ဘယ်အသက်အရွယ် ၊ဘယ်နှစ်လသားမှာ စပြီးလမ်းလျှောက်သလဲဆိုတာ မေ မမှတ်မိတော့ပါ။ လမ်းကိုစပြီးလျှောက်ချိန်မှာ မေ့စိတ်ခံစားချက်ဘယ်လိုရှိသလဲ မေ မသိခဲ့ပါ။ မတ်တပ်လေးကို အနိုင်နိုင်ရပ်ရင်း ခြေတစ်လှမ်းရဖို့ကို အားသွန်ခွန်စိုက် လှမ်းဖြစ်ခဲ့မှာသေချာပါသည်။
“ရပ်နိုင်ပေ့..ရပ်နိုင်ပေ့”
ဟု ဆိုနေသည့် ဖေဖေ ၊မေမေ၏ အားပေးသံနှင့်အတူ မေ ရဲ့ခြေလှမ်းများစွာကို လှမ်းနေမိမယ်ဆိုတာတော့ သေချာပါသည်။ ခြေလှမ်းတိုင်းတော့ အောင်မြင်မှုရှိခဲ့မည်မထင်။ မေ ဘယ်နှစ်ကြိမ်များလဲကျခဲ့ပါလိမ့်။ အကျအရှုံးများစွာကို တွန်းလှန်ပြီး မေ လှမ်းလျှောက်တတ်ခဲ့လေပြီ။
ဒီနေ့ ပထမဆုံးအကြိမ်အဖြစ် Ice skating သွားစီးဖြစ်ခဲ့သည်။ ဒါပထမဆုံးအကြိမ်မို့ မေ့အတွက် အတော်လေး အခက်အခဲဖြစ်ခဲ့ပါတယ်။ ရေခဲပြင်စကိတ်စီးဖို့ မေအတော်လေး တက်ကြွနေခဲ့မိသည်။
သို့သော် တကယ်တမ်းကျ ချောမွေ့နေတဲ့ ရေခဲပြင်ပေါ်မှာ လက်မဝက်လောက်တောင်မရှိသည့် သံပြားကို ဖိနပ်အရှည်အတိုင်း အောက်ခံထားသည့်ဖိနပ်ကြောင့် စကိတ်ကွင်းထဲသို့ ဝင်စမှာပဲ မေ ခိုင်မာစွာ မရပ်နိုင်ခဲ့ပါ။
ကွင်းထဲမှာ ပြေးလွှားနေတဲ့သူများကိုကြည့်ပြီး ဪ..သူတို့မှာတော့ ပြေးလွှားနေလိုက်တာ ငါ့မှာတော့ မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်ရယ်လို့ တွေးမိနေသေးသည်။ သူတို့ကိုကြည့်ပြီးမေလဲ သူတို့လို ရေခဲပြင်မှာသွားလာချင်ပါသည်။
ကွင်းပြင်ကို ကာရံထားသည့် နံရံကိုကိုင်ပြီး ကြိုးစားရပ်ကြည့်သည်။ မတ်တပ်လေးရပ်ယုံ ကြိုးစားပြီးရပ်ကြည့်တာတောင် တဗိုင်းဗိုင်းချောလဲနေခဲ့သည်။ လူအများ ဝိုင်းအုံကြည့်နေသည့် စကိတ်ကွင်းပြင်မှာ သူများတကာတွေ ရွှီးခနဲ့ သွားနေချိန် မေက မတ်တပ်လေးရပ်ဖို့တောင် အနိုင်နိုင် ချောလဲနေတာကို အနည်းငယ်တော့ ရှက်လာခဲ့သည်။ မစီးတော့ရင် ကောင်းမလားလို့လဲ တစ်ချက်တွေးလိုက်မိသည်။ ထိုခဏမှာပဲ တစ်ဗိုင်းဗိုင်းနှင့်ချော်လဲနေသော မေ့အတွေးထဲသို့ ငယ်ဘဝပုံရိပ် ခုမှ လမ်းကိုစပြီးလျှောက်တတ်စ ကလေးသူငယ်အဖြစ် တွေးကြည့်မိသည်။
