( ၁ )
ရာသီကား ဆောင်းခိုငှက်တို့ နှုတ်ဆက် လက်ပြ၍ နွေက မြူမင်းလွင် ဇာပ၀ါကို သင်တိုင်းခြုံကာစ။ ရော်ရွက်တို့ကားေ၀၀ဲ့ကျဆင်း
မြေသို့နင်းကာ လေအဝှေ့ လမ်းထလျှောက်တတ်သော နွေဦးရာသီ။ အညာနွေက ပူပင်ပူငြားသော်လည်း ဖြူးဖြူးဖျပ်ဖျပ် တိုက်ခတ်ဆော်သွေးသည့် လေအေးအေးကြောင့် နေသာထိုင်သာ ရှိသည်။ အချိန်က နေခြည်ချုပ်စ ဆည်းရီညနေ။ ကျွန်တော်ရောက်နေသည်က မင်းလွင်မှိုင်းမှိုင်း ဆိုင်းဆိုင်းဝေ့ဝေ့ ငွေ့ငွေ့မြူခိုး ထန်းပင်တို့ ကြီးစိုးသည့် တောတန်းတစ်နေရာမှ လက်စိုက်ခင်းကလေးတစ်ခုတွင် ဖြစ်သည်။ မိုးကို အားပြုရရှာသည့် အညာမြေက တောင်သူတွေ အဖို့ ယခုလို နွေရာသီက အားလပ်ချိန် အတော်ရသော ရာသီတစ်ခုဖြစ်သည်။ သို့သော်ငြား သူငယ်ချင်းဟောင်းဖြစ်သူက လက်စိုက်ခင်းလေး လုပ်ထားသည် ဆိုသဖြင့် ဒီလက်စိုက်ခင်းလေးကို ကျွန်တော် လိုက်လာခြင်း ဖြစ်သည်။ လယ်က တစ်ဧကလောက်တော့ ရှိမည်ထင်သည်။ ထိုအထဲတွင် ၊ ဘူး၊ ခရမ်း ၊ သခွါး၊ ဖရဲ၊ ပဲ၊ ချဉ်ပေါင်၊ ရုန်းပတီ၊ ဆလပ်၊ သီးပင်၊ စားပင်ပေါင်း စုံသည်။ စိုက်ခင်းရဲ့ အလယ်မကျတကျလောက်မှာ ရေဘုံဘိုင်တစ်ခုကို မောင်းဖြင့် ဆွဲလှုပ်နိုင်ရန် စီမံထားပြီး ဘေးမှ ၀ါးတိုင်လေးတွေ စိုက်ကာ ဖြစ်ကတတ်ဆန်း တဲလေး တစ်လုံး ရှိနေသည်။ စိုက်ခင်းအစွန် သနပ်ပင်ရိပ်မှာတော့ လူနေတဲလေးတစ်လုံး ထိုးထားသည်။ မဆိုး..။ မွေ့လျော်ဖွယ်ကောင်းသည်။ ရာသီက နွေဦး။ မင်းလွင်နဲ့မြူခိုးတို့က နယ်တစ်ခွင်ကို ပါးပါးလျလျ ဆေးခြယ်ထားသည်။အချိန်က ဆည်းဆာလျလျ။ နွေလွင်ပြင်ကွင်းကျယ်ကျယ် အလယ်မှ စိမ်းစိမ်းစိုစို လက်စိုက်ခင်းနှင့် တဲလေးတစ်လုံး။ ပန်းချီပင် ဆန်သေးတော့သည်။
( ၂ )
ကျွန်တော့်ဘ၀တွင် စိုက်ခင်း တော်တော်များများကို ရောက်ဖူး ကြုံဖူးခဲ့ပါသည်။ ထိုအထဲကမှ ကျွန်တော့်အတွက် ထူးထူးခြားခြားနှင့် အမှတ်တရ ဖြစ်စရာ စိုက်ခင်းကလေး တစ်ခုတော့ ရှိခဲ့ဖူးသည်။ထိုစိုက်ခင်းကလေးကို လွန်ခဲ့သော သုံးနှစ်ခန့်က ကျွန်တော် ရောက်ခဲ့ခြင်းဖြစ်သည်။ စိုက်ခင်းဟု ဆိုသော်လည်း စိုက်ခင်းဟု ထင်နိုင်စရာမရှိအောင် အေးအေးဆိတ်ဆိတ် သွေ့ခြောက်လွန်းလှသည်။ ဝေေ၀စိမ်းစိမ်း လေတိမ်းရာ ယိမ်းမည့် မြပင်တို့မရှိ။ သီးပင် စားပင် စိုက်မထား။ သို့သော်ငြား အေးမြသော မန်းကျည်းပင်ကြီးရဲ့ အရိပ်မှာတော့ အတော် ကျယ်ပြန့်သော ကွပ်ပျစ်ကလေးတစ်ခု ရှိသည်။ ထိုမန်ကျည်းပင်အောက် အရောက်မှာ မိတ်ဆွေက ` ဒါ စိုက်ခင်းနေရာပဲဗျ ´ ဟု ပြောသဖြင့် တအံ့တသြ ဖြစ်ရသေးသည်။ ဒါလောက် လင်းရိပ်သင့်နေသောနေရာမှာ ဘယ်သီးပင်စားပင်ကများ ဖြစ်ထွန်းမှာပါလိမ့် ဟုလည်း တွေးမိသည်။နောက်ပြီး သူခေါ်လာစဉ်က စိုက်ခင်းရှိတယ်ဆိုပြီး ခေါ်လာခြင်း ဖြစ်သည်။ မစိုက်ရသေးတဲ့ နေရာလား။ သို့တည်းမဟုတ် ရိပ်သိမ်းပြီးသော နေရာပေလား ဟုမူ ကျွန်တော် မတွေးတတ်။ ကျွန်တော် တွေးနေစဉ်မှာပင် ခြံကလေးထဲကို လူလေးယောက် ၀င်လာသည်။ ထို့နောက် နောက်ဝင်လာသော လူလေးယောက်အပါအ၀င် အိမ်ရှင်မိတ်ဆွေဖြစ်သူနှင့် ကျွန်တော်ပါ ကွပ်ပျစ်လေးပေါ် ၀ိုင်းထိုင်လိုက်သည်။ ပြီးမှ အိမ်ရှင်ဖြစ်သူ မိတ်ဆွေက စကားဆိုသည်။
` ကဲ .စိုက်ခင်းကလေးကို စ စိုက်ကြရအောင် ´
ကျွန်တော့်မှာ အံ့သြစိတ် မပြေသေး။ ဒီထဲရောက်နေသူများ အားလုံး စိုက်ခင်းစိုက်မည့် ပုံသဏ္ဍာန်ကို မတွေ့ရ။ သူတို့ ဘာတွေများ စိုက်ကြမလဲ ။ သူတို့လက်ထဲမှာ ဘာပျိုးစေ့ ပျိုးပင်မျှ မမြင်။ သည်နေရာကလည်း တမန်းညက်သည့် မြေမဟုတ်။ ရေပုံးမပါ။ ပေါက်တူးမမြင်။ စိုက်မည်ဆိုသော သူများကလည်း မန်းကျည်းရိပ်မှာ အကျအန ထိုင်လို့.။ ကျွန်တော် တွေးနေဆဲမှာပင် သူတို့တွေ ကျွန်တော့်မျက်စိဖြင့် မမြင်ရသော ပျိုးပင်များကို စတင်စိုက်သည်။ ထို့နောက် စပ်မိစပ်ရာ စကားစမြည် ပြောကြ၊ တဖြည်းဖြည်း စပ်မိစပ်ရာမှ စကားလမ်းကြောင်းက ပန်းတိုင်တစ်ခုဆီ ဦးတည်သွားသည်။ဒီတော့မှ စိုက်ခင်းကလေးကို ကျွန်တော် မြင်လာပြီး ကျွန်တော်ကိုယ်တိုင် ၀င်ရောက်စိုက်ပျိုးသည်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သဘောဖြင့် ကျွန်တော်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် ရေလောင်းပေးကြသည်။အဆိပ်ဖြစ်စေမည့် အညွန့်အညှောက်တွေကို ကူညီခုတ်ထွင်ရှင်းပစ်သည်။မကြာခင်မှာပင် ၀ံ့ဝံ့ကြွားကြွား ငွားငွားစင့်စွင့် ရင်ဘတ်ထဲက ပျိုးပင်တွေ အပြိုင်းအရိုင်းဖူးပွင့်သီးဝေကာ နေခြည်ဖျဖျအောက် အားမာန်တောက်လာလေသည်။ ကျွန်တော်တို့ အားလုံး ပီတိကို ကိုယ်စီ စားသုံးရင်း အလင်းယဲ့ယဲ့မှာ အိမ်ရှင်မိတ်ဆွေက သူ့ရဲ့ အသီးအပွင့်ကို ခူးယူခံစားနိုင်ရန် လှုပ်ခြွေချလိုက်သည်။
စိုက်ခင်းကလေးပါပဲ ။
အလင်းဖျော့ဖျော့လေးခြယ်သထားတယ်။
တယောသံ လဲ့လဲ့လေးရှိတယ်။
ဂန္ထ၀င်မြောက်တဲ့ ရင်ခွင်ပျိုး အနုပညာမျိုးစေ့ ရှိတယ်။
အသံမထွက်ပေမယ့် မှော်ဝင်နေတဲ့ ဂီတတွေ ရှိတယ်။
တခုတ်တရ ဖြစ်မိတဲ့ အသီးအပွင့်တွေရှိတယ်။
ဒါဟာ…..စကားစမြည်စိုက်ခင်း
ရေသွန်းပေးပါ ။
ပေါင်းရှင်းပေးပါ။
အလင်းမမဲ့ပါစေနဲ့ ။
အရှေ့မှာ နေခြည်လျလျ
အနုပညာပာာ..
