“မေမေရေ..ဖေဖေရေ”
“မေမေရေ..”
“ဟာ..အိမ်မှာ ဘယ်သူမှလည်းမရှိပါလားနော်..ဘယ်တွေသွားကုန်ကြတာလဲမသိဘူး..အိမ်တံခါးတွေလည်း ဖွင့်လို့”
“မေမေရေ..အိတုန် အလုပ်ကပြန်လာပါပြီ”
အိတုန် အော်ကြီးဟစ်ကျယ် အော်ခေါ်နေချိန် ဒေါ်မြခက်တစ်ယောက် အိမ်ပေါ်သို့ရောက်လာခဲ့သည်။ နွမ်းလျသောပုဆိုးတစ်ထည်ကို ခေါင်းပေါင်းရင်း၊ ခေါင်းပေါင်းစကို ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ပြီး ခန္ဓာကိုယ် လေးလေးပင်ပင်ဖြင့် ထိုင်ချလိုက်သည်။ နဖူးမှချွေးစများကလည်း ဒေါ်မြခက်၏ကိုယ်ပေါ်သို့ ရေများချိုးထား သလားဟုပင်ထင်မှတ်ရသည်။ ခေါင်းပေါင်းစပုဆိုးကို လက်ဖြင့်ကိုင်ပြီး စိုနေသောချွေးများကိုသုတ်ရင်းက…
“ဟဲ့ သမီး..ဒီနေ့ အလုပ်ကပြန်လာတာ စောလှချည်လား”
“ဟုတ်တယ်မေမေရေ…ဒီနေ့လေ အိတုန် အမေ့ကို ပြောစရာရှိတယ်သိလား၊ သတင်းကောင်းလေးပဲ”
“အမလေး ဘာများတုန်း..ဆိုစမ်းပါအုံး”
“ဒီလ အိတုန် လစာတိုးတယ်..သိလား”
“လစာတိုးတော့ ငါ့သမီးလေး ပိုပြီးသုံးရတာပေါ့၊ အင်း.ပြောမယ့်သာပြောရပါတယ် ငါ့သမီးလေးလည်း ရှာရသမျှ ပိုက်ဆံတွေလည်း မေမေတို့ကို ပေးရတာနဲ့ပဲ အနေဆင်းရဲ၊ အစားဆင်းရဲလှပါတယ်ကွယ်၊ မေမေတို့ကလည်း မပြေလည်လို့သာ သမီးရဲ့လုပ်စာကို စားနေရတာပါ မေမေ့သမီးလေးကို သနားလာတယ်”
“အော်..မေမေရယ်…မေမေက သမီးတို့ကို ပညာတွေသင်ပေးလာတာလေ၊ ဒီအရွယ်ထိ ကျွေးမွေးစောင့်ရှောက် လာတာ၊ ခုတော့ သမီးတို့ကတလှည့်ပြန်ပြီးစောင့်ရှောက်ရမယ်လေ..မဟုတ်ဘူးလား”
“ကဲကဲကဲ…မေမေ့သမီးလေး..ရေချိုးဖို့လုပ်တော့နော်…မေမေ ညစာချက်လိုက်အုံးမယ်”
“အိတုန်လည်း ကူချက်ပေးမယ်လေမေမေရဲ့…ဘာဟင်းတွေချက်မှာလဲ..ပြော”
“ထုံစံအတိုင်းပေါ့သမီးရယ်… ခရမ်းချဉ်သီးငပိချက်ရယ်၊ ငါးလေးတွေကြော်မယ်၊ ပြီးရင် ကင်းမှုံညွှန့်လေးနဲ့ တောဟင်းချိုတစ်ခွက်လောက်ချက်မယ်လေ”