ရပ်နိုင်ပေ မှ ဟိုဟိုဒီဒီ ကိုးချောင်းကိုးချင်း သွားနိုင်လာအောင် မေဘယ်လို ကြိုးစားရပ်တည်ခဲ့ပါလိမ့်။ အဲ့ဒီအချိန်က မသိခဲ့သေးတဲ့ စိတ်ခံစားမှုကို အခု ခံစားကြည့်မယ်ဆိုပြီး ချောလဲတာတွေ၊ဘေးပတ်ဝန်းကျင်၏ ဝိုင်းဝန်းကြည့်ရှုမှူတွေအပေါ် ခေတ္တမေ့ပစ်လိုက်ကာ မေ့ စိတ်ခံစားချက်ကို ပုံဖော်ခံစားကြည့်လိုက်သည်။
စကိတ်ကွင်းပြင်ထဲမှာ လာရောက်ကစားသူကို ကူညီပေးသည့် crew များရှိပါသည်။ လဲကျနေသည့် မေ့ကို လာရောက်ဆွဲထူပေးသည်။ စကိတ်ကွင်းကို သူတို့လက်ကိုကိုင်ပြီး သူတို့၏အကူအညီနှင့်စီးဖို့ လက်လာကမ်းပေမဲ့ သူတို့အကူအညီကို မေမယူဖြစ်ခဲ့ပါ။
ကိုယ်အနေအထားကို ဘယ်လိုထားပြီးစီးရမှာလဲဟု သူတို့စီက နည်းယူကာ မေကိုယ်တိုင်ပဲ ကြိုးစားပြီးစီးမယ်လို့ ယဉ်ကျေးစွာပဲ ငြင်းပယ်ခဲ့သည်။ မှန်ရာကိုဝန်ခံရလျှင် လူအများရှေ့မှာ တစိမ်းယောကျာင်္းတစ်ယောက်၏လက်ကို တွဲပြီး လျှောက်သွားရန် မေ မဝံ့ရဲခဲ့။ တစ်ဗိုင်းဗိုင်း ချော်လဲနေရသည်ထက်ရှက်သည်။ စွဲထူခံရသည့် ခဏမှာတောင် မေ ရှက်သွားခဲ့သည်။
မေ့ရဲ့ ဇွဲရှိရှိနှင့် တစ်ကိုယ်တည်းရပ်တည်နိုင်အောင်ကြိုးစားမှုသည် နာရီဝက်ကျော်မျှကြာခဲ့သည်။ မေ ရပ်နိုင်ချိန်တွင် မေ့နံဘေးသို့ (၅)နှစ်သမီးအရွယ်ကလေးမလေးတစ်ယောက် ရောက်လာခဲ့သည်။ တရုတ်မလေးပါ။
“မမ သမီးလက်ကိုကိုင် ၊သမီးတွဲခေါ်ပေးမယ်”
“နေပါစေ မမဘာသာကြိုးစားပြီးသွားကြည့်မယ်။ မမကိုယ်လုံးနဲ့ သမီးလဲ မမကို တွဲခေါ်နိုင်မှာမဟုတ်ဘူး။ သမီးပါ လဲကျနေလိမ့်မယ်”
“သမီးက ဒီမှာအမြဲလာစီးနေတာ။ သမီးကူပေးနေကြပဲ..လာလေ ကူပေးမယ်”
“နေပါစေ ကလေးရယ် မမကြိုးစားပြီး သွာကြည့်မယ်”
