အခွင့်သာလျှင်တော့ သားက သူနှင့်တူသလားဟု မေးချင်ပါသည်။ မေမေက…
“ကလေးကတော့ ချစ်စရာလေးပဲ။ မေမေက နှုတ်ဆက်ဦးမလို့ပါ။ သူတို့တတွေ ဘယ်မှာနေကြသလဲ ဆိုတာလည်း မေးကြည့်ချင်သေးတယ်။ သားယောက်ျားလေးမွေးတယ်ဆိုတဲ့ သတင်းကြားပြီးကတည်းက ပျောက်သွားလိုက်ကြတာ။ ခုမှ ပြန်တွေ့ရတာ မဟုတ်လား”
သားမွေးသော သတင်းကို သူလည်း သိပါသည်။ သူ.. သားကို တွေ့ခွင့်ရဖို့ အမျိုးမျိုးကြိုးစားခဲ့ဖူးသေးသော်လည်း တစ်ကြိမ်တစ်ခါမှ အခွင့် မသာခဲ့ပါ။ တံတိုင်းအထပ်ထပ် ဆီးကာနေသည့်ပြင် ကဉ္စနာကိုယ်တိုင်က သူ့အားရှောင်ဖယ်နေသည်ဟု သူထင်သည်။ သူ့အား သတင်းအစနမကျန်ရစ်အောင် ခြေရာဖျောက်ထားခဲ့တော့တာ မဟုတ်လား။ အဲလိုဆိုတော့ သူကလည်း တပြန်ရွဲ့ပြချင်ခဲ့ပြန်သည်။
ကဉ္စနာ့ကိုယ်စား သူ့အနားမှာ မိန်းခလေးတွေ ၀ိုင်းဝိုင်းလည်နေပြန်တော့သည်။ ဖေဖေနှင့် မေမေတို့က ထိုအပြုအမူများကိုတော့ မျက်စေ့နား ပိတ်ထားကြပြန်သည်။
သူ.. ငြိမ်းငြိမ်းကို ဖျတ်ခနဲ လက်ထပ်ယူလိုက်လေမှ ကဉ္စနာ့တုန်းကအတိုင်း တသွေမတိမ်းသော အပြုအမူဆိုးတွေ ပြန်ပေါ်လာကြတော့တာ ဖြစ်သည်။ သည်တစ်ကြိမ်မှာတော့ သူ.. ဖေဖေနှင့် မေမေကို အတော်အံ့သြတုန်လှုပ်သွားမိတော့သည်။ အဓိကကတော့ ဖေဖေပေါ့။ မေမေကလည်း ဖေဖေ့သဘောအတိုင်း နောက်က လိုက်နေတော့တာပင်။ တစ်ခွန်းတစ်စကလေးတောင် ဖေဖေ့ကို သူ့အတွက် အယူခံဝင်ပေးဖော်မရခဲ့။ ဖေဖေနှင့်မေမေ့ကို နားမလည်နိုင်ပြန်တာ အဲဒါတွေပဲဖြစ်သည်။
ဖေဖေနှင့်မေမေတို့၏ သားဖြစ်လာခဲ့တာ အချိန်တွေ ကြာမြင့်လာလေလေ.. မိဘအပေါ် နားမလည်နိုင်ခြင်း ကြီးစွာဖြင့် အရွဲ့တိုက်ပစ်ချင်မိလေပဲ ဖြစ်သည်။
