“အလုပ်တွေကိုပဲမလုပ်ကြပါနဲ့”
ဒီညနေ အလုပ်မှအပြန် ကုန်စည်ပြပွဲကို ၀င်ဖို့ စိတ်ကူးမိလိုက်တယ်၊ ဒီရက်တွေ ရာသီဥတုက အလွန်တရာမှဆိုးပါတယ်၊ အခြားဒေသတွေရော ဒီလိုပဲလားလို့တောင် တွေးမိပါတယ်၊ ညဥ့်နက်ပိုင်းနဲ့..အရုဏ်ဦးဆိုရင် အေးစိမ့်စိမ့်လေပြေတွေက ဆောင်းဦး ရဲ့ အချမ်းပိုလာတော့မယ် သင်္ကေတကိုပြနေပေမယ့်…နေ့လယ်ပိုင်းတွေကစလို့ နေမ၀င်မီအချိန်ကြားကာလတွေမှာ တော့ နွေဦးရာသီကပင် အရှုံးပေးရမည်ထင်သည်…။
မနက် (၈)နာရီမှသည် ညနေ (၆)နာရီအချိန်အတွင်း ရှည်မျောမျောအခန်းကျဉ်းလေးထဲမှာ ကျွန်မနှင့်အတူ customerတွေရယ်၊ ကွန်ပျူတာတွေရယ် လုံးလားထွေးလားဖြစ်နေရသည်၊ နေ့စဉ်နှင့်အမျှ လုပ်ငန်းခွင်ထဲမှာ ရှင်သန်နေကြရတဲ့ ကျွန်မတို့လိုဘ၀တွေ မှာ အလုပ်ခွင်မှရလာတဲ့ မွန်းကျပ်မှု၊ customerတွေအပေါ် ၀န်ဆောင်မှုအမျိုးမျိုးပေးရတဲ့အတွက် တစ်ခါတစ်လေမှာ ကိုယ့်ရဲ့ဆန္ဒ တွေနဲ့ customerတွေရဲ့ဆန္ဒ ထပ်တူမကျခဲ့မှုတွေကြောင့် မွန်းကျပ်မှုတွေလည်း ရရှိခဲ့ရပါတယ်..၊အလုပ်တွေ အားလပ်နေတဲ့ အချိန်ကာလတွေမှာ မိသားစုအရေး..လူမှုရေး..စီးပွားရေး..စသည့်အကြောင်းအရာမျိုးစုံတွေကိုလည်း တွေးမိနေကြမှာပါ..ဒီလို တစ်နေ့တာလုံး အလုပ်ထဲမှာ နစ်မြုပ်နေကြရသူတွေအတွက် စိတ်ပေါ့ပါးလန်းဆန်းစွာရှိနေဖို့အတွက် ကိုယ့်ရဲ့ မိသားစု၊ (သို့မဟုတ်) သူငယ်ချင်း၊ မောင်နှမ၊ မိတ်ဆွေများနှင့်အတူ ကိုယ့်ရဲ့ပတ်ဝန်းကျင်အနီးအနားတွေမှာ အပန်းဖြေဖို့ လိုအပ်မယ် ထင် ပါတယ်။ အဲ့ဒီလိုအပန်းဖြေလိုက်ခြင်းအားဖြင့် လုပ်ငန်းခွင်ထဲမှ မွန်းကျပ်မှုတွေကို ခဏတာအားဖြင့် ပြေပျောက်စေနိုင်ပါတယ်။
ကျွန်မပြောပြချင်တဲ့အကြောင်းအရာလေးကို ဆက်ပါအုံးမယ်..
