“မိဂျမ်းပုံတို့ နှစ်ပါးသွားတဲ့ ည…”
“အမလေး… မောင်မင်းသခင်… အမလေး…ဟေး…ဟေး… မောင်မင်းသခင်…”
“ဟဲ့… ဂျမ်းပုံ နင့်အပေါက်ဖွင့်စမ်း…”
“ဖွင့်ပါ့မယ်တော်… တော်မူးလာပြီ မဟုတ်လား…”
“ဟေ့… လူခဲကို မူးလာပြီလားမမေးနဲ့… လူခဲတို့က မူးလာရင် လူတောင်ခဲတတ်တယ်နော်… ဂျမ်းပုံ နင်သိတယ်ဟုတ်…”
“သိပါ့ ကိုကို…”
“အိုး…လေး လေး… ဟေး… အရှေ့ကိုကြည့်တော့လည်းမှောင်… အနောက်ကို ကြည့်တော့လည်းမှောင်… ခြင်ထောင်ကိုကြည့်တော့လည်းမှောင်… ဂျမ်းပုံရေ… အစ်ကို့နာမည် လူခဲမှောင်လားဟဲ့…”
“ပေါက်ပေါက်ရှာရှာတော်… မူးနေတဲ့လူက အရှေ့အနောက်ခွဲနေရသေးတယ်…”
“ဟေ့ မိန်းမ… ငါ့ကို ကောင်းကောင်းဆက်ဆံစမ်း…”
“ကောင်းကောင်းမဆက်ဆံရအောင် တော့ခေါင်းပေါ်ကျုပ်ကတက်ခွနေလို့လား…”
“တက်မခွလို့ ငါပြောနေတာပေါ့ဟ…”
“ကဲပါ…ကိုလူခဲရယ်… တော်အိပ်မှာလား စားမှာလား…”
“အိပ်မှာလားမေးရအောင် ငါက ဂုဏ်သရေမဲ့လူကြီးမင်း မဟုတ်ဘူး ဂျမ်းပုံရ… နင်ခြင်ထောင်ထဲဝင်တိုင်း ငါလိုက်ဝင်ရအောင် ငါက နို့စို့ကလေးမှ မဟုတ်ဘဲ…”
“နို့မစို့တဲ့ကလေးမို့ ပြောရခက်နေတာပေါ့တော်…”
“ဒါဆိုလည်း ငါ ထမင်းဘဲစားမယ် ဂျမ်းပုံရာ…”
“တော်ဘဲ အပြင်က ၀ယ်ခဲ့မယ်ဆို… တော့်အတွက် အရက်ဖိုးရယ်… ထမင်းဖိုးရယ် တစ်ခါတည်းကျုပ်ဆီကတောင်းသွားပြီတော့…”
“ဟေ့…ဂျမ်းပုံ… ကလိမ်ကကျစ်လာမကျနဲ့… ဒါ ရွေးကောက်ပွဲမှာမဲထည့်နေတာမဟုတ်ဘူး…”
“သိပါတယ်… ရှင့်လိုလူလည်းဘယ်သူကမှ မရွေးကောက်ပါဘူး…”
“ဒါဆို နင်ငါ့ကို ဘာလို့ရွေးကောက်လဲ…”
“အခု ရွေးကောက်မိလို့မှားနေပြီတော်ရေ့… ရွေးကောက်မိလို့ မှားနေပြီ…”
“ဟာ… ဒီဂျမ်းပုံ… နင့်စကားလုံးက ငါ့အမေစုကို ထိခိုက်တာလား… မသိမသာစောင်းမြောင်းလိုက်တာလား… ဟေ့ ဂျမ်းပုံ လူခဲတို့က အမေစုနဲ့ ပတ်သက်လာရင် မိန်းမအရင်းကိုတောင် ခွင့်လွှတ်နေမှာမဟုတ်ဘူး… အိမ်တွင်းပုန်းဆန္ဒပြမှုဖြစ်သွားမယ်… ဘာမှတ်နေလဲ…”