**********
သူ တက္ကသိုလ် ၀င်ခွင့်လျှောက်တုန်းကလည်း ဖေဖေနှင့် သူ့ကြားမှာ တိုက်ပွဲပြင်းထန်ခဲ့ဖူးသေးတာ မှတ်မိသေးသည်။ ဆေးတက္ကသိုလ်လျှောက်ရန် အမှတ်မမီနိုင်ကြောင်းသေချာနေပြီမို့ သူ.. အနည်းငယ်တော့ နောင်တရချင်မိပါသည်။ ဆရာဝန်တစ်ယောက်၏ ဘ၀ကို သူ မက်မောဖူးသည် မဟုတ်လား။ နယ်စွန်ဖျားနား သွားရမည်ဆိုလျှင်လည်း သူ စွန့်စားသွားချင်ပါသည်။ အခြေခံလူတန်းစားပေါင်းစုံနဲ့ ထိတွေ့ကာ သူတို့၏ ဘ၀တွေကို စူးစမ်းစာနာကြည့်ချင်ခဲ့သည်။ ပြီး ထိုဘ၀တွေအကြောင်း စာတွေလည်း ရေးချင်သေးသည်။ ဖေဖေနှင့် မေမေတို့ မသိသေးသော ဆရာဝန်၊ စာရေးဆရာတွေက သူ့ ဟီးရိုးတွေဖြစ်ခဲ့ဖူးသည် မဟုတ်လား။
“မင်း ဆေးတက္ကသိုလ် အမှတ် မမီနိုင်တော့ဘူး”
ဖေဖေက အပြစ်တင်ချင်ပြန်သလို ဆိုလာသော်လည်း သူက တမင် ပေါ့ပါးဟန်ပြုလျှက်…
“ မမီတော့လည်း နောက်တစ်မျိုးပေါ့။ ဖေဖေပြောတဲ့ ဂျီတီစီတော့ ၀ါသနာ မပါဘူး”
ဂျီတီစီက ယောက်ျားလေးတွေနဲ့လည်း ပို အဆင်ပြေမှာ ဟု မေမေက ဖေဖေဘက်မှ စစ်ကူပေးရင်း လေပြေသွေးသည်။ သူက တခြား ယောက်ျားလေးတွေလိုမှ မဟုတ်ပဲ။ သူ အင်ဂျင်နီယာ အတတ်နှင့် ဆက်နွယ်သမျှ ဘာတစ်ခုမှ ၀ါသနာမပါ။ စက်ကိရိယာဆိုတာလည်း ခဲတံချွန်စက်ပင် သူ စိတ်မ၀င်စား။ သူက လူတွေကို ပို စိတ်ဝင်စားတာ ဖြစ်သည်။
“ နိုင်ငံခြား ဘာသာသင် တက္ကသိုလ်လျှောက်မယ်”
သည်စကားတစ်ခွန်းကို ဖေဖေက မခံမရပ်နိုင် ဖြစ်နေပြန်လျှင်တော့ သူ အံ့သြနေမိသည်။ သူ.. ဘာမှားခဲ့သလဲ။ သူ့ဘ၀၊ သူလမ်းကြောင်းကို သူကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ခွင့် မရှိဘူးလား။ ဖေဖေက သူ့အပေါ် ဘာကြောင့် ဒီလောက် လွှမ်းမိုးချယ်လှယ်နေချင်ရတာလဲ။
နောက်ဆုံးတော့လည်း ဖေဖေက ဗီတိုအာဏာ အပြည့်အ၀ သုံးလာပြီမို့ ဂျီတီစီပဲ လျှောက်ခဲ့ရတော့သည်။ ရပါတယ် ဖေဖေ။ သူ ငြိမ်နေပေးလိုက်လျှင် ဖေဖေက သူ့ကိုယ်သူ အောင်နိုင်သူအဖြစ် ထင်းစားဝင့်ကြွားသွားတော့သည်။ သူ ကြိတ်ပြုံးနေလိုက်သည်။
