ဒြပ်မဲ့ ငှက်ငယ်
အလင်းနှစ်ကို ရေတွက် ငါပျံသန်းနေပါရဲ့
ဒါပေမဲ့ စကြာဝဠာကြီးက ကျယ်လွန်းတယ်
ဘယ်ကို သွားသွား ဘယ်ဆီမှ မရောက်ခဲ့သလို
တစ်ယောက်ယောက်က ငါ့ကို ခူးယူနေတာ ခံစားမိတယ်
အသိမဲ့တဲ့ အမှောင်ညမှာ ကြွေကျခဲ့ပေမယ့်
အဲဒီည ဘဝဟာ နယ်လွန်သွားပြီလေ....။
မျောလွင့်နေတဲ့ အတိတ်တွေနဲ့
ပစ္စုပ္ပန်မှာ ရောယောင် နားထောင်မိတဲ့
အလကားလူတစ်ယောက်ရဲ့ စကားက
အသိဥာဏ် အခြားမဲ့မှာ တစ်ဘဝလုံး
နံဟောင်နေတဲ့ သမိုင်းကြောင်းကတော့
ရိုးရှင်းလွန်းပါတယ်..။
အတိတ်မိုးစွေသော ဟိုတနေ့က
အရိပ်ထိုးကျနေတဲ့ သစ်ပင်အောက်
ရနံ့သင်းသင်း ခရေပွင့်တွေ
ကောက်နေမိတယ် ကြွေလွင့်လို့ပေါ့...။
အမြည်းမရှိ လေလွင့်နေတဲ့ ည
ခုနှစ်စင် ကြယ်တွေလည်း
ဣနြေ္ဒမရ ငိုက်မည်းလို့ အိပ်တန်းဝင်ခါနီးပြီ
ဒါပေမဲ့ အချိန်လွန် သက်ကြီး ခေါင်းချမှ
အိပ်မပျော် လင်းကြက်တွန်လာပြီလေ..။
မကြာခင်..
အိပ်တန်းပြန်တော့မှာပါ..
သကာရည် စကားလုံးများ နစ်မွန်းခံပြီရင်
ချိုးကူသံလို ချိမြိန်တဲ့ ခြူသံပေးလိုက်ရုံပါ
အကန့်သတ် များလွန်းတဲ့ လမင်းကို
ကိုယ် ကိုယ်တိုင် လက်လှမ်းမမှီဘူးလို့ ပြောရတာ
ထာဝရ ခါးလွန်းတဲ့ ဆေးတစ်မျိုးပဲပေါ့..။
ပစ္စုပ္ပန်...
အတွေးအိမ်ထဲမှာ ကိုယ်ထင်တာပါ
ကမ္ဘာဦးက သတ်မှတ်ထားတဲ့
နာမ်စားတစ်ခုဟာ ဘဝတစ်ခုရဲ့
နံရိုး တစ်ချောင်း မဟုတ်ဘူးဆိုတာပါပဲ..။
ကြာခဲ့ပြီ...
အတိတ်တွေဟာ ရင့်ကျက်လာပြီ...
တစ်နေ့ပြီး တစ်နေ့ ရေးနေရတဲ့
ကျောင်းစာတွေကို မပျင်းရိခဲ့ဘူး
ဘဝသမိုင်းက ခြေဆင်းထိုင်နေရုံနဲ့တော့
ဒီလို မပြောပါနဲ့ ပင်ပန်းလွန်းလို့...။
ခရီးက ရှည်လွန်းတယ်...
တောင်စွယ် နေကွယ်တာ မြင်သားပဲ..
ညကို ကြိုဆိုနေတဲ့ ဘဝမှတ်တမ်းများက
ဘာဖြစ်လဲ... ဘဝတစ်ခုလုံး
ပျက်စီးသွားတာမှ မဟုတ်ဘူးလေ..။
ဘာတွေ ဘယ်လိုပဲ ဖြစ်ခဲ့.. ဖြစ်ခဲ့..
ဘယ်ဆီ ဘယ်လိုပဲ ရောက်ခဲ့.. ရောက်ခဲ့
ဘဝထဲက ငါ့အတွက်တော့...။
တက္ကသိုလ်မြတ်မင်း