“၀ါး…ဒီနေ့ ထမင်းစားလို့ကောင်းမှာ သေချာတယ်သိလား…ဟင်းတွေကအရမ်းမိုက်”
ဒေါ်မြခက်နှင့်အိတုန်တို့ မီးဖိုချောင်တွင် ချွေးတလုံးလုံးဖြင့် ချက်ပြုတ်နေကြစဉ် ပုဆိုးတိုတို…ရွှံ့ညွှံတွေ မဲမဲသဲသဲဖြင့်၊ လွယ်အိတ်တစ်လုံးကိုလည်း စလွယ်သိုင်းလွယ်ကာ၊ အိတ်ထဲမှ ထိုးထိုးထောင်ထောင်၊ စိမ်းစိမ်းစိုစို အရွက်များကိုလည်း အပြည့်အလျှံထည့်သိုလာသော ခင်ပွန်းဖြစ်သူ ကိုရင်သာမောင်နှင့် သားဖြစ်သူ ရဲအောင်တို့ ကိုလည်း တွေ့လိုက်ရသည်။
“ဟေ့..မြခက်..ဒီမှာ လာယူပါအုံးကွာ..ကင်းမှုံညွှန့်တွေ၊ လယ်ထဲက ကန်စွန်းလေးတွေလည်း ခူးလာသေးတယ် ကွ”
ဒေါ်မြခက်တစ်ယောက် မီးဖိုးချောင်ထဲမှထွက်လာပြီး…
“လာပြီ ကိုရင်ရေ…လာပြီ”
“သမီး အိတုန်ရော အလုပ်ကပြန်ရောက်ပြီလား”
“ရောက်ပါပြီတော်..ပြောရအုံးမယ်…ဒီလ ရှင့်သမီး လစာတိုးတယ်တဲ့”
“ဟာ..ဟုတ်လား.. ၀မ်းသာစရာပဲပေါ့၊ အင်း..သူကသာ လခလေးတိုးတာ..တို့တတွေက လိုက်သုံးနေတယ်ဆို တော့၊ သမီးခမျာလည်း မစုမိမဆောင်းမိရှာပါဘူး”
ကိုရင်သာမောင်၏ အသံကိုကြားသူ သားဖြစ်သူရဲအောင်က ငါးလေးတွေရေဆေးရင်းဖြင့် လှမ်းအော်ပြောလိုက် သည်။
“အော်..ဖေဖေနဲ့မေမေတို့ကလည်း…မမကလေ ဘာမှစုစရာမလိုဘူးသိလား..သူက အပျိုကြီးလုပ်မှာလေ.. ဟဲဟဲ”
“ဟားဟား..ဟားဟား..ဟားဟား”
သားဖြစ်သူ ရဲအောင်၏စကားကိုကြားသည်နှင့် တအိမ်သားလုံးဝိုင်းရယ်ကြသည်။ အိတုန်တို့ တအိမ်လုံး တက်ညီလက်ညီဖြင့် ချက်ပြုတ်ရင်း မှောင်ရီပျိုးခဲ့ကြသည်။ မှောင်ရီပျိုးသည်နှင့် ဖယောင်းတိုင်ကိုယ်စီဖြင့် အလုပ်ရှုတ်တတ်သည်၊ လျှပ်စစ်မီးရောင်မရှိသောကြောင့် ဖယောင်းတိုင်မီးဖြင့်သာနေကြရသည်။
“အိတုန်ရေ…သမီး…ထမင်းစားဖို့ပြင်တော့”
“ဟုတ် မေမေ”
လျှပ်စစ်မီးရောင်မရှိသော အိမ်ကျဉ်းကျဉ်းလေးထဲတွင် အိတုန်တို့မိသားစု ထမင်းဝိုင်းလေးပြင်ဆင်ကြသည်၊ ထမင်းဝိုင်းတွင် မိသားစုလေးယောက်စုံညီသောအချိန်တွင်..
