Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

“ဆု တောင်းမှု”

$
0
0

ဗုဒ္ဓဘာသာဝင်တို့သည် “ဆုတောင်း”သည့်အလေ့ရှိကြသည်၊၊ ဆုတောင်းခြင်းသည်ဗုဒ္ဓဘာသာ၏အရေးပါသော ဘာသာရေးယဉ်ကျေးမှုတစ်ခုပင် ဖြစ်ပါသည်၊၊တောင်းဆိုလေ့ရှိကြသည့် “ဆု” အများစုမှာအသက်ရှည်လိုခြင်း၊ကျန်းမာလိုခြင်း၊ စီးပွားတိုးတက်လိုခြင်း၊ဘေးအန္တရာယ်ကင်းလိုခြင်းနှင့်ဘ၀လိုအပ်ချက်များစွာတို့ဖြစ်ကြသည်၊၊

ထိုသို့ဆုများစွာကိုတောင်းသည့်အခါတောင်းသောဆုများရရှိသည်များလည်းရှိသည်၊မရရှိကြသည်များလည်းရှိပါသည်၊၊ဗုဒ္ဓဘာသာတွင် သာမန်ချမ်းသာမှအစပြု၍ဘုရားအဖြစ်တိုင်အောင်“ဆုတောင်းမှု”ကိုရှေးဦးစွာပြုရကြောင်း၊ပြီးလျင်တောင်းသည့်ဆုအလျောက် လိုအပ်သည့်“ပါရမီ”များကိုဖြည့်ဆည်းရကြောင်းပါဠိစာပေတွင်ညွှန်ပြထားပါသည်၊၊

“ကောင်းမှုကိုပြုပြီးအလိုရှိသည့်ဆုကိုအတိအကျမတောင်းဆိုလျင်အကျိုးကိုရသည့်အခါတွင်မိမိလိုချင်သည့်အကျိုးကို တိတိကျကျမရရှိ”တတ်ဟူ၍ ပါဠိစာပေအထောက်အထားရှိပါသည်၊၊ဤသည်ကိုကြည့်သောအားဖြင့်ဆုသည်မဖြစ်မနေတောင်းသင့်သည့် “ဗုဒ္ဓဘာသာကျင့်ထုံးတစ်ခု”ဟုမှတ်ယူရပါမည်၊၊

ဆုတောင်းခြင်းယဉ်ကျေးမှုကိုဗုဒ္ဓဘာသာပါဠိစာပေမှကန့်ကွက်ခြင်းမရှိပါ၊၊သို့သော် လောကီချမ်းသာမှုအစ၊ ဘုရားအဖြစ်တိုင်အောင်ဆုလာဘ်များကိုဆုတောင်းရုံသက်သက်ဖြင့်ရရှိနိုင်သည်ဟုပါဠိစာပေတွင်ညွှန်းဆိုထားခြင်းမရှိပါ၊၊ ဗုဒ္ဓရှင်တော်လက်ထက်တော်ကလူပုဂ္ဂိုလ်ဒါယကာ၊ဒါယိကာမတို့ဘုရားရှင်ထံတွင်ဖြစ်စေ၊အဂ္ဂသာဝက၊မဟာသာဝကနှင့် အခြားရဟန်းများအထံတွင်ဖြစ်စေဆုတောင်းကြသောအခါဘုရားရှင်နှင့်၊တပည့်သံဃာတော်များမှ “တောင်းသောဆုများ ပြည့်စုံကြပါစေ”ဟုပြန်လည်မိန့်ဆိုကြသည်ကိုတွေ့ရသည်၊၊

“ပစ္စေကဗုဒ္ဓါအရှင်မြတ်”တို့သည်တရားအရှည်ကိုဟောလေ့မရှိဘဲ “တောင်းသောဆုများ၊လိုအပ်သောဆုများ လပြည့်ညတွင်ထွက်ပေါ်သောရွှေလမင်းကြီးကဲ့သို့ဝင်းဝင်းပပပြည့်ဝကြပါစေ”ဟုဆုကိုသာပေးလေ့ရှိကြောင်းကို ပါဠိစာပေတွင်တွေ့ရသည်၊၊

ဆိုခဲ့ပြီးသည်များကိုထောက်ဆ၍ကောင်းမှုကိုပြုပြီးတိုင်း “ဆုတောင်း”သင့်သည်ဟုမှတ်သားရပါမည်၊၊ယနေ့ခေတ်အခါတွင်လည်း ဗုဒ္ဓဘာသာဝင်တို့သည်စေတီပုထိုးများနှင့်ရဟန်းသံဃာတော်တို့၏အထံတွင်ဆုတောင်းလေ့ရှိကြပါသည်၊၊ဆုတောင်းခြင်းသည် ဗုဒ္ဓဘာသာနှင့်မြန်မာတို့နှလုံးသားတွင်အမြစ်တွယ်နေပြီဖြစ်ရကားတေးသီချင်းများ၊ပျို့၊ကဗျာ၊လင်္ကာများ၊ ရတု၊တောလားများနှင့်၊ ရှေးကြသည့်မြန်မာစာပေများတွင်ပါဆုတောင်းခြင်းများကိုတသီးတသန့်တွေ့ရသည်၊၊

“အရှင်မဟာသီလ၀ံသ”၏ “ဆုတောင်းခန်းပျို့”သည်ရှေးခေတ်ဗုဒ္ဓဘာသာဝင်တို့ မည်မျှဆုတောင်းမှုကို နှစ်သက်မြတ်နိုးသည်ကို ဖော်ပြသည့်အကောင်းဆုံးသာဓကကျမ်းစာတစ်ခု ဖြစ်ပါသည်၊၊ထို့ပြင် ဆုတောင်းမှုကို ပါဠိပညာရှင်တို့လက်ခံကျင့်သုံးသည်ကိုလည်းပြရာရောက်သည့်သာဓကလည်းဖြစ်ပါသည်၊၊အရှင်၏အမြင်တွင်“ဆုတောင်းခြင်းသည် စိတ်ကိုတစ်မျိုးတစ်ဖုံအားပေးရာရောက်သည်၊ နှစ်သိမ့်ရာ ရောက်သည့်အတွက်အားပေးသင့်သည့်ယဉ်ကျေးမှုတစ်ခုဟုမြင်ပါသည်၊၊”

ဘ၀တွင်တစ်ခါတစ်ရံလက်လှန်းမမှီသည့်အရာများကိုတကယ်မရရှိသည့်တိုင်ဘုရားရှေ့၊သံဃာရှေ့၊ စေတီတော်တို့ရှေ့တွင် ဆုများအဖြစ် ဖောဖောသီသီတောင်းဆိုလိုက်ရလျင်စိတ်များစွာသက်သာရသည်ကိုဆုတောင်းလေ့ရှိ သူတိုင်းကသိကြသည်၊၊ သတိပြုသင့်သည်မှာမည်သည့်တန်ဖိုးရှိသည့်အရာမှ “ဆုတောင်း”သက်သက်ဖြင့် မရရှိတတ်ကြောင်းဖြစ်ပါသည်၊၊

လိုချင်သည့်ဆုသည်အဖိုးထိုက်တန်လေလေ၊ထိုဆုအတွက်လုံ့လအားထုတ်ရမှုသည်လည်း ကြီးမားရလေလေပင်ဖြစ်ပါသည်၊၊ ဘုရားဖြစ်ချင်လွန်းသဖြင့် ဒီပင်္ကရာမြတ်စွာဘုရားအထံတွင် “ဘုရားဆု”တောင်းခဲ့သော “သုမေဓာရှင်ရသေ့”သည် လေးအသင်္ချေ၊ ကပ္ပါတစ်သိမ်း ဒုက္ခများစွာကိုရင်ဆိုင်ကျော်လွှားရင်း၊အများတကာမပြုနိုင်သည့်ဘ၀အရင်းအနှီးများကိုမြှုပ်နှံခဲ့ရပုံကို “ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်”များတွင် လေ့လာရရှိနိုင်သည်၊၊

