"ကဲ .... မုဆိုးကြီးတို့ လာလာ ....ကျုပ်နောက်က လိုက်ခဲ့ကြ ....."
ဟုခေါ်ကာ ရှေ့မှ ဦးဆောင်ခေါ်သွားလေ ၏။ အိမ်နောက်ဖေး ထမင်းစား ခန်းရောက်တော့ ပြင်ဆင်ထားသော ထမင်းပွဲ ကြီးကို ကြည့်ပြီး မုဆိုးကြီးမှ လွဲ၍ ဆရာလေးကိုထွန်းဝေ၊ သံချောင်းနှင့် ဖိုးထောင်တို့ မှာ ပါးစပ်များ ဟောင်းလောင်း ဖြစ်ကာ အံ့ သြ သွားကြလေသည်။မအံ့သြ ရှိရိုးလား.......ပြင်ထားသည့် ထမင်းစားပွဲ မှာ မင်းသုံးမည့် စားတော် ပွဲများဟု ထင်မှတ်မှားလောက်စရာ။ငွေရောင်ထမင်းအုပ်ကြီး မှာလည်း ရှေးဟောင်းပစ္စည်းထင့် ကနုတ်ပန်း ခက်များနှင့် လှပတင့်တယ်လှပေသည်။ဟင်းပွဲ များမှာည်း ကြက်သားကာလသားဟင်း၊ ဖီးကြမ်းသီး သာသာ လောက်ရှိသော ပုဇွန် မီးဖုတ် ငါးကောင်ကို သံပုရာရည် ဆမ်းထားသေး၏။ထိုမှတစ်ဖန် ငါးခေါင်းဟင်းချို ၊တောင်ဆလပ်ရွက်နှင့် ငပိရည်ကြို၊တောမျှစ်ကို ငရုပ်သီးစပ်စပ်နှင့် ချဉ်ငံစပ် ချက်ထားသည်မှာ မြင်ရရုံနဲ့တင် သွားရည် ကျလောက်ပါပေ့။ပျားတူမြေအောင်း ခေါ် အသားစားပျားများ၏ ဥလေးပျားကို ပြုတ်ကာ ကြက်သွန်ပါးပါး နှင့် ဆီစိမ်ထား၏၊နောက်...ထမင်းစားပြီး အချို တည်းရန် အလို့ငှ့ါ တောသပွတ်စာ သီးမှဲ့(ဖျာ ရက်လုပ်ရာတွင် သုံးသော နံနတ်ပင်နှင့် ဆင်တူသည့် အပင်။အချို့ အရပ်ဒေသများတွင် တော နံနတ်ပင် ဟုခေါ်ဆိုကြသည်။) ၊သင်္ဘောသီးမှဲ့၊နှင့် ရဲရိုသီး မှဲ့တိုကိုလဲ သေချာ သပ်ရပ်စွာ ပြင်ဆင်ပေးထားလေ၏။ သံချောင်းနှင့် ဖိုးထောင်မှာကား သည်လို ထမင်းပွဲ မျိုးကို ရွာအလှူပွဲတွေ မှာတောင် တွေ့ရခဲသည်မို့ ယခုလို စားသောက်ရမည် ဆိုသောအခါ အိနြေ္ဒပင် မဆယ်နိုင်အား စားပွဲ အနီး ဝင်ထိုင် လိုက်ကြသည်။ဗိုက်လဲ ဆာလှပြီးကိုး။မုဆိုးကြီးမှာကား ထိုငနဲ နှစ်ကောင်ကို ငက်ကြီးကျ လှချေလားဆိုသည့် မျက်နှာနှင့် လှမ်းကြည့် လိုက်ပြီး အေးဆေးစွာပင် ဝင်ထိုင်လိုက်၏။ဆရာလေးမှာကား အလွန်အမင်းအားနာလှသည်မို့...........
"ဟာ....သူကြီးရယ် ......အားနာစရာ ကောင်းနေပါပြီဗျာ ....။ဒီလောက်ထိ လုပ်ပေးဖို့ မလိုပါဘူး........ကျနော် တို့ က......."
ဆရာလေးစကားပင် မဆုံးလိုက် ရသေး သူကြီးက ပြုံးရွှင်သော မျက်နှာထားနှင့်....
