ရိုးသားကြိုးစားတာ ကိုးရီးယားကားမှာမှတဲ့လား
ပန်းသွေးအလုပ်ရတာကနည်းပညာကုမ္ပဏီတစ်ခုမှာပါ။ပန်းသွေးကနည်းပညာ ပညာရှင် လားဆိုတော့လုံးဝမဟုတ်ပါ။
နည်းပညာနဲ့ပတ်သတ်လို့ ကွန်ပျုတာစာစီ၊စာရိုက်နဲ့အင်တာနက်၊အီးမေးလ်လောက်သုံး တတ်တာပါ။ကွန်ပျူတာသင်တန်းတက်ထားတာလည်းမဟုတ်၊အင်တာနက်ဆိုင်က ၀န်ထမ်းတွေသင်ပေးထားလို့စာစီ၊စာရိုက်ကိုတတ်နေတာပါ။အိမ်မှာကွန်ပျူတာမပြောနဲ့ နည်းပညာပစ္စည်းဆိုလို့ ပုံတုံးတုံးTV တစ်လုံးနဲ့ မော်ဒယ်အောက်နေတဲ့ VCD စက် မဖတ်၊တဖတ်တစ်လုံးပဲရှိတာပါ။
ဒါပေမယ့်ဆယ်တန်း၃ခါကျပြီး အလုပ်တစ်ခုလုပ်မှဖြစ်မယ်ဆိုတော့ ရုပ်ကလေးကလှတ ပတ၊ကွန်ပျူတာလေးနဲ့ကအကျွမ်းတ၀င်ရှိနေတော့ ယခုလိုနည်းပညာကုမ္ပဏီတစ်ခုမှာ အလုပ်ရနေတာပါ။
ပန်းသွေးတို့က Show Room မှာတာဝန်ကျတာ စီနီယာတစ်ချို့က ကွန်ပျူတာနဲ့ပတ် သတ်ရင် ဒွတ်ဒတ် ချွတ်ချက်နေအောင် ဒိုးဒိုးဒေါက်ဒေါက်ပြောနိုင်ပေမယ့် ပန်းသွေးမှာ တော့ ကွန်ပျူတာလို့မေးလိုက်တာနဲ့ အင်တာနက်ဆိုင်မှာသုံးနေကျ မော်နီတာရယ်၊ Sistemပုံးကြီးရယ်၊မောက်စ်ရယ်၊ကီးဘုတ်ရယ်ပဲသိတာ၊လက်ပ်တော့ပ်တို့၊နက်ဘုတ်တို့၊ တက်ဘလက်တို့ဆိုတာ ဆိုင်ရောက်မှမျက်ဝါးထင်ထင်မြင်ဖူး၊ကိုင်ဖူးတာဆိုတော့ ၀ယ်သူလာရင် အပြုံးလေးနဲ့ဆိုင်ပေါက်ဝကနေဆိုင်ထဲမ၀င်ချင်၊၀င်ချင်အောင်ဆွဲဆောင် ပြီး အရောင်းစင်တွေနားပို့ပေးဖို့လောက်ပဲအသုံးပြုလို့ရတာပါ။
“ဘာပဲပြောပြော ပန်းသွေးကအသုံးတဲ့တယ်….ပန်းသွေးရဲ့အပြုံူးလေးနဲ့မျက်နှာလှလှ လေးက ယောက်ျားလေးတွေကို ဆိုင်ထဲရောက်အောင်ဆွဲနိုင်တယ်လေ…ပစ္စည်းတွေ အကြောင်းကတော့ လုပ်သက်ရလာရင်နားလည်လာမှာပေါ့ အားမငယ်နဲ့နော်”
စီနီယာတွေရဲ့အားပေးစကားက ပန်းသွေးအတွက်တော့ အားဆေးတွေပေါ့။
ပန်းသွေးကြောင့်ဆိုင်ထဲလူဝင်တယ်ဆိုပြီးစီနီယာတွေက မြှောက်ပင့်ချီးကျူးစကားတွေ မှာ ကြာတော့ပန်းသွေးကိုယ့်ကိုယ်ကို မာန်ဝင်လာမိသည်။
“ဆိုင်မှာငါကသိပ်အရေးပါတာဟ…ငါမရှိရင်လူသိပ်မ၀င်ဘူး”
လမ်းထဲက ဆယ်တန်းကျဖော် ကျဖက် ဘော်ဒါတွေကိုအကြွားပိုမိသည်။
“နင်ကဘယ်တုံးက ကွန်ပျူတာအကြောင်းဒီလောက်အကျွမ်းဝင်သွားတာလဲ”
“နင်တို့ဘာသိလို့လဲ ငါကအင်တာနက်ဆိုင်အမြဲသွားတာကို”
“အင်တာနက်ဆိုင်အမြဲသွားရင် ကွန်ပျူတာအကြောင်းအကျွမ်းဝင်တယ်ပေါ့ အင်း ငါတို့လဲ ဆယ်တန်းကျတည်းက ဆေးလိပ်လိပ်နေတာနဲ့ နင့်ကိုတောင်လိုက်မမှီတော့ ဘူး”
ဘော်ဒါတွေကြားမှာ ပန်းသွေးက အထင်ကြီးစရာ၊အားကျစရာကောင်မလေးပေါ့။
ဆိုင်မှာဆိုလဲ ချီးကျူးစရာကောင်မလေးဆိုတာပြောပြီးပြီနော်….