“ကဲ..ထမင်းစားကြစို့”
“အင်း..ဒီနေ့ သမီးအိတုန် စောစောပြန်ရောက်လို့..ထမင်းလက်ဆုံစားရတာ..မဟုတ်ရင် မိသားစုတွေ ထမင်းစားရတာ ဘာလိုမှန်းကိုမသိပါဘူး၊ ဒီနေ့တော့ ထမင်းစားရတာ တယ်အရသာရှိတယ်ဟေ့”
အိတုန်၏အဖေက ထမင်းစားရင်းမှပင် ပြောလိုက်သည်။ ထို့နောက် အစ်မဖြစ်သူကလည်း မောင်ဖြစ်သူ ရဲအောင်အား ရယ်စရာလေးနှောပြီး နောက်တောက်တောက်လုပ်လိုက်သေးသည်…
“ဟဲ့ မောင်လေး..ငါတို့အိမ်က ဒီလောက်ဆင်းရဲတာ..ပြီးတော့ နင့်နာမည်ကို အမေတို့ကလည်း မှည့်ပေးထား တာ ရဲအောင်တဲ့၊ ရုပ်ရှင်မင်းသားနာမည်ကြီး..နင် လယ်မလုပ်ဘဲ ရုပ်ရှင်ရိုက်ရမှာဟ”
“ဟာ..မမကလည်း ကျွန်တော် ရုပ်ရှင်ရိုက်ရင် ရုပ်ရှင်မင်းသားရဲအောင် ငိုနေမှာစိုးလို့ပါဗျ”
“ဟားဟား…ဟားဟား…ဟား..ဟား..”
တိတ်ဆိပ်နေသော မိုးညရဲ့အမှောင်ထုက လွမ်းစရာကောင်းလှသည်။ တိမ်သားတွေက တရွေ့ရွေ့ဖြင့် ပြေးလွှားနေသည်။ တကယ်ဆိုတော့ ဆင်းရဲခြင်းတွေကင်းပတဲ့ဘ၀ဆိုတာ မရှိနိုင်ပါ၊ အေးချမ်းပြီး၊ ပျော်စရာတွေဖြင့် မိသားစုထမင်းဝိုင်းလေးကို အိတုန်မက်မောလှပါသည်။ ဂုဏ်ဓနတွေကြွယ်ဝလှတဲ့ အသိုင်းအ၀ိုင်းတွေကြားမှာ အိတုန်တို့ဘ၀က ပကတိအလှတို့ဖြင့်ရှိနေသည်။ ကောင်းကင်တစ်ခွင်မှာ ကြယ်တွေကပျောက်လို့ ညို့နေသည့်မိုးသားထက်မှ မိုးတွေကရွာသွန်းနေချေပြီ။ ခေါင်မလုံသော သက်ကယ်အိမ်အပေါက်လေးများမှ ယိုစီးကျလာသော မိုးရေစက်တွေက အိတုန်၏ ညသန်းခေါင်ယံအိပ်စက် ခြင်းကို တန့်လန့်နေခဲ့သည်။ ခေါင်မလုံခဲ့ပေမယ့် အိတုန်တို့မိသားစုဘ၀လေး ခုလိုပျော်ရွှင်နေရသည်က စိတ်ချမ်းမြေ့စရာတစ်ခုပင်ဖြစ်နေခဲ့ရပါသည်။
မနက်မိုးသောက်လင်းပြန်တော့ အိတုန်အလုပ်သွားရတော့မည်။ အလုပ်မသွားခင် သံသေတ္တာထဲတွင်ထည့်ထား သော စာအုပ်လေးထဲမှ တစ်ထောင်တန်လေးတွေကို ဆွဲထုတ်လိုက်သည်။ အတန်ငယ်ကြာမှ အိမ်ထဲမှထွက် လာကာ…
“အမေ…ရော့ ဒါ သမီးစုထားတဲ့လက်ကျန်ပိုက်ဆံလေးထဲက တစ်သောင်း…အိမ်ခေါင်မိုးဘို့ ယူထားလိုက်နော်၊ ညတုန်းက မိုးတွေကရွာတော့ သမီးတို့အိမ်ခေါင်က မိုးနဲနဲယိုနေတယ်လေ..အဖေ့ကိုလည်း ပြောလိုက်အုံးနော်”
“အေးပါ သမီးရယ်”
“ဒါဆို…အိတုန်သွားတော့မယ်”
အလုပ်ကိုရောက်သည်နှင့် ဆိုင်သန့်ရှင်းရေးများလုပ်ကြရသည်၊ အလုပ်ထဲတွင် သူငယ်ချင်းများစွာလည်းရှိ သည်။ အိတုန်လုပ်ရသည်က ကွန်ပျူတာနှင့်မိတ္တူဆိုင်တွင် စာစီစာရိုက်လုပ်ငန်းသာဖြစ်သည်။ နေ့လယ်အချိန် တွင် သူငယ်ချင်းများစုဝေးပြီး နားနေချိန်တွင်..အမျိုးသမီးတစ်ဦးမှ စာရွက်တစ်ရွက်အား လှမ်းပေးခဲ့ပြီး…
