$ 0 0 သည်နေ့ ကျွန်တော် ရန်ကုန်ရောက်လာတော့ အဖေက ညီအငယ်ဆုံးအတွက် တစ်မြို့တစ်ရွာကို သွားနေခဲ့တယ်။ တိုက်ခန်းလေးက စားပွဲပေါ်မှာ အမေ တင်ထားခဲ့တဲ့ အဖေ့ဆေးစစ်ချက် မှတ်တမ်းတွေ ကျွန်တော် မြင်တွေ့ရချိန်မှာ ကျွန်တော်ရင်မှာ မချိခဲ့ပါဘူးအဖေ။ တကယ်တမ်းလည်း အဖေ ကျန်းမာရေးကိစ္စကြောင့် ကျွန်တော် အဖေ့တို့နဲ့နီးစပ်ရာ သည်ရာထူးကို ယူပြီး ပြောင်းခဲ့တာ ဖြစ်ပေမဲ့ အဖေ့အပေါ် တာဝန်အပြည့်အ၀ မကျေနိုင်ခဲ့ပါဘူးအဖေ။ ကျွန်တော်ချစ်တဲ့၊ ကျွန်တော်ခံယူတဲ့ အလုပ် ဆိုတာက နံပါတ်(၁) နေရာမှာ ရှိနေခဲ့ပြီး အဖေ့ဆီ တစ်ခါတလေ သုံးရက်မှ တစ်ကြိမ် ရောက်နိုင်ခဲ့တာလေးနဲ့ပဲ အဖေ သားအတွက် ဂုဏ်ယူဝမ်းမြောက် နေခဲ့ တယ်။ တစ်လနီးမှ တစ်ကြိမ် အသည်းအတွက် အားဆေးလေး သွင်းပေးတာကိုလည်း အဖေ ကျေနပ် နေခဲ့ တယ်။ နောက်ဆုံး အဖေ ဆေးစစ်ဖို့ နိုင်ငံရပ်ခြား ထွက်သွားတာတောင်မှ အနားမှာ မလိုက်နိုင်ကြတဲ့ ဘွဲ့ရ သားတွေမပါဘဲ ထွက်သွားကြတဲ့ အဖေနဲ့အမေကို ဟိုက အံ့သြကြတယ်။ အင်္ဂလိပ်စာ ထော့ကျိုးလေး တောင် မပြောနိုင်တဲ့ အဖေနဲ့အမေ။ ဘွဲ့တွေရပြီး အလုပ်မှ အလုပ်ဖြစ်နေကြတဲ့ သားတွေ။ကျွန်တော် တာဝန်မကျေခဲ့ပါဘူးအဖေ။ သည်တစ်ခေါက် ဆေးစစ်ဖို့ အထွက်မှာ အစည်းအဝေးကိစ္စနဲ့ ရန်ကုန်ကို လိုက်ပို့နိုင်ခဲ့တယ်။ အဖေတို့အပြန်မှာ အစည်းအဝေးကိစ္စနဲ့ ပြန်ကြိုဖို့ ကြုံတယ်။ သည်ကြားမှာ သွားနေတဲ့ ခရီးတွေအကြား ဖုန်းနဲ့ပဲ ဆက်သွယ်ခဲ့ရတယ်။ အဖေ့ရဲ့အသည်းခြောက်ရောဂါက အခုဆိုရင်တော့ တစ်နှစ်ကျော်လာခဲ့ပြီ။ Malignant change လို့ ယူဆရတဲ့ အစက်အပြောက်လေးတွေအတွက် အသားစယူဖို့ ဟိုက အကြုံပြုပေမဲ့ အကြောက်အကန်ငြင်းပြီး ပြန်ခဲ့တဲ့အဖေ့ရဲ့ ဆေးစစ်ချက်မှတ်တမ်းကို ကြည့်ပြီး ကျွန်တော် ရင်မှာ မချိပါဘူးအဖေ။ ၁။ ကျွန်တော် မှတ်မိချိန် ကျွန်တော့အသက် သုံးနှစ်ကျော်ကျော် မှာ ဆင်းရဲသားရပ်ကွက်လေးတစ်ခုက ချိုးရေတွင်းမှာ ကျွန်တော့်ကို ရေချိုး ပေးရင်း ရေတွင်းဘေးက ခြေတံရှည်အိမ်လေးတွေက အိမ်တိုင်တွေကို ရေတွက်ခိုင်းပြီး ဂဏန်းသင်္ချာကို စသင်ပေးခဲ့တဲ့ ကျွန်တော့အဖေ။ကျောင်းတက်ဖို့ အသက်မပြည့်ခင်မှာ မြန်မာ ဖတ်စာ တစ်အုပ်လုံးကို နှုတ်တိုက် သင်ပေးရင်း သူငယ်ချင်းတွေကို ကြွားနေတတ်တဲ့အဖေ။ ဆင်းရဲသားရပ်ကွက်ရဲ့ ထုံးစံအတိုင်း ကလေးတွေကို ခြောက်ပြီး ငိုအောင်စတတ်တဲ့၊ အကြောက်တရား နဲ့ ကလေးတွေကို ကျီစားတတ်တဲ့ အိမ်နားနီးချင်းတွေကို သားစိတ်နဲ့ ရင်ဆိုင်ခဲ့တဲ့အဖေ။ ၂။ ကျွန်တော်မူလတန်းရောက်တော့ အဖေ့ထမင်းဝိုင်းကို မှတ်မှတ်ရရ ရှိပါသေးတယ်အဖေ။ အလုပ်က ပြန်လာ ရင် ကျောင်းက ပြန်လာကြတဲ့ သားတွေ၊ တူ၊ တူမတွေကို စောင့်ပြီး အတူလက်ဆုံ ထမင်းစား တတ်ကြ ပါတယ်။ ကျွန်တော်တို့တွေကို လောကကြီးမှာ အစစအရာရာ ရင်ဆိုင်တတ်စေဖို့ အစားအသောက် ချီးမများရဘူး ဆိုတဲ့ အသိသွင်းပေးပြီး မစားတတ်တဲ့ အစားအသောက် ရှိခဲ့ရင် တစ်ခါတည်း အစားသင်ခိုင်း တတ်တာတွေ။ သူဖြတ်ခဲ့တဲ့ ဘ၀အတွေ့အကြုံတွေကို ထမင်းဝိုင်းမှာ ထမင်းစားရင်း ဆုံးမစကားပြောတတ်တာတွေ။ ကျွန်တော်မမေ့ပါဘူးအဖေ။ ကျွန်တော့ အဒေါ်တွေ ရှောင်ပြီး ကွယ်ရာမှာ ရယ်ကြ ပြောကြတတ်ပေမဲ့ အဖေ့ ဆုံးမ စကားတွေကို သည်အချိန်ကတည်းက နာယူမှတ်သားခဲ့ပါတယ်အဖေ။ ၃။ “ငါ့အမေက ခေါင်းရွက်၊ ဗျတ်ထိုးဈေးသည်ဘ၀က တက်လာတာ၊ အခု ငါ့လက်ထက်မှာတော့ ဆိုင်လေးနဲ့ဖြစ်လာပြီ။ မင်းတို့လက်ထက်မှာ သည်ထက် မြင့်အောင် ကြိုးစားဖို့ တာဝန်ရှိတယ်။ ငါက ဘုန်းကြီးကျောင်းထွက်၊ မင်းအမေက မူလတန်းပဲပြီးတယ်။ မင်းတိုကတွေ လက်ထက်ကျတော့ အားလုံး ဘွဲ့ရအောင် ထားခဲ့ပြီးပြီ။ မင်းတို့ရဲ့ မျိုးဆက်တွေကို သည်ထက်မက မြှင့်ဖို့ မင်းတို့မှာ တာဝန်ရှိတယ်။ ငါငယ်ငယ်က ငါ့အမေ မုဆိုးမကြီးအတွက် ထမ်းပိုးနဲ့ ထမ်းပြီး ဈေးဆိုင်ခင်းပေးပြီးမှ ကျောင်းကို နောက်ဖေးပေါက်က ခိုးဝင်ရတယ်။ မကြာခဏ ဆရာ့ရဲ့ အရိုက်ခံရတာ မနည်းဘူး။ နောက်ဖေးက ခိုးဝင်လို့ ခွေးအလိုက်ခံရတာအကြိမ်ကြိမ်။ ငါဖြတ်ခဲ့တဲ့ဘ၀တွေလို ငါ့သားတွေမဖြစ်စေရဘူး ဆိုတဲ့အသိနဲ့ မင်းတို့ကို ပျိုးထောင်ခဲ့တယ်။ ” ဆိုတတ်သော အဖေ့စကားတွေ ဖန်တရာတေနေလည်း ကြားတိုင်းအသစ်ဖြစ်လို့နေဆဲ။ ၄။ ကျောင်းမှာ မှတ်မှတ်ရရ ပထမရလို့ ရခဲ့တဲက ဆုတံဆိပ်လေးကို အမြင့်တစ်နေရာမှာ ချိတ်ထားပြီး ဂုဏ်ယူနေတတ်တဲ့အဖေ။ စာမေးပွဲနီးချိန်ဆိုရင် စားပွဲအနားမှာ ကျွန်တော့်အတွက် လိုအပ်သမျှ ဖြည့်ပေး တတ်တဲ့အဖေ။ ကျောင်းမှာ ခါတလေ ရင်ဆိုင်ရတတ်တဲ့ ဆရာ၊ ဆရာမတွေနဲ့ ဒွိဟအဖြစ်မခံဘဲ သား၊သမီးကို လိုက်အပ်ပေးတတ်တဲ့အဖေ။ အစစအရာရာ တာဝန်ကျေလွန်းပါတယ်အဖေ။ လူကြောက်လွန်းတဲ့ ကျွန်တော့ အဖြစ် မူလတန်းကျောင်းသားဘ၀မှာ အတန်းပိုင်ဆရာမနောက်ကို ထမီစဆွဲပြီး လိုက်နေတတ်တဲကကျွန်တော်၊ အခုချိန်မှာတော့ အလုပ်တာဝန်တွေနဲ့ နေရာအနှံ့ တစ်ယောက် တည်း လျှောက်သွားနေ တတ်ခဲ့ပါပြီအဖေ။ ၅။ နွေကျောင်းပိတ်ရက်တွေမှာ အဖေ့ဆိုင်မှာ ကူပြီးဈေးရောင်းဖို့ အလုပ်ပေးနိုင်ပါလျက်နဲ့ တစိမ်းတွေရဲ့ ဈေးဆိုင်၊ ၀ပ်ရှော့၊ ဆိုင်ကယ်ပြင်ဆိုင်တွေမှာ ကျွန်တော်တို့ကို အလုပ်သွင်းပေးတတ်တဲ့ အဖေ။ အဖေ့ရဲ့ အမျှော်အမြင်ကြီးမှုတွေဟာ ကျွန်တော်တို့တွေ အလုပ်ထဲရောက်လာတော့ စီမံခန့်ခွဲမှုမှာ အခက်အခဲ မကြုံရတော့ပါဘူးအဖေ။ “မိဘအလုပ်ကူတာ အချိန်မရွေးကူရတယ်။ သူတပါးအလုပ်သမား လုပ်ဖူးမှ ကိုယ့်လုပ်ငန်းကိုယ် အုပ်ချုပ်ရာမှာ အဆင်ပြေနိုင်မယ်”လို့ အမြဲ ပြောတတ်တဲ့အဖေ။ အမေနဲ့အမြဲ သည်ကိစ္စ ပြဿနာလေးတွေ တက်တတ်ကြပေမဲ့ ကျွန်တော်တို့ဘ၀တွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံတွေပါအဖေ။ ၆။ မှတ်မှတ်ရရ ကျွန်တော် အထက်တန်းကျောင်းသားဘ၀မှာ အဖေ့ကျန်းမာရေးတစ်ကြိမ် ပျက်ခဲ့တယ်။ ဆေးကျောင်းတောင်မှ တက်လို့ ဖြစ်ပါအုံးမလားလို့ အကြီးဆုံးသော သားဖြစ်တဲ့ ကျွန်တော့်အဖို့ ဘ၀လမ်းကို ရွေးခြယ်ရမဲ့အနေအထားက ကုန်းရုန်းထလာခဲ့တဲ့အဖေ။ ကျောင်းတက်ရင်း ကျွန်တော်တို့ တောင်းသမျှ ပိုက်ဆံတွေ မငြီးမငြူ ပို့ပေးတတ်တဲ့ အဖေနဲ့အမေ။ “ငါ့အတွက်က သားကြီး ဘွဲ့ရတာမြင်ရရင် ကျေနပ်ပါပြီ ကွာ ”လို့ ဆိုတဲ့အဖေ။ အခုတော့ ကျွန်တော်လည်းဘွဲ့ရလို့ အလုပ်ထဲမှာတောင်မှ ဆယ်စုနှစ်တစ်ခု နီးလာခဲ့ပြီအဖေ။ ၇။ အဖေ့ကျန်းမာရေးကြောင့် အဖေ့အနား ပြောင်းခဲ့တော့ အဖေ့သတိပေးစကားတစ်ခွန်း ကျွန်တော့်နား မှာ သံမှိုလိုတော့ စွဲသွားခဲ့ပေမဲ့ ကျွန်တော်သည်က နောက်ဆုတ်ဖို့ တွေနေခဲ့ဆဲပါအဖေ။ “သားကြီး၊ မင်းက လွန်ခဲ့တဲ့ ၆နှစ်က မင်းဆေးရုံကြီးအတွက် နေ့ညမနား ပြုပြင်ရေးတွေ လုပ်နေချိန် မှာ သားလတ်က