" အားနာစရာ မလိုပါဘူး ဆရာလေးရယ်......ကိုယ့်ဆီ တစ်ခါတစ်မှ လာလည်တဲ့ ဧည့်သည်ကို ဒီလောက်တော့ ပြုစုရမှာပေါ့ဗျား...နော့။
နောက်.......ဒီလူတွေ တွေ့ချင်သပ ဆိုလဲ ပြန်တွေ့ဖို့ မလွယ်လှဘူး လေ....၊ဟုတ်တယ်မလား..။"
" အာ.....ဒီလိုတော့ မဟုတ် ဘူးလေ သူကြီးရယ်.......နောက်များကျ ရင်လည်းကျနော် လာလည်မှာပါဗျ....."
" အိမ်း ဆရာလေးက ငယ်လည်းငယ်သေးတော့ လောကကြီးအကြောင်း ဘယ်သိလိမ့်ပါအုံးမလဲ...။ကွေးသောလက်မဆန့် မီ...ဆန့်သောလက်
မကွေးမီ ဆိုတဲ့ စကားရှိသေးတာပဲ လေ......။နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် တွေ့တယ် ခွဲခွါ ကြရတယ်ဆို တာ ကံကြမ္မာ ရှိတုံး လေး
တွေ့ရတာ ကလား...။ကဲကဲ ....ဘာမှ အားနာမနေနဲ့ ကျုပ်ကို ခင်တယ် ဆိုရင် အဝသာစားကြဗျို့...ဟဲဟဲဟဲ ....အားရပါးရ မစားရင် စိတ်ဆိုးမှာနော့
......လာလာ ဆရာလေး..."
ဟုဆိုကာ ဆရာလေးကို လက်ဆွဲ ကာ ဝင်ထိုင်ခိုင်း၏။ဆရာလေး၏ လက်ကို သူကြီး ဆွဲလိုက်သည့် အခါ သူကြီး၏ လက်မှာ အေးစက် နေ၏။ဘာကြောင့် မှန်းတော့ မသိ ဆရာလေးကြက်သီးမွှေးညှင်းများ ထသွားသည်။သို့သော်လည်း ဆရာလေး၏စိတ်ထဲမှာ ဆောင်းတွင်းညကာလ မို့၍သာ မှတ်လိုက်၏။ထို့နောက်သူကြီးက ထမင်းခူးခပ်ကြွေး လေသည်။မုဆိုးကြီးမှာ မူ သိပ်မစားချေ ။ဆရာလေးမှာလည်း ခရီးပန်းလွန်းလှသောကြောင့် အစားထက် အိပ်ချင်စိတ်က များနေသည်မို့ တို့ကနဲ ဆိပ်ကနဲသာ စားဖြစ်၏။ဖိုးထောင်နှင့်သံချောင်းမှာကာ ခေါင်ပင် မပေါ်။တစ်ချက်တစ်ချက် ဟင်းတစ်ခွက်ထဲ တွင် နှစ်ယောက်သား လက်ခဏခဏ ဆုံနေကြသည်။သူကြီးမှာကား ဟိုလူ့ ဟင်းထည့်ပေး သည်လူ့ ဟင်းထည့် ပေး ပါးစပ်ကလည်း ဟိုလူ့ကို စား သည်လူ့ကိုစားနှင့် အိမ်ရှင်ပီသစွာ ဧည့် ဝတ်ပြုနေပေသည်။အားလုံးစားသောက်ပြီးစီးသွားကြသော အခါ အချိုပွဲ နှင့် ရေနွေး လေးသောက်ကာ ထမင်းလုံးစီရင်း စကားစမည် ထွေရာလေးပါး ပြောဖြစ်ကြသည်။မုဆိုးကြီးကတော့ ဗိုက်လေးနေ၍ ဟုဆိုကာ အချိုပွဲ မစား ။ အချိုပွဲ စားသောက်ပြီးသောအခါ သူကြီးက ......
"ကဲ......အားလုံးလဲ အိပ်ချင်လှရောပေါ့ .....။လာကျုပ်နောက်လိုက်ခဲ့ .....ကျုပ်အိပ်ခန်းထဲ အိပ်ရာပြင်ထားတယ်...။ပန်းကန်တွေ ခွက်တွေကို တော့
စောမာလာ လာသိမ်းဆည်း လိမ့်မယ်....လာ လာ လာ...။
ဟု ပြောဆိုကာ ထမည် အလုပ်တွင် မုဆိုးကြီးက ဘာမပြောညာမပြောနှင့် သင်္ဘောသီး အချိုပွဲ လက်ကျန်ကို အသင့် ပါလာသော သူ၏ လွယ်အိတ် ထဲမှ ပလပ်စတစ် အိပ်ဖြင့်ထုတ်ယူ လိုက်၏။ဒါကို သူကြီးဟ ဘဝင်မကျဟန်ဖြင့် .....
