မယုံနိုင်အောင်ပြောင်းလဲမှုတွေကို လူတိုင်း ခံစား ရင်ဆိုင်ကြရတတ်ပါတယ်....။ ကျွန်တော်လဲ အပါအ၀င်ပေါ့...။
ရင်ဆိုင်ရတဲ့ပုံ သဏ္ဍာန်ခြင်းတော့ မတူနိုင်ပေမဲ့..... အကောင်းထက် အဆိုးတွေက ရာနှုန်းများစွာ သာလွန်နေတာကိုက အလှတရား
တစ်ခုများဖြစ်နေရော့ လားလို့.....။
အပြင်မှာ မိုးတွေရွာနေတာကို ပြတင်းပေါက် မှန်ကနေတဆင့် ငေးကြည့်နေမိတယ်..၊ ပိတ်ထားတဲ့ ပြတင်းမှန်ကို
မိုးရေစက်လေးတွေရိုက်ခတ်ပြီးလျောကျသွားတယ်၊ ချမ်းစိမ့်စိမ့် မိုးအေးအေးလေးက နာရီပေါင်းများစွာရွာချနေတယ်၊ တအိအိနဲ့ဖြည်း
ဖြည်းလေး...။ ကြည့်ကောင်းသလိုလိုနဲ့ တကယ်တော့ ကြည့်လို့မကောင်းပါလား၊ ဂျာကင်အိတ်ထဲကို လက်နှစ်ဘက်နှိုက်ထားလိုက်
မိတယ်.... အော် အခုထိတိုင်အောင် နွေးထွေးနေ ဆဲပါပဲ။
အပြာရောင် ဂျင်းဂျက်ကက်လေးတစ်ထည် သူဝယ်ပေးခဲ့ဘူးတယ်၊ ဟိုး..လွန်ခဲ့တဲ့ နှစ်များစွာက၊ ရင်ထဲမှာတော့
မနေ့ကလိုပါပဲ။ ဟောင်းသွားပေမဲ့လဲ နွေးထွေးနေတတ်တာကိုက တစ်ခါကချစ်ခြင်းရဲ့ အငွေ့အသက်လေးတွေမခမ်းခြောက်သွားသေး
တာပဲဖြစ်မှာပါ...။
ကျောင်းဖွင့်ရက်တစ်ရက်မှာ ကျောင်းပရ၀ုဏ်ကြီးတစ်ခုလုံးလဲ ကျောင်းသားတွေ ကိုယ်စီနဲ့လှုပ်လှုပ်ရွရွ၊လှလှပပ
ကျွန်တော်ကတက္ကသိုလ်စာကြည့်တိုက်ဘက်ကို တစ်ယောက်ထဲထွက်လာတော့ မျက်မှန်းတန်းမိနေတဲ့သူနဲ့ဆုံတွေ့ခဲ့တာပါ၊သူကချမ်း
သာကြွယ်ဝတဲ့ အရာရှိကြီးတစ်ဦးရဲ့သမီးလေ။ အာလုံးမျှော်ကြည့်နေတဲ့ လမင်းလေးပေါ့။ စာကြည့်တိုက် အ၀င်မှာလည်း နှစ်ယောက်
ယောက် ဆုံကြတယ်၊ ပြီးတော့ စာအုပ်ရှာကြတော့လဲ အတူတူ.... စာအုပ်လေးနံမယ်က ယောနသန်ဇင်ယော် ( Jonathan Living
stone Seagull )တဲ့၊ ဇင်ယော်ငှက်ကလေးတစ်ကောင် ရောက်ရာဘ၀မှာကျေနပ်မနေဘဲနဲ့ အဆုံးမရှိတဲ့မိုးကောင်းကင်ကြီးရဲ့ အပေါ်
ရောက်အောင်ကြိုးစားလေ့ကျင့်ပျံသန်းရင်းနဲ့ လင်းလက်တဲ့ ရောင်ခြည်တွေရှိတဲ့နေရာလေးကို အရောက်ပျံသန်းနိုင်ခဲ့တဲ့ အကြောင်း
ရေးဖွဲ့ထားတဲ့စာအုပ်လေးပါ၊ငယ်ရွယ်သူတွေအတွက်ကြိုးစားချင်စိတ်နဲ့ အခက်အခဲတွေကိုကြုံတွေ့နိုင်တာလေးတွေကိုရေးဖွဲ့ထားတာ၊
ထူးခြားမလာတဲ့ပုံစံအဟောင်းကြီးထဲကနေ ကြိုးစားရုန်းထွက်ပုံတွေကိုအသေးစိတ်ကိုဖတ်ချင်စဖွယ်ရေးဖွဲ့ထားခဲ့တာလေ၊သူ့ကိုပဲပေး
လိုက်ပါတယ်၊ တကယ်တော့ဒီစာအုပ်လေးထဲက ဇာတ်လိုက်ယောနသန်ဇင်ယော်လေးက ကျွန်တော့်အတွက်အိပ်ယာဝင်ပုံပြင်ထဲက