“အမလေး… တော်သာပြောတော့… အိမ်တွင်းပုန်းပြီးဆန္ဒပြရတာနဲ့… နိုင်ငံတော်သမ္မတကြီးဆီ အစီရင်ခံစာ တင်ချင်ရတာနဲ့… မှန်းစမ်း… ကိုလူခဲ… ရှင်ကိုယ်တွေပါ ပူနေပြီလားလို့…”
“မိန်းမ… နင်လူရေလည်မကျနဲ့နော်… မီးကမှောင်နေရတဲ့ကြားထဲ… ငါ့နဖူးကို အကြောင်းပြပြီး နင်မဟုတ်တရုတ်လုပ်လို့ကတော့လား…”
“ဟောဒီမယ်…အရပ်ကတို့ရေ… ကိုလူခဲရယ် ကျွန်မကို…”
“ဟေး…ဟေး… တိတ်တိတ်… နင်အခုတိတ်… ငါထမင်းသွားဝယ်လိုက်ဦးမယ်…”
“ကြီးကြီးမြ… ထမင်းလေးနှစ်ထုပ်လောက်ပေးပါဗျာ…”
“ဟော… မောင်လူခဲ… ဆိုင်တောင်ပိတ်တော့မယ်ကွယ်…”
“တောင်းပန်ပါတယ် ကြီးကြီးမြရယ်… အိမ်ကမိန်းမ ပူညံပူညံလုပ်နေလို့ပါ…”
“မလုပ်အောင် မင်းကမသောက်နဲ့ပေါ့ကွဲ့…”
“ဒါလည်း ဒီမိန်းမကြောင့်ဘဲ ကြီးကြီးမြရေ… တစ်နေ့မှ အေးအေးချမ်းချမ်းမနေရဘူး… စားစရာမရှိလို့ဆူ… သူ့ကန်စွန်းရွက်ရောင်းမကောင်းလို့ဆူ… သူဆူလို့ကျွန်တော်ကသောက်… ကျွန်တော်သောက်လို့ သူကဆူ…”
“ကဲ… ဟုတ်ပါပြီလေ… ဘာဟင်းနဲ့ထုပ်မှာလဲ…”
“ကျွန်တော့်အတွက် ငါးပိကြော်ရယ်… ဂျမ်းပုံအတွက် ကြက်အသဲအမြစ်ကလေးရယ်ထုပ်ပေးပါ…”
“အင်း… မောင်လူခဲ… မင်းမတော့လေ…”
“ဂျမ်းပုံရေ… ဂျမ်းပုံ… ကိုကိုလမ်းဆုံကပြန်လာပြီကွ…”
“ဂျမ်းပုံအတွက် ဘာပါလဲ ကိုကို…”
“တောက်… ဒီ ကြီးကြီးမြကွာ… ပြောမပြောလိုက်ချင်ဘူး… ကိုကို့အတွက်နဲ့ ဂျမ်းပုံအတွက်ကို မှားထုပ်ပေးလိုက်တယ်လေ…”
“သြော်… ကိုကိုရယ်… မှားတော့လည်းပြန်တည့်ပေးလိုက်ရုံပေါ့…”
“ရမလား မိန်းမရ… ဒါ ဒီမိုကရေစီခေတ်… ဘက်မလိုက်စနစ်ကွ…”
“ကဲပါ… ဒီမိုကရေစီ ကိုလူခဲရယ်… ဘယ်မှာလဲ ကျုပ်ထမင်းထုပ်…ပေး…”
“ရော့… ဟော့ဒီမှာ ကိုကို့ဂျမ်းပုံလေးအတွက် ကြက်အသဲအမြစ်ထုပ်…”
“ဟင်… ကိုကို့အတွက် မပါဘူးလား…”
“စိတ်ချပါ ဂျမ်းပုံရယ်… ကိုကိုက ကျန်းမာရေးလိုက်စားတတ်ပါတယ်… အရက်မူးလာရင် ငါးပိကြော်စားရတယ်ကွ… ဒါမှ ကျန်းမာရေးကို မထိခိုက်တာ…”
