အလုပ်ကိစ္စနဲ့ ဖုန်းပြောအပြီးမှာ သူစိမ်းဖုန်းနံပါတ်တခု ရုတ်တရက်ဝင်လာခဲ့တယ်။ (၀၇…)နဲ့စတဲ့ဖုန်းနံပါတ်ကြီး ဘယ်သူကြီးပါလိမ့်။ ရင်တော့ ထိတ်မိသွားခဲ့တယ်။ နိုင်ငံခြားက များလား။ အံ့အားသင့်မဆုံးဖြစ်နေခဲ့မိတယ်။ ဖုန်းကို လက်ခံလိုက်တော့ တဖက်က “ဝေ … နင်ဟောင်” တဲ့။ အဲ ဘယ်လိုကြီးလဲ … မိုက်ရိုင်းလိုက်တာ မိန်းခလေးဖြစ်ပြီးမှ နေရင်းထိုင်းရင်း လာဟောင်ခိုင်းနေတယ်။ ဘယ်လို မိန်းခလေးပါလဲ။ ဘယ်ရမလဲ သူပြောသလို ပြန်ပြောလိုက်မှာပေါ့ ခက်တာမှတ်လို့။ ကျမ ဖက်ကပြန်ပြောလိုက်တဲ့နောက်မှာမှ အော်……….. တရုတ်ပြည်ကြီးက မိန်းခလေးဖြစ်နေခဲ့တယ်။ အားတော့နာမိသွားတယ် တရုတ်စကားမတတ်တော့ ဟော့ကော့ဖြစ်သွားတာပဲ အဟီး…။ သူမ စကားကို ပြန်ထူးလိုက်တဲ့အချိန်မှပဲ အကျိုးအကြောင်းလေး သိရတော့တယ်။ အဖြစ်ပျက်က ဒီလို……………
“ ဟဲလို… မင်္ဂလာပါရှင်။ ကျမက ပန်းသီးကုမ္မဏီက ၀န်ထမ်းတစ်ဦးပါ… အခု အစ်မသုံးနေတဲ့ဖုန်းနံပါတ်က ယူနန်ပြည်ရဲ့ ပထမဦးဆုံး ကံထူးရှင်အဖြစ်အရွေးချယ်ခံထားရပါတယ်။ ဦးစားပေးကံထူးရှင်များအတွက် ကျမတို့ ပန်းသီးကုမ္မဏီက ပန်းသီးတံဆိပ်နဲ့ လက်သစ်ထွက် ဖုန်းအကောင်းစားတစ်လုံးကို အထူးဈေးတစ်ဝက်နှုန်းနဲ့ လျှော့ပြီးရောင်းချ ချှီးမြှင့်ပေးဖို့ပါ။ အဲဒီဖုန်းကို ပုံမှန်ပေါက်ဈေးနဲ့ဆိုရင် (၄၀၀၀)ကျော် ယွမ်ငွေနဲ့ပါ။ အစ်မအနေနဲ့ ဒီအခွင့်အရေးကို လက်ခံလိုက်မယ်ဆိုရင် (၂၀၀၀)ကျော် ယွမ်ငွေနဲ့ ရောင်းချ ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ စတဲ့ ………………………………………………………………………………….. အစ်မ ဘယ်လိုလဲ လက်ခံမှာမလား။ ဒါမှမဟုတ် ခနလေး စဉ်းစားချိန်လေးပေးရမှာလား။…..”