“ညီမ..ဒီစာရွက်လေးမိတ္တူဆွဲချင်လို့ပါ”
“အော်..ဟုတ်ကဲ့အစ်မ..ဘယ်နှစ်စောင်ကူးမလဲ”
“အစောင်(၄၀)လောက်အစ်မ…၊ အော်..ပြီးတော့ ညီမတို့ဆိုင်မှာလည်း ဒီကြော်ငြာလေး ကပ်ချင်လို့..ရမလား မသိဘူး”
“ဟုတ်…ရပါတယ်အစ်မ…”
“ညီမတို့လည်း (၁)စောင်လောက်ယူထားလိုက်ပါ”
“ဟုတ်ကဲ့အစ်မ”
ထိုအမျိုးသမီးပေးလာသောစာရွက်ကို အိတုန်လှမ်းယူဖတ်ကြည့်မိသည်၊ မလေးရှားကုမ္ပဏီတစ်ခုမှ အလုပ်ခေါ် စာဖြစ်သည်။ အိတုန်ထင်မြင်ချက်ဆိုလျှင် ထိုအမျိုးသမီးသည် အေးဂျင့်ဖြစ်ပုံရသည်။ ထိုအမျိုးသမီးကို ဘာတစ်ခုမျှပြန်မမေးဘဲ အိတုန် တိတ်တိတ်လေးနေလိုက်သည်။
“အင်း..မလေးရှားဆိုတော့…၀င်ငွေကလည်း မနည်းဘူးပဲရမှာ..ပြီးတော့ သူက အရစ်ကျနဲ့သွင်းရမှာ.. ဟိုရောက်တဲ့အထိ သူတို့ကအကုန်စီစဉ်ပေးမှာ..အလုပ်ရတော့မှ အကြွေးတွေဆပ်ရမှာဆိုတော့..အင်း.. အတော်ပဲ.. အိတုန်သွားလုပ်မယ်..ဒါမှ အဖေနဲ့အမေကို ပိုက်ဆံတွေအများကြီးပေးလို့ရမှာ”ဟု အိတုန်တစ် ယောက်တည်း စိတ်ထဲတွေးမိပြီး တိတ်တိတ်လေးသဘောတွေကျနေမိသည်။
အိမ်ပြန်ရောက်သည်နှင့် အိတုန် အဖေနှင့်အမေကို အကြောင်းစုံရှင်းပြလိုက်သည်။ အဖေနှင့်အမေကတော့ နိုင်ငံခြားဆိုတော့ ခွင့်မပြု၊ သို့ပေမယ့် အိတုန်က အပြင်းအထန်သွားချင်နေမိသည်။ ဘယ်လိုလုပ်ရပါ့မလဲ.. အိတုန် ကြံစည်တွေးတောနေလိုက်သည်။
“သမီးရယ်..နိုင်ငံခြားကိုတော့မသွားပါနဲ့…အမေတို့မိသားစုတွေ အဆင်ပြေနေတာပဲလေ.. သူများတွေလို မချမ်းသာပေမယ့် စားနိုင်သောက်နိုင်ပါတယ်”
“အမေတို့ စိတ်မချပါဘူး သမီးရယ်..ပြီးတော့ သူများနိုင်ငံမှာ တစ်ယောက်တည်း”
“အမေကလည်း အဲ့ဒါဆိုရင်တော့လည်း နိုင်ငံခြားမှာ မြန်မာဆိုတာတွေတောင်ရှိမှာမဟုတ်တော့ဘူး၊ သမီးတစ်ယောက်တည်းမဟုတ်ပါဘူး..သူများတွေလည်း ဒီလိုဘဲသွားနေကြတာပဲလေ”
“အဖေနဲ့အမေရယ်..ဒီတခါတော့ သမီးကိုခွင့်ပြုပါနော်”
အတန်တန်မသွားပါနဲ့လို့ပြောခဲ့ပေမယ့် ဆန္ဒပြင်းထန်နေသော အိတုန်တစ်ယောက် ညဥ့်နက်သန်းခေါင်ယံတွင် သူငယ်ချင်းတစ်ယောက်၏အကူအညီဖြင့် ရန်ကုန်သို့ထွက်လာခဲ့တော့သည်၊ ရန်ကုန် အောင်မင်္ဂလာအဝေးပြေး ကွင်းသို့ရောက်သော် ဆိုင်တွင်တွေ့ခဲ့ရသော အမျိုးသမီးကို တွေ့လိုက်ရသည်၊ မျက်မှန်းတန်းမိသလိုရှိတော့ အိတုန်ပြုံးပြမိခဲ့သည်၊ ကားပေါ်မှအဆင်း ခရီးဆောင်အိတ်ကို မနိုင်တနိုင်ဖြင့် သယ်မပြီး ထွက်အလာ..