ဆုတောင်းသည့်အခါ ကောင်းသောဆုတွင်မကဘဲလွန်စွာကြမ်းကြုတ်ရက်စက်သည့်ဆုများကိုလည်း တောင်းလေ့ရှိကြသည်ကို လက်တွေ့ပတ်ဝန်းကျင်တွင်မက “ဆဒ္ဒန်ဆင်မင်းဝတ္ထု”တွင် တွေ့ရသည်၊၊ စူဠသုဘဒ္ဒါသည် လင်သားအပေါ်အမျက်ထားပြီး “နောင်ဘ၀တွင်လင်သားကို အနိုင်ရသူဖြစ်ရပြီး၊ လင် သား၏ အစွယ်ကိုနားဋောင်းလုပ်ပြီး ပန်ဆင်နိုင်သူဖြစ်ရစေရန် ဆုတောင်းကြောင်း”လေ့လာရသည်၊၊

မည်သည့်ဆုကိုတောင်းသည်ဖြစ်စေ တောင်းဆိုသူ၏စိတ်သည်ထိုဆုအတွက်အမှန်တကယ်ပြင်းပြ ထက်သန်ပြီး၊ တောင်းသည့်ဆုကိုရစေတတ်သည့်အားထုတ်ကြိုးစားဖွယ်များကိုဖြည့်ဆည်းလျင်မိမိ တောင်းတသောဆုသည် အမှန်တကယ်ရရှိတတ်ကြောင်းစာပေအထောက်အထား၊လက်တွေ့အ ထောက်အထားများအရအတည်ပြုနိုင်ပါသည်၊၊လူတို့တွင် “ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူ၊ဘ၀များစွာအတွက် ရင့်ကျက်ပြီးသူ”ဟု နှစ်မျိုးရှိကြောင်းကိုမှတ်သားရပါမည်၊၊

ဘ၀တစ်ခုတွင်ရင့်ကျက်ပြီးသူတို့သည်ဘ၀တစ်ခုကောင်းစားမှုကိုဆုတောင်းလေ့ရှိပြီး၊ဘ၀များစွာအတွက်ရင့်ကျက်ပြီးသူများမှာမူ ဘ၀မှလွတ်မြောက်ရေးကိုဆုတောင်းလေ့ရှိကြောင်းကို တွေ့ရသည်၊၊“ဘ၀တစ်ခုတွင်ရင့်ကျက်ပြီးသူ”ဟူသည်စာရေးသူအရှင်အပါအ၀င် စာဖတ်သူအများကိုရည်ညွန်းပါသည်၊

“ဘ၀များစွာတွင်ရင့်ကျက်ပြီးသူ”ဟူသည်မှာတရားအမြင်ကိုရရှိပြီးသူများကိုရည်ညွှန်းပါသည်၊၊အရှင်၏ယ္ခုစာတမ်းတွင် ဘ၀တစ်ခုတွင် ရင့်ကျက်ပြီးသူတို့၏ မဆုံးနိုင်သည့်နေ့စဉ်ဆုတောင်းများကိုအသေးစိတ်မဖော်ပြတော့ဘဲ၊ဘ၀များစွာအတွက်ရင့်ကျက်ပြီးကြသောသူတို့၏ အတုယူဖွယ် “ဆုတောင်း”ပုံများကိုဖော်ပြမည် ဖြစ်ပါသည်၊၊