သူ့မေးခွန်းကိုတောင်ပင် မဖြေလိုက်ရသေးဘူး။း(း(
ဆက်ပြောနေပြန်ပြီ “ အစ်မရယ်… အစ်မက ဘာကို စိုးရိမ်နေတာလဲ။ စိုးရိမ်စရာ ကိစ္စလေးတွေရှိရင် ကျမကို ပြောပြပေးပါလား။ ကျမတို့ရဲ့ ကုမ္မဏီနဲ့ ပတ်သက်ပြီး ဘယ်အချက်ကို မနှစ်သက်တာလဲ။ ပွင့်ပွင့်လင်းလင်းပြောပြလို့ရပါတယ်။ ဒီဖုန်းကလဲ အကောင်းစားမို့လို့ အစ်မကို လက်မလွတ်စေချင်တာပါ။ တခြားလိုချင်တဲ့လူတွေအများကြီးရှိပေမယ့် သူတို့က ဒီလို အခွင့်ရေးမျိုးမရကျဘူးလေ။ အစ်မပဲ စဉ်းစားကြည့် ဒီယူနန်ပြည်တစ်ပြည်လုံးမှာမှ အစ်မက ပထမဦးဆုံးကံထူးရှင်ဖြစ်နေတာပါ။ ဖုန်းရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး စိုးရိမ်နေရတာလား။ မစိုးရိမ်ပါနဲ့အစ်မရယ်…. ဒီဖုန်းကလေ တကယ်လို့ ပျောက်သွားတာ အခိုးခံရတာတွေဆိုရင် ချက်ချင်းဖုန်းရှိတဲ့နေရာကို ရှာတွေ့နိုင်ပါတယ်။ တစ်ဖက်က ဖုန်းခေါ်လာတဲ့အချိန်မှာလဲ ဗီဒီယိုချက်နဲ့ပြောချင်ရင်လဲရတယ်။ ဒီတိုင်းရိုးရိုးနဲ့ဆိုရင်လဲ ရတယ် အစ်မ။ ပြီးတော့လေ အင်တာနက်နဲ့တွဲသုံးတယ်ဆိုရင်လဲ ဈေးသက်သာပြီးတော့ လိုင်းကောင်းတယ်။ ဖုန်းလိုင်းလဲ အခြားဖုန်းတွေထပ် အစမတန် လိုင်းကောင်းပါတယ်။ ဘယ်လိုလဲ အစ်မ ဒီအခွင့်ရေးကို လက်ခံမယ်မလား……….။”
“ ဟုတ်ကဲ့ရှင့်… ခု ကျမကို စကားခနလောက်ပြောခွင့်ပြုပါဦး” သူမက အားနာလျှက်…
“ အော်… ဟုတ်ကဲ့ ရပါတယ်ရှင့်… အစ်မ … အစ်မ တွေဝေစရာမလိုဘူးနော်..။ ကျမတို့ ကုမ္မဏီက အစ်မတစ်ယောက်ထဲကို ကွက်ပြီး မလိမ်ညာပါဘူး။ ကျမတို့ လိမ်မှာကြောက်နေတာလားဟင်။ စိတ်ချပါ အစ်မရယ် ကျမတို့က ကုမ္မဏီကြီးဖြစ်နေတဲ့အတွက် ကျမတို့ ကုမ္မဏီရဲ့ ဂုဏ်သိက္ခာလဲ ရှိသေးတယ်လေ… အဲဒါကို ကျမတို့ဘက်က အရေးတစ်ယူလုပ်ဆောင်ပေးပါတယ်။ ပြီးတော့ ပန်းသီးတံဆိပ်က နိုင်ငံကျော်ဖြစ်နေတော့ ကျမတို့က ပိုပြီး ၀န်ဆောင်မှုတွေ တိုးမြင့်ပေးတဲ့သဘောပါ။ အဲလို အောက်တန်းကျမယ့် လုပ်ရက်တွေကို ကျမတို့ မလုပ်ပါဘူး။ အစ်မရယ်… ဒီလိုအခွင့်အရေးမျိုးကိုတော့ အစ်မကို လက်မလွတ်စေချင်ဘူး ။ စတဲ့……………………………………………………………………………………………. ဘယ်လိုလဲ အစ်မ….