“ညီမလေးက…အိတုန်လား”
“ဟုတ်ပါတယ်..အစ်မ..အစ်မက…”
“အစ်မနာမည်က ခင်စန်းမြင့်ပါ၊ ဟိုတခါ မှတ်မိသေးလားမသိဘူး..ညီမလေးတို့ဆိုင်ကို တခေါက်ရောက်ခဲ့သေး တယ်လေ”
“အော်..ဟုတ်ကဲ့အစ်မ…ဒါနဲ့..အစ်မက…”
“ညီမလေးသူငယ်ချင်းတစ်ယောက်က အစ်မကိုလာကြိုခိုင်းလို့လေ…ပြီးတော့ ညီမက မလေးရှားကို အလုပ်သွား လုပ်မယ်မဟုတ်လား..အစ်မကူညီလို့ရတယ်လေ”
“ဟယ်….ဟုတ်တာပေါ့ အစ်မရဲ့…ဒါနဲ့ အစ်မက ဘယ်လိုသိနေတာလဲဟင်”
မခင်စန်းမြင့်ဆိုသူက အသက်(၃၀)နှစ်လောက်တော့ ရှိမည်ထင်သည်၊ အရပ်ကပုပု၊ အသားကမဲမဲ၊ ဆံပင်ကိုကျစ်လစ်စွာ စုစည်းထားပြီး၊ ခြေထောက်တွင်စီးထားသောဖိနပ်မှာ တစ်လက်မသာသာအမြင့်ရှိသည်။ စမတ်ကျသောအ၀တ်အစားတို့ဝတ်ကာ ယုံကြည်မှုတို့အပြည့်ရှိသယောင်ယောင်ပင်၊ ထိုသို့တွေးနေခိုက်ပင်..
“လာလေ…ညီမ..သွားစို့”
“ဘယ်ကိုလဲ..အစ်မ..”
“ညီမပဲ မလေးရှားကို အလုပ်သွားလုပ်မယ်ဆို”
“အော်…ဟုတ်သားပဲ..”
အိတုန် ရန်ကုန်မြို့ကို တခေါက်တလေမှပင် ရောက်ဘူးခဲ့သူမဟုတ်ပါ၊ ယောင်ချာချာဖြင့် လိုက်ပါလာခဲ့မိသည်။ ကားတွေက နယ်မြို့နှင့်မတူ ရှုတ်ထွေးလှသည်၊ လမ်းဖြတ်လို့ပင်မရနိုင်။ တိုက်မြင့်မြင့်တစ်ခုထဲသို့ရောက်လာ ခဲ့ကြသည်။
“လာ..ညီမ…”
“ဟုတ်ကဲ့…အစ်မ..ဒါ အစ်မအိမ်လားဟင်”
“ဟုတ်တာပေါ့..ညီမရဲ့.”
“၀ါး…အစ်မတို့အိမ်ကလည်း မိုက်တယ်နော်..