ပထမနှစ်မှာ အမှတ်ကောင်းအောင် ကြိုးစားဖို့ ဖေဖေက အထပ်ထပ် မှာကြားဆုံးမသည်။ သူ ဦးခေါင်းကို ပြတ်ထွက် မတတ် ညိတ်ပြခဲ့တော့ ဖေဖေ သဘောတွေကျနေသည်။ ငယ်ငယ်ကတည်းက ငွေကြေးစီးပွားနောက် အမောတကော လိုက်ရင်း ပညာလမ်းစပြတ်ခဲ့ရှာသည့် ဖေဖေ။ အဲဒီဖေဖေ မက်မောသော ဘီအီးဘွဲ့သည် သူ ယူပေးမှ ရမှာဖြစ်ကြောင်း ဖေဖေသိဖို့ ကောင်းပါသည်။ စိတ်ချ ဖေဖေ။ ဖေဖေ့တစ်သက်၊ ကျွန်တော့်တစ်သက် အဲဒီဘွဲ့ကို ဘယ်တော့မှ မရစေဖို့ သစ္စာပြုလိုက်ပြီ။
ဖေဖေကတော့ ယုံခဲ့သည်။ သူက ပထမနှစ်ကို ဒုတိယ အကြိမ် ပြန်တက်နေရပြီ။ ဖေဖေက သူ့သားလေးကို ဒုတိယနှစ် ဂျီတီစီကျောင်းသားအဖြစ် လူထူထူမှာ ဂုဏ်တင်ကောင်းနေဆဲပင်။
တတိယနှစ် ကျောင်းသွားရန် ဖေဖေရော၊ မေမေပါ စိတ်အားတက်ကြွှစွာ အစွမ်းကုန် စိုက်ထုတ်ပြင်ဆင် နေချိန်မှာ သူ ဒုတိယနှစ်စာမေးပွဲကျပြန်ကာ အပြင်ရောက်တော့ပြီ။ ဖေဖေ အိပ်ယာထဲ တစ်ပါတ်လောက် လဲပြိုသွားတော့ သူ စိတ်မကောင်းပါ။ ဒါပေမယ့် အလျှော့ မပေးချင်ဘူး။
“မင်း ကျောင်းမတက်ပါနဲ့တော့”
နောင်တကင်းတကင်း ပျော်ပျော်ရွှင်ရွှင်ပင် ခေါင်းညိတ်ပစ်ခဲ့လိုက်တော့သည်။
*********
မေမေ့ထံမှ စကားအသွားအလာများအရ ကဉ္စနာ ဘယ်မှာနေတယ်ဆိုတာ မေမေသိပြီးနေပုံပင်။ မေမေ စုံစမ်းနေလေသလား။ အမှတ်မထင် သိရတာလည်း ဖြစ်နိုင်သေးသည်ပင်။
“အိမ်မှာပဲ မူကြိုကျောင်းလေး ဖွင့်ထားတယ် ပြောတာပဲ”
ကဉ္စနာလည်း သူ့နှယ်ပင် လူရိုသေ၊ ရှင်ရိုသေ ဘွဲ့လေးတစ်လုံးတော့ ရအောင်ယူနိုင်ခဲ့သေးတာ သိရတော့ သူ.. ကျိတ်ဝမ်းသာရပါသည်။
“ငါမှ မလိုချင်တဲ့ဘွဲ့ကို မယူပဲကို နေပြလိုက်ဦးမယ်”
သူ့နှယ်ပင် ခေါင်းမာတတ်ခဲ့သော ကဉ္စနာသည် သူ့နှယ် အရွဲ့တိုက်ချင်သော ညဉ်ဆိုးကလေးနှင့် ဖြစ်သည်။
“ငါပြောသားပဲ။ အင်္ဂလိရှ်မေဂျာယူပြီး နေ့ကျောင်းတက်မယ်။ ကွာလီဖိုင်းဝင်ဖို့ ခုကတည်းက ငါကတိလည်း ပေးခဲ့တယ်။ ငါ မာစတာဆက်တက်ပြီး တက္ကသိုလ်မှာ ဆရာမပြန်လုပ်မယ် ဆိုတာ လက်မခံနိုင်ဘူး။ ငါပြောစကားထဲမှာ မကောင်းတာ ဘာပါလို့လဲဟယ်”
“……………..”
