Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တသက်သာမမေ့ လွမ်းဆွတ်နေဆဲ ……………………….

$
0
0

 

လူသားတိုင်းဟာ အသက်အရွယ်ရလာသည်နှင့်အမျှ အသိဥာဏ်တွေ အသိတရားတွေ ကြီးပြင်းရင့်ကျက်တိုးပွားလာမြဲပါ ။ ကျမလဲ တစ်ယောက်အပါအ၀င်ပေါ့ ။ ငှက်လေးတွေလို အတောင်စုံလို့ လေကိုစံ ပျံသန်းနေရသလို ကျမလဲဘဲ အသက်ရွယ်ရလာတာနဲ့မျှ မွေးရပ်မြေကို ခွဲခွာကာ လောကကြီးကို အံတုနိုင်အောင် ပြင်ပလောကဆီ လှုပ်ရှားရုန်းကန်သွားရတယ် ။ အသက်က စကားပြောလာတော့ အလုပ်ဆိုတာကြီးကို လုပ်ရမယ့်အချိန်ကျရောက်နေပြီမို့ မွေးရပ်မြေမှာ အမြဲတမ်းပုံမှန်ဖြစ်တည်လုပ်နေကျအလုပ်မျိုးထက် ပြင်ပလောကမှာ ရွေးချယ်စရာလမ်းတွေ အများပြားရှိကြောင်းကို သိလိုက်ရချိန်မှာ “ ငါဟာ အသက်အရွယ်သာကြီးပြင်းပြီး ပညာဗဟုသုတ အတွေ့အကြုံတွေမဆုံသေးပါလား ” လို့ ကိုယ့်ကိုကိုယ် အသိတရားတွေဝင်ပြီး ဒီထက်အဆပေါင်းများစွာ ကြိုးစားရအုံးမှာပါလား ။ ရွာမှာနေတော့ ထုံးစံအတိုင်း လုပ်နေကျဖြစ်တဲ့ တောင်ယာ လက်ဖက်ခူးလုပ်ငန်းတွေက ကျမအတွက် လုပ်ငန်းကြီးကြီးသဖွယ်သတ်မှတ်ခဲ့ဖူးတော့ မြို့ကြီးပြကြီးရောက်မှ ကွဲပြားခြားနားတဲ့ လုပ်ငန်းစီးပွားရှာပုံ၊ လူနေမှုအဆင့်အတန်းကွာခြားပုံ၊ နေထိုင်သွားလာကုန်သွယ်ပုံတွေကိုမြင်တွေ့နေရတယ် ။ အဲဒီလုပ်ငန်းတွေလုပ်ဖို့ဟာ ကျမအဖို့တော့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ ။ ဆိုးရွားဆုံးက ရွာမှာ လမ်းသွားလမ်းလာချိန်မှာ ရှင်းလင်းမှုရှိသလောက် မြို့မှာက လူတွေ အုံအုံကြပ်ကြပ်နဲ့ ဆိုင်ကယ် ကားတွေနဲ့ တ၀ူးဝူးသွားလာလှုပ်ရှားနေကြတဲ့မြင်ကွင်းဟာ တောသူမဖြစ်တဲ့ ကျမအတွက်တော့ ကမ္ဘာကြီးက ပေါက်ကွဲလုမတတ်လောက်အောင်ကို နားထဲမှာ စူးရှခံပြင်းပြီး ခေါင်းထဲမှာ အတော်လေးကို ရှုပ်ထွေးစေခဲ့ပါတယ် ။ တချို့ အိုးအိမ်တိုက်တန်းတွေလည်း ကောင်းကင်ကို ခုတုံးလုပ်ထားနေသလို မြင့်မားလေတော့ မျက်စိတဆုံး မော့ကြည့်ရင်း သတိပင်မေ့နေခဲ့တယ် ။ အော်…. တို့ရွာမှာနဲ့က ဆယ်ခြားဆီပါလား အိမ်ပတ်ပတ်လည်မှာ ထရံကာနဲ့ သက်ကယ်ရက်လုပ်ထားတဲ့အမိုးနဲ့ အိမ်ဘေးဝန်းကျင်တွေမှာလဲ မြက်ခင်းပင်တွေ စိမ်းလို့ ။ မနက်ခင်းမိုးသောက်ယံချိန် တံခါးပေါက်ဖွင့်လိုက်တာနဲ့ လတ်ဆတ်တဲ့ လေအေးအေးတွေ ခပ်ယဉ်ယဉ်နဲ့ နှုတ်ဆက်ဆီးကြိုနေပြီး တောင်တန်းကြားက နေရောင်ပြုစ ဖြာထွက်လာတဲ့အလင်းနုရောင်တွေကြောင့် သစ်ပင်ပန်းမာန်တွေလည်း နိုးထပွင့်ဖူးလို့ ဝေဆာနေပါတယ် ။ အဲဒီ သဘာဝအလှတွေကြောင့် ရွာသူရွာသားတွေကို ပျော်ရွှင်မှု တွယ်တာမှုတွေ အေးချမ်းမှုတွေကို ပေးစွမ်းနိုင်ခဲ့ပြီး တယောက်ကိုတယောက်လည်း မင်္ဂလာရှိတဲ့ မနက်ခင်းတိုင်းမှာ အပြုံးချိုချိုနဲ့ စကားပြောနှုတ်ဆက်ကြတယ် ။ ရပ်ရွာသာရေး၊ နာရေးဆိုလည်း တ၀ိုင်းတ၀န်းနဲ့ ကလေးကအစ အဖိုးအဖွားတွေကအဆုံး ပါဝင်ပြီး တစုတစည်းသွားရောက်ကူညီကြ အားပေးကြပါတယ်။ တစုံတခု လုပ်တော့မည်ဆိုရင် တရွာလုံးကသိကြ တိုင်ပင်ကြပြီး အားသွန်ခွန်စိုက် စုဖွဲ့လုပ်ဆောင်ပြီး ပျော်ပျော်ပါးပါးနဲ့ ဆင်နွှဲကြပါတယ်။ ဆင်းရဲ၊ ချမ်းသာ၊ ရုပ်ဆိုး၊ ရုပ်ချော မခွဲခြားပဲ တန်းတူညီမျှ မောင်နှမရင်းတွေလို ကူညီဖေးမဆက်ဆံကြပါတယ်။

