ကောင်းကင်ယံမှာ အလင်းတွေဘယ်လောက်ပဲရှိရှိ ရင်ထဲမှာမပြုံးနိုင်တဲ့အခါ လောကကြီးကမှောင်နေတာပါပဲ။
ရင်ထဲက ပီတိကြောင့်ဖြစ်ပေါ်လာတဲ့အပြုံးတစ်ပွင့် မှောင်မိုက်နေတဲ့ညအခါကိုတောင် လသာနေသလို လင်းလက်စွာပွင့်ဖို့စွမ်းဆောင်နိုင်ခဲ့ပါတယ်။
တစ်ခါတုန်းက အသက်(၈၀)ကျော်အဖိုးအိုတစ်ဦးက တုန်တုန်ယင်ယင်နဲ့တောင်ဝှေးတစ်ချောင်းအဖေါ်ပြုပြီး ဒီလမ်းမထက်မှာ
အမြဲတမ်းလမ်းလျှောက်လေ့ရှိတယ်လို့ ဆိုပါတယ်။ လမ်းလျှောက်တာဟာ မဆန်းပေမယ့် ဒီစကားကိုသူပြောလိုက်တာဟာ
အကြောင်းတစ်ခုတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ အဖိုးအိုသည် မိမိခုလိုလမ်းထွက်လျှောက်တာကို လူတွေအမြဲတမ်းမြင်တွေနေကြလိမ့်မယ်။
မြင်တဲ့အခါတိုင်းမှာ သြော် .. တစ်နေ့ကျရင်ငါလည်းသူ့လို ဆံပင်တွေဖြူ သွားတွေကျိုး ပါးရေတွေတွန့် လေမတိုက်တဲ့
လက်တုန်တုန်ယင်ယင်နဲ့ တောင်ဝှေးလေးအဖေါ်ပြုပြီး နေနေရတဲ့ဇရာဆိုတာရဲ့သဘောကို သူတို့ဆင်ခြင်မိကြလိမ့်မယ်။
အဲ့ဒီကမှတစ်ဆင့် နာခြင်းဆိုတဲ့မကျန်းမာခြင်းသဘောတွေ သေခြင်းတရားဆိုတဲ့ မမြဲတဲ့ ဒီခန္ဓာရဲ့အကြောင်းတရားတွေကို
ဆင်ခြင်မိကြလိမ့်မယ်။ သူတို့ခုလို ဆင်ခြင်မိကြတဲ့အခါတိုင်း မမြဲတဲ့ အနိစ္စဆိုတာကို တွေးမိတဲ့အခါတိုင်း လောဘတွေနည်း၊
ဆင်းရဲ့တဲ့ဒုက္ခဆိုတာကို သိကြရင်ဒေါသတွေနည်း၊ ဘာကိုမှအစိုးမရပါတကားဆိုတဲ့ အနတ္တတရားကိုများ မြင်ခဲ့ရင် မောဟတွေကင်းပြီး
ကုသိုလ်တရားတွေ တိုးပွားကြလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ အဖိုးအိုလမ်းလျှောက်ထွက်တာပါလို့ သူကစကားကိုဆက်လိုက်ပါတယ်။
လူ့ဘ၀ဆိုတာကို ရခဲလှတယ်ဆိုတဲ့အကြောင်းကို မြတ်စွာဘုရားရှင်က ခြေဆေးတဲ့အခါတိုင်း မိန့်လေ့ရှိတယ်လို့မှတ်သားဖူးပါတယ်။
ဒါကြောင့်လည်း လူ့အဖြစ်ကိုစတင်ခြေချမိတဲ့ကာလတည်းက သားလေးမွေးရင် သားရတနာ ၊ သမိးလေးမွေးပြန်တော့ သမီးရတနာလို့
ခေါ်ကြတယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ ရခဲမှ ရတနာ ၊ နှစ်လိုဖွယ်ကောင်းမှ ရတနာ ၊ တွေရခဲမှ ရတနာလို့ ဆိုကြတာကိုး။
