ဆရာဇော်ဂျီ( ခေါ်)ဆရာကြီး ဦးသိန်းဟန် အား ၁၉၀၇ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် အဖဦးယော အမိ
ဒေါ်စိန်ညွန့်တို့မှ ဧရာဝတီတိုင်း ဖျာပုံ မြို့နယ် မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၉ ဦးအနက် အကြီးဆုံး ဖြစ်ပါသည်။
ငယ်စဉ်က ဘုန်းတော်ကြီးကျောင်း၊ တိုင်းရင်းမြန်မာကျောင်း၊ အင်္ဂလိပ်မြန်မာ အစိုးရ ကျောင်းများတွင်
အခြေခံပညာ သင်ယူခဲ့ပါသည်။ သတ္တမတန်း အရောက် ၁၉၂၀ ပြည့်နှစ် ပထမ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့ပါသည်။
ကျောင်းသပိတ်ကြီး ပြီးဆုံးချိန်တွင် ပေါ်ပေါက်ခဲ့တဲ့ ဖျာပုံ အမျိုးသား ကျောင်းတွင်ဆက်လက် ပညာသင်ကြားခဲ့ပါသည်။
ထို့နောက် ရန်ကုန်မြို့မအမျိုးသားကျောင်း (ယနေ့ ဒဂုံအထက-၂)တွင် ၁၁တန်း အောင်မြင်ကာ ၁၉၃၀
ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီးနောက်၁၉၃၁မှ၁၉၃၄ အထိမြို့မအမျိုးသားကျောင်းတွင် ကျောင်းဆရာအဖြစ်
တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၃၁ တွင် ဖျာပုံမြို့နယ်မှ ထုတ်ဝေသော ``မြန်မာ့ အာဇာနည်´´ ဂျာနယ်တွင် အယ်ဒီတာ
အဖွဲ့ဝင်အဖြစ် ဆောင်ရွက်မှုမှအစပြုကာ စာပေနယ်သို့စတင် ၀င်ရောက်ခဲ့ပါသည်။ YMBA အသင်းကြီး၏ ဟောပြောပွဲတွင်
`` Eighteenth Century Poets in Burma´´ အင်္ဂလိပ်စာတမ်းအားတင်သွင်း ဖတ်ကြားခဲ့ပြီး ယင်းစာတမ်းအား ရန်ကုန်
တိုင်းမ် အင်္ဂလိပ်ဘာသာ သတင်းစာတွင်ဖော်ပြခဲ့ရာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခရုခ် က အလွန် နှစ်သက်သဖြင့်
ဆရာဇော်ဂျီ အား မဟာဝိဇ္ဇာတန်း တက်ရန် တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုတိုက်တွန်းချက်ကြောင့် မြို့မကျောင်း၏ကျောင်းဆရာအဖြစ်မှထွက်ကာ ရန်ကုန်တက္ကသိုလ်တွင်ပညာ
သင်ကြားခဲ့ရာ ၁၉၃၆ မှာ မဟာဝိဇ္ဇာ ဘွဲ့ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ၁၉၃၈နှစ်၌ မန္တလေး ဥပစာကောလိပ်တွင် မြန်မာစာ
နည်းပြ ဆရာအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၀တွင် အင်္ဂလန်နိုင်ငံ ဒဗ္ဗလင်တက္ကသိုလ်မှ စာကြည့်တိုက် ဒီပလိုမာ
ဘွဲ့လက်မှတ်အား ရရှိခဲ့ပါသည်။
၁၉၄၁ခုနှစ် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှူးတာဝန်ထမ်းဆောင်လျှက်ရှိစဉ် မြို့မ အမျိုးသားကျောင်း
မှ ဆရာမ ဒေါ်စောရင်နှင့် အိမ်ထောင်ပြုခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်ဂျပန်ခေတ်နှင့် ၁၉၄၆ခုနှစ်လွတ်လပ်ရေးမရမီ စစ်ပြီးကာလများအထိ ရန်ကုန်တက္ကသိုလ်
စာပေနှင့် စာကြည့်တိုက်ဌာနတွင် အဆင့်မြင့် တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။ ၁၉၄၇-၄၈ ခုနှစ် များတွင် တိုင်းပြုပြည်ပြု
လွှတ်တော်ရုံး၊ ရွေးကောက်ပွဲ ကော်မရှင် အထူးအရာ ရှိ၊ အခြေခံဥပဒေ အချောကိုင်ကော်မတီတို့တွင် တာဝန်များထမ်းဆောင်
ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဖဆပလအဖွဲ့ချုပ်ကြီး၏ တန်းဖိုးထားအသိအမှတ်ပြူမှုကို
ရရှိခဲ့ပါသည်။
၁၉၄၈ခုနှစ်တွင် အာဏာရဖဆပလအစိုးရက`` ၀ဏ္ဏကျော်ထင်´´ ဘွဲ့အားအပ်နှင်းခဲ့ပါသည်။ ၁၉၅၁ခုနှစ်
မှ ၅၇ခုနှစ်အထိ ကျောင်းသုံးစာအုပ်ပြုစုရေးကော်မတီတွင်ညွှန်ကြားရေးဝန်နှင့် ၁၉၅၉ခုနှစ် မြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ
တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။
၁၉၆၁ခုနှစ်တွင် အာဏာရ ပထစ အစိုးရက `` သီရိပျံချီ´´ဘွဲ့ အပ်နှင်းခဲ့ပါသည်။ ၁၉၆၅ မှ ၁၉၇၅ အထိ