"မုဆိုးကြီး .....ဘာလုပ်ဖို့လဲ ...."
" အော်.......မနက်ခရီးထွက်တဲ့ အခါ လမ်းမှာ ဆာရင် စားမလို့ ပါ....ဘာလဲ ယူလို့ မရဘူလား...."
မုဆိုးကြီး၏ စကားကို သူကြီးက သဘောမကျ သော်လည်း လူကြီးပီပီ အိနြေ္ဒဆည်ကာ.....
"အော်......ရပါတယ်ဗျာ ရပါတယ် .....မနက်ထိ အထားခံပါ မလား ..လိုချင်ရင် အသစ် တစ်လုံးခူးပေးလိုက်မယ်လေ ..."
"နေပါစေ သူကြီးရယ်....ဒီလောက်ဆို လုံလောက်ပါတယ် ..ကဲကဲ အိပ်ချင်လှပြီ...သွားကြစို့..."
သူကြီးမှာ မကျေနပ်လှသော်လည်း ဧည့်သည်နှင့် အိမ်ရှင် ဖြစ်နေ ပြန်ရာ ဘာမှ ထွေထွေ ထူးထူး မပြောတော့ပဲ အိပ်ခန်းဆီးသိလိုက်ပို့ ပေးသည်။ဆရာလေးသံချောင်း၊ဖိုးထောင် တို့မှာ မုဆိုးကြီး၏ အပြု မူကို နားမလည် နိုင်သလို သူကြီးကို လည်း အားနာ လွန်းလှသည် ။အိပ်ခန်းရှေ့ရောက်တော့ သူကြီးက......................
"ကဲ မိတ်ဆွေတို့ ဒီအခန်းမှာ နားကြပေတော့ ...ကျုပ်ကတော့ အောက်မှာ ဆွမ်းချက် အဖွဲ့ ကို သွားကြီးကြပ် ရအုံးမယ်...နော့ ။ခဏနေရင် ကျုပ်သမီး
ပန်းကန်တွေ လာသိမ်းလိမ့်မယ် .....ကဲကဲ အချိန်လည်း မစောတော့ဘူး ....အိပ်ကြပေတော့......ဟုဆိုကာ အိမ်အောက်သို့ ဆင်းသွားလေသည်...။သူကြီးဆင်းသွားပြီးသည်နှင့် အားလုံး ကိုယ်စီ ကိုယ်ငှ အသီးသီး ပါလာသော စာသင်ရန် အတွက်ယူလာသော သင်ထောက်ကူ ပစ္စည်းများကို ခေါင်းရင်းတွင် သေချာ နေရာတကျ ချထားလိုက်ပြီး အိပ်ရာပေါ် လှဲလိုက်ကြသည်။မုဆိုးကြီးကတော့ အခန်းတံခါးဝအစွန် မှာနေရာယူလိုက်သည်...။သူဘေးက သံချောင်း ၊ထို့နောက် ဆရာလေး၊ပြီးမှ ဖိုးထောင် တန်းစီ၍ အိပ်ကြသည် ကြသည် .... မအိပ်သေခင် အချိန် ဆရာလေးက မုဆိုးကြီးကို ......
" မုဆိုးကြီး.......အချိုပွဲ ကို ချထားတုန်း က မစားပဲ ဘာလို့ ....ပြီးမှ ပလပ်စတစ် နဲ့ ထုပ်ယူရတာလဲ...သူကြီးကို အားနာ ဖို့ ကောင်းလိုက်တာ ဗျာ....."
ဟု ပြစ်တင် လေသံနှင့် ပြောလိုက်၏။ သံချောင်း ကပါ ဆရာလေး၏စကားကို ထောက်ခံ ဟန်ဖြင့်....
"ဟုတ်ပါ့ ......ဘထွေးရာ ကျုပ်ဆို မျက်နှာပူလွန်းလို့ သေတော့မယ်...သူကြီး ဆို အိပ်ရာကိုလိုက်ပို့တာ သိပ် မျက်နှာ မကြည်တော့ဘူး.....။ဒီ.......
