှုယူ၍
ဘဝခရီးကို ရှေ့ဆက်လျှောက်စေချင်ပါသည်။ ကိုယ်လည်းမှားခဲ့ပါသည်။ သူလည်းမှားခဲ့ဘူးမှာပါ။
သည်းခံခြင်းဖြင့် ဆက်လျှောက်လျှင် ရန်သူမတိုးဘည်း
မိတ်ဆွေတိုးမှာဖြစ်၍ ပျော်စရာကမ္ဘာလေးတည်ဆောက် နိုင်ပါမည်။ မြန်မာအချင်းချင်း
ချစ်ချစ်ခင်ခင် နေကြရင်ဖြင့် ပြည်ပရန်သူများ ဝင်ရောက်မလာ နိုင်သောစည်းလုံးခြင်း အင်အားကို ကျွန်မတို့
အကောင်းဆုံး သေသေချာချာ လုပ်ပြကြရပါမည်။
နောင်အနာဂတ်သည် ကျွန်မတို့လက်ထဲရှိနေလျှင် အနာဂတ်လူသားများအတွက် ကျွန်မတို့စိတ်ကို
စံပြအဖြစ်ပြသ၍ မြန်မာဆိုသည့် လူသားများ မြန်မာစကား ၊ မြန်မာဘာသာ ၊ မပျောက်ပျက်အောင်
ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြမည် ဆိုလျှင်အကောင်းဆုံး အနာဂတ်ကိုပိုင်ဆိုင်
သူသည်ကျွန်မတို့သာ ဖြစ်ပါသည်။