ပညာရပ်ဆိုင်ရာ ဝေါဟာရ ကော်မတီ ဥက္ကဋ္ဌနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၁၉၆၇ခုနှစ်တွင် တက္ကသိုလ်များစာကြည့်တိုက်မှူးအဖြစ်မှအငြိမ်းစားယူကာမြန်မာနိုင်ငံသုတေသနအသင်းမှာ ဥက္ကဋ္ဌတာဝန်များ
ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ``သခင်ကိုယ်တော်မှိုင်း ဋီကာ´´ စာအုပ်ဖြင့် ၁၉၅၅ ခုနှစ်တွင် စာပေဗိမာန်စာပဒေသာဆု၊
``နင်လားဟဲ့ ချစ်ဒုက္ခနှင့်အခြားဝတ္တုတိုများ´´ စာအုပ်ဖြင့် ၁၉၇၉ ခုနှစ်တွင် ဘာသာပြန်အမျိုးသားစာပေဆု၊ ``ရှေးခေတ်ပုဂံ
ကဗျာများနှင့် အခြားကဗျာများ´´ စာအုပ်ဖြင့် အမျိုးသားကဗျာဆုတို့ကို ရရှိခဲ့ပါတယ်။ ဆရာဇော်ဂျီသည် အသက်၈၃နှစ်အရွယ်
၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။
ပျူနိုင်ငံ ဘလော့မှ မှီငြမ်းကူးယူဖော်ပြပါသည်။
ဆရာဇော်ဂျီသည် တိုင်းချစ်ပြည်ချစ်စိတ်ရှင်သန်နေပုံအား ``သင်သေသွားသော် သင်ဖွားသောမြေ၊သင်တို့
ပြည်သည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏´´ ဟူသော ကဗျာလေးဖြင့် လည်းကောင်း...၊ ``ထိန်လိုက်တဲ့ အိုးစည် ပီကလည်း
ပီသနဲ့ သီသူက သီကြ၊ ကသူက ကလာ၊ နွားကြီးလည်း ပါသဟေ့၊ ကျောပေါ်မှာ ကော်ဇော၊ အမွှေးရော သနပ်ခါး၊ ချိုဖျားမှာ
ပိတောက်ပန်းတွေက တလျှမ်းလျှမ်း ရွှေအဆင်း နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ ရွှင်လိုက်မည့် ဖြစ်ခြင်း...´´ စသည့် နွေဦးကျက်
သရေ ဟူသော ရိုးရာ ယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးစိတ်ကို ပီပြင်ဖော်ကျူးထားသော ကဗျာလေးဖြင့်လည်းကောင်း....၊ အားလုံး
သိပြီး ဖြစ်သည့် မရိုးမအီနိုင်သော စိတ်ဓါတ်မြှင့်တင်မှုနှင့်သဘာဝသရုပ်ကိုပီပြင်စွာဖော်ကျူးထားသော``ဗေဒါလမ်း´´ ကဗျာရှည်
ကြီးအားလည်းကောင်း...၊
မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမ တွင်
ပျံကြ ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်း သို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနဲ ခံခက်
မျက်စီ မျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။
ဟူသော.....
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်တွင် စပ်ဆိုခဲ့သော ``ပြောလိုက် ပါဘိ၊ ဟောပါဘိ´´ ကဗျာမှ ``ငါ့ညီ
ပြောင်ဝင်းသို့ ´´ကဗျာအားလည်းကောင်း၊ အခြား အခြားသော မြန်မာ့စာပေသမိုင်းတွင် တိုင်းပြုပြည်ပြု တန်ဘိုးမဖြတ်နိုင်သည့်
စာများ ကဗျာများအားလည်းကောင်းရေးသားခဲ့သည့် အပြင်.... ခေတ်မီလှပ ရှင်သန်လျှက်ရှိသော အောက်ပါ `` ထလော့မြန်မာ
ထလော့´´ ဟူသော ကဗျာလေးအားလည်း ရေးသားခဲ့ပါသည်-
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ၀မ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေ၀ယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့.......။
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍ တ၀မ်းတစိတ် ညီစေသတည်း။
ဤ`` ထလော့မြန်မာ ထလော့´´ ကဗျာလေးသည် ယနေ့ခေတ်အချိန်အခါတွင် ခေတ်မီစွာတစ်ဖန်ပြန်လည်
နိုးထလာခဲ့ပြီဖြစ်ပါသည်....။ ကဗျာလေးအား သေချာစွာ တစ်ကြိမ် ဖတ်တိုင်း... ဆရာ၏ စူးရှသော အမြင်များကို တစ်ကြိမ် ခံစား
တွေ့မြင်ခဲ့ရပါသည်။ တစ်ခါစဉ်းစားတိုင်းလည်း တစ်ကြိမ် ဆရာ၏ အမြော်အမြင် ကြီးမားမှုများကို တွေ့မြင်ခဲ့ရပါသည်။
ဆရာ၏ တိုင်းသူပြည်သားများ၊ သားသမီး မြေးမြစ်များအပေါ်တွင် တွေ့မြင်ခဲ့သော အသိတရား... ဖြစ်လာ
နိုင်သော အမြင်နှင့် ကိုယ့်တာဝန်ကိုယ်ကျေပွန်၍ စည်းလုံးညီညွတ်စွာ ကြိုးစားကြစေလိုသောစေတနာအား လေးစားဂုဏ်ပြုလျှက်
ဤဆောင်းပါးလေးဖြင့် ဥာဏ်မှသမျှ ဦးညွတ် ဂုဏ်ပြုအပ်ပါကြောင်းခင်ဗျာ....
(ကွန်ဆူးမား)(၁၉-၁၁-၂၀၁၂)