“ခဏလေး… ဂျမ်းပုံ ဖယောင်းတိုင်ထွန်းလိုက်ဦးမယ်… မှန်းစမ်း… ကိုကို့ထမင်းထုပ်…”
“ဟာ… ဂျမ်းပုံအရင်စားစမ်းပါ… ကိုကိုက မူးရင်သိပ်စားချင်တာ မဟုတ်ဘူး…”
“ဟင့် အင်း… မရဘူးကိုကို… ဂျမ်းပုံနဲ့တူတူစားရမယ်… ကြည့်စမ်း… ငါးပိကြော်နဲ့ထမင်း… ဘာဟင်းမှ မပါဘူး… လာကိုကို… ဂျမ်းပုံခွံ့ကျွေးမယ်နော်…”
“အာ….ဟာ….ဘွား….:^)”
“ဟင်… ကိုကို မဆိုးနဲ့ကွာ…”
“ရှစ်လို့ပါ ဂျမ်းပုံရယ်… ရှစ်လွန်းလို့ပါ…”
“ရှစ်တော်မူပါတော်… ရှစ်တော်မူပါ…”
“ဟေ့…ထန်းပင်ကျရေ…ထန်းပင်ကျရေ… ချိုတမြမြခါးသလေးလေ့…”
“ဟင်… ကိုကို…ထမင်းကို ကောင်းကောင်းစားကွာ…”
“ဂီတကို ချစ်လို့ပါ မိန်းမရယ်… အခုလို ကိုယ့်မိန်းမခွံ့ကျွေးတဲ့ ထမင်းလုတ်တွေကိုစားရတာ ရွှေမန်းတင်မောင်ကို ကျေးဇူးတင်လွန်းလို့ပါ…”
“တင်စေတော်… တင်စေ… ရှင့်မလဲ အောင်ဆန်းစုကြည်ကိုထိရင် နာရတာနဲ့… သမ္မတကြီးမိန့်ခွန်းကို နားထောင်ချင်လွန်းလို့ ခြင်ထောင်ထဲမ၀င်နိုင်ဖြစ်ရတာနဲ့… ရွှေမန်းတင်မောင်မရှိတော့လို့ ရင်ကျိုးရတာနဲ့… ဒီလိုနဲ့ဘဲ ကျုပ်လည်းကန်စွန်းရွက်သည်ဘ၀က မကျွတ်တော့ဘူး…”
“မကောင်းမှုဆိုတာဆိတ်ကွယ်ရာမရှိဘူး ငါ့မိန်းမရ… အခုလို ကန်စွန်းရွက်ရောင်းစားတော့ မအေးချမ်းပေဘူးလား… ငါ့မိန်းမက ကန်စွန်းရွက်ကလေးရောင်း… ကိုကိုက အရက်ဝယ်သောက်… မူးလာလို့မှောက်သွားရင် ငါ့မိန်းမက စောင်ခြုံပေး… ဘာကိုအရေးစိုက်နေရဦးမှာတုန်း…”
“ဟုတ်ပါပေ့… ဟုတ်ပါပေ့… မှန်ပါပေ့…မှန်ပါပေ့… မှန်တယ်တော့်…”
“ဟေ့…တိုး…ဗေ…တိုး..ဗေ… တိုးဗေတိုးဗေ… ခြင်ထောင်တိုးစို့ မိန်းမရေ…”
“ကိုကိုရေ…”
“ဟွန့်…”
“ကိုကိုလို့…”
“ဘာဂျုန်း…”
“နောက်နေ့တွေ မသောက်တော့နဲ့ကွာ…”
“အင်းပါလို့…”
“ပြောလိုက်ရင် အင်းပါဆိုတာကမတက်ဘူး… ပြီးရင်လည်း ဒီတိုင်းဘဲ…”
“အချိန်တန်တက်မှာပေါ့ မိန်းမရယ်…”
“ဟွန့်…အဲ့ဒီ အပြောတွေနဲ့ဘဲ…”
“လာ…ဂျမ်းပုံလေး… ကိုကို့ရင်ခွင်ထဲတိုး…”
