ပထမတစ်ပုဒ်ရေးပြီးကတည်းက နောက်တစ်ခုကို ဘာဇာတ်လမ်းလေး အကြောင်း ရေးရင် ကောင်းမလဲ လို့ စဉ်းစားနေတာ …။ ပထမ ကားက Horror ဇာတ်လမ်း ဖြစ်နေလေတော့ ကြိုက်တဲ့သူ နည်းချင်နည်းလိမ့်မယ် …။ ဒါမှ မဟုတ် အဓိပ္ပာယ်ကို တကယ် မသိနားမလည်ခဲ့လို့ မကြိုက်တာလည်း ဖြစ်ချင်ဖြစ်မယ် …။ ဆိုတော့ အခုတစ်ခါ ဘာဇာတ်လမ်းကို တင်ပြရင်ကောင်းမလဲ ဆိုတာ တော်တော် စဉ်းစားယူရတယ် …။
ပြီးတော့ နောက်ထပ် ပြသနာ အကြီးကြီး တစ်ခု ကျွန်တော့်မှာ ရှိသေးတယ် …။ အဲ့ဒါက တွေးသမျှ လိုက်ပြီး ရေးမထားနိုင်တာ …။ စာရေးရတာ ၀ါသနာတော့ပါတယ် …။ ဒါပေမယ့် စာရေးရင် တစ်ခါတည်း တစ်ထိုင်တည်းနဲ့ စာတစ်ပုဒ် ပြီးသွားတယ် ဆိုတာ နည်းတယ် …။ တော်တော် ရှားတယ် …။ နည်းနည်းလေး ရေးလိုက် ဟိုဟာထလုပ်လိုက် ဒီဟာ ထလုပ်လိုက်နဲ့ …။ အဲ့ဒါမို့လို့နဲ့တူတယ် ကျွန်တော် ရေးထားခဲ့သမျှတွေကို ပြန်ဖတ်ကြည့်ရင် တစ်ခုခု အမြဲလိုနေသလိုပဲ …။ အမြဲတမ်းပဲ …။ တစ်ခါတည်းနဲ့ ငြိမ်ငြိမ်လေး ထိုင်ရေးဖို့ ကြိုးစားတာပဲ …။ မရဘူး …။ အဲဒါမို့ စာတစ်ပုဒ်ကို တစ်ရက်တည်းနဲ့ မပြီးဘူး …။ ကြာတယ် …။ အခု ပို့စ် ကလည်း ရေးဖို့ ခေါင်းစဉ်တပ်ထားတာ ကြာပြီ…။ အခုမှ ပဲ ပြီးအောင် ရေးဖြစ်တာ …။
ကဲ … ထားတော့… လိုရင်းကို သွားမယ် …။ ဒါဆို အခု နည်းနည်း ပျော်စရာကောင်းတဲ့ဇာတ်လမ်းလေး အကြောင်း ပြောကြည့်ကြစို့ …။
Rango
2011 အော်စကာ ဆုပေးပွဲမှာ Academy Award for Best Animated Feature ကို ရထားတဲ့ ဒီ Rango ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးက ကျွန်တော် ကြိုက်တဲ့ ဇာတ်လမ်းလေးတွေထဲမှာ ထိပ်ဆုံးနေရာကပဲ …။ ဘာလို့လဲဆိုတော့ ကာတွန်းကားဆိုပေမယ့် အဓိပ္ပာယ်အရမ်းပြည့်ဝ နေလို့ပဲ …။ ဒီနေရာမှာ တစ်ခု ထည့်ပြောရမယ် ထင်တယ် …။ ကျွန်တော်က Cartoon Crazy … အခုထိ Tom & Jerry ကြည့်တုံး … အသစ်ထွက်သမျှ ကာတွန်းကားတိုင်း မလွတ်ကြည့်နေကြ …။ ထားတော့ ... ဒီဇာတ်ကားလေးကို ဘာလို့ ကြိုက်တာလဲ ဆိုတာ မပြောခင် ဒီဇာတ်လမ်းလေး အကြောင်း နည်းနည်း ပြောကြည့်မယ် ..။
