သူမ ကိုတွေ့လိုက်ရင် ခေတ်ဆန်ဆန်မလှသော်လည်း ရိုးရိုးနဲ့ပုံတုံးကြီး မဟုတ်ပြန်ပါဘူး…
ခေတ်နဲ့အညီ ဝတ်စားထားပေမဲ့ အိနြေ္ဒရရနဲ့ ယဉ်ယဉ်ကျေးကျေး ပုံစံလေးက ကျွန်တော့် စိတ်ထဲရော နှလုံးသားထဲကိုပါ အမှတ်မထင် ဝင်ရောက်လာခဲ့ပါတယ်…
နေ့တိုင်း ကျွန်တော် စီးနေကျ ဘတ်စ်ကားဂိတ်မှာ သူမနဲ့ အမြဲဆုံဖြစ်ပါတယ်…တွေ့စက သတိမထားမိပေမဲ့ တွေ့ပါများလာလေတော့ ဂရုတစိုက်နဲ့ မှတ်သားမိလာတယ်လေ…
ပိုပြီး အမှတ်ရစေတာက သူ ဆောင်းနေကျ ထီးလေးကြောင့်ပါဘဲ… ဝတ်ပုံစားပုံနဲ့ သွားလာလှုပ်ရှားပုံအရကြည့်ခြင်းအားဖြင့် သူမဟာ မချမ်းသာသော်လည်း စားနိုင်သောက်နိုင် လူလတ်တန်းစား အသိုင်းအဝိုင်းကဆိုတာ သိနိုင်ပါတယ်…
ဒါပေမဲ့ သူမ ဆောင်းနေတဲ့ ထီကလေးကတော့ လူနဲ့မလိုက်ဖက်အောင် ဟောင်းနွမ်းလွန်းနေပါတယ်…
ကျွန်တော့် နှလုံးသားထဲ သူမ ပုံရိပ်လေး ဝင်ရောက်လာတဲ့နေ့ကစပြီး လာနေကျ လမ်းကလေးကို လှမ်းမျှော်ကြည့်ရင်း စိတ်ထဲမှလည်း သူမအတွက် ထီးလေးတစ်ချောင်း လက်ဆောင်ပေးချင်စိတ်တွေ ဖြစ်ပေါ်နေမိပါတယ်…
ဒါပေမဲ့ ဗျာ…ကျွန်တော်ရဲ့  အလုပ်နဲ့အခြေအနေအရဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရတဲ့ တစ်ကောင်ကြွက် တစ်မျက်နှာပါ…
ကျွန်တော့်အခြေအနေနဲ့ သူမကို စကားလိုက်ပြောဖို့အရေး အနားတောင် မကပ်ရဲခဲ့ပါဘူး…
တစ်နေ့ တစ်နေ့ သူမကို အဝေးကမျှော်ကြည့်ရင်း စိတ်ထဲက ထီလေးဝယ်ပေးချင်စိတ်ကလည်း ထိန်းမရနိုင်အောင် တစ်ဖွားဖွားပေါ်လို့သာ နေပါတယ်…
ကျွန်တော် စဉ်းစားမရတာ တစ်ခုက သူမ ဘာကြောင့် ဒီထီးလေးကို မြတ်မြတ်နိုးနိုးနဲ့ မစွန့်ပစ်နိုင်အောင် သုံးနေရတာလဲ ဆိုတာကိုပါ…
သူမ ချစ်သူပေးထားတာကြောင့်များ ဒီလောက်နှစ်ခြိုက်စွာ သုံးစွဲနေတာများလား…
“လား” ပေါင်းများစွာနဲ့ သူမကို ကျွန်တော် စောင့်ကြည့်နေခဲ့တာ တစ်နွေကုန်လို့ တစ်မိုးတောင် ပြောင်းသွားပါပြီ…သူမ မှာချစ်သူရှိတဲ့ လက္ခာဏာလည်း မတွေ့ခဲ့ရပါဘူး…
မိုးတွင်းဆိုတော့ ထီးလေးမှာပိုသနားဖို့တောင် ကောင်းနေပါတယ်…လေဒဏ်၊ မိုးဒဏ်ကို အံတုရင်း ထီအနားလေးတွေက အပ်ချည်လေးတွေတောင် ပြုတ်လို့နေပါပြီ…
ထီးပိုင်ရှင်မှာတော့ ဘယ်လိုခံစားရမယ် မသိပေမဲ့ ကျွန်တော်ကတော့ ဘေးကနေကြည့်ပြီး ဆုံးဖြတ်ချက် တစ်ခု ပိုင်ပိုင်ချလိုက်မိပါတယ်…
သူမ အတွက် ထီးလေးတစ်ချောင်း လက်ဆောင်ပေးရင်း ကျွန်တော့်ရင်ထဲက ခံစားချက်တွေကိုလည်း ဖွင့်ပြောမယ်ဆိုတဲ့ စိတ်ကူးလေးပါ…
ဒီလိုနဲ့ ကျွန်တော်ရတဲ့ လခထဲကနေ သူမအတွက် ထီးဖိုးလေးကို မစားရက် မသောက်ရက်နဲ့ ချွေချွေတာတာ စုလာလိုက်တာ တစ်လပြည့်တဲ့နေ့မှာတော့ လက်ထဲမှာ ပိုက်ဆံလုံလုံလောက်လောက်လေး ရလာတဲ့အတွက် ထီလေးသွားဝယ်မိပါတယ်…
ကျွန်တော်ကိုယ်တိုင်က ထီးလဲသိပ်မဆောင်းဖြစ်တဲ့အတွက် ဘာအမျိုးအစားကောင်းမှန်းလဲမသိပါဘူး…