ငါးရာ့ငါးဆယ် ဇာတ်တော်များတွင် “ကဏှဇာတ်”ဟူ၍ ရှိပါသည်၊၊ကဏှရသေ့ကြီးတရားကျင့်ရာသစ်ပင်အရိပ်သို့ သိကြားမင်းရောက်လာပြီး၊ “အရှင်ရသေ့အလိုရှိသောဆုကိုတောင်းဆိုပါ”ဟုဆုဖြင့်ဖိတ်မန်သောကြောင့် “ကဏှရသေ့”သည် အရှင်သိကြားမင်းသင်ပေးနိုင်မည်ဆိုက ပေးပါဟုအစချီပြီးမှတ်သားအတုယူဖွယ်ဆုခြောက်မျိုးကို တောင်းဆိုလိုက်ပါသည်၊၊

(၁) ငါသည်ဘ၀ဆက်တိုင်း ဒေါသမရှိသူဖြစ်ပါရစေ၊၊(၂) ငါသည်ဘ၀ဆက်တိုင်း လောဘမရှိသူ ဖြစ်ပါရစေ၊

(၃) ငါသည် ဘ၀ဆက်တိုင်း စိတ်မနာတတ်သူ ဖြစ်ပါရစေ၊၊ (၄) ငါသည် ဘ၀ဆက်တိုင်း အချစ်မရှိသူ ဖြစ်ပါရစေ၊၊

(၅) ငါသည် ဘ၀ဆက်တိုင်း အနာရောဂါမရှိသူ ဖြစ်ပါရစေ၊၊ (၆) ငါသည် ဘ၀ဆက်တိုင်း သူတစ်ပါးကို ဒုက္ခမပေးတတ်သူ ဖြစ်ပါရစေ၊၊

ကဏှရသေ့ကြီး၏ဆုတောင်းခြောက်မျိုးကို သုံးသပ်ကြည့်လျင်ဘ၀တစ်ခုချမ်းသာရန်အတွက်တစ်စုံတစ်ရာဆုတောင်း မပါသည်ကို တွေ့ရပေမည်၊၊စာဖတ်သူတို့နေ့စဉ်တောင်းဆိုတတ်သည့်ဆုများနှင့်များစွာပင်ကွာခြားနေသည်ကို တွေ့ရသည်၊၊ အတုယူသင့်သည့်မှတ်သားဖွယ်ဆုတောင်းများဖြစ်ပါသည်၊၊

“ကဏှ”ဟူသော ပါဠိအမည်မှာ “အမည်း=Black”ဟု မြန်မာပြန်ဆိုရပါသည်၊၊ ဇာတ်လမ်းအမည်သည် “အမည်းဇာတ်”ဟု နာမည်ခေါ်ဆိုထားသော်လည်းကဏှရှင်ရသေ့တောင်းသောဆုများမှာမည်မျှဖြူ စင်သန့်ရှင်းသည်ကိုစာဖတ်သူသိပြီးအတိုင်းပင် ဖြစ်ပါသည်၊၊ လောကတွင်တစ်ခါတရံဂုဏ်နှင့်ဒြပ်ထပ်တူမကျသည့်သဘောပင်ဖြစ်သည်၊၊

ယနေ့ခေတ်တွင်လည်း “ကဏှဇာတ်”မှဆုတောင်းများကဲ့သို့ အတုယူသင့်သည့် ဆုတောင်းများကို တောင်းဆိုသွားကြသည့် ဆရာတော်ကြီးများနှင့်၊ လူပုဂ္ဂိုလ်များစွာပင် ရှိပါသည်၊၊ ထိုအထဲမှ “ဒီပဲယင်း ဆရာတော်ကြီး”၏ ဆုတောင်းဆယ်မျိုးကို “အလင်းစက်”စာဖတ်သူသို့တင်ပြလိုပါသည်၊၊