Rango ဆိုတာ က ပုတ်သင်လေးတစ်ကောင်ရဲ့ နာမည်ပေါ့ ..။ လောကကြီးအတွက်သူရဲကောင်း ဖြစ်ချင်နေတဲ့ စိတ်ကူးယဉ်သမား ပုတ်သင်လေးပေါ့ …။ သူ့ ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က သူရဲကောင်းအဖြစ်နဲ့ မင်းသမီးလေးကို ကယ်တင်နိုင်ဖို့ …။ အမြဲတမ်းစိတ်ကူးယဉ်နေတက်တဲ့ သူပဲ …။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်နဲ့ သူဟာ သဲကန္တာရထဲမှာ သောင်တင်ခဲ့ရတယ် …။ ပြီးတော့ ရေပြတ်လပ်မှု ပြသနာ ဖြစ်နေတဲ့ မြို့ငယ်လေးကို ရောက်သွားတယ် …။ ကိုယ်တိုင်ကသာ ဘာမှ မဟုတ်တာ ပါးစပ်က တော်ကီ ကောင်းတဲ့ကောင် ဆိုတော့ မြို့ခံလူတွေဆီက အထင်ကြီး ယုံကြည်မှုကို ယူနိုင်ခဲ့တယ် …။ သူတို့ မြို့လေးကို အဓိက ရန်ရှာနေတဲ့ ငှက်ကြီးကိုလည်း Rango က လွဲချော်မှုတွေနဲ့ ရှင်းပစ်လိုက်နိုင်လေတော့ ပိုလို့ အထင်ကြီးခံရတယ် …။ မြို့လေးထဲက လူတွေက သူ့ကို သူရဲကောင်း အဖြစ်သတ်မှတ်လိုက်ပြီး … သူတို့ မြို့ရဲ့ ဒုက္ခတွေကို ကယ်တင်နိုင်မယ့် သူအဖြစ် ကိုးစားလာကြတယ်ပေါ့ဗျာ …။ တကယ်တမ်း တော့ Rango ဟာ သူရချင်တဲ့ သူရဲကောင်း အမည်ရလာပေမယ့် သူရဲကောင်း ဖြစ်အောင် ကြိုးစားရာမှာတော့ ပြသနာတွေ အများကြီး ကြုံလာရပါတယ် …။ နောက်တော့ သူ့ရဲ့ အလိမ်အညာတွေ ကို မြို့သူမြို့သားတွေ သိသွားတော့ Hero ကနေ Zero ဘ၀ ကို ချက်ခြင်းရောက်သွားပါတယ် …။ နောက်တော့ တကယ့် သူရဲကောင်းဆိုတာ ဘယ်လိုဆိုတာကို သဘောပေါက်မိလာပြီး အကူအညီလိုအပ်နေတဲ့ မြို့လေးကို ကယ်တင်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ …။
ဒီဇာတ်လမ်းထဲမှာ အဓိက တင်ပြချင်တာက … ခံယူချက်တွေကိုပါ …။ ကိုယ့်ခံယူချက်က ကိုယ့်ဘ၀ ရဲ့ ပုံရိပ်ပဲ ..။ ကိုယ့်ရည်မှန်းချက်တွေက ကိုယ့်ဘ၀ ရဲ့ လမ်းပြမြေပုံပဲ …။ ကိုယ်ဘာဖြစ်ချင်တာလဲ… ကိုယ်ဘာဖြစ်သင့်တာလဲ … ကိုယ်ဘာဖြစ်နေတာလဲ … ဆိုတာတွေကို ရေရေလည်လည် မသိလို့ကတော့ လက်ထဲ မြေပုံရှိနေပေမယ့် ဘယ်နေရာက စကြည့်ရမှန်း မသိသလိုဖြစ်နေမှာပဲ …။ သွားတော့ သွားနေတာပဲ ဘယ်ကို သွားနေတာလဲ ဘယ်ရောက်နေတာလဲ မသိတဲ့သူပေါ့ …။ ဒါဆိုရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ …။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဘ၀ဆိုတာကို အကောင်းဆုံး အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်နိုင်ရပါမယ် …။ အဲ့ဒီသတ်မှတ်ချက်အတိုင်းလည်း ရည်ရွယ်ရာဖြစ်အောင် အကြိုးစားဆုံး ဆိုတဲ့ အားထုတ်မှုတွေ ရှိရပါ့မယ် …။ တစ်ခါ တစ်လေ ပေးဆပ်ရမှုလေးတွေ ရှိမယ် ..။ အဲ့ဒီလို အသေးအမွှားလေးတွေကို နစ်နာတယ် ထင်နေရင် အရေးပါတဲ့ ကြီးကြီးမားမား တွေကိုတော့ ရေစက်သာချလိုက်တော့ …။
