“ဗျို့....အိမ်ရှင်တို့...အိမ်ရှင်တို့”
“ဘီဒူလဲ...ဘာကိတ်ဇလဲ”
အိမ်ရှေ့မှ ခေါ်သံနှင့်အတူ အိမ်ထဲမှ အာလေးလျှာလေးဖြင့် ထူးသံကို ဆက်တိုက်ကြားလိုက်ရသည်။
“ကျွန်တော်...မောင်ကံကောင်းပါ”
“ဘယ်က ကံကောင်းလဲကွ...စိတ်ညစ်လို့ အရက်သောက်နေရတဲ့အထဲ...ဘာလာရှုပ်တာလဲကွ”
“အန်ကယ်ကလည်း ကံကောင်းလာရင် အဆင်ပြေစေရမယ်”
“မင်းကလည်းကွာ...ငါ့မှာ စိတ်ဆင်းရဲစရာတွေများလွန်းလို့ ကိုယ့်ကိုယ်ကို သတ်သေချင်နေတာ”
“ကဲ...အန်ကယ်ဖြစ်နေတာတွေကို ပြောစမ်းပါဦး”
“ဒီလိုကွာ...ငါက အလုပ်ခွင်မှာ အထက်လူကြီးက အထင်လွဲ အမြင်လွဲခံရပြီး စိတ်ဆင်းရဲစရာတွေ များနေတယ်။ နောက်ငါ့မိန်းမကလည်း အသက်ကြီးလာတော့ ကျန်းမာရေးက မကောင်းတော့ ဆေးရုံ၊ ဆေးခန်း မပြတ်သွားနေရတယ်။ အခုလည်း အိပ်ယာထဲလဲနေတယ်။ သားသမီးတွေကလည်း ပညာ တစ်ပိုင်းတစ်စနဲ့ တေပေလေလွင့်နေတယ်။ အခု ငွေရေးကြေးရေးပြဿနာတွေကလည်း စုပြုံပြီးရောက် လာတော့ လူ့လောကကြီးထဲမှာ နေရတာစိတ်ပျက်လာတယ်။ ဒါ့ကြောင့် စိတ်ပြေ လက်ပျောက်ဆိုပြီး အရက်မသောက်တတ်ပေမယ့် အဖော်ရှာပြီး သောက်မိတယ်”
“သြော်...အန်ကယ်ရဲ့ဒုက္ခတွေကို ပြေပျောက်စေမယ့် နည်းလမ်းတွေရှိပါတယ်”
ကံကောင်းက လွယ်အိတ်ထဲက ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။ ထိုလူကြီးက ကံကောင်းလက်ထဲက ပစ္စည်းကို ကြည့်လိုက်သည်။ ထိုပစ္စည်းမှာ ပလပ်စတင်လောင်းထားသော ကတ်ပြားလေးတစ်ခု ဖြစ်သည်။ အောက်တွင်ဖော်ပြထားသော ပုံကလေးကို ထိုလူကြီးတွေ့လိုက်ရသည်-
“မင်းဟာက ခြေနှစ်ချောင်းနဲ့ မြွေပါလား”
“ဟုတ်တယ်...အီဂျစ်လူမျိုးတွေ ဆောင်တဲ့ လောကီ အဆောင်တစ်ခုပဲ၊ Sa-Ta Snake လို့ခေါ်တယ်။”
“ငါတောင် အမူးတွေပျောက်သွားပြီ။ ပြောပါဦး”
“အန်ကယ် ပုံကိုသေသေချာချာကြည့်စမ်းပါ။ ဘာထူးခြားလဲ”
ထိုလူကြီးက ပုံကိုသေသေချာချာကိုင်ကြည့်လိုက်သည်။
“ပန်းချီဆရာတစ်ယောက်က စိတ်ကူးနဲ့ ဆွဲထားတဲ့ပုံတစ်ပုံပါပဲ။ ထူးခြားမှု မရှိပါဘူး”
“မြွေပုံစံက မြန်မာစာလုံး “လ” နဲ့တူနေပြီး ခြေနှစ်ချောင်းကို ပေါင်းပြီးကြည့်လိုက်ရင် မြန်မာလို “လူ”ဆိုတဲံ စာလုံးဖြစ်နေတယ် မဟုတ်လားအန်ကယ်”
“ဟုတ်ပါ့ကွာ...ဒါက ဘာသဘောလဲကွ”
“ဒီလိုရှိပါတယ် အန်ကယ်....အီဂျစ်တွေက မြွေတွေကို တခြားကမ္ဘာက စေလွှတ်လိုက်တဲ့ တမန်တော်လို့ ယုံကြည့်ကြတယ်ခင်ဗျ”