ကဲ…ပန်းသွေးဘ၀ကဆယ်တန်းမအောင်ပေမယ့် ပျော်စရာလေးကောင်းနေပြီ။
ကိုးရီးယားဇာတ်လမ်းတွဲတွေမှာဆိုရင်တော့ ပန်းသွေးလိုကောင်မလေးက အစမှာ ဇာတ်နာတုန်းပေါ့။အလုပ်ထဲမှာလဲ အနှိမ်ခံရနဲ့လေ သိကြမှာပါ။
ဒီလိုနဲ့ပန်းသွေးတစ်ယောက် ကိုးရီးယားဇာတ်လမ်းတွေထဲကလို လုပ်ငန်းရှင်ကိုကို သူဌေးသားတစ်ယောက်လောက်နဲ့ဇာတ်လမ်းတစ်ပုဒ်လောက်စောင့်ဆိုင်းစိတ်ကူး ယဉ်နေလိုက်မိတယ်။
တစ်နေ့
“ဒီနေ့ကုမ္ပဏီဒါရိုက်တာဆိုင်ကိုလာလိမ့်မယ်နော်..ပန်းသွေးအထူးသတိထားနေပါ နင်နဲ့ကအခုပထမဆုံးကြုံတွေ့ရမှာမို့လား ဒါရိုက်တာကစည်းကမ်းနည်းနည်းကြီးတယ်
အသက်ငယ်ပေမယ့် အလုပ်အကိုင်သေသပ်တယ်”
ဟော…အသက်ငယ်ငယ်ဒါရိုက်တာတဲ့..ကိုးရီးယားကားတွေကိုမျက်စိထဲမြင်ပြီး ပန်းသွေး ပျော်သွားမိသည်။
“နောက်ပြီး ဒါရိုက်တာကလူပျိုကြီး ဇီဇာကြောင်တယ်လို့ဆိုရမယ် ၀တ်တာစားတာတွေ သပ်ရပ်မှကြိုက်တာ ပန်းသွေးလည်းယူနီဖောင်းရပြီနော် မနက်ကရုံးချုပ်ကပစ္စည်းတွေပို့ ရင်းဝင်ပေးသွားတယ်”
“ဟုတ်”
ပန်းသွေးတို့အလုပ်အတွက် ၁ပတ်သင်တန်းရုံးချုပ်မှာတက်ကတည်းက ကိုယ်တိုင်း ယူထားတဲ့ယူနီဖောင်းက အလုပ်ဝင်ပြီး၂ပတ်လောက်နေမှ ရတယ်ဆိုပဲ။
မနက်ဖြန်တော့ ယူနီဖောင်းလေးနဲ့ပန်းသွေး ကိုးရီးယားကားထဲက၀န်ထမ်းမလေးလို သွက်လက်လှပနေစေရမယ်။
စိတ်ကူးနဲ့ပျော်ရွှင်ရင်း…ယူနီဖောင်းလေးကို ကော့ပျံနေအာင်မီးပူတိုက်နေလိုက်သည်။
မခေါက်ပဲချိတ်နဲ့လှမ်းထားလိုက်သည်။
ကိုးရီးယားကားတွေထဲမှာလို မနက်ဖြန်ဝတ်မယ့်ဝတ်စုံလေးကိုကြည့်ပြီးစိတ်ကူးယဉ်ရရင် ကောင်းမလား။ဒါမှမဟုတ်…မနက်ကျရင်မျက်နှာလေးတင်းရင်းနေအောင် ဈေးသက်သာ တဲ့မျက်နှာဖုံးကပ်ထားရင်ကောင်းမလား။အဲ…မျက်နှာဖုံးဆိုရင် လမ်းထိပ်ထွက်ဝယ်နေရ ဦးမယ်။သခွားသီးလေးကပ်ရင်ကော။
“ဟဲ့..အငယ်မရေ ညစာမစားဘူးလား”
“ရှင်…ကင်မ်ချီနဲ့လားအိုမား”