“ငါ့ကို ဆရာဝန်ဖြစ်စေချင်ကြတာတဲ့။ ဆရာဝန်ဖြစ်ဖို့ အရည်အချင်းမှ မမီတော့ တက္ကသိုလ်လည်း သွားစရာ မလိုတော့ဘူးတဲ့။ ဆူလွယ်နပ်လွယ် ရိုးရိုးမေဂျာတစ်ခု ယူပြီး အဝေးသင်ပဲ တက်ရမယ်တဲ့”
“ဘာလဲ ဆူလွယ်နပ်လွယ် မေဂျာဆိုတာ”
“အဲဒါ ပြောတာပေါ့။ လောကအတွက် လိုအပ်တဲ့ အသိပညာတစ်ခုမို့လို့ တက္ကသိုလ်ဖွင့်ပြီး ဘွဲ့တောင်ပေးနေရတာကို ဆူလွယ်နပ်လွယ်လို့ ပြောလာတော့ ခက်မနေဘူးလား။ ငါကလည်း ဘယ်မေဂျာက ဘာဖြစ်လို့ မယူချင်ဘူး ပြောတာ မဟုတ်ပါဘူး။ ငါစိတ်ဝင်စားတဲ့ ဘာသာရပ်ကို ငါ သင်ခွင့်ရချင်တာ”
အဝေးသင် တက္ကသိုလ်မှာ သူတို့ နှစ်ယောက် ပိုမို စည်းလုံးဖြစ်ခဲ့ကြသည်။ သူက ပထမနှစ်၊ ကဉ္စနာကတော့ နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်နေပြီ။ ဒါပေမယ့် အတူတူ အတန်းလစ်ကာ ဟေးလားဝါးလား၊ လမ်းသလားနေတတ်ကြသည်။ ကျောင်းစာအုပ်တွေ ရှေ့ချကာ ရင်ထဲက အကြိတ်အခဲတွေကို အပြန်အလှန်သွန်ချနေရင်း တစ်ယောက်၏ နှလုံးသားကို တစ်ဦးက စာနာမိကြသည်။ စာမေးပွဲကြီး ပြီးတော့ သူတို့ နှစ်ယောက်စလုံး အိမ်မပြန်ကြတော့ပေ။
**************
ဝေးကွာသွားခဲ့ပြီးကတည်းက တစ်ကြိမ်တစ်ခါမျှ ပြန်မဆုံဖြစ်တော့အောင် ကဉ္စနာတစ်ယောက် အရှောင် အပုန်းကောင်းခဲ့ပါသည်။ တွေ့မည့်တွေကတော့လည်း ကဉ္စနာက သူ့ထံသို့ တကူးတကန့်၊ ဆိုက်ဆိုက်မြိုက်ကို ရောက်လာခဲ့တော့တာပင်။
“သားရော…”
ကဉ္စနာ့အား သူ… အသေအချာ နှုတ်မဆက်အားခဲ့ပါ။ သားရော…။ သူမကို ကျော်ကာ သားကိုသာ အငမ်းမရ မေးနေမိသော သူ ဖြစ်နေပုံကို ကဉ္စနာက ကျေနပ်ကြည်လင်စွာ တည်တည်ငြိမ်ငြိမ် ပြုံးနေခဲ့ပါသည်။ နှုတ်ကတော့…
“ နင်.. သားကို တကယ် စိတ်ဝင်စားလို့လား”
သူ မျက်ရည်တွေ ရစ်လည်လို့လာသည်။