သင်္ဘောသီးနည်းနည်း လေးနဲ့ မျက်နှာ အပျက်ခံ ရတယ်လို့ ဗျာ....."
ဒါကို မုဆိုးကြီးက ဘာမှ ပြန်မပြော ပဲ....
"ဆရာလေး....နာနာဘာဝ ဝိနာဘာဝ ဆိုတဲ့ ပရလောကသားတွေကို မြင်ဖူးလား .....ရှိတယ် ဆိုတာယုံလား..."
ဟု မဆီမဆိုင် မေးခွန်းထုတ်လိုက်၏ ။ဆရာလေးကလည်း.....
"အင်းးးးးးးးးးးးးးးးးမြင်တော့ မမြင်ဖူးဘူးဗျ.....နောက်ပြီး ရှိချင် ရှိမှာပေါ့ ......ဒါပေမယ့် ...ယုံတော့ မယုံဘူး ဗျ..."
"ဒါဆို သူကြီးကို ကျက်ကုန်းအကြောင်းမေးတာက...ကော..."
" အော်........ဒါကတော့ ဗဟုသုတ အဖြစ် မေးကြည့်တာပါ .....ဘာဖြစ်လို့ မေးတာလဲ မုဆိုးကြီး...."
" ဘာမှ မဖြစ်ပါဘူး.....အင်း ခောတ်ပညာလည်း တတ်ပြီး မြို့ မှာနေတာဆိုတော့ ဘယ်အယုံ အကြည် ရှိပါ့မလဲလေ...
ဒါပေမယ့် ....နောက်ဆိုရင်တော့ ယုံမှာပါ.....ကဲကဲ အိပ်ကြတော့ ၃နာရီ လည်းထိုးတော့မယ် ..."
ဟုပြောမှ ဆရာလေး လက်က နာရီကို ကြည့် မိလိုက်သည်။ဟုတ်ပေသားပဲ ....၀၂း၄၆ နာရီ ရှိပေပြီ။ အတန်ကြာသည်နှင့် ဖိုးထောင် ၊သံချောင်း တို့မှာ ဟောက်သံ များပင် ထွက်ပေါ်လာချေပြီ။မုဆိုးကြီးမှာလည်း မုဆိုပေမို့လားမသိ သတိဝရိယ ကောင်းသူပီပီ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူနေပေ၏။အိပ်ရာပြောင်း ၍လာမသိ ဆရာလေး ကိုထွန်းဝေမှာ ကား တော်ရုံနှင့်  အိပ်မရ....။အိမ်အောက်ထပ်ဆီမှ ဇွန်းသံ အိုးခွက်သံ ချက်ပြုတ် ကြော်လှော် နေသံများကို ကြားနေရသည်။တစ်ချက် တစ်ချက် ဟိုးအဝေး တစ်နေရာဆီ မှာ တော့ခွေးတို့ ၏ဆွဲဆွဲ ငင်ငင် အူသံများထွက်ပေါ်လာသည်မှာ တော်ရုံတန်ရုံ အသဲ ငယ်သူများအဖို့ ထိန့်လန့်မည် ဆိုက လန့်လောက်ပေသည်။ဒီဇင်ဘာလ ၏ဆောင်းလေပြေ အေးစက်စက် တို့ ကလည်း အရိုးကွဲ မတတ်လားထင်ရလောက်အောင် ကျောရိုးဆီမှ ပါ စိမ့်ပြီးချမ်းတက်လာသည်မို့ စောင်ကို ခေါင်းထိဆွဲ တင်လိုက်ပြီး ခေါင်မြီးခြုံကာ နေလိုက်ရင်း ခုလို ခရီးထွက်လာ ဖြစ်ရသည်အကြောင်းကို ပြန်ပြောင်း တွေးကြည့်မိနေသည်...။