တစ်ခုခု ကို ရယူချင်ရင်တော့ တစ်ခုခု တော့ ပြန်ပေးရမှာပဲ …။ ပညာကိုလိုချင်ရင် အားထုတ်မှု စိတ်ပါဝင်စားခြင်းနဲ့ အချိန် တွေကို ပေးရမယ် …။ စီးပွားဥစ္စာကို လိုချင်ရင် အကြံဥာဏ် လိမ္မာပါးနပ်မှုနဲ့ အရင်းအနှီးတွေ ပြီးတော့ မိတ်ကောင်းဆွေမွန် အမှီသဟဲ တွေ … ရှေးဘ၀ရဲ့ ကုသိုလ်ကံတွေ …. အဲ့ဒီလိုအဲ့ဒီလို ပေးဆပ်ရမှုတွေ ရှိမှာပဲ …။ ကိုယ့်ဘက်က ဘာမှ ပေးဆပ်မှုမရှိဘဲ လိုချင်နေတယ်ဆိုရင်တော့ စာမေးပွဲအောင်ဖို့ စာမကျက်ဘဲ စာမေးပွဲအောင်ဂါထာရွတ် နေတဲ့ ကျောင်းသားလို ဖြစ်နေမှာပေါ့ …။ စာမေးပွဲ အောင်ချင်ရင် စာကျက်ရုံမှ တပါး တခြား ဘာမှ မရှိဘူး ..။ ပါးစပ်ကပဲ ပြောနေရုံနဲ့ မပြီးပါဘူး …။ စိတ်ထဲက နေ ဖြစ်ချင်စိတ် ထက်သန်နေရုံနဲ့လည်း မပြီးသေးပါဘူး …။ တကယ် ထလုပ်လိုက်မှသာ ပြီးမြောက်နိုင်တာပါ …။ ကိုယ်ပန်းတိုင်ကို သွားနေတဲ့ နေရာမှာ လျှောက်တဲ့ လမ်းကြောင်း မလွဲရအောင်တော့ ဥာဏ်နဲ့ယှဉ်ပြီး သုံးသပ်ရမှာပေါ့ …။
လူစွမ်းကောင်းဆိုတာ ကိုယ့်နှလုံးသားထဲက ခံယူချက်ကို အများအတွက် အကောင်းဆုံးဖြစ်အောင် ပုံဖော်နိုင်တဲ့သူ …
ဇာတ်လမ်းထဲက စာသားလေးတစ်ခုပါ …
အရမ်းကြိုက်ပါတယ် … လူအားလုံးအတွက် လူစွမ်းကောင်း မဖြစ်ရင်တောင်မှ ကိုယ့်ဘ၀အတွက် … ကိုယ့်ကိုအားကိုးမှီခိုလာနိုင်မယ့်သူအတွက် အကောင်းဆုံး ကြိုးစားနိုင်ရမှာပေါ့ ….
(ကိုယ့်ကို မှီခိုလာမယ့်သူ ဆိုတာ မိဘဆွေမျိုးအသိုင်းအ၀ိုင်းတွေပေါ့) ဒါမှ လူဖြစ်ရကျိုးနပ်မယ် ထင်မိတာပဲ …။
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်း နားနိုင်သတဲ့ ….။ ငှက်တစ်သောင်းနားနေလဲ သစ်ကောင်းတစ်ပင်အတွက်ကတော့ ဘာမှ အပန်းကြီးခြင်း ၀န်ပိုလာခြင်း မရှိပါဘူး…။ ဟုတ်တယ်ဟုတ် …။
သစ်ကောင်းတစ်ပင် ဖြစ်ချင်စိတ် မရှိဘူးလား …။
ကိုယ့်ကိုယ်ကို အုတ်မြစ်ခိုင်မာဖို့ မကြိုးစားချင်ဘူးလား …။
ဇာတ်လမ်းလေးထဲမှာ ကျွန်တော့်ကို နောက်ထပ် အတွေးပွားစေတဲ့ စကားလေး တစ်ခွန်း ရှိသေးတယ်ဗျ …။
ရေကိုသာ ချုပ်ကိုင်နိုင်ရင် ကမ္ဘာကြီးကိုတောင် ကိုင်လှုပ်လို့ရပြီ ….