ဒီပဲယင်းဆရာတော်ကြီးသည် တတိယရွှေကျင်သာသနာပိုင်ဖြစ်ပြီး၊ “ပရမတ္ထစက္ခုကျမ်း၊”အပါအ၀င် ကျမ်းပေါင်းများစွာကို သာသနာတော်အတွက်ရေးသားခဲ့သည့် ကျမ်းပြုဆရာတော်ကြီးတစ်ပါး ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ဘွဲ့တော်အမည်မှာ “ဘဒ္ဒန္တဥာဏ၀ရ”ဖြစ်ပါသည်၊၊ ဆရာတော်ကြီးသည် သူ၏“ပရမတ္ထစက္ခုကျမ်း”နိဂုံးတွင် အောက်တွင်ဖော်ပြမည့် “ဆု(၁၀)မျိုး”ကို တောင်းဆိုခဲ့ပါသည်၊၊

(၁) ငါသည် သူတစ်ပါးအကျိုးကိုလိုလားသူ ဖြစ်ပါရစေ၊၊ (၂) သူတစ်ပါးတို့သည်လည်း ငါ့အကျိုးကိုလိုလားကြပါစေ၊၊

(၃) ငါသည် သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ပါရစေ၊၊ (၄) ငါ၏ဆင်းရဲဒုက္ခကိုလည်း သူတစ်ပါးတို့က မလိုလားကြပါစေနှင့်၊၊ (၅) ငါသည် အခြားသတ္တ၀ါများကို ညှင်းဆဲတတ်သူ မဖြစ်ပါရစေနှင့်၊၊ (၆) ငါ့အားလည်း အခြားသတ္တ၀ါတို့က မညှင်းဆဲကြပါစေနှင့်၊၊

(၇) ငါသည် သူတစ်ပါး၏ရန်သူ မဖြစ်ပါရစေနှင့်၊၊ (၈) သူတစ်ပါးသည်လည်း ငါ၏ရန်သူ မဖြစ်ပါစေနှင့်၊၊

(၉) သတ္တ၀ါအပေါင်းသည် လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်ကြပါစေ၊၊ (၁၀) ငါသည်လည်း လမ်းကောက်ကိုရှောင်ရှား၍ လမ်းဖြောင့်ကိုလျောက်လှမ်းနိုင်သူ ဖြစ်ပါရစေ၊၊

အထက်တွင် တင်ပြခဲ့သည်များမှာ ဒီပဲရင်းဆရာတော်ကြီး၏ ကျမ်းပြုဆုတောင်းများ ဖြစ်ပါသည်၊၊ ဆရာတော်ကြီး၏ ဆုတောင်းဆယ်မျိုးကို သုံးသပ်ကြည့်လျင် ဆရာတော်ကြီးသည် လောကီစည်းစိမ် နှင့် ဘ၀ခံစားမှုတစ်စုံတရာကို ဆုမတောင်းဘဲ လူသားတို့အတွက်ကောင်းကျိုးများကိုသာ ဆုတောင်း ခဲ့သည်ကို အတုယူ၊ လေးစားဖွယ် လေ့လာရပါသည်၊၊ ငါးရာ့ငါးဆယ်ဇာတ်တော်မှာပင် အခြားထင်ရှားသည့် ဆုတောင်းနှင့်ပတ်သက်၊ ဆက်စပ်သောဇာတ် လမ်းတစ်ခုမှာ “အကိတ္တိဇာတ်”ဖြစ်ပါသည်၊၊ အကိတ္တိဇာတ်လမ်းသည်လည်း အထက်တွင်တင်ပြခဲ့သော “ကဏှဇာတ်”နှင့် အသွားဆင်တူပင်ဖြစ်ပါသည်၊၊ သို့သော် ဆုတောင်းပုံခြင်းကား ကွာခြားပါသည်၊၊ “အကိတ္တိ”ဟူသော ပါဠိအမည်မှာ “အ+ကိတ္တိ=မထင်ရှားသူ၊ အထင်ရှားခြင်း”ဟူ၍ မြန်မာအဓိပ္ပါယ် သက်ရောက်ပါသည်၊၊ သို့သော် ဇာတ်လမ်းတွင်ပါဝင်သော အကိတ္တိရသေ့၏ဆုတောင်းများမှာ ကမ္ဘာ ကျော်ဆုတောင်းများဟူ၍ပင် ခေါ်ဆိုထိုက်လှပါသည်၊၊ အကိတ္တိရှင်ရသေ့၏ မှတ်သား၊ အတုယူဖွယ်ဆုတောင်းများမှာ - - - (၁) လောဘမရှိသူ ဖြစ်ရပါလို၏၊၊ (၂) ဒေါသမရှိသူ ဖြစ်ရပါလို၏၊၊