 

 မြို့က ကုန်သည်တွေ ရွာကို ကုန်တွေလာချရင် ဗင်ကားတွေနဲ့လာလာတတ်ကြတယ်။ တခါတခါလာပြီဆိုရင် ကလေးတွေက ကျောင်းတွေမသွားကြတော့ဘဲ အဲဒီကားနားမှာပဲ ပွတ်သပ်တွယ်ကပ်နေကြတဲ့ ပုံရိပ်တွေကို မြင်ရလေတော့ သိမ်ငယ်သလိုခံစားမိလာတယ်။ သူတို့လေးတွေကို ဂရုဏာသက်မိတယ် ကလေးကစ ဖိုးဖိုးဖွားဖွားတွေရောပါပဲ ငယ်ကတည်းကနေ အိုမင်းရင့်ရော်လာတဲ့အချိန်ထိ မွေးရပ်မြေမှာပဲ ကြီးပြင်းအခြေချ၊ ထွက်ခွာသွားတဲ့အချိန်ထိ ကားတွေကို မြင်သာမြင်ဖူး ကိုင်သာကိုင်ဖူးပြီး မစီးဖူးကြတဲ့သူတွေ များပြားလှ၍ မရေတွက်နိုင်လောက်အောင်ပဲမို့ ကားတွေမြင်ရင် သူတို့လေးတွေအတွက် တကယ်ကိုထူးဆန်းကျယ်ပြန့်နေတဲ့ အတွေ့ကြုံတခုပေါ့ ။ အဲဒီမြင်ကွင်းကို ကြည့်ရင်း ရွာမှာ ကားတွေ၊ ဆိုင်ကယ်တွေ စီးတက်နိုင်ကြရင်၊ ပိုင်ဆိုင်နိုင်ကြရင် အရမ်းကောင်းနေမှာပဲ ။ အဲဒါလဲ ရွာရဲ့တိုးတက်မှုတခုပဲ ဆိုတဲ့ အတွေးစိတ်ကူးတွေဝင်မိတော့တယ်။ ဒါမှပဲ ကားတွေတခါတခါလာရင် ရွာက ကလေးတွေ  ကျောင်းကို မှန်မှန်သွားနိုင်ကြမှာ လူအိုတွေလဲ ယိမ်းယိမ်းယိုင်ယိုင်နဲ့လမ်းလျှောက်လာပြီး ကားကိုလာရောက်အရေးတယူကြည့်ရှုနေစရာမလိုတော့ဘဲ အေးအေးချမ်းချမ်းနဲ့ အိမ်မှာ  အနားယူလို့ရနိုင်မှာ။ စတဲ့စတဲ့ တိမ်ငယ်မှုတွေ အလိုမကျမှုတွေရောယှက်လာတော့ ရွာကိုထားခဲ့ပြီး တခြားနေရာဒေသအသစ်အဆန်းနေရာတွေမှာ အလုပ်ရှာပြီး ဘ၀ခရီးကို ဆက်ခဲ့မိတော့တယ်။ မြို့ကြီးပြကြီး ရောက်တော့ ကားတွေ ဆိုင်ကယ်တွေရှုပ်ယှက်ခတ်နေတဲ့ကြားက ကျမအတွက် အလွန် ထူးဆန်းနေခဲ့တယ်။