“ဘယ်လို မေးလိုက်တာလည်း ကဉ္စနာရယ်။ ငါလေ…ငါ.. သားကို အရမ်းတွေ့ချင် မြင်ချင်နေတာပါ။ ဒီကမ္ဘာမှာ ငါ့သားလေးရှိနေတယ်ဆိုတာ သိလျှက်နဲ့ ဘယ်မှာရှိတယ်ဆိုတာ ငါ သိခွင့်မရခဲ့ဘူး။ သားကရော… သူ့အဖေရှိနေတယ် ဆိုတာ သိမှ သိရဲ့လား”
ကဉ္စနာလည်း မျက်တောင် တဖျတ်ဖျတ်ခပ်ကာ မျက်ရည်တွေကို ထိန်းထားရပုံပင်။ အသံတွေလည်း တိုးလှိုက်တုန်ခိုက်လို့လာသည်။
“ငါ ပြောထားပါတယ် နန္ဒရယ်။ သားက သူ့အဖေကို သိပါတယ်။ နင့်ဓါတ်ပုံလည်း ငါပြပေးထားတယ်လေ။”
“တကယ်.. တကယ်လား။ ကျေးဇူးတင်လိုက်တာ ကဉ္စနာရယ်။ အခု သားပါမလာဘူးလားဟင်။ သား ဘယ်မှာလဲ”
မြင်ကွင်းထဲသို့ သားကိုပွေ့ချီလျှက် မေမေ၀င်လာသည်။ သားက သူ့အား စိမ်းသက်မနေခဲ့ပေ။ ဟို အရင်ကတည်းက ရင်းနှီးသိနှင့်ပြီးသူလိုပင် ဖက်လှဲတကင်း။
“ဖေဖေ…”
သူမပြောရပဲ ခေါ်တတ်နေပြန်သည်။ မေမေသင်ပေးထားတာ။ သားကဆိုလာတော့ ကဉ္စနာ့ကို ကျေးဇူးတင်ရပြန်သည်။ ကဉ္စနာသည် သူ့ထက် အပုံကြီး ပိုမိုရင့်ကျက်လာခဲ့ ဟန်တူသည်။
“သား စိတ်အားငယ်မှာစိုးလို့ သူ့အဖေအကြောင်းကို သူနားလည်တတ်သလောက် စကားကလေးတွေနဲ့ တဖြည်းဖြည်း အချိန်ယူ ပြောခဲ့ရတာ မေမေ။ ခုလည်း သားက သူ့ အဖေကို တွေ့ချင်တယ် ဆိုလို့ တမင်ကို လိုက်ပို့တာ။ ခွင့်ပြုပေးတဲ့ ဖေဖေတို့၊ မေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ်”
မေမေ မျက်ရည်ကျနေသည်။ သူနဲ့ သားကို တွေ့ပေးဖို့ မေမေနှင့် ကဉ္စနာတို့ တစ်ကြိမ်မက တွေ့ပြီးခဲ့ကြပြီး ဖေဖေကလည်း ခွင့်ပြုခဲ့ပုံပင်။
“မြေးလေးကို ခဏ ခဏ လာတွေ့ပါစေ သမီးရယ်။ မေမေတို့လည်း မြေးဆီ လာတွေ့ပါရစေနော်”
ကဉ္စနာက နားလည်စွာ ခေါင်းညိတ်ပြရှာပါသည်။ သားကို တစ်နေကုန် သူနှင့်အတူထားရစ်ခဲ့ကာ ကဉ္စနာ ပြန်ရန်ပြင်ပြီ။
“ညနေ ကိုယ်ပြန်လာပို့မယ်”
“ ငါ.. ဒရိုင်ဘာ လွှတ်လိုက်ပါ့မယ်”
သားကို အကြောင်းပြုကာ နှစ်အိမ့်တစ်အိမ် ၀င်ထွက် လည်ပတ်ရင်း ခြေလှမ်းစိတ်လာမှာမျိုးကို ကဉ္စနာက ကြိုတင် ဟန့်တားချင်ပုံရပါသည်။ သို့သော်…