ညနေ(၆)နာရီ အလုပ်မှအပြန် ကုန်စည်ပြပွဲက အိမ်အပြန်လမ်းမဖြစ်တဲ့ ဗိုလ်ချုပ်လမ်းမကြီးရဲ့ဘေး၊ မူယာပင်ရပ်၊ သီရိခေတ္တရာ မြို့တော်ခန်းမကြီးမှာ စည်ကားစွာ ကျင်းပနေတဲ့ ကုန်စည်ပြပွဲကြီးကို သွားရောက်လေ့လာဖို့ ဆုံးဖြတ်လိုက်ပါတယ်၊ စိတ်ထဲက ဦးတည်မထားမိခဲ့ဘဲ..စိတ်တစ်ခု ပေါ့ပါးလန်းဆန်းစေဖို့အတွက် ပြပွဲထဲကို ၀င်ရောက်ဖို့ ထွက်လာခဲ့ပါတယ်… ညနေ(၆)နာရီ ဆိုသည့်အချိန်က ဆောင်းဦးရာသီလေးမို့ အတော်ပင်မှောင်ရီပျိုးနေခဲ့ပါပြီ..ခေတ္တရာခန်းမ အ၀င်ဝကို စပြီးဝင်ရောက်တာနဲ့ မရေမတွက်နိုင်သော လူတွေက ကျပ်ကျပ်ကိုညပ်နေပါပြီ..၊ ညနေ(၆)နာရီ နေ၀င်ချိန်ဆိုတာ အချို့သောသူများအတွက်တော့ တကိုယ်ရေသန့်ရှင်းရေးနှင့်အတူ ထိုသူတို့၏ခန္ဓာကိုယ်မှ အမွှေးအကြိုင်ရနံ့များ၊ ၀တ်ကောင်းစားလှများဖြင့် ပြပွဲကြီးမှာ လာရောက်လေ့လာနေကြပါတယ်။ ကျွန်မအဖြစ်ကတော့ (၆)နာရီအချိန်ဆိုတာ အလုပ်မှပြန်ချိန်ဖြစ်တာကတကြောင်း၊ အလုပ်မှအိမ်သို့ ရောက်လျှင်လည်း အပြင်သို့ပြန်မထွက်ဖြစ်တာကတကြောင်းဖြင့်.. ကုန်စည်ပြပွဲကို ၀င်ရောက်လာခဲ့မိပါတယ်။
ကျွန်မကိုယ်မှလည်း တစ်နေ့လုံး အလုပ်ထဲမှဖြစ်တာကြောင့် ချွေးတွေနဲ့ပေါ့…အခြားသူတွေလို မျက်နှာပေါ်မှာလည်း လိမ်းခြယ်ထားသမျှတွေက မရှိတော့ပြီ၊ အမွှေးနံ့သာဆိုတာကလည်း ဘယ်ဆီမှန်းမသိပြီ… ကျွန်မအနားမှ လူတွေကိုတော့ အားနာမိပါရဲ့..သို့သော်လည်း မတတ်နိုင်ပြီ..ဒီလိုဖြင့် ကျွန်မ ပြပွဲရဲ့အစကနေ ၀င်ရောက်လိုက်ပြီဆိုသည်နှင့်.. အသားကင်ဆိုင်၊ အ၀တ်အထည်ဆိုင်များ၊ ကားshowroomတွေကို စတင်မြင်တွေ့နေရပါပြီ…ကျွန်မဘေးမှာလည်း လူတွေက ကျိတ်ကျိတ်တိုးလို့ပေါ့ လူတွေတိုးလာလျှင်ပဲ ကျွန်မကိုယ်ကျွန်မမလုံတော့ပေ…ဘာဖြစ်လို့လဲဆိုတော့…ကျွန်မက ဒီပြပွဲကို စိတ်အပန်းပြေရုံသက်သက် လေ့လာကြည့်ရှုရန်ပင်..အလုပ်မှအပြန်ဖြစ်တာကြောင့်လည်း ကိုယ်မှချွေးတွေကြောင့်ရယ် အားနာနေခဲ့ရသေးသည်..။
ဒီလိုနဲ့ ခန်းမကြီးရဲ့ အနောက်ဘက်ကိုဆက်သွားမိရာမှာတော့ ကစားကွင်းများကို တွေ့မြင်ရသည်၊ ခန်းမအတွင်းသို့ဝင်လျှင်ပင်… အကများဖြင့် ဖျော်ဖြေနေသည်ကို တွေ့ မြင်ရပေသည်၊ အကအဖွဲ့များ၏ တေးသံသာများကိုကြားရသည်နှင့်ပင် ကျွန်မရဲ့စိတ်တို့ လန်းဆန်းတက်ကြွလာခဲ့ပြီး ကခုန်ချင်စိတ်ပင်ဖြစ်နေမိသည်၊ စိတ်လွတ်ကိုယ်လွတ်ပင် ခန်းမတွင်းသို့ ကြည့်နေမိသည်.. အကဖျော်ဖြေသည့်နေရာများ၏ နောက်ဆုံးမှနေ၍ အမှတ်တရဓါတ်ပုံလေးရိုက်ဖြစ်ခဲ့လိုက်သည်၊ လူတွေကလည်း တိုးမနိုင်ပါပဲ၊ အဲ့ဒီမှတဆင့် အရှေ့ဘက်ကိုထွက် လာခဲ့ပြန်သည်၊ သားရေအိတ်ဆိုင်များ၊ လက်ဝတ်ရတနာဖန်စီပစ္စည်းဆိုင်များကိုလည်း တွေ့ရသေးသည်။ တဒင်္ဂအတွင်း ကျွန်မရဲ့ စိတ်တွေကို လန်းဆန်းစေခဲ့ပါတယ်။