ဆရာလေး ကို ထွန်းဝေမှာ မိဘဆွေမျိုးသား ချင်း မရှိသော တစ်ကောင်ကြွက်သာ။သူငယ်ငယ် လေးထဲက မိဘမဲ့ ကလေးတွေကို ကျွေးမွေးစောင့် ရှောက်သည့် ဝရဇိန် ကျောင်းတိုက်မှာကြီးပြင်း ခဲ့ ရသည်ကိုသာ သိသည်။ထိုဘုန်းကြီးကျောင်းမှာပဲ နေရင်း ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့ ပြီးနောက် ဝပ်ရှော့ တစ်ခုမှာ အလုပ်လုပ်ရင်း အဝေးသင် တက်ရန် ငွေစုနေချိန်ဖြစ်သည်...။ဆရာတော်ကြီးက သူကိုယ်တိုင် ကျောင်းထားပေးမည် ဆိုသည်ကိုပင် ဆရာတော် ဘုရားကြီး သက်တော်ကြီးလှပြီ ဖြစ်ကြောင်း မိမိမှာလည်း အရွယ် ရောက်လာပြီ ဖြစ်၍ ဆရာတော်ကြီးကို ဒုက္ခ တွေ မပေးချင်တော့ ကြောင်း လျှောက်ထားပြီး အလုပ်လုပ်နေခြင်းဖြစ်သည်....။ရသမျှငွေ တွေကို လည်း ဆရာတော်ကြီးဆီမှာ အပ်ထားသည်။ သူ့ရည်မှန်းချက်က ဘွဲ့ ရလျှင် အစိုးရဌါန ဆိုင်ရ တစ်ခုခု တွင် အလုပ်လုပ်ကာ မိမိ၏နေထိုင် သောကျောင်းတိုက်ကြီးနှင့် ဆရာတော်ဘုရားကြီး အပါအဝင် ကျောင်းတိုက်ရှိ မိမိလို ဘဝတူ ကလေးငယ်များ ကို ပြန်လည် ကူညီဖေးမ ချင်၍သက်သက်သာ ...။ သူ့ဘဝက ဤ မျှလောက် သာ ။သို့ သော် တစ်နေ့ တော့ သူအလုပ်ပိတ်နေတုံး ကျောင်းမှာ ဝေယာဝိစ္စ လုပ်နေတုန်း ကျောင်းသားတစ်ယောက်က ဆရာတော်ဘုရားကြီး အခေါ်လွှတ်လိုက်၍ သူ လိုက်သွားခဲ့ သည်။ကျောင်းပေါ်ရောက်တော့ ယခု မုဆိုးကြီးမှာ ဆရာတော် နှင့် စကားပြောနေကြသည်ကို တွေ့ရသည်။ဆရာတော်ကြီ ကသူလာသည်ကို တွေ့သည်နှင့် ....
"အေး....လာ လာ ငထွန်း ..ငါမင်းကို အကူညီ တစ်ခုတောင်ဆရာ ရှိလို့ ကွဲ့......"
သူဆရာတော် ရှေ့ ဒူးတုပ် ထိုင်လိုက်ကာ...
"ဘာ များပါလိမ့် ဘုရား ..."
" အိမ်း.....ဒီလိုကွဲ့ ငထွန်းရ....ဒါ နတ်ရေကန်ရွာ က ငါ့ဆွေမျိုး ပဲ...သူအလုပ်မုဆိုးလေ...ခု ငါ့ဆီကို ဆက်သားခြောက်နဲ့ ငါမှာထားတဲ့ ဆေး
မြစ်တွေ လာပို့ တာ....ခုသူက သူတို့ရွာမှာ စာသင်ကျောင်းမရှိတော့ သူရွာက ကလေးတွေကို စာသင်ပေးဖို့ ငါဆီမှာ အကူညီ တောင်းနေတယ်...
အေး...ငါကလည်း မင်းလို သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ရှိသူကို ကလေးတွေကို စာသင်ဖို့ ထည့် ပေးလိုက်ချင်တယ်ကွယ်......မင်းသဘောကကော...
သူတို့ရွာကလဲ မြို့နဲ့ ဝေးပြီး လမ်းပန်း ဆက်သွယ်ရေးလဲ မကောင်းတော့ အစိုးရကလည်း စာသင်ကျောင်း ဆောက်ပြီး ဆရာဆရာမ မထားပေးနိုင်ဘူး
ကွဲ့ ......."