တကယ်လို့လေ အစ်မက ဒီအခွင့်အရေးကို လက်ခံလိုက်တယ်ဆိုရင် ကျမတို့ဆီကို ဖုန်းပြန်ဆက်ပေးပါ။ အဲဒီချိန်ကျရင် ကျမတို့ ပစ္စည်းကို ပြပေးလိုက်မယ်။ တကယ်လို့ ပစ္စည်းကို ကြည့်ပြီးလို့ အစ်မ သဘောမကျဘူးဆိုရင် အစ်မ ကြိုက်တဲ့ ဒီဇိုင်းပုံစံမျိုးကို ကျမတို့ဘက်က တက်နိုင်သလောက် ၀န်ဆောင်မှုပေးမှာပါ။ အဲချိန်ကျရင် အစ်မနဲ့ အစ်မသူငယ်ချင်းတစ်ယောက်ယောက်(ဖုန်းအကြောင်းကောင်းကောင်းနားလည်သဘောပေါက်တဲ့သူ)
နဲ့ တပါတည်းခေါ်လာပြီးစစ်ဆေးချင်တယ်ဆိုရင်လဲရတယ်။ တကယ်လို့ အစ်မသူငယ်ချင်းက ဒီပစ္စည်းဟာ အတုအယောင်ပါလို့ ပြောတယ်ဆိုရင် ထိုက်တန်တဲ့ တန်ဖိုးနဲ့တကွ အသစ်ပြန်လျှော်ပေးပါမယ်။…………………………….”
အမလေး………. အဆက်မပြတ်ပြောလိုက်တာများ သူမအစားပင် ရင်မောသွားတော့တာပါပဲ။ သူမောလားမမောလားမသိတော့ဘူး။ ကျမတော့ဖြစ် ရေတစ်ခွက်ပြီးတစ်ခွက် မော့သောက်နေခဲ့ရတယ်။ မရတော့ဘူး သူ့ထက်ဦးအောင် ပြောနိုင်မှပဲ လိုရင်းကိုရောက်တော့မယ်။ ဒီတော့မှ စကားကို ဖြတ်မိပြီး ကျမပြောချင်တာကို ပြောရမှာ (စဉ်းစားရင်း) သူ့စကားကို ကြားဖြတ်ပြောခွင့်ရလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ… မိန်းခလေး… ကျမက မိန်းခလေးတို့ရဲ့ ကုမ္မဏီကို သံသယတွေ ၀င်နေတာလဲမဟုတ်ပါဘူး။ ပြီးတော့ ပစ္စည်းကိုလဲ သံသယ၀င်နေတာမဟုတ်ပါဘူး။”
သူမက “ ဒါဆို ဘယ်အချက်ကို သဘောမကျတာပါလဲ ရှင်”
ကျမ “ ဈေးနှုန်းရော ပစ္စည်းရဲ့အရည်အသွေးရော အားလုံးကို သဘောကျ ကြိုက်ပါတယ်”
“ ဟုတ် ” ဟု သူမ ၀မ်းသာအားရ ပြုံးနေမိရင်း။
ကျမ “ ပြီးတော့ အဲဒီ ပစ္စည်းကို ကျမ လိုချင်ပါတယ်”
“ ဟုတ်ကဲ့ရှင့်” ဟု ချိုချိုသာသာနဲ့ သူမ ပြန်ပြောပါတယ်။
ကျမ “ ဒါပေမယ့် ခက်တာက ခု ကျမက မြန်မာပြည်ထဲက အလုပ်သမားတစ်ဦးဖြစ်နေပါတယ်”
“ ရှင် !!!!! ” သူမ အံ့သြစွာနဲ့ ပါးစပ်အဟောင်းသားဖြစ်သွားတယ်။
သူ့ခမျာ သနားပါတယ်။ မမောမပန်းနိုင်ပြောလိုက်ရတာ။ ဟောလိုက်ရတဲ့ ပစ္စည်းအကြောင်း ဈေးနှုန်းအကြောင်း ကုမ္မဏီအကြောင်းတွေ။ နောက်ဆုံးတော့ ပင်ပန်းရကျိုးမနပ်လိုက်ရဘဲ “ သဲထဲကို ရေသွန်ချ” သလို ဖြစ်သွားရရှာတယ်။ ကျမကလဲ ဟန်ဆောင်မှုမရှိ ပွင့်ပွင့်လင်းလင်း အားနာနာနဲ့ ပြောသာပြောလိုက်တာပါ စိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်နေခဲ့မိတာ အမှန်ပါပဲ။ အရောင်းဝန်ထမ်းတစ်ဦးဘ၀ဆိုတာ ဒီလို ချိုသာဖော်ရွေစွာနဲ့ ပစ္စည်းရောင်းအားကောင်းလာဖို့အတွက် အဖက်ဖက်က ဗဟုသုတအတွေ့အကြုံတွေစုဆောင်းရှာဖွေ ထုတ်ဖော်ပြသမှ ကုမ္မဏီရဲ့ အားကိုးရလောက်တဲ့ အရည်အချင်းပြည့်မီတဲ့ ၀န်ထမ်းကောင်းတစ်ယောက်ဖြစ်လာမယ်လေ။
ဒီအဖြစ်ပျက်လေးကို ကြည့်ပြီး ကျမအနေနဲ့ သုံးသပ်ပြုပြင်မိတာကတော့ ဘယ်ကုမ္မဏီမဆို ကုမ္မဏီအရောင်းမြှင့်တင်ရေးဝန်ထမ်းတွေကိုတော့ ဒီလို အချက်လေးတွေနဲ့ အခွင့်အရေးလေးပေးသင့်တယ်ဆိုတဲ့အကြောင်း ပြောလိုက်ပါရစေ…………….