 

လမ်းမကြီးတွေမှာ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ နေမင်းကြီးရဲ့အလင်းရောင်းဝင်ရောက်ထိုးဖောက်ပေးဖို့ အားခဲနေပေမယ့် နေရောင်ခြည်ရဲ့အလင်းရောင်တွေဟာ အဲဒီ ဖုန်တောလို့ထင်ရလောက်တဲ့ ကြားတွေမှာ နေရောင်ခြည်အလင်းတွေက မှုန်ဖျဖျနဲ့သာ မြင်နိုင်ခဲ့တယ်။ အဲဒီမြင်ကွင်းတွေကြောင့် ကျမကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့ပါတယ်။ ရွာမှာက မနက်မိုးလင်းတာနဲ့ ညရောက်တဲ့ထိ ကျေးငှက်ကလေးတွေရဲ့သာယာချိုတေးသံတွေကိုပဲ ကြားနေရတော့ မြို့မှာကနဲ့ တခြားစီပဲ မနက်မိုးလင်းတာနဲ့ ဆိုင်ကယ်သံ ကားသံတွေ တ၀ူးဝူး တရှုးရှုးနဲ့ လမ်းမကြီးပေါ်မှာ ရှုပ်ယှက်ခတ်ပြီး ဆူညံပွတ်သံဟာ နားထဲမှာ မခံမရပ်နိုင်လောက်အောင်ပေါက်ကွဲမလိုခံစားရတယ် ။ အဲဒီ အသံတွေကြောင့်နဲ့ ငှက်ကလေးတွေ မနေရဲတော့ဘဲ အဝေးကို ထွက်ထွက်ပြေးကြတယ်ထင်ပါရဲ့။ သစ်ပင်ပန်းပင်တွေကလဲ ခပ်ရှားရှား။ လမ်းမထက်မှာရှိတဲ့ သစ်ပင်တွေကလဲ မလန်းဆန်းနိုင်တော့ဘဲ ဖုန်မှုန့်တွေကြောင့်နဲ့ မွဲဝါခြောက်သွေ့နေကြရှာတယ်။ ဒီလို ဆူညံပွတ်သံရှုပ်ယှက်ခတ်ဒဏ်တွေကို တစ်နေ့ထပ်တစ်နေ့ ကြားနေရတော့ စိတ်ရော ကိုယ်ပါ ထိန်းချုပ်ထားနေသလို အရမ်းမွန်းကျပ်လာတယ်။ မနေတတ်မထိုင်တတ်ဖြစ်တဲ့အခါမှာ သူငယ်ချင်းတွေကို ရင်ဖွင့်ငြီးတွားမိပါလေရော။

“ဟုတ်မှာပေါ့ တောကနေတတ်လာတော့ မြို့သူဘယ်ဖြစ်နိုင်မလဲ။ တောသူအနံ့က ဘယ်တော့မှပျောက်နိုင်မှာမဟုတ်ဘူး”

