“ဖိုးကျော်”
“ဟုတ်ကဲ့ဆရာ”
ဖိုးကျော်က စာရင်းရေးသွင်းနေရာမှ အလုပ်ရှင်ထံကို သွားလိုက်သည်။ အလုပ်ရှင်က ဧည့်သည် အမျိုးသမီးနှင့် စကားပြောနေပြီး စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်ရေးထိုးလိုက်သည်။
“အခန်းထဲက ခရီးဆောင်အိပ်ထဲမှာ တံဆိပ်တုံးရှိတယ်။ သွားယူပေးစမ်းပါ”
ဖိုးကျော်က အတွင်းခန်းထဲသို့ ၀င်သွားပြီး ခရီးဆောင်အိပ်ကို ရှာသည်။ အနက်ရောင် ခရီးဆောင် အိပ်ကို တွေ့သဖြင့် ဇစ်ဆွဲဖွင့်လိုက်သည်။ စာရွက်စာတမ်းများကို တွေ့ရသည်။ အသာအယာ မွှေနှောက်ရှာဖွေလိုက်သည်။ ရွှေရောင်တ၀င်းဝင်းနှင့် ရွှေလက်စွပ် နှစ်ကွင်းကို တွေ့လိုက်ရသည်။ တန်ဖိုးကို ခန့်မှန်း၍မရ။ ရွှေဆိုတာ ဘာမှန်းမသိတဲ့သူ ဖြစ်လို့ပါ။ ဆက်ပြီး ရှာတော့ အလုပ်ရှင်၏ ရာဘာတံဆိပ်တုံးကို တွေ့သဖြင့် ကောက်ယူခဲ့သည်။
“ဒီမှာဆရာ”
အလုပ်ရှင်က ရာဘာတံဆိပ်တုံးကို ယူပြီး စာရွက်ပေါ်တွင် ရိုက်နှိပ်ပေးလိုက်သည်။ ပြီးနောက် ထိုစာရွက်ကို အမျိုးသမီးကို ပေးလိုက်သည်။ အမျိုးသမီးက ကျေးဇူးတင်ကြောင်း ပြောပြီးနောက် ထွက်သွားလေသည်။
ဖိုးကျော်က သူလုပ်ရမည့် စာရင်းများကို ရေးသွင်းနေသည်။ လုပ်ငန်းများကို အမှားအယွင်း မရှိစေရန် ဂရုတစိုက် ဆောင်ရွက်ပေးသည်။ အလုပ်တစ်ခုကို အစအဆုံးလုပ်တတ်ခြင်း၊ သေသေသပ်သပ် လုပ်တတ်ခြင်း၊ ဇွဲကောင်းခြင်း နှင့် ဖင်မြဲခြင်းတို့ကြောင့် အလုပ်ရှင်က နှစ်သက်သဘောကျသည်။ ထို့ကြောင့် ဖိုးကျော်က အလုပ်ရှင်က ထိုက်တန်သော လုပ်ခလစာကို ပေးခဲ့သည်။
xxxxx
ညနေပိုင်းတွင် ဖိုးကျော် ခေတ္တ ထိုင်ပြီး အနားယူနေစဉ်...