(၃) လူမိုက်ကို ဘ၀ဆက်တိုင်း မတွေ့မမြင်ရပါစေနှင့်၊၊ (၄) လူမိုက်အကြောင်း ဘ၀ဆက်တိုင်း မကြားရပါစေနှင့်၊၊

(၅) လူမိုက်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေမဖြစ်ရပါစေနှင့်၊၊ (၆) လူမိုက်နှင့် ဘ၀ဆက်တိုင်း စကားမပြောရပါစေနှင့်၊၊

(၇) လူမိုက်အား ဘ၀ဆက်တိုင်း မနှစ်သက်ရပါစေနှင့်၊၊ (၈) ပညာရှင်ကို ဘ၀ဆက်တိုင်း တွေ့မြင်ရပါစေ၊၊

(၉) ပညာရှင်အကြောင်း ဘ၀ဆက်တိုင်း ကြားရပါစေ၊၊ (၁၀) ပညာရှင်နှင့် ဘ၀ဆက်တိုင်း မိတ်ဆွေဖြစ်ရပါစေ၊၊

(၁၁) ပညာရှင်နှင့် ဘ၀ဆက်တိုင်း စကားပြောခွင့်ရပါစေ၊၊ (၁၂) ပညာရှင်ကို ဘ၀ဆက်တိုင်း နှစ်သက်သူဖြစ်ရပါစေ၊၊

(၁၃) နံနက်အာရုဏ်တက်အချိန်တွင် ဆွမ်းဘောဇဉ်များ အလိုအလျောက်ဖြစ်ပေါ်လာပါစေ၊၊ (၁၄) သီလရှိသောအလှူခံပုဂ္ဂိုလ်မြတ်များ လာရောက်အလှူခံကြပါစေ၊၊ (၁၅) ဆွမ်းဘောဇဉ်များသည် လှူ၍မကုန်ခမ်းသည် ဖြစ်ပါစေ၊၊

(၁၆) လှူစဉ် စိတ်ကြည်လင်ပါရစေ၊၊ (၁၇) လှူပြီးနောက်တွင် နောင်တမရသည် ဖြစ်ရပါစေ၊၊

(၁၈) သိကြားမင်းသည် ငါ၏အထံသို့နောက်မလာပါစေနှင့်၊၊

အကိတ္တိရှင်ရသေ့၏ ဆုတောင်းများကို ခြုံငုံလေ့လာလျင်ရသေ့ကြီး၏စိတ်ဓာတ်နှင့် အကျင့်မြင့်မြတ်ပုံကို တွေ့မြင်ရမည်ဖြစ်ပါသည်၊၊ ဖော်ပြခဲ့ပြီးသည်သူတော်သူမြတ်သုံးဦး၏ဆုတောင်းများတွင်ဘ၀အတွက်ရလိုသည်ကို ဆုတောင်းသည်ထက်မရလိုသည်များကိုသာဆုများအဖြစ်တောင်းဆိုကြသည်ကို တွေ့ရသည်၊၊

ယနေ့လူတို့နေ့စဉ်တောင်းဆိုနေကြသောဆုများနှင့်များစွာခြားနားသည်ကို တွေ့ရပါမည်၊၊


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>