ဆိုင်က အရောင်းကောင်မလေးကို မေးပြီး သူညွှန်လိုက်တဲ့ ဂျပန်ထီး ခိုင်ခိုင်ခံ့ခံ့လေး တစ်ချောင်းကို ကျွန်တော့်ရဲ့  ချွေးနှဲစာလေးနဲ့ ဝယ်ဖြစ်လိုက်ပါတယ်…
အဲဒီနေ့ အိမ်အပြန်ဟာ ကျွန်တော့်ဘဝမှာ အပျော်ဆုံးဖြစ်ခဲ့ပါတယ်…မနက်ဖြန်ဆိုရင် သူမကိုထီးလေး လက်ဆောင်ပေးရင်း ကျွန်တော့် ခံစားချက်တွေကိုလဲ ဖွင့်ပြောရတော့မှာမို့ ညဘက် အိပ်ချိန်တိုင်အောင် တော်တော်နဲ့အိပ်မပျော်ဖြစ်ခဲ့ရပါတယ်…
မနက်မိုးလင်းတော့ စိတ်ကြည်ကြည်လင်လင်လေးနဲ့ အားအင်တွေပြည့်ဝသလို ခံစားရပြီး လှုပ်ရှားမှုတိုင်းဟာလည်း မြန်ဆန်သွက်လက်နေပါတယ်…
စောင့်ကြည့်နေကျ ဘတ်စ်ကားဂိတ်ကို ခါတိုင်းနေ့တွေထက် စောအောင်အရောက်သွားလိုက်ပါတယ်…
ကျွန်တော့်စိတ်တွေကဘဲ စောနေတာလားမသိပါ…ဒီနေ့မှ သူမ အရောက်နောက်ကျနေသလိုပါဘဲ…
“ ဟော” လာပါပြီ ခင်ဗျ …ကျွန်တော့်ရဲ့  အိနြေ္ဒရှင်မလေးက တစ်လှမ်းချင်း တစ်လှမ်းချင်း ဆင်မယှဉ်သာ လျှောက်လှမ်းလာပါတယ်…
“ ဟင်” ကျွန်တော့် မျက်စိတွေများ အမြင်မှားလေရော့သလား…
သူမ ဘေးက သူမပခုံးကိုဖက်ပြီး ပါလာသူ ဘယ်သူများပါလိမ့်…
ကျွန်တော့် အမြင်အာရုံကို အတင်းပွတ်သတ်ရင်း နောက်တစ်ခေါက် ထပ်ကြည့်မိပါတယ်…
သေချာသွားပါပြီ… သူမမှာ ကျွန်တော်မတွေ့ခဲ့ရတဲ့ အပြုံးပန်းလေးနဲ့အတူ မျက်နှာလေးဟာ ဝင်းပနေပါတယ်…
ပိုပြီး ထူးခြားတာလား၊ တိုက်ဆိုင်ခြင်းလား မသိတော့ပါ…သူမ ဘေးက ထိုလူက သူမကို ထီးသစ်လေးမိုးပြီး မိုးဖွဲလေးတွေကို ကာကွယ်ပေးထားပါတယ်…
မိုးဖွဲတွေအောက်မှာ ကျွန်တော့်နားရောက်လာတဲ့ သူမတို့စုံတွဲကို မော်မကြည့်ရဲအောင် ကျွန်တော်ရယ် ပိုင်ရှင်မရှိတော့သော ထီးလေးရယ် ခေါင်းငိုက်စိုက်ကျ အရှုံးပေးနေရပြီလေ…
အဲဒီနေ့မှစလို့ နောက်နေ့တွေမှာ သူမကိုလည်း ကျွန်တော် ထပ်မတွေ့ရတော့ပါဘူး…
ကံကြမ္မာ မျက်နှာသာမပေးလေတော့ တအုံနွေးနွေး ကျွန်တော့်ရင်ထဲက အချစ်တွေနဲ့အတူ ပိုင်ရှင်မဲ့ ထီးကလေးကိုပါ သေတ္တာထဲထည့် သော့ခတ်သိမ်းထားခဲ့တာ နှစ်တွေတောင်ကြာခဲ့ပါပြီ…
မတွေ့မြင်ရတော့ လွမ်းသလိုလိုရှိပေမဲ့ မမြင်ပါကြာလာတော့ ကျွန်တော့်ရင်ထဲက ဒဏ်ရာလဲကျက်လုနီးပါး ဖြစ်နေပါပြီ…
ဒီနေ့ မှ ထီးကလေးရဲ့  ပိုင်ရှင် သူမကို ကလေးလေး တစ်ယောက်လက်ဆွဲ၍ စီးနေကျ ဘတ်စ်ကားဂိတ်မှာ ပြန်တွေ့လိုက်ရတော့ အဟောင်းက ဝေဒနာ အသစ်ပြန်ခံစားလိုက်ရပါတယ်…
ကြာခဲ့ပါပြီ ကြာခဲ့ပြီလေ…ခုတော့ ကျွန်တော်သိမ်းထားဆဲဖြစ်တဲ့ ထီးလေးရဲ့ ပိုင်ရှင်ကိုပြန်တွေ့နေရပေမဲ့ ထီလေးဟောင်းသွားသလို သူမဘဝလဲ ပြောင်းလဲသွားခဲ့ပြီလေ………..
(ကိုယ်တိုင်ရေးသားသည်)
အားပေးမှုကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ထပ်၍ကြိုးစားပါအုန်းမည်။ ။