သူရဲကောင်းတစ်ဦးလိုပါပဲ....။ ကျွန်တော့်ရဲ့ အတွေးထဲမှာ ယောနသန်လေးကို အမြဲ အတုယူနေခဲ့တာပါ။
အဲဒီကနေစလို့ သူနဲ့ ကျွန်တော်ခင်မင်ခဲ့ကြတယ်၊ နောက်တော့.. ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော့်ကို သူခင်သွားတယ်၊
ကျွန်တော်ကရိုးရိုးအေးအေးနေထိုင်ခဲ့တာလေ...၊ ကိုယ့်အကြောင်းကိုယ်သိလို့ သူငယ်ချင်းတွေသိပ်မရှိခဲ့တာ၊ ရိုးရိုးကုပ်ကုပ်နေထိုင်ခဲ့
တာတွေကအေးဆေးတဲ့ကျောင်းသားတစ်ယောက်အဖြစ်အမည်တွင်စေခဲ့တယ်ထင်ပါတယ်၊အားနေရင်တော့စာလေးဖတ်၊အားကစား
လုပ်ပေါ့...။ ခင်မင်တဲ့သူငယ်ချင်းတွေလဲ အများကြီးရှိခဲ့တာပါပဲ။ ဒီလို ခင်မင်ခြင်းတွေမှာတော့ ငွေဆိုတဲ့ ပကာသနကင်းကင်းနဲ့ပါ...
ငွေကြေးနဲ့ယှဉ်လာရင်တော့ ကျွန်တော် တစ်ခါမှ မပါခဲ့ဘူးပါဘူး။
ဒီဇင်ဘာလရဲ့ နေ့တစ်နေ့ကျောင်းမှာ ဆရာကန်တော့ပွဲလုပ်တယ်၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ(ဘောလုံး
ပြိုင်ပွဲ) မှာ ဆုရခဲ့တဲ့ ကျွန်တော်တို့ ကျောင်းက အသင်းကိုလဲ ဆုချီးမြှင့်တယ်၊ ညကျတော့ ကျောင်းကတီးဝိုင်းနဲ့ဘဲ ဖျော်ဖြေတယ်။
ကျောင်းသားတိုင်းနီးပါးတက်ရောက်ကြမယ်။ ညစာစားပွဲလေးလိုပေါ့။ သူကျွန်တော့်ကိုမေးလာတယ်၊``ဘယ်အချိန်လာမှာလဲ´´တဲ့၊
ကျွန်တော်မသွားချင်ကြောင်းပြောတော့၊ ``ဘာ့ကြောင့်လဲ´´တဲ့၊ ပါးစပ်ထဲထွက်မိထွက်ရာပေါ့ ``ညဘက်ကချမ်းလို့ပါ အနွေးထည်
မရှိဘူး´´လို့ ပြန်ပြောလိုက်တယ်၊ သူက``အော်...´´ တဲ့ တစ်ခွန်းတည်းပြောပြီး ထွက်သွားတယ်။
ကျွန်တော်လဲ ညနေဘက် ချွေးထွက်လေး ဘောလုံးကစားပြီး ပြန်လာတော့ သူ အဆောင်မှာ စောင့်နေတာတွေ့ရ
တယ်။ လက်ထဲမှာလဲ ဂျင်းဂျက်ကက် အသစ်လေးတစ်ထည် ကိုင်လို့လေ.. ဂျက်ကက်လေးကို ကမ်းပေးပြီးတော့ ပြောလာတယ်၊
``ဒါဆိုသွားလို့ရပြီပေါ့... ညကျရင်ကျောင်းထဲမှာ စောင့်နေ´´တဲ့...၊ အမိန့်ပေးသလိုပြောပြီး ပြုံးစိစိနဲ့ ထွက်သွားတယ်။ ကျွန်တော်
ရေချိုးပြီးတော့ ၆နာရီလောက်မှာ ဘောင်းဘီရှည်အနက်ရောင်လေးကိုစတိုင်ကျကျဝတ်၊ ချီဂွေဗားရားပုံသေးသေးလေးပါတဲ့ တီရှပ်
အပျော့အဖြူလေးနဲ့.... အပေါ်မှာတော့ သူဝယ်ပေးထားတဲ့အပြာရောင် ဂျင်းဂျက်ကက်လေးဝတ်ပြီး ကျောင်းဝင်းထဲက ဖျော်ဖြေရေး
ကွင်းထဲကိုရောက်သွားတယ်၊
သူ့ကို မတွေ့ဘူး၊ ကျွန်တော်ဆက်ပြီး စောင့်နေတယ်၊ တီးဝိုင်းစပြီးလို့ တစ်နာရီလောက်ကြာတဲ့ အချိန်အထိမတွေ့
