ဖုန်းဆက်တိုင်း ချစ်လားလို့ မေးမေးနေတတ်တဲ့ ကိုကိုရေ....
ဘ၀ချင်းမနီးပေမယ့် အချစ်ခြင်းနီးနေတာကိုလဲ ကျေနပ်ရပါတယ် ကိုကိုရယ်
ဒါပေမယ့်...ဒါပေမယ့်ပေါ့...။
ကိုကို့ဆီက စာမဖတ်ရတာ ကြာပြီနော်။ကိုကို ဘာလို့ စာမရေးပါလိမ့်။
ခလေးဆီကို စာရေးချင်စိတ် ကုန်ခမ်းနေပြီလား။
ကိုကို့ဆီက စာဖတ်ရမှ ခလေး နေလို့ရတာ
ကိုကိုသိပါရက်နဲ့ ဘာကြောင့်များ ခလေးအပေါ်
စိမ်းကားရက်တာလဲ................?
ခလေးအပေါ် အဆက်အသွယ်ပြုချင်စိတ် ကုန်ခန်းသွားအောင်
ခလေး... ကိုကို့အပေါ် ဘာများ ပြုမူမိလို့ပါလိမ့်။
ခလေး ဘာများမှားခဲ့ပါလိမ့်။
မိုင်ပေါင်းများစွာ ဝေးကွာနေတဲ့ ကိုကိုနဲ့ခလေးကြားမှာ
စာလေးများသည်သာ သံယောဇဉ်အငွေ့အသက်တိုရဲ့
ကိုယ်စား ကိုယ်ပွားများအဖြစ်.....ကိုကိုနဲ့ခလေးထံပါး
လူးလားကူးခတ်နေကြတာ တော်တော်ကြာခဲ့ပြီလေနော်။
ကိုကို့စာ ဖတ်နေရရင် ခလေးစိတ်နှလုံး အတိုင်းအဆမဲ့
ရွင်ပြုံးဝမ်းသာရတာတွေ ၊ကိုကို့လက်ရေးလေးကို မြင်နေရခြင်းဟာ
ကိုကို့မျက်နှာ ရှင်းသန့်သန့်လေးကို အနီးကပ် မြင်နေရသလို
ကြည်နူးလှိုက်ဖို ခံစားနေရတာတွေကို ကိုကိုလည်း
ခလေးနည်းတူ ခံစားရမယ်ဆိုရင် ခလေးကို စာနာနားလည်နိုင်မှာပါလေ။
စားစားသွားသွား နားနားနေနေ ကိုကို့ပုံရိပ်က ခလေးကို
အချိန်ပြည့် စိုးမိုးနေဆဲပါ ။အချိန်နဲ့အမျှ စက္ကန့်မလပ် ကိုကို့ကို
တွယ်တာသတိရနေတတ်တဲ့ ခလေးစိတ်ကို ကဗျာတွေ စာတွေရေးရင်းနဲ့
ထိန်းချုပ်ဆုပ်ကိုင်ထားနိုင်ပေမယ့်...တဒင်္ဂ...တဒင်္ဂဆိုရုံလေးပါပဲ ကိုကိုရယ်...
ကိုကို့ကို တမ်းတလွမ်းရတဲ့ အခါပေါင်း များစွာမှာ
ကိုကို့ကို သတိရတယ်...
ကိုကို့ကို တမ်းတတယ်...
ကိုကို့ကို အောက်မေ့တယ်...
ကိုကို့ကို ........................ဆိုပြီး
စာလုံးများစွာကို စာရွက်အပြည့် ချချရေးပစ်လိုက်တယ်။
ရင်နဲ့အမျှ နင့်နင့်နဲနဲ ချစ်တယ် ၊တမ်းတမ်းတတ လွမ်းတယ်ဆိုတဲ့
စကားထက် ပိုမိုပြီးပြည့်စုံတဲ့ ဝေါဟာရ ရှိခဲ့ရင်တောင် အဲဒီ ဝေါဟာရဟာ
ခလေးရင်ထဲက နှလုံးသား မွကြွေလုမတတ်
ခံစားရတဲ့ ခံစားချက်ကို ကိုယ်စားပြု ဖော်ကြူးနိုင်မှာ မဟုတ်ဘူး ကိုကို။
ကိုကို့ကို ........