လူ့အဖြစ်ဟာ ရခဲတာကြောင့် ရတနာထိုက်တဲ့ ဘ၀လို့ပြောလို့ရမယ်ထင်ပါတယ်။ အဖိုးတန်တဲ့ လူ့ဘ၀မှာ
မနေ့ကထက်ဒီနေ့ ဥစ္စာတွေရခဲ့ရင် ၊ မနေ့ကထက်ဒီနေ့ ပညာတွေ ရခဲ့ရင် ၊ မနေ့ကထက်ဒီနေ့ ကုသိုလ်တွေ ရခဲ့ရင်
လူ့အဖြစ်ကို ရလိုက်တာဟာ အဖိုးတန်လေခြင်း ၊ တန်ဖိုးကြီးလေခြင်းလို့ ဆိုလို့ရနိုင်ပေမယ့် ။
မနေ့ကထက်ဒီနေ့ဟာ ကုသိုလ်၊ပညာ၊ဥစ္စာတွေ တစ်ခုခုမှ မတိုးပွားခဲ့ရင် လူ့အဖြစ်ရလိုက်တာဟာ ရှုံးလိုက်လေခြင်းလို့
ဆိုရမလိုပါပဲ။ အဖိုးတန်တဲ့ လူ့ဘ၀ကို ရလာခိုက်မှာ အသက်တွေ တစ်ရက်ပြီးတစ်ရက်ကြီးလာတာနဲ့အမျှ တန်းဖိုးကြီးတဲ့
လူသားတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း အဖိုးကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်မယ်လို့ ယူဆမိပါတယ်။
တန်းဖိုးကြီးတဲ့ အဖိုးကြီးတွေဖြစ်စေချင်ပါတယ်။ နေ့စဉ်လမ်းလျှောက်ပြနေတဲ့ အဖိုးအိုကလည်း မိမိရဲ့သားအရွယ် မြေးအရွယ်
မြစ်အရွယ်တွေကို ငါ့မြေးတို့ အသက်အရွယ်မကြီးရင့်ခင်မှာ အပျော်အပါးတွေနဲ့တင် အချိန်မကုန်စေဘဲ ပညာရပ်တွေကို
ကြိုးစားပြီးတော့ သင်ကြပါ။ ကုသိုလ်ဒါနတွေကို မမေ့မလျှော့ပြုကြပါ။ အသက်ကြီးလာတာနဲ့အမျှ အသိပညာ အတတ်ပညာတွေ
တိုးမြင့်လာစေဖို့ အဖိုးဟာ စွမ်းနိုင်သမျှ ဆောင်ရွက်ခဲ့တာပါ စတဲ့စကားတွေကို မပြောသော်လည်း ပြောသယောင် ထင်မြင်လာစေဖို့
လမ်းလျှောက်ပြခဲ့တယ်လို့ ထင်ပါတယ်။ မဃဒေ၀မင်းကြီးဟာ ဆံပင်ဖြူလေးတစ်ချောင်းခေါင်းပေါ်မှာတွေ့တာနဲ့
ရုပ်တရားတွေရဲ့မမြဲမပြတ် ဖေါက်ပြန်တတ်တဲ့ သဘောကို နှလုံးသွင်းဆင်ခြင်ပြီး တောထွက်တော်မူတယ်လို့ မှတ်သားဖူးပါတယ်။
ဒီလိုပဲ သစ်ရွက်ကြွေတာကို မြင်ပြီး တောထွက်သူတွေ ၊ လက်ကောက်လေးနှစ်ကွင်း အချင်းချင်းထိခပ်ရာမှ အသံထွက်ပေါ်လာတာကို
အကြောင်းပြုပြီး တောထွက်တာတွေ၊(တစ်နည်း)ကုသိုလ်ရှာမှီးကြတာတွေကို ဇာတ်နိပါတ်တော်တွေမှာ ဖတ်ဖူးတဲ့အခါမှာတော့