“ကဲ..ငါ့ညီမရေ…အေးအေးဆေးဆေးသာအနားယူနော်”
“ဟုတ်ကဲ့..အစ်မ”
အိတုန် ရန်ကုန်ကိုရောက်ခဲ့တာ (၃)ရက်မြောက်တောင်ဖြစ်သွားပြီ၊ ခုချိန်ထိလည်း ထူးခြားမှုရှိမလာ၊ မခင်စန်းမြင့်ကို မေးအုံးမှဘဲလေဟုဆိုပြီး..
“အစ်မ…ညီမ ဘယ်တော့ မလေးရှားကိုသွားရမလဲဟင်”
“မနက်ဖြန်လောက်ဆိုရင်တော့ သွားရတော့မှာပါ”
“အော်…”
ညနေမိုးချုပ်လို့ မခင်စန်းမြင့်ကိုလည်းမတွေ့မိ၊ ဘယ်များသွားသလဲဟု ရှာဖွေနေရာ၊ တံခါးခေါက်သံဆီသို့ အိတုန် လျှောက်လာခဲ့သည်…
“ဒေါက်…ဒေါက်…ဒေါက်”
တံခါးကို ဆွဲအဖွင့်မှာတော့…၀ုန်းကနဲဆို လူကိုဝင်လုံးလာသော လူတစ်ယောက်၊ ဘယ်သူမှန်းမသိ..
“ရှင်..ရှင်ဘာလုပ်တာလဲ..ရှင် မယုတ်မာနဲ့နော်…”
“ဟားဟား….ဟား…ဟား…ဟားဟား…”
လူကြီး၏ရယ်သံက မည်သူမှခေါ်၍လည်း ကြားနိုင်မည်မဟုတ်တော့ပါ..
“အစ်မရေ..အစ်မ…ကယ်ပါအုံး…လုပ်ပါအုံး….”
အချိန်အနည်းငယ်ကြာလာတော့ မခင်စန်းမြင့်ပါ ၀င်လာပြီး…..
“အဟား….ဟား…ဟား….မလေးကိုသွားမယ်ဆို…သွားလေ…ဟားဟား…”
ရယ်သံတို့နှင့်အတူ အခန်းတစ်ခုလုံးက အမှောင်ထုတို့စိုးမိုးသွားခဲ့လေပြီ….
“အား…အား…အား….ဟာ…ဟာ…”
အိတုန် အော်သံတို့နှင့်အတူ အိပ်ရာမှ လန့်နိုးလာခဲ့သည်၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြန်တော့ မိုးက ဝေသီဝေလင်းအချိန်လေး..ရွာနေသောမိုးတို့က မစဲနိုင်သေးပါ။….အတန်ငယ်ကြာတော့မှ အိတုန် ရင်ဘတ်ကို အသာလေးဖိညှစ်လိုက်ပြီး…အသက်ခပ်ပြင်းပြင်းလေးရှုထုတ်လိုက်ပြီးမှ….အပြုံးကလေးတစ်ခုစိုးမိုးလာခဲ့သည်…
“သြော်…ငါ အိပ်မက်မက်နေတာပါလား….“အင်း” အဲ့ဒီလိုအိပ်မက်ဆိုးကြီးကိုတော့ ဘယ်တော့မှ ထပ်မမက်ချင် တော့ပါဘူး၊ ငါ့ရဲ့ အေးချမ်းတဲ့မိသားစုအရိပ်လောက် ဘယ်နေရာမှမကောင်းပါဘူး၊
“အမေနဲ့ အဖေတို့ရေ” အိတုန် ဒီတသက်လေ ဟောဒီ မိုးမလုံတဲ့ သက်ကယ်မိုး ထရံကာအိမ်လေးထဲမှာဘဲ “အမေတို့အဖေတို့နဲ့ တစ်မိုးအောက်ထဲမှာဘဲ အတူတူနေတော့မယ်နော်”
(စိတ်ကူးနှင့်နှလုံးသား အနုပညာကိုပုံဖော်ဖန်တီးသည်။)
နေခြည်သစ်နွယ်(ပြည်)
www.naychi.pyaybloggers.org
http://naychithitnwe.blogspot.com