တဲ့ …။
သိပ်မှန်တာပေါ့ …။ အခုဆိုရင် တစ်ကမ္ဘာလုံးမှာ ရေဘေးပြသနာဆိုတာ သဘာဝဘေးတွေထဲမှာ အကြီးဆုံးရင်ဆိုင်နေရပါတယ် …။ သိပ္ပံပညာရှင်တွေကလည်း အသေချာ တွက်ချက်ထားတယ် …။ ရေကြောင့်ပဲ ဒီကမ္ဘာကြီး ပျက်စီးသွားနိုင်တယ်တဲ့ …။
ဒီတွက်ချက်မှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ ကျော်လောက်ကတည်းက ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ နှုတ်မြွတ်တော်နဲ့ ကိုက်ညီနေပါတယ် …။
ဤ ဘဒ္ဒကမ္ဘာဟာ ရေကြောင့်ပင် ပျက်စီးခြင်းသို့ ရောက်လတ္တံ …
(ပါဠိ လို မှတ်ထားတာ ဘယ်နားညှပ်နေလဲ မသိဘူးဗျာ … တောင်းပန်ပါတယ်)
မြတ်စွာဘုရားကို ပိုမိုကြည်ညိုမိပြန်ပါတယ် …။ ဗုဒ္ဓမြွက်ကြားတရားတော်တွေဟာ ထာဝရ အမှန်တရားတွေ .. သဘာဝ အမှန်တရားတွေချည်းပါပဲလား လို့ ဆင်ခြင်မိပါတယ် …။
ဇာတ်လမ်းလေးကို ကျွန်တော် ကြိုက်ရတဲ့ နောက်တစ်ကြောင်းက Rango ဆိုတဲ့ ပုတ်သင်လေးနေရာက အသံသရုပ်ဆောင်ပေးထားတဲ့ သူက ကျွန်တော် အကြိုက်ဆုံး မင်းသားကြီး Johnny Deep ဖြစ်နေလို့ပါပဲ …
ကျွန်တော့်သည်းခြေကြိုက် မင်းသားကြီး … ဗရုတ်မကျဘူး … အတည်ပေါတဲ့ မင်းသားကြီး … ဇာတ်လမ်းပိုစတာလေး ကြည့်လိုက်တော့ Johnny Deep လို့မြင်တာနဲ့ ဒီဇာတ်လမ်းလေးကို ကြည့်ဖြစ်သွားတာ … ကြည့်ပြီးတော့ ဒီလိုတွေလည်း ဆက်ပြီး တွေးဖြစ်သွားတယ်ပေါ့ …။
အခုဟာက ကျွန်တော်က ဇာတ်လမ်းမိတ်ဆက်ပေးနေတာ မဟုတ်ဘူးနော် …။ ဇာတ်လမ်းကြည့်ရင်း တွေးမိတဲ့ အတွေးတွေကို မျှဝေကြည့်တာ …။ သူငယ်ချင်းတို့ရဲ့ အထင်အမြင်နဲ့ မကိုက်ညီခဲ့ဘူးဆိုရင်လည်း ကျွန်တော်တို့ ဆွေးနွေးကြည့်ကြတာပေါ့ …။ ကဲ … Rango ဇာတ်လမ်းလေးကို ကြည့်လိုက်ကြဦးနော် … (ကျွန်တော်ကတော့ ခဏခဏ ကြည့်ဖြစ်တယ်) အနည်းဆုံးတော့ ဘ၀ အမောတွေ တခဏတာ ပြေလျော့ စေနိုင်မှာပါ …။
နောက်ထပ် နောက်ထပ် ဘာဇာတ်လမ်းတွေနဲ့ ဘယ်လို အတွေးမျိုးတွေ ရဦးမလဲ ဆိုတာ ကို စောင့်ဖတ်ပေးကြဦးနော် …..