ဘယ်တော့မှ ပိုးမကျနိုင်တဲ့စိုက်ခင်း ။
ဟော………..ဟိုမှာ……….
လေညင်းခတ်နေပြီ ။
အသံလှိုင်းရဲ့ တုန်ခါမှုအဆုံးမှာ ကျွန်တော့်ရင်ထဲတွင် ဖော်မပြနိုင်သော ကြည်နူးဝမ်းမြောက်မှုက စိုးမိုးနေသည်။ကျန်ရှိနေသော သူများရဲ့ မျက်နှာမှာလည်း အပြုံးကိုယ်စီ ပွင့်ဖူးနေ၏။ ထိုနေ့က စိုက်ခင်းကလေးကနေ ကျွန်တော် ပြန်လာတော့ နေကငုပ်လျှိုး မိုးသားတိမ်တောင် ရောင်စုံကာလာ ခြယ်သကာဖြင့် ၀ါဝါနီနီ ထွေလီဆန်းပြား တိမ်သားတို့ စုဝေးနေသည့်အချိန်ဖြစ်သည်။ အိပ်တန်းပျံငှက်တစ်အုပ်။ ဆိတ်ဆိတ်သွေ့သွေ့ ရပ်ဝန်းဒေသက စိုက်ခင်းကလေး။ လွင့်မျောတိမ်းမူးဖွယ်ရာ ကောင်းသော ၀န်းကျင်ရိပ်ဝယ် ကွယ်လွန်သူ ဆရာမကြီး ` ကြည်အေး´ ၏ ကဗျာတစ်ပိုင်းက ရင်တွင်းမှာ ရစ်သီလာသည်မို့ အသံထွက်ကာ ရွတ်ဆိုမိသည်။
နေရစ်တော့နော် ၊ ကြော့ကြော့ကလေး
ငှက်တေးသံညင်၊ မြေပေါ်စင်ဖိတ်
ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန်
စိတ်၏အဆာ ၊ ငတ်ပြတ်ဆာတော့
ပြန်လာလည်ပတ်ပါဦးမည်။
( ၃ )
လက်စိုက်ခင်းကလေးက ကျွန်တော်ပြန်လာချိန်မှာတော့ နေလုံးမရှိတော့။ ကောင်းကင်ဝယ် ကြယ်သဘင် ညီလာကျင်း၍ လမင်းပင် ရွှန်းတင့်နေလေပြီ။ ကျွန်တော် ပြန်ခဲ့ပြီ။ ပြန်ပင် ပြန်ခဲ့သော်ငြား အတွေးအိမ်မှာ သူရှိနေသေးသည်။ စိုက်ခင်းကလေး ရှိနေသေးသည်။ လူဖြစ်လာရသည့်ဘ၀မှာ လူတိုင်းမဟုတ်ရင်တောင် လူတော်တော်များများကတော့ စိုက်ခင်းကလေးတွေ စိုက်ဖူးလိမ့်မည်ထင်ပါသည်။ ထိုစိုက်ခင်းသည် အောင်မြင်တာလည်း ရှိပေမည်။ ကျရုံးတာလည်း ရှိပေမည်။ သို့သော်ငြား စိုက်ခင်းဖြစ်လာဖို့တော့ ပိုင်ရှင်များသည် များစွာသော လုံ့လအားထုတ်မှုကို ပြုရပေသည်။ တမန်းညက်ရပေမယ်။ မြေဆီလွှာကောင်းတွေ ပံ့ပိုးပေးရမည်။ လိုအပ်သော အတိုင်းအတာထိ ရေသွန်းလောင်းရပေမည်။မလိုအပ်သော မြက်ပင် ပေါင်းပင်များကို သုတ်သင်ရှင်းလင်းရပေမည်။ ပိုးမွှားရန်ကို ကာကွယ်ရပေမည်။ သို့ပေမယ့် သီးပွင့်လာသော အသီးအပွင့်ကိုမူ ကိုယ်တိုင် စားသုံးရမည် မစားသုံးရမည် မသေချာ။ကျွန်တော်တို့ရော...။ ကျွန်တော်တို့ စိုက်ခင်းလေးတွေ စိုက်ခဲ့ဖူးပြီလော။ စိုက်ခဲ့မည် ဆိုပါလျှင် ထိုစိုက်ခင်းက အသီးအပွင့်တွေ ဝေခဲ့ပါ၏လော။ ထိုအသီးအပွင့်တွေကိုကော ကျွန်တော်တို့ ကိုယ်တိုင် စားသုံးခွင့် ရှိခဲ့ပါ၏လော။ ထိုအသီးအပွင့်တွေက ကိုယ့်အတွက် ၊ တစ်ပါးသူအတွက် အဆိပ်အတောက် ဖြစ်စေမည့် အသီးအပွင့်တွေ ဖြစ်နေမည်လော။ ကျွန်တော်တို့ ပြန်လည်သုံးသပ်သင့်သည် ထင်ပါသည်။
ဆန္ဒမွန်ဖြင့်.။လွမ်းနောင်..။ www.lwannaung.co.cc