“ကိုကိုရယ်… ဂျမ်းပုံ ကလေးယူချင်လှပြီသိလား… ကိုကိုအခုလို လုပ်နေပုံတွေနဲ့ ဘယ်လိုလုပ်ကလေးယူမတုန်း…”
“တောက်တီးတောက်တဲ့မိန်းမရယ်… ကိုကိုလုပ်တာ ဘာများမှားနေလို့တုန်း…”
“ဘာမှတော့ မမှားဘူးပေါ့ ကိုကို… ဒါပေမယ့် ကိုကို့လုပ်ပုံတွေက အံဝင်ခွင်ကျမှ မဖြစ်ဘဲ…”
“သြော်…ဂျမ်းပုံရယ်… အံမ၀င်လို့ခွင်မကျတော့လည်း မနက်လင်း ကန်စွန်းရွက်ရောင်း…ရတာဘဲ… ပူစရာမရှိ ကြံဖန်ပူနေရပြန်ပြီ…”
“မဟုတ်သေးဘူး ကိုကို… ခုဆို ဂျမ်းပုံနဲ့ကိုကို… ကိုကိုနဲ့ဂျမ်းပုံ… ဒီနှစ်ယောက်ဘဲ နှစ်ပါးသွားနေရတယ်…”
“သြော်… နင်က ငါမရှိတုန်း တိတ်တိတ်ပုန်း ခုတ်ချင်သေးတယ်ပေါ့…”
“ကိုကိုကွာ… အကောင်းပြောရင် ဖောက်ဖောက်လာတယ်… ဘယ်တော့မှ အကောင်းပြောလို့မရဘူး…”
“တစ်ခွက်သောက်တော့မူး… နှစ်ခွက်သောက်တော့မြူး… ဟေ့… ထန်းပင်ကျရေ…”
“ကဲ… အိပ်ပါတော့… ကိုရွှေမန်းတင်မောင်…”
“စိမ်းရက်လေ ဂျမ်းပုံရေ… စုံနံ့သာမြိုင်ဖွင့်ပါလို့ အိပ်ရတော့မှာလားကွယ်…”
“အမလေး… သေချင်တယ်… ဂျမ်းပုံတို့တော့ ကန်စွန်းရွက်တောင်းမှောက်ပြီး သေလိုက်ချင်တယ်… အခုဘဲ ရွှေမန်းတင်မောင်ဖြစ်လိုက်… အခုဘဲ တွန်တွန်းတွန်းတွန်ဖြစ်လိုက်…”
“ဟေ့… အနုပညာကို မစော်ကားနဲ့… အနုပညာဗိသုကာကြီး တွံတေးသိန်းတန်ကို မစော်ကားနဲ့… ဒါဟာ ကိုယ့်လင်ယောက်ျားကို မလေးစားတာနဲ့ အတူတူဘဲ…”
“လေးစားမိပါတယ် ကိုလူခဲသိန်းတန်ရယ်… လေးစားမိပါတယ်တော့်…”
“ပေါက်ပင် ဘာကြောင့်ကိုင်းရတယ်… ဗျိုင်းနားလို့ကိုင်းရတယ်… ပေါက်ပင်ဟာ သူ့အလိုလိုမကိုင်းဘူး… သိရဲ့လား မိဂျမ်းပုံ…”
“သိပါတယ်တော်… ဂျမ်းပုံတို့တော့ ကန်စွန်းရွက်တောင်းရွက်ရလို့ ကိုင်းတာပါရှင်…”
“ဒီမယ် မိဂျမ်းပုံ… တစ်ချိန်က ရဲဘော်မောင်တူးဟာ ဒီကနေ့ ရဲဘော်လူခဲပါကွာ… ရဲဘော်လူခဲရဲ့ အတ္ထုပ္ပတ္တိကို ဇာခြင်ထောင်ကားလိပ်ကာ ဖွင့်ပြရဦးမှာလား…”