ရာဘာစိုက်နေခဲ့တယ်။ အခု ၇နှစ်အကြာမှာ သားလတ်ရဲ့ ရာဘာခြံက ရာဘာထွက်ပြီ။ မင်းဆီမှာရော ဘာတွေ ထွက်ပလဲ။ ” ဆိုတော့ ကျွန်တော်မဖြေနိုင်ခဲ့၊အဖြေမရှိခဲ့။ “မင်းဆိုတဲ့ကောင်ကကွာ ။ ကိုယ်ဆုံးဖြတ်ရမဲ့ကိစ္စကို ကိုယ့်ဘာသာကိုယ်မဆုံးဖြတ်ဘဲ သူများ ဆုံးဖြတ် ပေးတာပဲစောင့်နေတာ။ မင်းအလုပ်ဝင်ခိုင်းတာ ဆေးထိုးအပ်၊ ဓားမကိုင်ဖူးတဲ့ ဆရာဝန်ဖြစ်မှာစိုးလို့ ၀င်ခိုင်းတာကွ။ အခုက မင်းလုပ်နိုင်တာ ငါတွေ့ပြီးပြီ။ ငါကျေနပ်တယ်။ မင်းအဲသည်က ထွက်ဖို့ သင့်ပြီလို့လဲ ထင်တယ်။ ဒါပေမဲ့ မင်းပဲ ဆုံးဖြတ်ရမှာ” လို့ ဂရုဏာဒေါသောနဲ့ သူပြောပေမဲ့ သည်အလုပ်မှာ ကျွန်တော် နစ်ဝင် နေခဲ့တာ ဘာမှတော့သူ မပြောတော့။ ၈။ ဆိုင်ကယ်စုတ်လေးနဲ့ တယ်လီဖုန်းကိုင်ဖို့ ငြင်းတတ်တဲ့အဖေ။ အခုတော့လည်း အင်တာနက် ဆိုတာကိုပါ ထိတွေ့ခေတ်တွေ ပြောင်းလာခဲ့တာ ကြုံခဲ့သလို နိုင်ငံရပ်ခြားလည်း ရောက်ခဲ့ပေမဲ့ သားသမီးအတွက် ငဲ့ပြီး အတင်းပြန်ခဲ့တဲ့ အဖေ့ကို ကျွန်တော် ဘာပြောရမှန်းမသိတော့ပါ။ ရွေးခြယ်မှုတစ်ခုမှာ နှလုံးသားရဲ့ တစ်စိတ်ကို ရင်းခဲ့ရမယ်ဆိုရင် အဲသည်တစ်စိတ်မှာ အဖေပါလို့မဖြစ်တာ ကျွန်တော်သိထားသလို တစ်ဖက်က ရှိနေသော တာဝန်နှင့် ၀တ္တရား ဆိုတာကိုလည်း ကျွန်တော် ..။ ဒါပေမဲ့ သည် တာဝန်နဲ့ ၀တ္တရား ဆိုတာကြီးကလည်း ရင်းခဲ့တဲ့အချိန်နဲ့ နှစ်ကာလတွေမှာ ရုန်းခဲ့သလောက် ခရီးမရောက်ခဲ့သလို ထပ်ပြီး လုပ်ဖို့ရော ဖြစ်မှ ဖြစ်ပါအုံးမလားလို့ ဇွဲတွေ တဖြည်းဖြည်း နည်းလို့လာခဲ့သလို အရာရာကိုလည်း ကျွန်တော် မယုံကြည်ရဲပါဘူးအဖေ။ ဆိုးလွန်းတဲ့ကျွန်တော်၊ အမြဲ အတိုက်အခံ တွေနဲ့ အငြင်းအခုန်တွေနဲ့ မွေ့လျော်နေတတ်တဲ့ ကျွန်တော်၊ အလုပ်ထဲမှာပဲ နစ်နေတတ်တဲ့ ကျွန်တော် အဖေ့အပေါ် တာဝန်မကျေခဲ့ပါဘူးအဖေ။ ပြန်အစားမရနိုင်တဲ့ အချိန်ကာလနဲ့ မိဘ ဆိုတဲ့အတွေးနဲ့ ကျွန်တော် ကြိုးစားပါ့မယ်အဖေ။ တာဝန် ဆိုတဲ့အသိနဲ့ ရှိနေခဲ့တဲ့ ကျွန်တော့်အဖို့ကတော့ ရွေးခြယ်စရာလမ်းကတော့ ရှားပါးလှပေမဲ့ သည်အထဲမှာတော့ အတတ်နိုင်ဆုံးတော့ ကြိုးစားပါ့မယ်အဖေ။ ဘာပြောပြော သည်လမ်းဆုံမှာ ကျွန်တော် တွေဝေစွာနဲ့ ရပ်နေမိဆဲပါအဖေ။ ၁၁.၅.၂၀၁၂