“နင်နဲ့ အေးအေးဆေးဆေးတွေ့ပြီး စကားပြောချင်သေးတယ်”
…တဲ့။ ပြောပြီး ချာခနဲ နောက်လှည့်ပြန်တော့သည်။
************
သို့ပေမယ့် ကဉ္စနာသည် သူမထံသို့ သူ့အား တစ်ကြိမ်တစ်ခါမျှ မဖိတ်ကြားခဲ့ပေ။ သူ့ထံသို့လည်း တစ်ကြိမ်မျှ ရောက်ရှိမလာတော့။ သားနှင့် ပတ်သက်မှ သူက ဖုန်းဆက်ရသည်။ ဖုန်းထဲမှာတော့ စိတ်လိုလက်ရ စကားတွေ ဆိုနေတတ်ပြန်သည်ပင်။ သူမ၏ စကားလုံးတိုင်းသည် သားနှင့် ကင်းလွတ်နေသည်ရယ်လို့ မရှိ။
“နင် သားကို တော်တော်ချစ်တာပဲနော် ကဉ္စနာ”
“နင်ရောပဲ မဟုတ်လား နန္ဒရဲ့”
“ငါက ခုမှ တွေ့ရ၊ ချစ်ရတာဆိုတော့ အရင်အချိန်တွေ အတွက်ပါ အတိုးချ ချစ်နေရတာပေါ့ဟာ။ နင်ကကျတော့…”
“ ငါက အမေကိုး ဟဲ့။ ပြီး ငါ့ ဘ၀မှာ ဒီသားတစ်ယောက်ပဲ ချစ်စရာ၊ တွယ်တာစရာ ရှိတာလေ…”
သူ.. ကဉ္စနာကို စနောက်ချင်စိတ်ပေါက်လာတော့သည်။
“ငါ တစ်ခု စဉ်းစားနေတယ်။ နင်က သားနဲ့ အကြာကြီး နေခဲ့ဖူးပြီလေ။ သားကို ငါလည်းပိုင်တာပဲ။ ခုလောက် အချိန်ပိုင်းကလေး အတူနေရတာ ငါ အားမရဘူး။ သားကို ငါနဲ့ တစ်လှည့် ခေါ်ထားဦးမလားလို့…”
“နန္ဒနော်။ နင်.. တကယ်ကြီး ပြောနေတာလား။ မရဘူးနော်။ နင် အဲလို လုပ်လို့ မရဘူး”
ပူပန်မှုဖြင့် အသံတွေ တုန်ခိုက်လာသော ကဉ္စနာ့အား သနားလည်းသနား၊ ရယ်လည်း ရယ်ချင်မိလေသည်။
“နန္ဒ နင်.. နင် နောက်နေတာ မဟုတ်လားဟင်။ တကယ် မလုပ်ဘူး မဟုတ်လား”
ဒီတစ်ဖက်က သူ့ရယ်သံကို ကြားလေမှ စိတ်အေးသွားရဟန်ဖြင့်…
“ကောင်စုတ်”
ထောပနာပြုဖော်ရတော့သည်။ သူတို့ နှစ်ယောက်သည် အထက်တန်း ကျောင်းတုန်းက သူငယ်ချင်းတွေဘ၀သို့ ပြန်ရောက်နေပြန်တော့သလိုပင်။
“သားကိုတော့ ချမ်းသာပေးပါ နန္ဒရယ်။ ငါ့မှာ ဒီသားတစ်ယောက်တည်းပဲ ရှိတာပါ”
…ဟု ဆိုနေပြန်ပြီ။ သူ အမြင်ကပ်လာရကာ….