“ကိုကို ခြင်ထောင်အပြင်ဘက်ကို ခေါင်းမထွက်နဲ့ကွာ… မူးရင်လည်း အိပ်တော့နော်…”
“အသဲတစ်ခြမ်းကို လွမ်းဖို့သိမ်းထားပါရစေလား…ဟား… ဟား… ဟား… ဒသဂီရိတို့က ဘယ်တော့မှ သူများမိန်းမ မခိုးဘူးကွ… ကြိုက်ရင်ဗြောင်ဖွင့်ပြောလိုက်မယ်…”
“ဟင်… အဲ့ဒီ စကားကဘာလဲ… အဲ့ ဒီ စကားက ဘာလဲ… ကိုကို့မှာ ဂျမ်းပုံကန်စွန်းရွက်ရောင်းသွားနေတုန်း အငယ်အနှောင်းတွေနဲ့ တရုန်းရုန်းဖြစ်နေပြီပေါ့လေ…”
“သြော်…ဟော်… ဒါပေမယ့်… ကျွန်တော်တို့တတွေမှာ ခင်ဗျာ… နုငယ်ပျိုမြစ်သမို့… သက္ကရာဇ်တွက်စစ်လိုက်တော့… အသက်က သုံးဆယ်ကျော်… အသက်က လေးဆယ်ကျော်…”
“ဘာမှ ပလီပလာတွေ လေးဆယ်လာကျော်ပြမနေနဲ့… ကိုကို့ကို ချစ်လို့ကျန်တာတွေ ခွင့်လွှတ်နိုင်တယ်… အဲ့ဒီ အငယ်အနှောင်းကိစ္စကိုတော့ ဂျမ်းပုံ လုံးဝခွင့်မလွှတ်နိုင်ဘူး ကိုကို…”
“စိတ်မဆိုးနဲ့နော်… ခွင့်လွှတ်ပါကွယ်… ကိုယ်မူးနေရင်…”
“ဂျမ်းပုံမှာတော့ ကိုယ့်ယောက်ျားကို သူများက ထဘီနားခိုစားတဲ့ ယောက်ျားလို့ပြောရင် နာရလွန်းလို့… ကန်စွန်းရွက်တောင်းဘဲခိုစားတာပါလို့ အမြဲတမ်းဖာဖာထေးထေးပြောရတယ်… ယောကျာ်းလုပ်သူကတော့ ထဘီနားခိုစားယုံတင်မကဘူး… ထဘီကိုတောင်လိမ်ရောင်းဖို့ကြံစည်နေပြီပေါ့…”
“မဟုတ်ဘူး ဂျမ်းပုံ… ဖြစ်ပုံက ဒီလို…”
“ဘာဖြစ်ပုံလဲ… ရှင်သေချင်နေပြီလား ကိုလူခဲ…”
“အဲ့ဒီနေ့က ငွေလကြီးထိန်ထိန်သာနေတယ် ဂျမ်းပုံ…”
“ဘာလသာတာမှ ကျုပ်မကြည့်ချင်ဘူး…”
“ကိုကို့ရင်တွေထဲမှာလည်း ဟက်တက် ဟက်တက်နဲ့ မသောက်ရသေးသလို ခံစားနေရတယ်…”
“ကိုလူခဲ… ရှင်တော်တော်ကြွနေပြီလား…”
“ဟုတ်တယ် ဂျမ်းပုံ… သူလေးရဲ့ မျက်လုံးလေးတွေ… သူလေးရဲ့ အပြုံးလေးတွေ…”
“ရှင် ကျုပ်စိတ်ကို ဆွနေတာလား… ဂျမ်းပုံကိုများ ဘာအောင့်မေ့နေလို့လဲ… မူးနေတာ ချက်ခြင်းလစ်သွားမယ်မှတ်… ရှင်ပြောရဲ ဆက်ပြောကြည့်စမ်း ကိုလူခဲ…”
“ဟုတ်တယ်… အဲ့ဒီနေ့က ကိုယ်စတွေ့ခဲ့ဖူးတဲ့ ဂျမ်းပုံလေးအတွက် ကိုကို့အသဲတစ်ခြမ်းကို လွမ်းဖို့သိမ်းထားလိုက်ချင်တယ် ဂျမ်းပုံရယ်…”