“သောက်ရူးမ…နင်ကကိုးရီးယားရောက်နေတာမို့လို့လား…အရူးထမနေနဲ့ စားချင်ရင်ထ စားအုပ်ဆောင်းအောက်မှာသီးစုံဟင်းချန်ထားတယ် ငါတို့ကိုးရီးယားကားကြည့် တော့  မလို့”
“ဟွန်း…လမ်းထဲက ဟင်းရွက်ဆိုင်က သူတို့ဆိုင်မှာရောင်းမကုန်လို့နွမ်းကုန်တဲ့အသီး၊ အရွက်တွေကို ကုလားပဲလေးနည်းနည်းနဲ့ရောပြီးသီးစုံဟင်းချက်၊ဈေးပေါပေါနဲ့ရောင်း တာတွေကို အမေတို့ကိအလွယ် ၀ယ်ဝယ်စားနေ ”
“မစားချင်ရင် ငပိကြော်နဲ့ပဲစားအေ…စကားမများနဲ့ ကိုယ့်ဘာသာချက်ရင်ပိုက်ဆံ နှစ်ရာနဲ့ တစ်အိမ်လုံးစားဖို့သီးစုံဟင်းရမလား...”
ပန်းသွေးဆက်မပြောနိုင်တော့ မြန်မြန်စားပြီး မြန်မြန်အိပ်တာပဲကောင်းသည်လို့တွေး ကာ စတီးဇလုံထဲ ထမင်းနဲ့သီးစုံဟင်းရောနယ်ကာ ငပိကြော်ကိုပုံပြီး ဇွန်းတပ်ကာ TV ရှေ့ထိုင်စားလိုက်သည်။
ဆိုင်ထဲမှာ စီနီယာတွေက ကတ်စတန်မာကိုယ်စီနဲ့ အလုပ်များနေချိန် ပန်းသွေးက ဆိုင်ရှေ့ပလက်ဖောင်းမှာရပ်နေတဲ့ အသားညိုညို ၊ခပ်ပုပုလုံးလုံး၊မျက်နှာပုပ်သိုးသိုးနဲ့ ပုလင်းဖင်မျက်မှန်တပ်ထားတဲ့လူတစ်ယောက်ကိုဆီးကြိုလိုက်သည်။
ဝတ်ပုံစားပုံကတော့ ရုပ်ရည်နဲ့လုံးဝမလိုက်အောင် တန်ဖိုးကြီးတာတွေဖြစ်ပုံရသည်။ လက်ထဲကအိပ်ဖောင်းဖောင်းက ဆိုင်ထဲကပစ္စည်းတွေရောင်းနိုင်ဖို့ဖြစ်ရမယ်မို့လား။
“လာပါရှင် အထဲမှာ ဘာလိုအပ်လဲကြည့်ပါ”
စီနီယာတွေမှာတော်တော်အလုပ်များနေသဖြင့် ပန်းသွေးတို့အား လှည့်မကြည့်ဖြစ်
“မင်းကအရောင်းဝန်ထမ်းလား ပုံစံကတော့သပ်ရပ်ပါပေ့..အဲ အရည်အချင်းကကော”
ပန်းသွေးနည်းနည်းဒေါသထွက်သွားသည်။သို့သော် အပြုံးတုလေးတပ်ဆင်ကာ
“ဟုတ်ကဲ့..လူကြီးမင်းအလိုရှိတာကိုပြောပါ…ကျွန်မလိုက်ပြပေးပါ့မယ်”
“အင်း…ကိုယ်က Note book ကြည့်ချင်တာပါ”
“ကျွန်မတို့ဆိုင်မှာရှိတဲ့ အမျိုးအစားတွေပါ”
“အင်း….ဒီတစ်လုံးအကြောင်းပြောပါဦး…ဟတ်ဒစ်၊မန်မိုရီ၊ဂရပ်ဖစ် ဘာဘာညာဘာပေါ့
ဘယ်လောက်တွေသုံးထားလဲဆိုတာလေး”
“ရှင်..အင်း..”