ဘူး သီချင်းလဲ လေးငါးပုဒ်လောက် ပြီးသွားပြီ၊ တီးဝိုင်းထောင့်လေးမှာ စောင့်ရတဲ့ အချိန်တွေကလည်း ကြာလွန်းလိုက်တာ၊ သူ့ကို
ဘာကြောင့် စောင့်နေမိမှန်းလည်းမသိခဲ့ပါဘူး... စောင့်နေရတာကိုပဲ နွေးထွေးတဲ့ ခံစားချက်လေးနဲ့ ကျေနပ်နေသလိုလိုပါ။ ခပ်ဝေး
ဝေးကနေ မသဲမကွဲနဲ့ စတိတ်ခုံကို လှမ်းကြည့်ရင်း နားထောင်ကြည့် လိုက်တော့ မေဆွိရဲ့ ရွှေရောင်အိပ်မက် သီချင်းလေး ဆိုနေတာ
ကို ကြားနေရတယ်၊ သီချင်းဆိုတဲ့ ကောင်မလေးကတော့ အနီရောင် ရဲရဲလေး ၀တ်ထားတာကို မြင်နေရတယ်လေ ဂါဝန်လေးနဲ့တူပါ
တယ်။ ဒီသီချင်းလေးကိုပဲ ဆက်ပြီး နားထောင်နေမိတယ်...၊ `` ရွှေရောင်အိပ်မက်´´ တဲ့။
သီချင်းလေးပြီး သွားတော့လဲ ဒီအတိုင်း ဆက်ပြီး စဉ်းစားနေမိတယ်။ သီချင်းလေးကောင်းလို့ပါ... ဆိုဟန်ရော
သံစဉ်ပါ အဆင့်မြင့်မြင့် ခံစားချက်အပြည့်နဲ့ သီဆိုသွားတာပဲ...။ စူးရှတဲ့ အသံလေးမှာ အေးချမ်းခြင်း အရိပ်လေးတွေကို ကိုယ်တိုင်
ခံစားမိခဲ့ပါတယ်။
အတွေးတွေလွန်နေတုန်းပုခုံးကို လာကိုင်လိုက်တော့ ဆပ်ခနဲ လှည့်ကြည့်မိတယ်၊ ကျွန်တော် တော်တော်အံ့သြ
သွားမိတယ်၊ သူပါပဲ... .ရွှေရောင်အိပ်မက်သီချင်းဆိုသွားတာ သူဘဲလေ... အနီရောင်ဂါဝန်ရဲရဲလေးနဲ့ပေါ့....
``သီချင်းလေးကောင်းလား´´တဲ့ ကျွန်တော်ပြုံးပြီးခေါင်းညိတ်ပြလိုက်မိတယ်။
နောက်တော့ ကျွန်တော်တို့ စားပွဲတစ်လုံးမှာ ထိုင်ပြီး အအေးသောက်ဖြစ်တယ်၊ သူ့သူငယ်ချင်း (၃)ယောက်လဲ
အတူပါလာတယ်၊ ကျွန်တော်ကတော့ တစ်ယောက်ထဲပေါ့...၊ နောက်သူကမိတ်ဆက်ပေးတယ်...။
`` ဒါ ဒို့အသိ´´တဲ့၊ ကျွန်တော်လဲ အားလုံးကို ခေါင်းညိတ်ပြလိုက်တယ်၊ သူ့ သူငယ်ချင်းတွေကတော့ ရယ်ရင်းနဲ့
``စိတ်ချပါ မေရယ်´´တဲ့၊ ပြုံးစိစိနဲ့ပေါ့..၊ ပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူ ရယ်လိုက်
ကြတယ်....။ ကျွန်တော် ရှက်ပြီးပြုံးနေသေးတာရယ်၊ ကျေနပ်နေတာရယ်ကတော့ အေးမြခြင်းလက်ဆောင်တွေ ဖြစ်ခဲ့တယ်ဆို
တာကိုကျွန်တော်ဘဲ သိတာပါ...။
ဒီလိုနဲ့ အဲဒီညက ကျွန်တော် ဂျင်းဂျက်ကက်လေးနဲ့ နွေးခဲ့ရတယ်ဆိုပါတော့....။ နောက်တော့ သိပ်မကြာခင် သူ့
အိမ်က သူ့ကို ကျွန်တော်နဲ့ အဝေးဆုံးကို ခေါ်ဆောင်သွားတယ်၊ လူချင်းမတွေ့ရပေမဲ့ တစ်နေ့မှာပါဆယ်ထုပ်လေး ရောက်လာတယ်၊
ယောနသန်ဇင်ယော် ( Jonathan Livingstone Seagull ) စာအုပ်လေးကို ပါဆယ်ထုပ်ထားတာလေ``ဇင်ယော်လေးလိုပျံသန်းပါ´´