“ကိုလူခဲ… ရှင်ဟာလေ… မူးရင် အိပ်ပါတော့…”
“မူးနေတာတွေ ချက်ခြင်းလစ်သွားရပါပြီ ဂျမ်းပုံ… ဂျမ်းပုံရဲ့ ရှင်ဟာလေဆိုတဲ့ စကားလုံးလေးဟာ ကိုကို့ရဲ့ ရင်ခုန်သံအချစ်မြစ်ဖျားမှာ မုန်တိုင်းတစ်ရာထန်ခဲ့ရပါပြီကွယ်…”
“ကိုကိုရယ်… ဂျမ်းပုံကို မစနဲ့ကွာ… ဂျမ်းပုံက ကန်စွန်းရွက်ကလေးတွေလိုဘဲ… အသဲနုတယ်သိလားကိုကို…”
“အချစ်ရေ… သွားကြမယ် မောင်တို့နှစ်ယောက်တည်း…”
“ဘယ်ကိုလဲ ကိုကို…”
“မနက်ဖြန် ဈေးထွက်ရမှာ မဟုတ်လား… အိပ်ကြမယ် ဂျမ်းပုံ…”
“အင်း… ဟုတ်ပြီ အိပ်ကြမယ်… တစ် နှစ် သုံး…”
“တစ် နှစ် သုံး… တစ် နှစ် သုံး… ဂျမ်းပုံ အလှဆုံး… လေး ငါး ခြောက်… လေး ငါး ခြောက်… ဂျမ်းပုံ သိန်းထီပေါက်…”
“ဟောတော့… ကိုကိုပြောမှ သတိရတယ်… ဒီကနေ့ သိန်းထီထွက်တဲ့နေ့ဘဲ… ဂျမ်းပုံဈေးက ထီပေါက်စဉ်ဝယ်လာတယ်… မှန်းစမ်း… အရူးစကား အမူးစကား မှန်တတ်တယ်တဲ့ဟဲ့…”
“အင်း… မိန်းမများ…တယ်လည်း တတ်နိုင်ကြပါရောလား… ဟာ… ဖယောင်းတိုင်ခြင်ထောင်ထဲ ယူမလာဦးနဲ့ဟ… သိန်းထီမပေါက်ခင် အိမ်မီးလောင်လို့ ဘ၀ပျက်နေအုံးမယ်…”
“ကကြီး… ခကွေး…ဂငယ်… ၅၂၈၁၅၀၀… ပေါက်ပြီ ကိုကိုရေ… ပေါက်ပြီတော့်… ဟော့ဒီမှာ သိန်း ၃၀၀ ဆုကြီး…”
“ဟဲ့… ဂျမ်းပုံ… ငါအမူးပြေအောင် အော်နေတာလား…”
“အမလေး… တန်ဖိုးရှိလိုက်တဲ့ယောက်ျား… အရက်သောက်ပြီး တန်ဖိုးရှိတဲ့ စကားတွေပြောတတ်တဲ့ယောက်ျား… သိန်း ၃၀၀ ထုပ်ကြီး ဂျမ်းပုံအိမ်ပေါ်အရောက်ထမ်းတင်ခဲ့တဲ့ယောကျာ်း… အာ…ဟာ..ဘွား…:^)”
“ကဲအခုလို… လူ့ပြည်ကို ရောက်လာကြပြီဆိုတော့လည်း မသေချင်ဘဲနဲ့ သေကြရ… မနာချင်ဘဲနဲ့ နာကြရ… မအိုချင်ဘဲနဲ့ အိုကြရ… မပေါက်ချင်ဘဲနဲ့ ပေါက်ကြရ… မဖြစ်ချင်ဘဲနဲ့ ဖြစ်လာကြရတဲ့ ဒီကနေ့ သူဌေးမကြီး မိဂျမ်းပုံ သူဌေးကြီး မောင်လူခဲတို့၏ တိုက်သစ်တက်မင်္ဂလာဝယ်… ပြုပြုသမျှသော ဒါနကုသိုလ် အ၀၀တို့ကို