အဖိုးအိုဟာ အဖိုးတန်တဲ့ဆောင်ရွက်ချက်ကို လုပ်ပြနိုင်ခဲ့တဲ့ ၊ အဖိုးတန်တဲ့ ၊ အဖိုးကြီးတဲ့ အဖိုးကြီးပါလားလို့ မြင်လာမိပါတော့သည်။
ဒီလို အဖိုးတန်တဲ့ အဖိုးအိုတွေ ၊ ရတနာထိုက်တဲ့ လူသားတွေကို မွေးထုတ်ပေးနိုင်တဲ့ အဖွားအိုတွေရှိတာဟာ
လောကကျက်သရေဆောင်တွေပဲလို့ မြင်မိပါတယ်။ အဖိုးအဖွားတွေကို လေးစားမြတ်နိုးတန်ဖိုးထားတတ်တဲ့
စိတ်ဓာတ်ရှိသူတွေဟာလည်း စိတ်ထားမြင့်မြတ်တဲ့ သူတွေပဲလို့ ဆိုလို့ရမယ်ထင်ပါတယ်။ မြန်မာတို့ရဲ့ယဉ်ကျေးမှု
အလေးအမြတ်တန်ဖိုးထားတတ်မှုစတဲ့ အရာတွေထဲက တစ်ခုလောက်ထုတ်ပြပါဆိုရင် ကျွန်တော်ကတော့
အသက်ဂုဏ်ဝါကြီးသူတို့အပေါ်မှာ ချစ်ခင်မြတ်နိုးတန်းဖိုးထားတတ်တာကိုပဲ လက်ညိုးထိုးပြမိမှာပါ။ဘာကြောင့်လဲဆိုတော့
မြန်မာတို့ရဲ့ဓလေ့ဆိုတာ ဗုဒ္ဓရင်ငွေနဲ့ မကင်းတာကများပါတယ်။ ဗုဒ္ဓရှင်တော်၏ မေတ္တာတော်အနန္တနှင့်
ဟောကြားပြသဆုံးမသော တရားတော် အငွေအသက်အောက်မှာ ရှင်သန်ခဲ့တာကြောင့် ဗုဒ္ဓရင်ငွေနဲ့ ကြီးပြင်းခဲ့တဲ့
မြန်မာလို့ပြောလို့ရမယ်ထင်ပါတယ်။`` အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ၊
မာနတံခွန် ဂုဏ်မကြွနဲ့ ကိုယ့်ကိုနိမ့်ချ အမြဲနေ´´ ဆိုတဲ့ မြတ်ဘုရားရှင်၏ ဆုံးမစကားအောက်မှာ နေထိုင်ကြီးပြင်းခဲ့တာကြောင့်
ကြီးသူဆို ရိုသေ ၊ ရွယ်တူဆို လေးစား ၊ ငယ်သူဆို သနားဆိုတဲ့ စိတ်ဓာတ်ကောင်းတွေ ပျိုးထောင်ခွင့်ရခဲ့ကြပါတယ်။
မြတ်စွာဘုရားရှင် အမိန့်ရှိပုံတစ်ခုက ``နသော ဘိက္ခဝေ သတ္တော သုလာဘရူပေါ ၊ ယောန မာတာပိတဘူတပုဗ္ဗော
ဣမိနာ ဒီဃေန အဒ္ဓုနာ´´။ ရဟန်းတို့ ဤမျှရှည်လျားလှသော သံသရာကြီးထဲတွင် အမိ၊အဖ၊မောင်ကြီး၊မောင်ငယ်၊
ညီ၊အစ်ကို၊ညီမ၊အစ်မ၊သား၊သမီး မတော်စပ်ခဲ့ဘူးသော ပုဂ္ဂိုလ်ကို ငါဘုရား၏ ဉာဏ်တော်ဖြင့် ရှာဖွေ၍မရခဲ့ပေ။
( အနမတဂ္ဂသုတ် ) ဟူသတည်း။
ဒါကြောင့် ယခုအခါ ထိုအဖိုးအဖွားတို့သည် မိမိတို့၏ သွေးသားမတော်စပ်သော်လည်း တစ်ခုသောဘ၀မှာတော့
အမိအဖ အဖိုးအဖွား တော်စပ်ခဲ့သူချည်းသာ ဖြစ်နေပါမည်။ အဖိုးအဖွားတွေကို အလုပ်အကျွေးပြုရတာဟာ