ကလေးကို ငြင်းလွတ်ပြီး မေတစ်ယောက်ထဲ သွားနိုင်အောင်ကြိုးစားကြည့်သည်။ စကိတ်းကွင်း ဘေးးပတ်ပတ်လည်ကို ကာရံထားသည့် နံရံတွေကိုအမှီပြုပြီး လျှောက်ကြည့်သည်။ ဒီအချိန်မှာ ရပ်နိုင်ပေ့ .ရပ်နိုင်ပေ့ အားပေးသည့် ဖေဖေ မေမေ အနားမှာမရှိ။ မိဘ၏ အားပေးသံမရှိ။ ကိုယ့်ခြေလှမ်းကိုကြိုးစားရပ်တည်နေသည့် အချိန်ဖြစ်၍ တမ်းတမိသေးသည်။
လဲပြိုကျခြင်းများစွာနှင့် တစ်နာရီမျှ အကြာတွင် မေ အနည်းငယ် စီးတတ်ခဲ့ပြီ။ တဗိုင်းဗိုင်း လဲကျမှုကြောင့် တင်ပဆုံရိုးတွေလဲ နာကျင်နေပြီ။ ခါးလဲ မြက်နေပြီ။ မေ့ လက်ဖဝါးတွေ အညိုအမဲစွဲကာ သွေးခြေဥသည် အထိ မေ လဲကျခဲ့သည်။ မာကျောသည့် ရေခဲပြင်ပေါ် ဖင်ထိုင်ရက်လဲ ပြုတ်ကျချိန် လက်ထောင်ထောက်မိသည့်အရှိန်ကြောင့် လက်တွေ သွေးခြေဥကာ ယောင်ယမ်းနေသည်။ အပင်ပမ်းခံကာ ဇွဲနပဲနှင့် ကြိုးစားမှုကြောင့် ရေခဲပြင်မှာ စကိတ်စီးတတ်သွားခဲ့သည်။
ခဏတာ စိတ်အပမ်းဖြေယုံ ၊စိတ်ဖိစီးမှုပြေပျောက်ယုံ သွားခဲ့သည့် ထိုစကိတ်ကွင်းလေးသည့် မေ့အား စိတ်ခံစားမှုများစွာပေးခဲ့သည်ကို ဝန်ခံပါသည်။ အထူးသဖြစ် မေ့ရဲ့ ငယ်ဘဝ လမ်းလျှောက်သင်စ စိတ်ခံစားမှုမျိုးကို ယခုအချိန်မှာ မျက်ဝါးထင်ထင် ခံစားသိရှိလာခဲ့သယောင်။
အကြိမ်များစွာ ချော်လဲမှုတွေပြီးနောက်မှာ ရပ်တည်သွားလာနိုင်ခဲ့မှုကို မေပျော်ရွှင်ခဲ့သည်။ ကွင်းထဲဝင်စမှာ လှည့်ပြန်သွားရင်ကောင်းမယ်လို့ တွေးမိတုန်းက မေ လှည့်ပြန်ခဲ့ရင် နောက်ထပ် နောက်ထပ်တွေလဲ မေ စီးဖြစ်တော့မည်မထင်။
စိတ်ကိုငြိမ်ငြိမ်ထားပြီး ဟန်ချက်ညီညီ ကြိုးစားခဲ့သည့် အတွေ့အကြုံသည် မေ့အတွက် အတွေးများစွာ၊သင်ခန်းစယများးစွာလဲ ပေးခဲ့ပါသည်။
ထိုခဏမှာလဲ အိမ်မှာ ကျန်ရစ်ခဲ့သည့် မိဘများကို ပို၍တမ်းတလာခဲ့သည်။ ဘဝတစ်လျှောက် ကြုံလာခဲ့သည့် မိဘများ၏ အားပေးမှုကိုလဲ တမ်းတခဲ့သည်။ သားသမီးများ၏ အောင်မြင်မှုသည် မိဘများက အခြေခံအုတ်မြစ်ဖြစ်ပေလိမ့်မည်။ အခက်အခဲတွေ ကြုံလာတိုင်း၊ အသစ်အဆန်းတွေ တွေ့မြင်လေတိုင်းမှာ ထိုသူတို့ကိုသာ ပြေးမြင်မိခဲ့သည်မှာ ဝန်ခံပါသည်။
..... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်