“နောက်ဆို နေသားကျမှာပါ ။ အဲဒီအသံတွေကိုပဲ နားစိုက်မနေနဲ့လေ ”

အဲဒီစကားတွေက ကျမအတွက်မမှားပေမယ့် စိတ်ထဲမှာတော့ ခံရခက်မိတယ်။ သူတို့စကားအဆုံးမှာပဲ ကျမဟာ စကားမပြောနိုင်တော့ဘဲ အိမ်ရဲ့နောက်ဘက်ကို သွားပြီး တိတ်တိတ်ခိုးငိုခဲ့ရတယ်။ သာယာအေးချမ်းတဲ့ မွေးရပ်မြေကို စုန်ကန်ထွက်ခွာခဲ့ပြီး မြို့ကြီးပြကြီး အဆင့်မြင့်တဲ့နေရာတွေကို အထင်ကြီးခဲ့ပြီး အဲဒီ ပစ်စလောက်ကလေး ပြဿနာတွေကိုမှ မခံနိုင်တော့ရင် ရေရှည်ဘယ်လိုခရီးဆက်ရတော့မှာလဲ ။

“ ရှေ့လျှောက် ငါ့ဘ၀ကို မတွေးရဲစရာပါပဲ ။ ရွာမှာပြန်ပြီး သွားနေကျလယ်ကွင်းထဲနဲ့ ခူးနေကျ လက်ဖက်ရွက်တွေနဲ့ပဲ ဘ၀ကို အဆုံးသက်မှာလား ။ မဖြစ်ချင်ပါ ။ ”

အဲဒီအချက်ကို တွေးမိတိုင်းမှာ ရင်ထဲမှာ ထစ်ခနဲအောင့်အောင့်သွားပြီး ပြည့်လျှံလာတဲ့ မျက်ရည်မိုးတွေကို မထိန်းနိုင်ဘဲ ငိုသာငိုချမိပါတော့တယ်။

“ဟုတ်ပီ သူတို့ပြောသလိုပဲ နေသားကျသွားရင်တော့ ဆူညံပွတ်သံမက ပေါက်ကွဲသံတွေပါ ခံနိုင်အားရှိသွားမှာ” (ရောမ ရောက်ရင် ရောမ လိုကျင့်ရမယ်) ဆိုတဲ့ စကားအတိုင်း ယခုမှ ကျမလက်ခံတတ်လာတော့တယ်။ ဒီလိုနဲ့ပင် ရွာကသဘာဝအလှကို တခဏသာမေ့ပျောက်နိုင်ခဲ့ပြီး  ကျမရဲ့ မြို့ခရီးဟာ ငါးနှစ်သာဖြတ်ကျော်နိုင်ခဲ့ပြီးဖြစ်တယ် ။ ခုထိတော့ ကားသံဆိုင်ကယ်သံတွေက နားထဲမှာတော့ ဆူးရှနေတုန်းပါပဲ ။ ဒါပေမယ့် အဲဒီဆူးရှတဲ့ ကွဲအက်သံတွေကို ဂီတနဲ့ ပြန်ချေပနိုင်ခဲ့ပါတယ်။ မနက်မိုးလင်းတာနဲ့ သီချင်းနဲ့အတူ တစ်နေ့သာရက်ကိုဖြတ်ကျော်ခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့ တစ်လပြီးတစ်လ တစ်နှစ်ပြီးတစ်နှစ်နဲ့ ဒီနေ့ထိရောက်လာနိုင်ခဲ့ပါတယ်။ အဲဒီဖုန်တောတွေကိုကြည့်ပြီး မြန်မာနိုင်ငံမှာ “ ဖုန်စုပ်စက်အကြီးကြီး ”ထုတ်ပေးနိုင်ရင် အရမ်းကောင်းနေမှာပဲ။ ဒါမှမဟုတ် “ ဖုန်သိမ်းကြုံး စုဆောင်းရေးအသင်းဖွဲ့ ” ဖွဲ့ပေးရင်လည်းမဆိုးပါဘူး စတဲ့ ခပ်နုံနုံအတွေးတွေက ရုတ်တရက်ထွက်လာမိတယ်။