ဆရာတော် ကျေးဇေူးတွေက သူ့အပေါ်မှာ တစ်ပုံတစ်ပင် ။ဆပ်လို့တောင် ကုန်အံ့  မထင်.....ခု မြို့ ပေါ်မှာကလည်း နိုင်ငံ ရေး အခြေနေ မကောင်း တက္ကသိုလ် အချို့ ဆို ပိတ်တောင် ပိတ်လိုက်ပြီ...ဟိုနားနည်းနည်း ဒီနားနည်းနည်း ဆန္ဒပြပွဲတွေကလဲ ခဏခဏ ...။သူဆုံးဖြတ်လိုက်သည် မုဆိုးကြီးနှင့် လိုက်သွားကာ ပညာရေး ကံမကောင်းကြရှာ သော ထိုရွာ မှ ကလေးများကို စာသင်ပေးမည် ဟု ..။ထို့ နောက် မုဆိုးကြီးက ရွာပြန်ပြီး လူအကူ ပြန်ခေါ် သည် ။သူကလည်း ဆရာတော်ကြီး ဆီမှာ စုထားသော ငွေတွေကို ထုတ်ယူပြီး လိုအပ်သော သင်ထောက်ကူ ပစ္စည်း များကိုဝယ် ၍ မုတိုါ်ကြီးတို့ လာမည့် ရက်ကို စောင့် နေလိုက်သည်။ ၃ ရက်မြောက်တော့ မုဆိုးကြီးတို့ လူစု ရောက်လာကြသည်။ဆရာတော် ဘုရားကြီးကို ဦးချ ကန်တော့ ခဲ့ ကာ အားလုံး ထွက်လာခဲ့ကြလေသည်..။တောင်တောင်အီအီ စဉ်းစား နေရင်း မှေးခနဲ အိပ်ပျော်သွားသည်။
ထိုစဉ် အိမ်ရှေ့ ဧည့်ခန်းဖက်ဆီမှ ခြေသံ လိုလို ကြားလိုက်ရ၍ သူနိုးလာသည်။စာမာလာ ပန်းကန် တွေ သိမ်းရန်လာသည်ဟုထင်ကာ ဆက်လက်မှေးနေရင်း စံပါယ် ပန်းရနံ့ လိုလို ဘာလိုလို အမွှေးနံ့  ရလိုက်သည် ။ထိုရနံ ရပြီးသည်နှင့် ဆရာလေး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။
"ဆရာလေး....ဆရာလေး ထတော့ မိုးလင်းနေပြီ ထ ထ ခရီးဆက်ရအုံးမယ် ..."
မုဆိုးကြီး လှုပ်နှိုးမှ ဆရာလေးမှာ အိပ်မှုံစုံမွှား ဖြင့် ထလာသည်။နေတောင် အတော် မြင့် နေပေပြီ။သူ့လက်ထဲမှ နာရီကို ငုံ့ကြည့် လိုက်တော့ နေလည် ၁၁း၂၅ နာရီ ရှိနေပြီ ။သူဘေးဘီဝဲ ယာ ကြည့် လိုက်တော့ သူ့ ရှေ့မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူကြောင်သွားသည်။သေချာ မျက်လုံး ကို ပွတ်ကြည့် လိုက်တော့ လည်းသည် မြင် ကွင်းက ပြောင်းမသွား။သူမြင်လိုက်ရတာက ...သူတို့ အိပ်နေရာ နေရာကား အခြားဟုတ် မြေပုံ ဟောင်းများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲ နေသော သင်္ချိုင်း ဟောင်းကြီးတစ်ခု ။ညက သူတို့ အိပ်ခဲ့ ကြသော သူကြီး ဦးဘအေး အိပ်ခန်းမဟုတ်။ဖိုးထောင်နှင့် သံချောင်းမှာ ကာ တစ်နေရာတွင် အန်နေကြသည်။ဘယ်လိုဖြစ်တာလဲ ဟူသော အတွေးကြောင့် မုဆိုးကြီးကို လှမ်းမေးလိုက်သည်။
" ကျုပ်တို့ ဘယ်ရောက်နေတာလဲ......မုဆိုးကြီး......ဦးဘအေးတို့ကော....."
"ကျုပ်တို့ ...ကျက်ကုန်း ကို ရောက်နေတာ ....."
"ဗျာ....................."
" ဟုတ်တယ် .....ညက ကျုပ်တို့ တွေ့ခဲ့ တာ ကျက်တစ္ဆေတွေ လူတွေမဟုတ်ဘူး...။ဟိုနှစ်ကောင်ကတော့ ညကသောက်စားငမ်း ကြတာ ခုတော့ အန်
နေရပြီလေ .....ဦးဘအေးကတော့ ဆရာ လေး အိပ်ရာခေါင်း ရင်းကို ကြည့်လိုက် ...."