ရေစက်ချတော်မူရန်အလို့ငှာ… ယနေ့ယခုမှဖြစ်ပေါ် ကြွရောက်တော်မူလာကြကုန်သော… ဆွေမျိုးညာတိ အ၀ိဝိတို့မှ… အဝေေ၀နေသတ္တ၀ါ အ၀န်းအ၀ိုင်းတို့အား… အ၀ဲဝဲအကုန် အမျှဝေနိုင်စေရန်အလို့ငှာ… အ၀ှားဝှားသမ်းဝေခြင်းတို့မှ ရှောင်ရှားကြစေပြီးလျှင်… အ၀င်ဝင်အထွက်ထွက် သွက်လက်စွာဖြင့်… အ၀ေနေယ် အေ၀ေနယ်… အမျှဝေတော်မူကြပါကုန်လော…”
“ကိုကိုရေ… ကိုကိုရေ…”
“ဂျမ်းပုံရေ… သူဌေးမကြီး…”
“ဘာလဲတော့် သူဌေးကြီး ကိုလူခဲ…”
“ကဲ… နွှဲမှာက ရှန်ပိန်… နေညိမ်ညိမ်တိမ်တောက်… ရွှေမန်းတင်မောင်ပျောက်ခဲ့ပြီ… အနောက်က နေရီရီ… အရှေ့ဆီက နေရဲရဲ… သိန်းတန်လည်းမခဲနိုင်ပြီမို့… လွမ်းတာတွေကမ်းကုန်… ဂျမ်းပုံရေ နင်ရှာကြည့်ပါတော့… ဂျမ်းပုံရေ နင်ရှာကြည့်ပါတော့…ဟော့… တစ်ချိန်က ဒို့ဘ၀ကိုမောင်းနှင်… နင်ခါးစောင်းတင်ကာရွက်တဲ့ဗမ်းပေမို့… လမ်းအထွေထွေ… မပန်းနင်ဖွေရှာကာမော… အတောရယ်မှ မသတ်နိုင်… ယခုတိုင်မလေ… တုပြိုင်ကာဆွေးပါပေါ့… ကလေးချော့လို့နင်တေးသီ… မဝေးပြီ ဒို့ရဲ့အနာဂတ်မှာလ… သံသရာတထွေ… မှန်တာတွေလုပ်ခဲ့တယ်… အခုတော့ ဒို့ကောင်းစားပြီကွယ်… ရောင်းအားရယ်ညီ… ကန်စွန်းဆိုင်အလီလီဖွင့်ပါလို့… တချီတချီအမြတ်ကြီးလိုက်တယ်… နတ်သမီးရယ်တဲ့ မိဂျမ်းပုံ… ဘ၀ရဲ့ အလွမ်းစုံကို… တစ်စခန်းကြုံကာမြန်းရရင်… ကြင်အူအသဲကိုလ… ဒီလူခဲမှာ တုန်အောင်ချစ်ရတယ်… နှစ်ပါးသစ်ဖို့အချိန်တန်… ၀တိံထံစံကာမြန်းရအောင်…ဟဲ့ နင့်ရဲ့ခြင်ထောင်ကိုထောင်… မီးမှောင်မှောင်အရေးမဟုတ်ပြီမို့… မယွန်းမတိမ်း ကန်စွန်းပလိန်းလိုကြော်ကာလုံးလိုက်မယ်… တယ်လီဖုန်းထမြည်ပြန်ပြီကွယ်…”
(ဟယ်လို…ဂျမ်းပုံကန်စွန်းရွက်ကုမ္ပဏီကပါလား ရှင်… ဟယ်လို ဟယ်လို… ဂျမ်းပုံကန်စွန်းရွက်ကုမ္ပဏီကပါလား ရှင်…)
“ဟေ့…ရှက်ပါတယ် ကယို ကယို…. ရှက်ပါတယ် ကယို ကယို…”
“မရှက်ပါကွယ် ကလင် ကလင်… မရှက်ပါကွယ် ကလင် ကလင်…”
(ပြီးပါပြီ)
ဖိုးအောင်(နည်းပညာ)