 

ရွာကလူတွေကတော့ ကျမဟာ မြို့ကြီးပြကြီးရောက်တော့ ရွာဆုတ်လေးကိုမေ့နေပြီလို့ ထင်မြင်ချက်တွေ ဝေဖန်ချက်တွေပေးကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါးနှစ်သာထဲမှာ အိမ်ပြန်တိုင်း သုံးရက်ထက်မနေနိုင်ခဲ့တဲ့အတွက်ကြောင့်မို့ပါပဲ။ ပြီးတော့ တချို့လဲ အိမ်ကို ရွာကို တည်းခိုခန်းလုပ်နေတယ်လို့ ထင်မြင်ချက်တွေပေးကြပါတယ်။ အမှန်မှာ  မြို့ကြီးပြကြီးရောက်လို့ ရွာကိုမေ့တာတော့မဟုတ်ခဲ့ပါဘူး ။ လူတွေတိုင်းက ရည်မှန်းချက်ကိုယ်စီ ဦးတည်ချက်ကိုယ်စီနဲ့ ဘ၀ကို ဖြတ်သန်းနေရတဲ့တွက် မမေ့ချင်လဲမေ့ဟန်ဆောင်နေရတဲ့ ဘ၀တူတွေမို့ပါ ။ ကိုယ့်ဦးတည်ချက်ဟာ ကိုယ်တစ်ဦးတစ်ယောက်တည်းနဲ့သာဆိုင်နေခြင်းပါ ။ သူသူကိုယ်ကိုယ်တွေတိုင်းက ဘ၀မှာ ပြည့်ပြီးစုံတယ်ရယ်မရှိ အတူတူရည်မှန်းချက်တွေကိုယ်စီကိုယ်ငှထမ်းပိုးရင်းနဲ့ ဘ၀ခရီးကြမ်းတွေကို လျှောက်လှမ်းနေကြတဲ့သူတွေပဲဖြစ်တယ်။ တို့တွေအားလုံးဟာ ဖြစ်ချင်တာထက်ဖြစ်သင့်တဲ့လမ်းကိုရွေးချယ်ခဲ့ကျသူတွေမို့ နောက်ဆံမတင်းဘဲ လိုရာပန်းတိုင်ကို လျှောက်လှမ်းကျမယ်ဘ၀တူတွေပါ။ ရွာရဲ့အလှသဘာဝတွေ ရွာရဲ့နွေးထွေးမှုတွေ ရွာရဲ့ပျော်ရွင်မှုတွေဟာ ကျမတစ်သက်သာမက တစ်ဘ၀စာမှာ လွမ်းဆွတ်ခြင်းတွေက ကျမ မွေးဖွားစဉ်ကတည်းက နှလုံးသားရဲ့ထောင့်စွန်းတစ်နေရာမှာ မှတ်ကျောက်တင်ပေးခဲ့ပြီးသားဖြစ်တယ်။ လောကကြီးရဲ့ အလှသဘာဝကို ခံစားတတ်စ အရွယ်ကတည်းက ရွာကိုချစ်တတ်တဲ့စိတ်တွေ လွမ်းဆွတ်တွယ်တာတတ်တဲ့ နှလုံးသားတွေ ခိုအောင်းခဲ့ပြီးဖြစ်တယ်  ။ အတုမရှိတဲ့ အေးချမ်းသာယာမှုတွေပြည့်နှက်နေတဲ့ ရွာကလေးကို ကျမ တောသူမလေးက ဘယ်မေ့ရက်နိုင်ပါ့မလဲ။ အသက်ရှိနေစဉ်သရွေ့တော့ ထိတွေ့လွမ်းဆွတ်ခွင့်မရပေမယ့်လည်း နှလုံးသားထဲရဲ့အတိမ်အနက်မှာ ထာဝရလွမ်းဆွတ်နေဆဲပါ အမိရွာရယ်………………………………..။                          

 

 

မိုးမဟေ(ဆောင်းနှင်းဖြိုး)

၁၄-၂-၂၀၁၂


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>