Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

စာရေးဆရာဖြစ်ချင်တဲ့ ကျွန်တော်

$
0
0

စာရေးဆရာတစ်ယောက်ဖြစ်ဖို့အတွက် လူတိုင်းမျှော်လင့်ချက် ထားခဲ့ကြမှာမဟုတ်ပါဘူး။  ဒါပေမယ့် ကျွန်တော်ကတော့ စာရေးဆရာဖြစ်ချင်ခဲ့တယ်။ ဖြစ်ချင်တဲ့ ဆန္ဒက ငယ်ရွယ်စဉ်ကတည်းက အရိုးစွဲနေတာဖြစ်ပါတယ်။

ကျွန်တော်စာမရေးဖြစ်တာ ရက် ၂၀ ကျော်လောက်ရှိပါပြီ။ မရေးဖြစ်တဲ့အကြောင်းက ချင်းတွင်းရေဆန်ခရီးကို သွားခဲ့တယ်။ ခရီးသွားစဉ်မှာ အင်တာနက်သုံးမရတော့ စာအုပ်တွေ ဖတ်ဖြစ်တယ်။ ခရီးကပြန်လာတော့လည်း အရေးကြီးးတဲ့လုပ်ငန်းတွေ တန်းစီလုပ်ပြီး တစ်ဖန်ခရီးထွက်ရပြန်တယ်။ အထက်မှာ ကျွန်တော် စာရေးဆရာအကြောင်း  နိဒါန်း ပျိုးခဲ့တာ အကြောင်းရှိပါတယ်။ ခရီးထွက်တာနဲ့လည်း စာရေးဆရာ အကြောင်းက ပတ်သက်နေပါတယ်။

ကျွန်တော်ခရီးသွားနေစဉ်မှာ ဖတ်ဖြစ်တဲ့စာအုပ် (၃)အုပ်ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဆရာဝင်းငြိမ်း ရေးတဲ့ တစ်ကြောင်းရေး နှစ်ကြောင်းခြစ်၊ ဆရာဝင်းငြိမ်းပဲ ရေးသားတဲ့ မောင်သာရ၏မောင်သာရ နဲ့ ဆရာတင်မိုးရေးတဲ့ မြန်မာကဗျာရှုခင်း စာအုပ်တို့ဖြစ်ပါတယ်။

ကျွန်တော်ဖတ်မိတဲ့စာအုပ်(၃)အုပ်က စာရေးဆရာဖြစ်ချင်တဲ့ ကျွန်တော့်အတွက် အားဆေးဖြစ်ခဲ့ပါ တယ်။ ကျွန်တော်က စာလေးပေလေးတွေကို မတောက်တခေါက် ရေးနေသူဆိုတော့ ဆရာဝင်းငြိမ်းရဲ့ တစ်ကြောင်းရေး နှစ်ကြောင်းခြစ်ကို ဖတ်မိတော့မှ စာရေးဆရာဖြစ်ချင်တဲ့ ကျွန်တော်ဟာ စာရေးဖို့ လက်တွန့်သွားခဲ့ပါတယ်။

ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်က စာရေးဆရာဖြစ်လောက်တဲ့ အရည်အချင်းတွေ အပြည့်အ၀ မရှိသေးဘူးလို့ ယူဆမိလို့ဖြစ်ပါတယ်။ အဲဒီစာအုပ်ကို ဖတ်ပြီး စာရေးဆရာဖြစ်လောက်တဲ့ အရည်အချင်းရှိအောင် ကျွန်တော်ကြိုးစားရပါဦးမယ်။

စာအုပ်ပါအကြောင်းအရာတွေကို ပြောပြရမယ်ဆိုရင် အများကြီးမို့ မပြောတော့ပါဘူး။ စာအုပ် ကြော်ငြာတယ်လို့တော့မထင်ပါနဲ့ ဆရာဝင်းငြိမ်းနဲ့ ကျွန်တော်သိလည်း မသိ။ ခင်လည်း မခင်ပါဘူး။ ဆရာစာအုပ်က စာရေးဆရာဖြစ်ချင်တဲ့သူတွေ လက်ကိုင်ထားသင့်တဲ့စာအုပ်ပါ။ ဆရာဟာ သမ္ဘာရင့် ၀ါရင့် စာရေးဆရာကြီးတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်တို့လို စာရေးဆရာလို့တောင် မခေါ်ထိုက်သေးတဲ့သူတွေအဖို့ အတုယူသင့်ပါတယ်။

နောက်ဖတ်ဖြစ်တဲ့ မောင်သာရ၏မောင်သာရ ၀င်းငြိမ်းနှင့်တွေ့ဆုံဆွေးနွေးချက်များ စာအုပ်ကို ဖတ်ဖြစ်တော့ ကြိုက်နှစ်သက်လို့ မှတ်သားမိတာလေးတွေကို မှတ်စုစာအုပ်မှာ ကူးရေးဖြစ်တယ်။