တစ်ချိန်တုန်းက တို့မိ ၊ တို့ဖတွေကို အလုပ်အကျွေးပြုနေရတာပါလားလို့ ကောင်းမြတ်တဲ့ စိတ်ထားလေးတွေဟာ
မွန်မြတ်လှပါတယ်။ ဒီအကြောင်းတွေ ပေါင်းစုလို့ကတစ်ကြောင်း နောက်အခါ ရှင်တော်မြတ်ဗုဒ္ဓဟာ (၇)၀ါမြောက်
ဝါတွင်းကာလမှာ တာဝတိံသာနတ်ပြည်ကို ကြွပြီး အဘိဓမ္မာမြတ်ဒေသနာကို ဟောကြားရင်း မယ်တော်မိနတ်သားအား
ကျေးဇူးဆပ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူ့ပြည်ပြန်လည် ကြွချီတော်မူတာကတစ်ကြောင်း
စတဲ့အကြောင်းတရားတွေ ပေါင်းစုပြီး ကောင်းမှုတစ်ခုပြုကြဖို့ ရည်ရွယ်ကြတဲ့အခါ မိဘ ဘိုးဖွားတို့ကို ကန့်တော့ကြတဲ့
ဝါကျွတ်ကန်တော့ပွဲပေါ်လာတယ်လို့ ထင်ပါတယ်။ မိမိထက်အသက်ဂုဏ်ဝါကြီးသူတို့အပေါ်မှာ ကာယကံ၊၀စီကံ၊မနောကံတို့ဖြစ်
ပြစ်မှားမိသမျှကို ကျေပါစေကြောင်းတောင်းပန်ကြတယ်။ အပြစ်မရှိကလည်း ကုသိုလ်တရားတိုးပွားပါစေကြောင်းရယ်လို့
ကန်တော့ကြတယ်ဆိုတဲ့ အစဉ်အလာတွေဟာ ထိန်းသိမ်းသင့်လှပါတယ်။ ခဏတာမျှ ရလာခဲ့တဲ့ဘ၀တစ်ခုရဲ့ နေ၀င်ဆည်းဆာ
ခုချိန်ခါလေးမှာ အဖိုးအဖွားတို့လိုချင်နေတာ လူငယ်တို့ရဲ့မေတ္တာပါ။ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ အိုပယ်ဘ၀ရောက်ရောက်
လာတယ်လို့ ခံစားနေရတာတွေကို ပယ်ဖျက်ပေးတာဟာလည်း လူငယ်တွေပါပဲ။လူငယ်တို့ရဲ့မေတ္တာကို စိန်ခေါ်တာဟာ
ဆည်းဆာချိန်ခါ အအိုးအဖွားအရွယ်တွေပဲဆိုတာ မမေ့သင့်ပါဘူး။
မေတ္တာတစ်ခု အရင်းပြုလို့ အအိုးအဖွားတို့ဘ၀ ပြုံးပျော်လာစေဖို့ ချင်ခင်လေးစား မြတ်နိုးတန်ဘိုးထားတတ်ဖို့
အထူးပဲလိုအပ်လှပါတယ်။လူငယ်တို့ရဲ့မေတ္တာကို ရရှိကြတဲ့ အဖိုးအဖွားတို့အဖို့ ရင်ထဲမှာပီတိလွမ်းပြီး
မျက်နှာမှာ အပြုံးပန်းတွေဝေနေမယ့်အရေး မြင်ယောင်မိပါသေးတယ်။
ပီတိဝေဖြာတဲ့ မနက်ဖြန်ပေါင်းများစွာကို
ပိုင်ဆိုင်နိုင်ကြစေကြောင်း
ဆုတောင်းပေးခဲ့ပါတယ်။
ပြုစုသူ
နက်ရှိုင်းထက် (မိုးညှင်း)
ခေတ္တ - ရန်ကုန်
↧
အပြုံးပွင့်နဲ့လင်းတဲ့ကောင်းကင်
↧