၁။ တဖက်လူကို စကားပြောခွင့်ပေးပါ၊
၂။ နှစ်ဦးနှစ်ဖက် အပြန်အလှန် ပြောဆိုဆွေးနွေးပါ၊
၃။ မေးခွန်းတစ်ခုမေးပြီးတိုင်း ကပ်စတမ်မာကို အချိန်ပေးစဉ်းစားပြောခိုင်းပါ၊
၎။ မိမိဦးတည်ချက်ကို လိုရင်းတိုရှင်းနဲ့ ကပ်စတမ်မာတွေ နားလည်လက်ခံတဲ့ အခြေနေမျိုးကို ဖန်တီးပေးပါ၊
၅။ အရောင်းမြှင့်တင်ရေးကြော်ငြာတွေကို လုံလောက်တဲ့ အချိန်ပေးပါ။
၆။ ပစ္စည်းပေါ်မူတည်ပြီး ကောင်းကျိုး၊ဆိုးကျိုးတွေကို ကပ်စတမ်မာတစ်ဦးအား သေချာနားလည်အောင် ရှင်းပြ ဆွေးနွေးပေးဖို့မမေ့ပါနဲ့။
တခါတလေမှာ မိမိဘက်က အချိန်အကန့်သတ်နဲ့ ပြောဆိုဆွေးနွေးပေးနေရတာမို့ အချိန်မပေးနိုင်တာ နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်အကန့်သတ်လေးထဲမှာမှ မိမိလိုချင်တဲ့အချက် မိမိဦးတည်ချက်လေးကို ပေါ်လွင်အောင် ထုတ်ဖော်တဲ့နည်းလမ်းလေးတွေ စကားလုံးလေးတွေ ကြော်ငြာလေးတွေကို ရှာဖွေပြောဆိုဖို့ ပိုသင့်တော်ပါတယ်။ တခါတလေမှာ လူတွေက ၀ယ်ချင်ရဲ့သားနဲ့ နားပူတာမခံနိုင်တော့ စိတ်ရှုပ်သလို စိတ်မရှည်တော့သလိုဖြစ်သွားတတ်ပါတယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင် ပစ္စည်းကို သဘောကျနှစ်သက်နေပေမယ့် အမြင်ကပ် နားကြားပြင်းကပ်ပြီး အာရုံလွဲပစ်တတ်ပါတယ်။ (မ၀ယ်တော့ချင်တော့ဘူး ရှုပ်တယ်၊ ဟာ…စိတ်မရှည်တော့ဘူးကွာဆိုပြီး ရှောင်ဖယ်သွားတတ်ပါတယ်) တော်ရုံ နားလည်နိုင်သော စကားလုံး၊ နားထဲလက်ခံနိုင်တဲ့အတိုင်းအတာ အချိန်များကို ရွေးပြောပေးဖို့လိုအပ်ပါတယ်။
အရောင်းဝန်ထမ်းများအားလုံး ကပ်စတမ်မာတွေအကြား အဆင်ပြေချောမွေ့နိုင်ကြပါစေ………..
စာဖတ်သူအား လေးစားလျှက်……………
မိုးမဟေ(ဆောင်းနှင်းဖြိုး)
၆၊ ၈၊ ၂၀၁၂