အိမ်ခြေ (အိမ်ထောင်စု) နည်းသော်လည်း စီးပွားရေး အဆင်ပြေသူ များသောကြောင့် အနီးနား ပတ်ဝန်ကျင်းမှာ မျက်နှာပန်းပွင့်လှသော ခင်သာ ရွာလေး ။ ခင်သာဆိုတဲ့အတိုင်း ပတ်ဝန်းကျင် ကျေးရွာသူ ကျေးရွာသားများက ခင်သာ ရွာသူ ရွာသားများကို ချစ်ခင် မြတ်နိုးကြသည်။ ဘောလုံးကန် ကျွမ်းကျွင်သဖြင့် အနီးနားရွာများမှ ပျိုမေချောတို့၏ အသည်းစွဲဖြစ်နေသော ဖိုးသား။ ခင်သာ ရွာသားဖြစ်နေသောကြာင့်လည်း ပိုမိုချစ်ခင် ကြသည်။ ကြိုက်ကြသည် အားပေးကြသည်။ ရုပ်ရည် ဖြူဖြူသန့်သန့် အရှည်မြင့်မြင့် ကိုယ်လုံးကိုယ်ထည် သင့်သင့် ။ ကျောင်းပညာကကလည်း တက္ကသိုလ်ဝင်တန်းကို Four - D ဖြင့် အောင်ထားသည်။ ဒါကြောင့်ထင်ပါရဲ့ သူပါသော ဘောလုံးပွဲများ ဆိုရင် ပျိုမေတို့ အထူးတလည် အားပေးကြသည်။ ဘောလုံးကွင်းလည်း “ ဖိုးသား ” ဟူသော အော်ဟစ် အားပေးသံတို့ဖြင့် ပြည့်လျှံနေမြဲ။ ဖိုးသာဘ၀မှာ ကျောင်းစာနဲ့ ဘောလုံးကန်ခြင်းသာ အဓိက။ ဒီထက်အရေးကြီးသော ဦးစားပေးသော အရာမရှိ။ တစ်ဦးတည်းသော သားဖြစ်သောကြောင့်မိဘတို့ကလည်း အလို လိုက်ထားသည်။ သူမြတ်နိုးသော ဘောလုံးကန်ခြင်းကို စိုးရိမ်သော်လည်း မတားမြစ် မကန့်ကွက်ခဲ့။ ထိုအချိန်က စက်ဘီးလေးနဲ့ ပေါ့ဖြူးလာ(ပေါ်ပြူလာ) ဖြစ်ခဲ့သော ဖေးမတ်စ်ဖြစ်ခဲ့သော ဖိုးသား။ အေးသာယာ ရွာလေးတွင် အုပ်စုဖလား ဘောလုံးပွဲရှိသည်။ ဆယ်ဆိုင်စု ကျေးရွာ အုပ်စုတွင် ရွာပေါင်း (၁၀) ရှိသည်။ ထို့ကြောင့် “ ဆယ်ဆိုင်စု ” ကျေးရွာဟု မှည့်ခေါ်ခဲ့ သလားတော့ မပြောတတ်။ ထိုအုပ်မှ ရွာများကို အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေး သည်။ ဒီနှစ် အေးသာယာရွာ အိမ်ရှင်အဖြစ် ကျင်းပခွင့် အလှည့်ရောက်သည်။ ထိုရွာများကို အုပ်စု နှစ်ခု ခွဲပြီး အုပ်စုပတ်လည် ပွဲများ ကစားရသည်။ အုပ်စု တစ်စုမှ နှစ်သင်း တက်ခွင့်ရသည်။ တက်လာသော လေးသင်းတွင် နိုင်သောနှစ်သင်းကို ပထမ (သို့) ဒုတိယရွေးရန် ဆက်ကစားစေပြီး ရှူံးနိမ့်သော နှစ်သင်းကို ပူးတွဲတတိယအဖြစ်သတ်မှတ်ပေးသည်။ တတိယလုပွဲအဖြစ် ကစားစရာ မလိုပါ။ ပထမ တစ်သင်း, ဒုတိယတစ်သင်း, တတိယနှစ်သင်းပေါ့ဗျာ။ ပထမရအသင်းကို အုပ်စုဖလားနဲ့အတူ ဆုကြေးငွေများ ဆုချပြီး ဒုတိယအသင်း နဲ့ တတိယနှစ်သင်းကိုတော့ဆုကြေးငွေသာဆုချသည်။မနက်ဖြန်မနက်ခင်းတွင်ခင်သာရွာအသင်းသည် လေးဒေါင့်ကန်ရွာအသင်းနဲ့ နောက်ဆုံးဖိုင်နဲလ်အထိ တက်လှမ်းနိုင်ဘို့ အရေးကြီး ပွဲကစားရမည်။ ဖြစ်ချင်တော့ ဒီနေ့ ညနေ နောက်နေ့ အတွက် အကြိုလေ့ကျင့်ခန်းများ ဆင်းနေချိန် ဖိုးသားအမေ လှေကားပေါ်က ပြုတ်ကျသဖြင့် ခြေကျိုးသွားသည်။ ထိုအကြောင်းကို ခင်သာရွာသား (ဖိုးသားတို့အိမ်မှ အလုပ်သမား) တစ်ယောက်က လာပြောသည်။ အမေဆိုတော့လည်း ဖိုးသား မနေသာတော့။ ခင်သာရွာသို့ချက်ချင်း လိုက်သွားသည်။ ရွာရောက်တော့မိခင် ခြေထောက်မှာ ကျောက်ပတ်တီးစည်းထားပြီးသွားပြီ။ ဖြစ်ပြီးသား ကျိုးသွားပြီးသား ခြေထောက်ကတော့ ချက်ချင်း ပြန်ကောင်း မလာနိုင်ပါ။ အားလုံး လိုအပ်တာများ လုပ်ပေးနိုင်တာများ ကူညီပေးနိုင်တာများ ကူညီလုပ်ကိုင်ပေးသည်။ အမေ့ကိစ္စမို့သာ လုပ်ပေးနေရသည် ။ ဖိုးသားစိတ်ကတော့ လေ့ကျင့်ရေးကွင်း ရောက်နေသည်။ လုပ်ပေးစရာများ အားလုံးလုပ်ပေးပြီးနောက် ထမင်းစားပြီး အေးသာယာရွာသို့ အမြန်လစ်သည်။ စက်ဘီးလေးနဲ့ အတူပေါ့။
ခင်သာရွာနဲ့ အေးသာယာရွာသည် ၁ မိုင်သာသာ ဝေးပါသည်။ အကြားမှာ လူသွားလူလာပြတ်သော တောလမ်းတစ်ခုကို ဖြတ်သွားရသည်။ ညနေ လူရိပ်မကွဲတကွဲ အချိန်။ မပီမပြင် ၀ိုးတ၀ါးအချိန်ပေါ့။ ဖိုးသားလည်း စက်ဘီးလေးကို ပုံမှန်နင်းလျှက်။ တောလမ်း အလည်လောက်ရောက်တော့ ရှေ့က သွားလာ လှုပ်ရှားနေသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ဘယ်သူ ဘယ်ဝါ ကွဲကွဲပြားပြား မသိရပေမဲ့ မိန်းကလေးဆိုတာကိုတော့ ဖိုးသားအလိုလို သိလိုက်ပါသည်။ မိန်းမလို့ သိလိုက်တဲ့ စိတ်ကြောင့်ထင်ပါရဲ့။ အမှောင်ထဲလည်းဖြစ် တစ်ယောက်တည်းလည်းဖြစ် ဆိတ်ငြိမ်တဲ့နေရာလည်းဖြစ်နေတော့ ပုထုဇဉ်ပီပီ လူငယ်ပီပီ တွေ့ထိခံစားချင်စိတ်တွေက ဖွားကနဲ ဖွားကနဲ ပေါ်လာသည်။ မိန်းကလေး အနားရောက်တော့ စက်ဘီးပေါ်က ဆင်းလိုက်သည်။ မိန်းကလေးနဲ့ အတူ စကားတစ်ခွန်းနှစ်ခွန်းပြောကြည့်သည်။မိန်းကလေးက အသံချိုချိုလေးနဲ့ ခင်မင်ရင်းနှီးစွာပြန်ပြောသည်။ မိန်းကလေးသည် အေးသာယာရွာသူ ဖြစ်သည်။ ဖိုးသားကိုလည်း သိသည်။ လူပျိုပေါက်စ ဖိုးသားမှာ ရင်ထဲက တဒိတ်ဒိတ် တဒုန်းဒုန်းနဲ့ ဖြစ်ပေါ်လာသော ခံစားချင်စိတ်ကို မထိန်းနိုင်တော့။ မိန်းကလေးကို ဇွတ်အတင်းနိုင်သည့် ကလေးဆိုးတစ်ယောက်လို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ပြီးတော့ ချစ်သူရှိလား အိမ်ထောင်ရှိလား သိချင်သည်။ တုန်ငင်နေတဲ့ လေသံနဲ့ မေးလိုက်သည်။ တစ်ခါမှ မတွေ့ကြုံဘူးသော ဖိုးသား တကယ်ကို အသားတွေ တဆတ်ဆတ်တုန်ခါနေပါသည်။ မိန်းကလေးက ချစ်သူလည်းမရှိ အိမ်ထောင်လည်းမရှိကြောင်း ကြောက်ကြောက်လန့်လန့် တုန်တုန်ငင်ငင်နဲ့ တိုးတိုးလေး ပြန်ဖြေသည်။ ဖိုးသားတစ်ယောက် ဘာမှ မသိတော့ မစဉ်းစားမိတော့။ သိချင်တာ ခံစားချင်တာကို အရယူလိုက်မိသည်။ ပြီးတော့ သူ့လည်ပင်းက ဆွဲကြိုးကို ဖြုတ်ပေးလိုက်သည်။ နောက်ပြီး မနက်ဖြန် ဘောလုံးပွဲပြီးချိန်မှာ ဆွဲကြိုးယူပြီး သူ့ဆီလာခဲ့ဘို့ ပြောသည်။ တကယ် လက်ထပ်ယူမည့်အကြောင်းကိုလည်း ပြောလိုက်သည်။ ကောင်မလေးကို သူ့စက်ဘီးပေါ်တင်ခေါ်ပြီး အေးသာယာရွာသို့ အတူတူ သွားကြသည်။ ကောင်မလေး ဘယ်လိုတွေ ခံစားနေရလဲတော့ ဖိုးသားမသိ။ သူ့စိတ်ကိုတော့ ဘောလုံးပွဲ အောင်နိုင်ဘို့အတွက်ပဲ အာရုံစိုက်ထားလိုက်သည်။ နောက်နေ့ရောက်လို့ ဘောလုံးပွဲကျင်းပ ချိန်မှာ ကွင်းလုံးပြည့်လျှံ ဆူညံနေတဲ့ ဖိုးသားကို အားပေးသံများ။ ထိုအားပေးသံတွေထဲမှာ တကယ်ကို ချောမောလှပသော ဖိုးသားနဲ့ သက်တူရွယ်တူ (သို့) ဖိုးသားအောက် ငယ်သူ (သို့) ဖိုးသားထက် ကြီးသူ ပျိုပျိုမေတို့ အစုံပါသည်။ ဖိုးသားတစ်ယောက် ခုချိန်ထိ ညက ခံစားမိလိုက်သော သူ့ကောင်မလေးပုံစံက ဘယ်လို ရှိလဲ ဆိုတာ မသိရသေး။ ဘောလုံးပွဲပြီးချိန်မှာ ဖိုးသားတို့အသင်း အနိုင်ရသည်။ အရမ်းပျော်နေသော ဖိုးသား။ ပျော်နေတုန်း သူ့ဆီကို ခပ်မှန်မှန် ခြေလှမ်းများနဲ့ လှမ်းလာနေသော အမျိုးသမီးတစ်ဦးကို သတိထားမိလိုက်သည်။ အသားရောင်က ညိုညို ဆံပင်က ရှည်ရှည်။ အသက်က ၂၈ / ၃၀ နီးနီး။ ခပ်တည်တည် ရပ်ကြည့်နေသော ဖိုးသား။ စိတ်ထဲမှာတော့ ညက သူခံစားခွင့်ရလိုက်သော အမျိုးသမီးဖြစ်လိမ့်မည်ဟု တွေးသိနေပါပြီ။ အနားရောက်တော့ အမျိုးသမီးက လက်ထဲမှာ ဆုပ်ကိုင်ထားသော ဆွဲကြိုးကို ကမ်းပေးသည်။ ဆွဲကြိုးကိုယူပြီး ထိုအမျိုးသမီးလည်ပင်းမှာ ဆွဲပေးလိုက်သည်။ ဆူညံနေသော အောင်ပွဲခံသံ အားပေးနေသံများ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဘာဖြစ်တာလဲ ဘာလဲ ဘာလဲ - ဟူသော အံ့သြသံ မေးကြမြန်းကြသော အသံများ, နာမလည်သော အကြည့်များ သိလိုသော စူးစမ်းသော အကြည့်များ ဖိုးသားဆီ ကျရောက်လာသည်။ ကဲ အစ်မတို့ အိမ်ကို သွားကြအောင် - ဟု ပြောပြီး ထိုအမျိုးသမီးလက်ကို ဆွဲထွက်သွားသော ဖိုးသား။ ဟာ ဟင် အယ် - ဟူသော