“သြော် နင့်မှာကျတော့ ဒီတစ်ယောက်တည်းဆိုတော့ ငါက ဘယ်နှစ်ယောက်များ ရှိနေသေးလို့လည်း … ကဲ”
ကဉ္စနာတစ်ယောက် ရုတ်တရက် အသံ တိတ်သွားခဲ့သည်။ ခဏမျှကြာလေမှ…
“နန္ဒ.. နင်တကယ် မသိသေးဘူးလားဟင်”
စကား၏ ထူးခြားမှုအရိပ်ကို ခံစားသိနေနှင့်သလို သူ တွေဝေသွားပါသည်။
“ငါ နင့်ကို အဲဒီအကြောင်း ပြောချင်နေတာ။ ငြိမ်းငြိမ်းရဲ့ကိုယ်ဝန်က တော်တော်တောင် လရင့်နေပြီ”
သူ ခါခနဲ ဖြစ်သွားသည်။ ကိုယ့်နားကိုယ် မယုံနိုင်သလိုမို့…
“ဘယ်လို ကဉ္စနာ။ ဘယ်လို။ ငါ့ကို သေချာပြန်ပြောပြပါ။ နင်.. သူနဲ့ ဘယ်တုန်းကတွေ့…”
“သူ …ငါနဲ့ လာတွေ့တာ။ ငါနဲ့ နင်နဲ့ ခုလို ပြန်ပတ်သက်နေတာ သိလို့ ငါကို ရှေ့မတိုးဖို့ လာတောင်းပန်တာတဲ့လေ။ ငါရှက်လည်း ရှက်မိတယ်။ သူ့ကိုလည်း သနားတော့ ရုတ်တရက် ဘာပြန်ပြောရမှန်းတောင် မသိဘူး။ နောက်မှ ငါတို့ သားကိစ္စနဲ့ ရိုးရိုးပြန်ဆက်ဆံဖြစ်တာပါလို့ အကြောင်းစုံ ပြန်ရှင်းပြလိုက်တယ်”
“……………..”
“နန္ဒ… ငါ သူ့ကို ကတိပေးလိုက်တယ် သိလား။ နင်ပြန်လာအောင် ငါ တာဝန်ယူ ပြောပေးမယ်လို့။ နင်.. နင် ပြန်သွားမယ် မဟုတ်လားဟင်”
***********
သားကြီးကို ရုတ်တရက်အမြင်မှာ ငိုင်ကျပျော့ပြောင်းသွားခဲ့သောဖေဖေကတောင် …
“မင်း ပြန်သွားလိုက်တော့ ဟေ့ကောင်။ မင်းအမေလည်း နောက်ကလိုက်လာလိမ့်မယ်”
…တဲ့။
“ငါတို့ သားအမိလိုအဖြစ်မျိုး ထပ် မဖန်တီးပါနဲ့တော့ နန္ဒရယ်။ ငါက ပညာ အသင့်အတင့်တတ်တယ်။ ပစ္စည်း ဥစ္စာလည်း မချို့ငဲ့ဘူး။ ငါနဲ့ နင်တို့ရဲ့ ငယ်ဘ၀ အတွေ့အကြုံတွေက သားတစ်ယောက်တည်းရဲ့ အနာဂါတ် လှပအောင်တော့ ကူညီတည်ဆောက် ပေးနိုင်မှာပါ။ သားအတွက် နင် နောက်ဆန်မငင်ပါနဲ့။ နင့် ငြိမ်းငြိမ်းက အသက်ငယ်သေးတယ်။ အသိအားလည်း နည်းပြီးရိုးရှာတယ် မဟုတ်လား။ နင့် ကလေးလေးဟာ နန္ဒ အသစ်ကလေး ၊ ကဉ္စနာ အငယ်စားလေး ဖြစ်မလာဖို့ နင့်မှာ လုံးဝ တာဝန်ရှိတယ် သိလား”
ကျေးဇူးတင်လိုက်ပါတယ် ကဉ္စနာရေ..။
ဒါပေမယ့်…
ငြိမ်းငြိမ်းရဲ့ ရင်ခွင်ထဲက သားငယ်နီတာရဲကလေးကို အမြင်မှာ ရုန်းကြွနိုးထလာသော ရင်ခုန်သံသည် ကိုယ့်ကိုယ်ကိုယ် မေ့လျော့သွားမိသလားပင်ထင်ရလောက်အောင် ညံ့သက်သိမ်မွေ့သည်။ ပြီး ပျောက်ဆုံးခဲ့ဖူးသော အိပ်မက် တချို့တလေကိုလည်း သူတို့ထံမှာပင် ပြန်ရှာဖွေမိဦးတော့မည် ထင်ပါသည်။
နွေဦးမှာတော့ ပုရစ်နုသစ်ရွက်တို့သည် စိမ်းလွင်လန်းဆတ်စွာ ဝေနေမြဲပင်။ ။