ကမ္ဘာပေါ်ရှိ စာပေ/စကားတို့အနက် ဝေါဟာရကြွယ်ဝဆုံး ဝေါဟာရအများဆုံး စာပေ/စကားများကို ပြပါဆိုလျှင် အကျွန်ုပ်တို့ မြန်မာစကားကို လက်ညှိုးထိုးပြရမှာ ဖြစ်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် မြန်မာတို့၏ စကားလုံးများသည် အဓိပ္ပါယ်တူပေမယ့် ဝေါဟာရက (အနည်းဆုံး) လေး ငါးမျိုးလောက် ရှိတတ်ပါတယ်။ စာရေးသူသည် တခြားဘာသန္တရစကားများကို မသင်ခဲ့ဘူးပါ၊ သို့သော် အင်္ဂလိပ်စာ ကိုတော့ အခြေခံလောက်တော့ သင်ဘူးပါသည်။ အင်္ဂလိပ်စာမှာ စာအုပ်တစ်အုပ်= A book ။ ကြောင်တစ်ကောင် = A cat။ လူတစ်ယောက်= A man ဟု ရေးရပြောရပါသည်၊ တစ်အုပ်ပဲ ဖြစ်ဖြစ် တစ်ကောင်ပဲဖြစ်ဖြစ် တစ်ယောက်ပဲဖြစ်ဖြစ် A ဆိုသော ဝေါဟာရတစ်မျိုးတည်းပဲ သုံးစရာရှိပါသည်။ မြန်မာစာမှာတော့ ထိုသို့မဟုတ်ပါပေ။ “တစ်”နောက်မှာ ဆီလျော်ရာစကားလုံးနှင့်တွဲသုံးမှ မှန်ကန်ပါလိမ့်မည်။(ဥပမာ= ခွေးတစ်ကောင်၊ စာအုပ်တစ်အုပ်၊ ဖုန်းတစ်လုံး၊ ဗော့ပင်တစ်ချောင်း၊ လူတစ်ယောက်၊ ဘုန်းကြီးတစ်ပါး စသည်။) ပါးစပ်ပေါက်ကထွက်တဲ့ အသံချင်းအတူတူပင်ဖြစ်ပါသော်လဲ အသုံးအနှုံးကျ ကွဲသွားတတ်သေးသည်။ လူ့ပါးစပ်ကထွက်တဲ့အသံကို ပြောသည်။ ခွေးပါးစပ်ကအသံကျတော့ ဟောင်သည်။ ကြက်တွေကျတော့တွန်သည်။ ကျားတွေကျတော့ ဟိန်းသည်။ မြင်းတွေကျတော့ ဟီးသည်။ ကျီးကျတော့ အာ သည် စသည်ဖြင့် နေရာဌာနအလိုက် ပုဂ္ဂိုလ်အလိုက် ကြည့်ပြီး လိုက်လျောညီထွေဖြစ်အောင်သုံးစွဲရပါသည်။ ဥပမာ ခွေးတကောင်ဟုသုံးရမည်ကို ခွေးတစ်ယောက်ဟုသုံးလျှင် မဖြစ်နိုင်သလို လူတစ်ယောက်ဟု သုံးစွဲရမည်ကို လူတစ်ကောင်ဟု သုံးစွဲက ရိုင်းရာကျပါသည်။ လူအချင်းချင်းပြောဆိုဆက်ဆံသည့်နေရာမှာလည်း ရွယ်တူချင်းဆက်ဆံလျှင် ဘယ်အသုံးအနှုံးမျိုး၊ ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါကြီးသူတွေနဲ့ ပြောဆိုဆက်ဆံလျှင် ဘယ်လို အသုံးနှုံးမျိုး သုံးရမယ်ဆိုတာ စာရှုသူများအား အထူးပြောစရာ မလိုတော့ပါ။ ယဉ်ကျေးသူမြန်မာများအားလုံး ပြောတတ်ဆိုတတ်ကြပေသည်။ သို့သော် ရဟန်းသံဃာများနှင့် ပြောဆိုဆက်ဆံတဲ့အခါမှာ သာသနာရဲ့ဝေါဟာရများကို တွင်တွင်ကျယ်ကျယ် မသုံးတတ်ကျသေးတာကိုတော့ အခုခေတ်မှာ များစွာတွေ့နေရပါသည်။ ကိုယ့်ထက် အသက်သိက္ခာဂုဏ်ဝါကြီးသူများကို ခင်ဗျားကျနော်သုံးတာဟာ ယဉ်ကျေးမှုပဲလို့ လှေနံဓားထစ်သတ်မှတ်ထားရင်တော့ လွဲသွားပါလိမ့်မယ်။ လူကြီးမိဘများနှင့် စကားပြောလျှင် ခင်ဗျားကျနော်လို့ သုံးတာ ယဉ်ကျေးတယ်လို့ ဆိုနိုင်ပေမယ့် ရဟန်းသံဃာများနှင့် ပြောဆိုတဲ့အခါ ခင်ဗျားကျနော် သုံးပါက ယဉ်ကျေးသူတစ်ယောက်လို့ မဆိုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သာသနာမှာလဲ သာသနာနှင့် ဆီလျော်သည့် အသုံးအနှုံးများရှိနေသောကြောင့်ပါတည်း၊ သူ့နေရာနှင့်သူ သူ့အသုံးအနှုံးနှင့်သူ သုံးတတ်မှ ယဉ်ကျေးရာရောက်ပါလိမ့်မည်။ တခါက သာသနာတော်ရဲ့ အသုံးအနှုံးကို မသုံးတတ်လို့ ပရိသတ်အလယ်မှာ သာသနာရေးဌာနက လူကြီးတစ်ယောက် အရှက်ရခဲ့ဖူးသည်ကို ကြားခဲ့ရဖူးသည်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်ကပေါ့ သာသနာရေးဌာနက လူကြီးများ သာသနာကိစ္စနဲ့ မုံရွာမြို့ကိုလာပြီး ဆရာတော်သံဃာတော်များအား သာသနာရေးရာများ လျှောက်ထားရာတွင် ထိုလူကြီးဆိုသူက အခမ်းအနားမှာ အမှာစကားပြောတော့ သူ့နာမည်ရဲ့ ရှေ့ ဦး…. လို့ ထည့်ပြီး ပြောတော့ ဆရာတော်ကြီးတစ်ပါးက လက်ကာပြပြီး “ဟဲ့ တကာ.. သာသနာမှာ အဲလိုလျှောက်တင်တာ မအပ်စပ်ဘူး ပြန်ပြီးလျှောက်တင်စမ်းဟု တားမြစ်သတဲ့၊ (ဦး…ဆိုသော အသုံးအနှုံးက သာသနာနဲ့မအပ်စပ်ဘူးတဲ့ မှတ်သားစရာနော်)။ ဒီတော့ နောက်တစ်မျိုး “ဦး”ဆိုတဲ့ နေရာမှာ “ကို”ကိုအစားသုံးလိုက်တော့လဲ ထပ်တားပြန်သတဲ့၊ ဒါနဲ့ နောက်တစ်မျိုး “မောင်”လို့သုံးတော့ လဲ မဟုတ်ပြန်ဘူးတဲ့၊ အဲဒီလူကြီး နဖူးချွေးပြန်နေတယ်ဆိုပဲ၊ ဒါနဲ့ အဲဒီဆရာတော်ကြီးကပဲ အပ်စပ်တဲ့စကားလုံးကို ရွေးပေးလိုက်ရရောတဲ့ ၊ သာသနာရေးအတွက် ရဟန်းသံဃာတွေ လျှောက်တင်တဲ့အခါ မိမိနာမည်ကို ထည့်သုံးလျှင် နာမည်ရဲ့ရှေ့က ဦး၊ ကို၊ မောင်၊ ထည့်သုံးရင် မအပ်ဘူး၊ “င” ဆိုတာထည့်သုံးရတယ်၊ မောင်မောင်စံ ဆိုလျှင် ငမောင်စံ၊ မောင်သူတော်ဆိုလျှင် ငသူတော် စသဖြင့်ပေါ့လေ။ ဒကာမတွေဆိုလဲ မ တို့ ဒေါ်တို့ မသုံးရဘူး၊ “မယ်” ကိုထည့်သုံးရတယ်၊ မယ်အေး၊ မယ်ရင် စသည်ဖြင့်ပေါ့။ ဒီလိုမှ မဟုတ်ရင် ရဟန်းသံဃာတွေကို မရိုသေရာရောက်တယ်တဲ့၊ ဒါက ရှေးဆရာတော်ကြီးများဆီက ယဉ်ကျေးမှု ဗဟုသုတလေးပေါ့။ ခုခေတ်လူငယ်များသည် ကျနော် ကျမဟူသော အသုံးအနှုံးကို ယဉ်ကျေးသည်ဆိုပြီး လှေနံဓားထစ်တွက်ပြီး ရဟန်းသံဃာများနှင့်ပါ ထိုအသုံးအနှုံးကို သုံးနေကြတာကို တွေ့မြင်နေကြရပါသည်။ ရဟန်းသံဃာများနှင့် ပြောဆိုဆက်ဆံသောအခါ ခင်ဗျားကျနော်အစား အရှင်ဘုရား တပည့်တော် ဟု သုံးမှသာလျှင် သာသနာနှင့် အပ်စပ်ပေလိမ့်မည်။ အပ်စပ်အောင်သုံးပါမှ လူယဉ်ကျေးတစ်ယောက်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုလူယဉ်ကျေးဟု အသိအမှတ်ပြုစေချင်ရင် မြန်မာစကားကို အရာဌာနအားလျော်စွာ အသုံးချတတ်ပါစေလို့………….
↧