အသံမျိုးစုံတို့ဖြင့် အုတ်အုတ်ကျက်ကျက် ကျန်နေခဲ့သော ဖိုးသား၏ ပရိသတ်များ။ ဖိုးသားသည် ထိုအမျိုးသမီးကို လက်ထပ်ယူခဲ့ပါသည်။ ထိုအချိန်က ဖိုးသားအသက်သည် (၁၆) နှစ်သာသာပဲ ရှိသေးသည်။ လူပျိုဖြစ်စ ထိုအရွယ်များသည် ဖြစ်ပေါ်လာသော ခံစားချင်စိတ်ကို ထိန်းရ အလွန်ခက်သည်။ မဖြစ်သင့်တာတွေ မဖြစ်သင့်တဲ့အချိန် မဖြစ်သင့်ပဲ ဖြစ်သွားတတ်ကြသည်။
တစ်နေ့ ဖိုးသားကို သူ့သူငယ်ချင်းများက စကားစပ်မိလို့ “ ဖိုးသား မင်းကိုကြိုက်တဲ့ မိန်းကလေးတွေ ပေါလွန်းလို့ကွာ၊ ဒီလို အသက်ကြီးကြီး အသားမည်းမည်း ရွက်ကြမ်းရွယ်အိုကြီးကိုများ ဘာလို့ ဖြစ်ခဲ့ရတာလဲ၊ ဖြစ်စရာ ရှားလို့ကွာ” လို့ ဖိုးသားအတွက် စိတ်မကောင်းစွာ ပြောဆိုကြ မေးကြသည်။ ဖိုးသား ဘယ်လို ပြန်ဖြေတယ် ထင်ပါသလဲ ။ “ အဲဒီအချိန်က အသက်ကြီးတာ ငယ်တာ လှတာ မလှတာ ရုပ်ကြမ်းတာ နုတာကို စဉ်းစားဘို့ သတိတောင် မရလိုက်ပါဘူးကွာ ” တဲ့။ ဗုဒ္ဓဟောခဲ့သော အမှောင်တကာ့ အမှောင်ထဲတွင် ကာမရာဂအမှောင်သည် အမှောင်မိုက်ဆုံးပဲ ဆိုတာ သိပ်ကို မှန်နေပါလားလို့ တစ်ယောက်တည်း တွေးမိလိုက်သည်။ စကားစပ်မိလို့ တစ်ခု ပြောပြချင်ပါသည်။ တရားတော်တွေထဲမှာ ကာမရာဂကို ပယ်သတ်နိုင်တဲ့ ဆေးက အသုဘကမ္မဋ္ဌာန်း (၁၀) ပါးရယ် ကာယဂတာသတိကမ္မဋ္ဌာန်းရယ် ပေါင်း (၁၁)ပါးသာလျှင် အသင့်တော်ဆုံးလို့ ဟောခဲ့တာ နာဖူး မှတ်သားဖူးပါသည် ။ “ အသုဘကမ္မဋ္ဌာန်းပွားများတဲ့အခါ ယောက်ျားလေးက မိန်းကလေးကို မိန်းကလေးက ယောက်ျားလေးကို မပွားများရဘူး၊ အဲလို ပွားများရင် ၀ိသဘာဂ (ဆန့်ကျင်ဘက်) အာရုံဖြစ်သည့်အတွက် တရားမတက်ပဲ ကာမ၀ိတက်သာ(ကာမအာရုံတွေကို ကြံစည်မှု့) တက်တက်နေတတ်သည် ” လို့ ဟောကြားခဲ့တာကိုလည်း မှတ်သားဖူး နာယူဖူးပါသည်။ ကဲ သယ်ချင်းတို့ရေ အမှောင်တွေထဲတွင် (သဘာဝအမှောင်သည် အလင်းပေးနိုင်လျှင် မမှောင်တော့ပါ၊ ကာမရာဂအမှောင်သည် အလင်းထဲမှာနေသော် လည်း မှောင်နေတတ်သည်) အမှောင်ဆုံးဖြစ်တဲ့ ကာမရာဂအမှောင်ကိုလည်း မလွန်ကျူးမိအောင်ထိန်းသိမ်းရင်း အသုဘကမ္မဋ္ဌာန်းဖြင့် ပယ်သတ်နိုင်ကြပါစေ၊ အသုဘကမ္မဋ္ဌာန်း အားထုတ်တဲ့ အခါမှာလည်း ကာမ၀ိတက်(ကာမအာရုံတွေကို ကြံစည်မှု့) မတက်ပဲ တရားသာ တက်အောင် အားထုတ်နိုင်ကြပါစေလို့ -----------
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(တရားတော်နဲ့ ပတ်သက်ပြီး မှားနေတာ ပါလျှင် ထောက်ပြပေးကြပါခင်မျာ)။