“ငါ့ လက်စွပ် နှစ် ကွင်းပျောက်သွားတယ်”
အလုပ်ရှင်၏ အသံကိုကြားလိုက်ရသည်။ ဖိုးကျော် ရင်ခုန်သွားသည်။ မနက်က အလုပ်ရှင်၏ ခရီးဆောင်အိပ်ထဲမှာ တွေ့ခဲ့ရသည်ကို ပြန်ပြီး အမှတ်ရလိုက်သည်။
“မောင်နိုင်တို့ကို ရှာခိုင်းတာလည်း မတွေ့ဘူး။ မနက်က ဂေါက်ရိုက်သွားခါနီး အခန်းထဲမှာ ထားခဲ့တာပဲ အခန်းကိုလဲ သော့ခတ်ထားခဲ့တာပဲ။ ဘယ်လိုကြောင့် ပျောက်သွားရတာလဲ”
အလုပ်ရှင်က ပွစိပွစိနှင့်ပြောပြီးနောက် ဖိုးကျော်ကို တစ်ချက်လှမ်းကြည့်သည်။ ထိုအကြည့်သည် မယုံသင်္ကာမှုများပါနေသည်ကို တွေ့ရသည်။ ဖိုးကျော်ကို ဘာမှ မမေး။ ဖိုးကျော်က အလုပ်ရှင်၏အနား ကို ထသွားသည်။
“ဆရာ”
“ဘာလဲကွ...မနက်က အခန်းထဲကို မင်းသွားသေးတယ်လေ။ မင်းယူထားသလား။ ဒီလက်စွပ် တစ်ကွင်းကို ဆယ်သိန်းတန်တယ်”
“အဲဒါ ပြောမလို့ပါဆရာ။ ဒီလက်စွပ် ဘယ်လောက်တန်မှန်း ကျွန်တော် မသိပါဘူးဆရာ။ ဒါပေမယ့် ဆရာ့လက်စွပ်ကျွန်တော်တွေ့တယ်”
“ပြောကွာ...မြန်မြန်ပြော”
“ဆရာက ကျွန်တော့်ကို မနက်က တံဆိပ်တုံးသွားယူခိုင်းတော့ ဆရာ့ ခရီးဆောင်အိပ်အနက်ထဲမှာ ဆရာ့ လက်စွပ်နှစ်ကွင်းကို တွေ့ခဲ့တယ် ဆရာ”
“မောင်နိုင်...အထဲက အိပ်အနက်သွားယူကွာ”
မောင်နိုင်က အခန်းထဲက အိပ်အနက်ကို သွားယူလာသည်။ အလုပ်ရှင်က အိပ်ထဲက ပစ္စည်းတွေ အားလုံးကို စားပွဲပေါ်ကို သွန်ချလိုက်သည်။ စာရွက်စာတမ်းများနှင့် ပစ္စည်းပစ္စယများ စားပွဲပေါ် ပြန့်ကျဲ သွားသည်။ အလုပ်ရှင်က ကမန်းကတန်း မွှေနှောက်ရှာဖွေလိုက်သည်။
လက်စွပ် နှစ်ကွင်းကို တွေ့သွားပါသည်။ အလုပ်ရှင်၏ မျက်နှာသည် ကြည်လင်လန်းဆန်းသွားပါသည်။ လက်စွပ်ကို လက်တွင် ပြန်စွပ်ပြီးနောက်...
“မနက်က ဂေါက်ရိုက်သွားခါနီး ချွတ်ထားခဲ့တာ မင်း တွေ့လို့တော်သေးတယ်”
အလုပ်ရှင်က ထိုမျှသာပြောပြီး အပြင်ကိုထွက်ခွါသွားလေသည်။ သူ့ကို ကြည့်ရသည်မှာ ဘာမှ မဖြစ်ခဲ့သလို ရှိသော်လည်း ဖိုးကျော်၏ ရင်ထဲတွင်တော့ အမည်မသိသော ဝေဒနာတစ်ခုကို ခံစားလိုက် ရပါသည်။
အကယ်၍သာ လက်စွပ် နှစ်ကွင်းကိုသာ ပြန်မတွေ့ပါက ဖိုးကျော်အပေါ် အထင်အမြင်လွဲမှားပြီး အလုပ်ပြုတ်ရုံမက ရဲစခန်းရောက်ကာ အမှုရင်ဆိုင်ရဖွယ်ရှိချေသည်။
အဆိုးဆုံး အခြေအနေ မဖြစ်ပေါ်ရသည့် အကြောင်းကို သုံးသပ်မိသော် ဖိုးကျော်သည် အိပ်ယာမ၀င်ခင် ဘုရားရှိခိုးပါသည်။ ရတနာသုံးပါးကို ပူဇော်ကန်တော့ပါသည်။ လူအများအပေါ် စိတ်ကောင်း၊ စေတနာ ကောင်းထားရှိပါသည်။
ဤ အဖြစ်အပျက် တွေ့ကြုံပြီးနောက် ရတနာသုံးပါး၏ ဂုဏ်ကျေးဇူးကို အထူး အောက်မေ့ ဆင်ခြင်မိ ပါတော့သည်။
(ကိုယ်တွေ့ဖြစ်ရပ်မှန်ဖြစ်ပါသည်။)
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ....
(ကျော်သိုက်)
(၁၆-၁၁-၂၀၁၂)(၁၇း၃၀)နာရီ