အပြန်လမ်းတစ်လျှောက်မှာလည်း..အချိန်က ည(၇)နာရီပင်ထိုးခဲ့တာမို့..လူတွေက အသွားကထက်ပင် ကျိတ်ကျိတ်တိုးနေခဲ့သည်၊ ကျွန်မလည်း ပြပွဲကနေ အတင်းတိုးပြီး အပြင်ရောက်အောင် မနည်းထွက်လာခဲ့ရပါသည်၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ညလေးဟာ ကျွန်မ အတွက်တော့ တဒင်္ဂစိတ်သောကတွေ၊ မွန်းကျပ်မှုတွေကို ပြေပျောက်စေခဲ့သည်၊ ကျွန်မလိုပဲ လုပ်ငန်းခွင်ထဲမှာ ၀န်ထုပ်ဝန်ပိုးများ၊ တာဝန်များဖြင့် (၂၄)နာရီပတ်လုံး မွန်းကျပ်မှုတွေ၊ စိတ်သောကတွေရှိနေကြသူများလည်း…ယခုလိုပဲ ကိုယ့်ပတ်ဝန်းကျင်တွင် လေကောင်းလေသန့်ရရှိနိုင်မည့်နေရာ၊ အလည်အပတ်သွားခြင်းများ စသည့်ကောင်းနိုးရာရာ နေရာဒေသလေးတွေမှာ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ညီအစ်ကိုမောင်နှမများဖြင့် အပန်းဖြေခြင်းများ ပြုလုပ်နိုင်ခဲ့လျှင် ဘ၀ရဲ့အမောလေးတွေဟာ တဒင်္ဂလောက်တော့ ပြေပျောက်စေနိုင်မယ်ထင်ပါတယ်။
လူသားတွေဟာ တစ်နေ့တာလုံး ၀မ်းစာအတွက် ရှာဖွေရုန်းကန်နေရချိန်တွေမှာ ပင်ပန်းမှုတွေ၊ မွန်းကျပ်မှုတွေမျိုးစုံကလည်း အနည်းနဲ့အများဆိုသလို ရိုက်ခတ်လာနိုင်မှာသေချာပါတယ်။ ထို့ကြောင့်လည်း ကျွန်မတို့တွေကလည်း အလုပ်တွေထဲမှာပဲ နစ်မြုပ် မနေကြပဲ စိတ်ရဲ့အမောတွေပြေရာ ကောင်းမွန်သောနေရာဒေသလေးတွေမှာ အပန်းဖြေရင်း သောကတစ်ချို့တွေကို ပြေပျောက် နိုင်ကြပါစေ။ အလုပ်ဆိုသည်မှာ လုပ်ရမယ်ဆိုပေမယ့်လည်း၊ ၀န်ထမ်းသော်လည်းကောင်း၊ အပြင်မှ စီးပွားရေးလုပ်သူများသော် လည်းကောင်း၊ မိသားစုရဲ့တာဝန်တွေ၊ စသည်ဖြင့်အကြောင်းအမျိုးမျိုးကြောင့် ၀မ်းတစ်ထွာအတွက် အလုပ်လုပ်နေကြသူများ အတွက် အလုပ်ကိုပင် သိမ်းကြုံးလုပ်နေတာမျိုးမဖြစ်စေဘဲ..ဆုံးရှုံးသွားသော အားအင်တွေ၊ စိတ်သောကတွေ၊ စိတ်ဖိစီးမှု၊ မွန်းကျပ်မှုတွေအတွက် အပန်းဖြေဖို့ လိုအပ်ပါလိမ့်မယ်။ ထိုသို့အပန်းဖြေရာမှာလည်း ကောင်းသောအပန်းဖြေခြင်းမျိုးနဲ့သာ ပြုလုပ် သင့်ပြီး ဘ၀ရဲ့ စိတ်ချမ်းသာခြင်းတဒင်္ဂတွေကို ရရှိနိုင်စေဖို့..ရေးသားတင်ပြလိုက်ရပါတယ်…။
နေခြည်သစ်နွယ်(ပြည်)