အချိန်တိုင်း မှန်းဆ တမ်းတလွမ်းနေမိတာ ဘယ့်အတွက်ကြောင့်များလဲဆိုတာ
ခလေးကိုခလေးလဲ အဖြေရှာမရခဲ့ဘူး ကိုကို။
အစကတည်းက ကိုကိုနဲ့ခလေး မတွေ့ခဲ့ကြရင် အကောင်းသားပါလားကွယ်။
ခုတော့...ခုတော့လေ
ကံကြမ္မာရယ် ဘယ်အငြိုးကြောင့် အတိုးချ ရက်စက်ဖို့များ
ဖန်တီးတွေ့ဆုံပေးလိုက်စေတာပါလိမ့်နော်။အင်းလေနော်...အင်းပေါ့
ကိုကိုနဲ့တွေ့ဆုံပေးလိုက်တာကိုက ရင်ခုန်လှိုက်မော ကြည်နူးပျော်ရွင်နိုင်တဲ့
နေ့ရက် ညလေးတွေ ပိုင်ဆိုင်စေခဲ့ရတာ ကျေးဇူးပါ ကံကြမ္မာရယ်
ကိုကို့ကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ခလေးအားလုံးပြောင်းလဲရဲတာ
ကိုကိုသိပါတယ်...သိနေတယ်မဟုတ်လားကိုကို...။ဒါပေမယ့်
ကိုကို့ကို စွဲလမ်းတဲ့ နှလုံးသားတစ်စုံတော့ မပါဘူးနော်...။အပြောကောင်းလွန်းပြီး
ချောမောလွန်းတဲ့ ကိုကို့နားမှာ ချောလှပျိုမဒီ နှုတ်ခမ်းနီမလေးတွေ
ဝဲနေတာ ခလေးသိတာပေါ့။ကိုကိုပြော...လိုက်ရင် အားလုံး ကိုကို့စကားအောက်မှာ
ငေးသွားရတာ ခလေးသိတယ်လေ။ဘာဖြစ်လို့သိလဲဆိုတော့ အဲဒီထဲမှာ
ခလေးက ထိပ်ဆုံးက ပါနေလို့ပေါ့ကိုကို...။
ခလေးကဗျာလေးတွေစာလေးတွေ ရေးပြီးတဲ့အချိန်မှာ
ကိုကိုတစ်ယောက် ခလေးစာလေးတွေ ဖတ်နေပြီး ကြည်နူးနေတာ
သိရတော့ ခလေးလဲ ထပ်တူ ပျော်ရွင်မိပါတယ်
ကိုကို့ကို သတိရမှုတွေကြားမှာ ရင်ထဲက နာကျင်မိတတ်တာ ၀န်ခံပါတယ်ကိုကို။
ချစ်ခြင်းဆိုတာ တစ်ခါတစ်လေ ကျီစားတတ်ပါတယ်လေနော်။
ခလေး မမျှော်လင့်ရဲတဲ့ ဟိုးအဝေးက ခလေးတို့ ကံကြမ္မာတွေထဲ
တွေ့ဆုံကြုံတွေ့ခွင့် ၊ဆုံဆည်းပေါင်းဖက်နိုင်ခွင့် ၊ကွေ့ကွင်းဝေးကွာခွင့်
..................ခွင့်...........အမျိုးမျိုးတွေထဲမှာ ကောင်းတဲ့
ပြောင်းလဲနိုင်ခွင့်မျိုးရှိနေတယ်ဆိုတာ ခလေး ခပ်ပါးပါးလေး ယုံထားမိဆဲပါ။
ကိုကို့ကို ချစ်တဲ့ခလေးရဲ့အချစ်တွေက ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။
ခလေးလောက် ကိုကို့အပေါ် ချစ်တတ်တဲ့သူ၊ချစ်နိုင်တဲ့သူ မရှိဘူးလို့တောင် ထင်တာပဲ။
အချစ်စစ် အချစ်မှန်နဲ့ ချစ်ကြတဲ့သူတွေ
လျှောက်လှမ်းရမယ့် လမ်းလေးဟာ အချစ်တွေနဲ့ ထုံမွှမ်းမွှေးပျံ့ပြီး
သာယာအေးမြတဲ့ ချစ်ခရီးလမ်းလေးပဲ ဖြစ်မှာပါနော်ကိုကို။
ဖြစ်ပါစေ.......ဖြစ်ပါရစေ....နော်
ပျော်ရွင်ကြည်နူးရတဲ့ ချစ်ခရီးလမ်းလေး ပိုင်ဆိုင်ရပါစေ ဆိုပြီး
ဆုတောင်းရုံကလွဲရင် ခလေး ဘာတတ်နိုင်မလဲကိုကိုရယ်။
ချစ်သူကို လွမ်းရင်း ကဗျာတွေ စာတွေ ရေးရင်း
Magnolia.......................8.8.2012