“သြော်”
“အလုပ်ကိစ္စအတွက် ခရီးသွားရင်ဖြစ်ဖြစ်၊ စစ်ထွက်ရင်ဖြစ်ဖြစ် မြွေတွေ့ရင် ကံအလွန်ကောင်းတယ် လို့ ယုံကြည်ကြတယ်။ မြွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ပြီး အန္တရာယ် မပြုခဲ့ရင် သူ့ဘ၀တစ်လျှောက် အခက်အခဲ အကြပ်အတည်းတွေ တွေ့တဲ့အခါ အလိုလို ပြေလည်သွားမယ်။ ပြေလည်သွားစေမယ့် အကြောင်းတရားတွေ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ကြတယ်”
“မြန်မာတွေလည်း တစ်ချို့ အဲလိုယူဆတာပါပဲ”
“မြွေတွေ့တယ်ဆိုရင် အန္တရာယ်မပြုရဘူး။ သူ့လမ်းသူသွားပါစေဆိုပြီး မေတ္တာပို့ရမယ်။ မြွေက အန္တရာယ်ပြုလို့ အကိုက်ခံရရင် အပေါက်ခံရရင် အဲဒီမြွေကို ဖမ်းပြီးသတ်နိုင်ရမယ်။ သတ်နိုင်ရင် မြွေကိုက်ခံရတဲ့သူဟာ ကောင်းမွန်ရာကို ရောက်တယ်လို့ ယူဆကြတယ်”
“စိတ်ဝင်စားစရာပဲနော်”
“ဒီမြွေလူသားကို ဆောင်ထားတဲ့သူဟာ အခက်အခဲတွေ ပြေလည်စေတယ်။ ကျန်းမာရေးကောင်းမွန် တယ်။ အောင်မြင်မှုတွေ ဆောင်ကျဉ်းပေးမယ်။ သြဇာအာဏာ တက်မယ်ဆိုတဲ့ အယူအဆတွေ ရှိကြပြီး မိတ္တူကူးပြီးဖြစ်ဖြစ် လက်နဲ့ဆွဲပြီးဖြစ်ဖြစ်ဆောင်လေ့ရှိကြတယ်”
“ဒီပုံကို ဆောင်ထားရင် ငါ အခုတွေ့ကြုံနေရတဲ့ ပြဿနာတွေ ပြေလည်စေမယ်လို့ မင်းအာမခံလား”
“ကျွန်တော်ပြောမယ် အန်ကယ်....ပထမဆုံးလုပ်ရမှာက အရက်မသောက်ပါနဲ့။ အချိန်ရသမျှ ဆရာတော်တွေရဲ့ တရားတော်တွေကို နာယူမှတ်သားပါ။ ပြီးတော့...”
ကံကောင်းက စကားကို မဆက်သေးဘဲ ခေတ္တရပ်လိုက်သည်။
“ဆက်ပြောလေကွာ”
“အန်ကယ်...အခုလို လောကီ အဆောင်အယောင်တွေ ယုံကြည်မှုရှိရဲ့လား”
“မယုံ့တယုံပဲ”
“ယုံကြည်မှု၊ မယုံကြည်မှုထက် အန်ကယ့် စိတ်သဘောထား၊ အပြုအမူကို အရင်ပြုပြင်လိုက်ပါ။ ဒီလောကီအဆောင်ကို အန်ကယ့် ပိုက်ဆံအိတ်ထဲမှာ ဆောင်ထားပါ။ သုံးလ နေရင် ကံကောင်းပြန်လာမယ်။ ဟောဒီမှာ နောက်တစ်ပုံ ကံကောင်းလာပြီး ပေးခဲ့တယ်”
ကံကောင်းက အိတ်ထဲက ပလပ်စတစ်လောင်းထားသော ပုံကို ထုတ်ပေးပြီး ထွက်သွားသည်ကို
ငေးမောကြည့်ပြီး ကျန်ရစ်ခဲ့လေသည်။
သုံးလ လွန်မြောက်ပြီးနောက် ကံကောင်းပေါ်မလာသော်လည်း ထိုလူကြီးအိမ်တွင် စည်စည်ကားကား နှင့် ရယ်မောသံများ ဝေစည်နေသည်ကို ထူးထူးခြားခြား မြင်တွေ့ရလေသတည်း။
ကျော်သိုက်
(၁-၁၁-၂၀၁၂)နံနက်(၆)နာရီ