တဲ့.. ရွှေရောင် ကောင်းကင်ကြီးအဖြစ်နဲ့ စောင့်မျှော်နေမယ်တဲ့...။
ကျွန်တော့် အတွက်ကတော့.. သူ့နဲ့ ဆုံတွေ့ခြင်းတွေအတွက် အမှတ်တရအဖြစ် ယောနသန်ဇင်ယော်( Jonathan
Livingstone Seagull )ဆိုတဲ့ စာအုပ်လေး တစ်အုပ်ရယ်၊ ဂျင်း ဂျက်ကက်လေးတစ်ထည်ရယ်၊ ရွှေရောင်အိပ်မက်သီချင်းရယ်၊ အနီ
ရောင် အေးမြခြင်းလက်ဆောင်လေးရယ်သာ ကျန်ရစ်ခဲ့တယ်လေ....။
အခု ကျွန်တော် လူ့လောက ကောင်းကင်ကြီးထဲမှာ ကောင်းမွန်စွာပျံသန်းနေပါပြီ...။ ဆင်းရဲ ပင်ပန်းခြင်းဆိုတဲ့ တိမ်
တိုက်တွေကြားထဲမှာလဲ ရွှေရောင် အလင်းတန်းတွေကိုလည်း ရှာဖွေနေခဲ့ပါပြီ၊ တစ်နေ့တော့ တွေ့ရမှာပေါ့နော်၊ ကောင်းကင်ကြီးက
ကျွန်တော့်ကို ကြည့်နေမယ်ထင်တယ်နော်..။ တကယ်တော့ သူကကျွန်တော့်ရဲ့ရွှေရောင်အလင်းတန်းတွေ ဖြာကျနေတဲ့ ကောင်းကင်
ကြီးပဲပေါ့...။
အိပ်မက်တွေလဲမက်ဦးမယ်....။ အနီရောင်နှင်းတောကြီးမှာလေ.... ယောနသန်ဇင်ယော်လေးလိုလည်း ပျံသန်း
ဦးမယ် အမြဲတမ်းနွေးထွေးနေစေမဲ့ အပြာရောင်ဂျင်းဂျက်ကက်လေးကို ၀တ်ဆင်ထားရင်းနဲ့ပေါ့....။
အပြင်မှာမိုးတွေရွာနေတာကို ပြတင်းပေါက်မှန်ကနေတဆင့် ငေးကြည့်နေမိတယ်၊ ပိတ်ထားတဲ့ ပြတင်းမှန်ကိုမိုး
ရေစက်လေးတွေရိုက် ခတ်ပြီး လျောကျသွားတယ်၊ ချမ်းစိမ့်စိမ့် မိုးအေးအေးလေးက နာရီပေါင်းများစွာ ရွာချနေတယ်၊ တအိအိနဲ့
ဖြည်းဖြည်းလေး...။ ကြည့်ကောင်းသလိုလိုနဲ့ တကယ်တော့ ကြည့်လို့မကောင်းပါလား၊ ဂျာကင် အိတ်ထဲကို လက်နှစ်ဘက်နှိုက်
ထားလိုက်မိတယ်။ အော်... အခုချိန်ထိတိုင်အောင် နွေးထွေးနေဆဲပါပဲ။ ဖြတ်ကနဲလက်သွားတဲ့ လျှပ်စီးကို မြင်လိုက်ရတယ်။
ရွှေရောင်ကောင်းကင်ကြီးထဲမှာလေ... ဒါပေမဲ့ခဏလေးပေါ့....။
မိုးရေစက်တွေထဲကို ကြည့်နေရင်းနဲ့ ရဲသွင်ရဲ့ သီချင်းသံလေးကိုလည်း ကြားနေရတယ်.... `` အပြာရောင်ဂျင်း
ဂျက်ကက်လေး ချစ်သူလက်ဆောင်ဝယ်ပေး. ကြင်နာခြင်း နွေးထွေးခြင်း အဓိပ္ပါယ်လား...´´တဲ့၊ မိုးရေစက်လေးတွေကို ကြည့်
နေရင်းနဲ့ အပြုံးလေးတစ်ခုတွေ့လိုက်ရတယ်.. ။ တကယ်တော့ ပြတင်းပေါက်မှန်ကတဆင့် ပြန်မြင်လိုက်ရတဲ့ ကျွန်တော့်ရဲ့ အပြုံး
လးပဲလေ...။ ဒီ အပြုံးလေးရဲ့ပိုင်ရှင်... ကျွန်တော်ကိုယ်တိုင်ကကြည်နူးနေတယ် ထင်ပါတယ်...။ ချစ်ရတဲ့သူကို သတိရနေမိခြင်း
ကြောင့်ပေါ့....။