“စာပေနယ်မှာ အနုပညာနယ်မှာ ဆိုကြပါစို့ဗျာ။ နံပါတ်တစ်က အနုပညာသည်တစ်ယောက်ဖြစ်ဖို့ ခက်တယ်။ ဒုတိယ ဖြစ်ပြီး အောင်မြင်ဖို့ ခက်တယ်။ နောက်တတိယအချက်က အောင်မြင်ပြီး အဲသည် အောင်မြင်မှုကို ထိန်းထားနိုင်ဖို့ ခက်တယ်။”

ဆရာမောင်သာရရဲ့ စာပေဆိုင်ရာ အယူအဆ၊ အတွေးအမြင်တွေကို ဖတ်လိုက်ရတော့ အချိန်ကုန်လို့ ကုန်မှန်းတောင် မသိအောင်ဖြစ်ခဲ့ရပါတယ်။

ဆရာတင်မိုးရဲ့ မြန်မာကဗျာရှုခင်းကိုတော့ ၀တ္ထုဖတ်သလို ဖတ်မသွားဘူး။ ဆရာကောက်နုတ် ဖော်ပြထားတဲ့ ကဗျာကောင်းလေးတွေကို သေသေချာချာဖတ်မိတယ်။ ဆရာဖော်ပြထားတဲ့ ကဗျာ လေးတွေဟာ အင်မတန်မှ အဖွဲ့အနွဲ့ကောင်းတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ မူလကဗျာရေးသူလို ရေးတတ်၊ ဖွဲ့နွဲ့တတ်ချင်လာတယ်။

ကိုယ်တိုင် ကဗျာတွေ ရေးဖွဲ့ခဲ့တာရှိခဲ့ပါတယ်။ အဲဒီကဗျာတွေကို ပြန်ဖတ်ကြည့်မိတဲ့အခါမှာ ကာရန်တွေလွတ်သွားတာတွေ့ဖူးပါတယ်။ ကိုယ်ရေးဖွဲ့ထားတာတွေကို ပြန်လည်ဝေဖန်သုံးသပ် မိပါတယ်။ ကိုယ်ရေးထားတဲ့ တစ်ချို့ကဗျာတွေကိုတော့ ပြင်သင့်တဲ့ ကာရန်တွေပြင် စာသားတွေပြင် လုပ်မိပါတယ်။ တစ်နေ့နေ့တော့ ကိုယ်ရေးထားတာလေးတွေကို စုပြီး စာအုပ်လေးတစ်အုပ်တော့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့ပေါ့။

ဆရာတင်မိုးလို နိုင်ငံသိ ကမ္ဘာသိ ကဗျာဆရာကြီးတစ်ယောက်ရဲ့ စာအုပ်ဟာ ကျွန်တော့်အတွက် အဖိုးထိုက်တဲ့ ရတနာသိုက်ကြီးဖြစ်နေပါတော့တယ်။

ကမ္ဘာမြေကြီးထဲက အမေ

အမေဟာ

ကဗျာထက် ချိုမြိန်

အလင်းအိမ်ကို ဆောက်

တောက်ပတဲ့ ရိုးသားမှု

ဘယ်သူက တုပနိုင်မှာလဲ။

အမေ့ရင်ခွင်မှာ

ပန်းပေါင်းတစ်ရာ ဝေဆာကြ

နန္ဒ၀န်ဥယျာဉ်ထက် လှတယ်။

အမေနဲ့ပတ်သက်လို့ ဆရာတင်မိုးက မောင်နွေထက်ရဲ့ ကဗျာစာအုပ်က ကောက်နုတ်ဖော်ပြထား တာလေး ဖတ်လိုက်ရတော့ အမေ့ကို သတိရမိတယ်။ မောင်နွေထက်ရဲ့ အလင်းလမင်းကဗျာလေးက လည်း တိုတိုနဲ့ ထိမိတယ်။

အိမ်ပြန်ညမှာ

လမင်းမလို

ကြိုလို့နေတာ

အမေပါလား။

စာရေးဆရာဖြစ်ချင်တဲ့ ကျွန်တော်ဟာ ဆရာဝင်းငြိမ်းနဲ့ ဆရာတင်မိုးတို့စာအုပ်ကြောင့် လေ့လာဖို့၊ သင်ယူဖို့အတွက် အချိန်တွေ ရင်းနှီးရဦးမယ်ဆိုတာ နားလည်သဘောပေါက်သွားပါတယ်။

 

အားလုံးကိုခင်မင်လေးစားလျက်

ကိုရင်ကျော်

(၅-၆-၂၀၁၂)(၂၃း၀၀)နာရီ (ခေတ္တ-ပြင်ဦးလွင်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>