ပန်းသွေးလဲ Notebook ပေါ်ကစာရွက်လေးကို ဟိုဟိုဒီဒီကောက်ကြည့်မိသည်။ ရေးထားတဲ့စာတွေဘာတစ်ခုမှနားမလည်။နှာသီးဖျားချွေးလေးတွေစို့လာသည်။ စီနီယာတွေကိုခေါ်ဖို့လှည့်ထွက်မည်အပြု
“မင်းဘာမှမရှင်းပြတတ်ပါလား မင်းဘယ်လိုဝန်ထမ်းလဲ ဒီလောက်အခြေခံလေးမှ နားမလည်ပဲ ဒီလိုဆိုင်မှ မင်းကိုခန့်ထားတယ်ပေါ့”
ပန်းသွေး တော်တော်စိတ်တိုသွားသည်။ဖြစ်နိုင်ရင် ဒီပုမဲလုံးကိုဘောလုံးတစ်လုံးလို ပိတ်ကန်လိုက်ချင်သည်။
“မင်းကွာ ရုပ်ကလေးသနားကမားနဲ့ တစ်နေ့တစ်နေ့ မင်းရုပ်ကိုပဲ အလှဆုံးဖြစ်အောင်သ နေလို့နေမှာပေါ့ နည်းပညာပစ္စည်းတွေအကြောင်းမသင်ယူမလေ့လာပဲနဲ့>>####
@@@@@%%^^^”
ကိုပုမဲလုံးက နှုတ်ခမ်းမဲမဲများကိုစုကာ ပြဲကာ ပါးစပ်သေနတ်ပစ်နေတော့သည်။
“ဒီမှာ….”
ပန်းသွေး အကျယ်ကြီးဆောင့်အော်လိုက်သဖြင့်ကိုပုမဲလုံးလန့်သွားသလို တစ်ဆိုင် လုံးပန်းသွေးတို့ဘက်လှည့်လာသည်။
”ရှင့်လို ခွေးပစ်ဒုတ်မဲမဲတူးတူးကိုစိတ်ရှည်လက်ရှည်ရောင်းပေးနေတာကို ရောင့်ငန်း တက်ပြီးကျွန်မကိုမာန်မဲနေရအောင်ရှင်ကကျွန်မအလုပ်ရှင်လား..ဒီမှာရှင်ဒီဆိုင်မှာရှိ နေတာကိုကကျွန်မတို့ဆိုင် ကျက်သရေယုတ်တယ်..ကျွန်မပိတ်မကန်ခင်မြန်မြန်ထွက် သွား”
“ဟင်…ပန်းသွေး အဲဒါ ဒါ..ရိုက်..တာ”
မင်တက်ငေးမောနေရာမှ အသက်ဝင်လာကြတဲ့စီနီယာတို့အသံကြောင့်
“ရှင်…..ဒါ..ရိုက်…တာ”
ဟုတ်ကဲ့..ပန်းသွေးစိတ်ကူးထဲက ကိုးရီးယားသူဌေးသားနဲ့ဆန့်ကျင်ဘက် ရုပ်အဆင်း ရူပကာရှိသော ဇီဇာကြောင်၊စည်းကမ်းကြီး၊ရန်တွေ့ကောင်းသော ဒါရီုက်တာနဲ့ ပြဿနာတက်ခဲ့ပေမယ့်…ပန်းသွေးအလုပ်မပြုတ်ခဲ့ပါဘူး။
အခုတော့ပန်းသွေးတစ်ယောက်စိတ်ကူးထဲကကိုးရီးယားမင်းသားလိုအလုပ်ရှင် ချောချောလေးကိုမျှော်ပြီး အလှတွေပြင်ဖို့ပဲစိတ်အားထက်သန်နေမယ့်အစား လုပ်ငန်းအကြောင်းကိုနားလည်အောင်သင်ယူနေပါပြီ။
ဆိုင်မျက်နှာစာမှာပဲ အလှပြအချိန်ဖြုန်းနေမယ့်အစား ဆိုင်ထဲမှာလေ့လာသင်ယူနေရပြီ ပေါ့။
ဒါမှလဲ မကြာခင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေရောက်လာတဲ့အခါ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတစ်ယောက်အဖြစ် နိုင်ငံခြားသားလုပ်ငန်းရှင်တွေကြားမှာ မျက်နှာမငယ်ရမှာမဟုတ်လားရှင်။
အခု ပန်းသွေးတစ်ယောက် တကယ့်ကိုးရီးယားမင်းသမီးလေးတစ်ယောက်လိုကြိုးစား နေပါပြီ။
စိတ်ကူးကို လက်တွေ့နဲ့အကောင်အထည်ဖော်နိုင်ကြပါစေ
ကိုယ်တိုင်ရေးသားသောဝတ္ထုတို
နန်းတော်ရာသူ