သူ မုဆိုးကြီးပြောသည့် အတိုင်း လှည်ကြည့် လိုက်ရာဆွေး မြေ့ နေသော မှတ်တိုင်ဟောင်းကြီးတစ်ခု ....။အရောင်ပြေနေပြီး စာလုံးတွေ သိပ် မသဲကွဲ သော်လည်း ဖတ်၍ရသေးသည်။ရေထားတာက.......
"ဦးအအေး အသက် ၅၃နှစ်"
သူလန့်ပြီး မြေပုံပေါ်မှ ဆင်းလိုက်သည်...။သူဘေးက မြေပုံ ဟောင်းတွေကိုလည်းကြည့် လိုက်ပါအုံး ။သူကြည့်လိုက်ပြန်သည်....ဘယ်ဘက်ဘေးက မြေပုံ မှတ်တိုင်မှာ ရေထားသည်က ...
" ဒေါ်ခင်ရီ အသက် ၃၅ နှစ်"
ညာဘက်မြေပုံမှတ်တိုင်မှာတော့ ....
"စောမာလာ အသက် ၁၉ နှစ်"
" ဟုတ်တယ် ဆရာလေးရေ......ဒီနေရာတွေက ကျုပ် တောလိုက်ရင်းသွားနေကြနေရာတွေ လေ...။ဒီနေရာမှာ ဘာရွာမှ မရှိတာ ကျုပ် သိပ်သိတာ
ပေါ့...။နောက်ပြီး ဆရာလေးသတိထားမိလား မသိဘူး သူတို့ တွေ ကျုပ်တို့ ဆီလာတဲ့ အချိန်တုံးက ကျုပ်တို့ အားလုံး ကြက်သီးဖြန်း ကနဲ ထသွား
တာတို့ ...သူတို့အိမ်ရောက်တော့လည်း အိမ်မှာ ဘုရားစင် မရှိတာတို့၊ကျုပ် အချိုပွဲ ကောက်ထည့် တာကို ဦးဘအေး သဘော မတွေ့ တာတို့ တွေ
လေ.....။ ရော့....ဒီမှာ ....ညက ကျုပ်ကောက်ထည့်လိုက်တဲ့ အချိုပွဲ ....."
ကာ သူလက်ထဲသို့ ပလပ်စတစ် အိပ်ထုပ် လေးကို ပေး၍ယူကြည့် လိုက်ရာ......သင်္ဘော သီးတွေ မဟုတ်ပဲ သစ်ရွက်ခြောက်တွေ ဖြစ်နေသည်။မုဆိုးကြီးက ဆက်လက်၍ ..........
"ဆရာလေး.... ညတုန်းက စံပါယ်ပန်း ရနံ ရလိုက်သေးလား.."
"အင်း ....ရလိုက်တယ်....."
" အေး..............အဲဒါ ကြက်တွေ မိုးလင်းခါ နီးလို့ လူတွေကို အိပ်မွေ့ ချပြီး ပြန်ဖို့လုပ် တာ....ကဲ ခု ဆရာလေး ပရလောက ဆိုတာ ယုံပြီလား...."
ပါးစပ်ကတော့ အသံထွက်မလာ။စိတ်ထဲမှာတော့ ညက ထမင်းစားခါနီး ဦးဘအေး လက်အေးကြီးကို ပြန်တွေးမိရင်း စိတ်ထဲကတော့....
"အင်း.....ကျက်ကုန်း.....ကျက်ကုန်း.....ကျက်ကုန်း.......ကျက်ကုန်း .......
"
ပြီးပါပြီ
ဤဖြစ်ရပ်အားပြောပြပေးသော ကွယ်လွန်သွားရှာပြီ သည့် ဖိုးဖိုးကြီး ဦးထွန်းဝေအား ကန်တော့လိုက်ရပါတယ်
ပုဏ္ဏား(ဘကွန်း)
ပုဏ္ဏား(ဘကွန်း)၏ နောက်ထပ်တင်ပြမည့် ဝတ္ထုမှာ (ညမွှေးပန်းရနံ့ ရလေတိုင်း)ပရလောက ဖြစ်ရပ်မှန် ကိုလဲ အားပေးပါရန် ပန်ကြားရင်း စာချစ်သူ မိတ်ဆွေများကို လေးစားလျှက်.....