ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းစဉ် သုံးမျိုးရှိပါတယ်။ သူငယ်ချင်းတို့ အားလုံး သိကြပြီးသားလို့ ယုံကြည်ပါတယ်။ အဲဒါတွေကတော့ သီလ - ဆိုတဲ့ ကိုယ်ကျင့်တရားရယ်, ဒါန - ဆိုတဲ့ ပေးကမ်းစွန့်လွှတ် ကူညီမှု့တရားရယ်, ဘာဝနာဆိုတဲ့ စိတ်ကို ထိန်းချုပ်မှု့သမာဓိနဲ့ လောကသဘာဝအဖြစ်အပျက်တွေကို မြင်အောင်ကြည့်တတ်မှု့ ၀ိပဿနာတရားရယ်ပါပဲ။ ကိုယ်နဲ့ အလုပ်သင့်တာ မပြုသင့်တာ မပြုမိအောင်, နှုတ်နဲ့ မပြောမိတာ မပြောမိအောင် မဆိုမိအောင် သီလဆိုတဲ့တရားနဲ့ ထိန်းချုပ်ရပါတယ်။ ကိုယ်ရှာလို့ လုပ်လို့ရထားတဲ့ ပစ္စည်းဥစ္စာတွေကို သေလို့ရှိရင် ယူမသွားနိုင်ပါဘူး။ ယူသွားနိုင်တာက ကုသိုလ်တရားပါ။ အဲဒီကုသိုလ်တရားတွေထဲက တစ်ခုဖြစ်တဲ့ ဒါန။ ပစ္စည်းဥစ္စာကို ဒါနကုသိုလ်အဖြစ်နဲ့ လဲလှယ်ပြီး ယူသွားနိုင်ဘို့ အလှူတွေ ကူညီမှု့တွေ လုပ်ကြရပါမယ်။ ပြီးတော့ စိတ်နဲ့ သိနိုင်တဲ့အရာ ရနိုင်တဲ့တရားထူးတွေကို ခံစားရဘို့ သိရှိနိုင်ဘို့ ဘာဝနာအလုပ်ကိုလည်း လုပ်ရပါမယ်။ စိတ်ထားဖြူစင်မှ စိတ်ဓာတ်ကအပြစ်ကင်းနေမှ ကြောင့်ကြစိတ် ပူပန်စိတ် ကင်းနေမှ တရားအားထုပ်လို့ အဆင်ပြေပါတယ်။ ကြောင့်ကြမှု့ ပူပန်မှု့တွေဟာ တရားအားထုတ်တဲ့ လုပ်ငန်းကို အနှောက်အယှက်ပေးနိုင်ပါတယ်။ အဲဒီလို ကြောင့်ကြ ပူပန်မှု့ဆိုတာတွေက ကိုယ်နဲ့အလုပ်သင့်တာ လုပ်ထားခြင်း နှုတ်နဲ့မပြောသင့်တာ ပြောထားခြင်းတို့ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် စိတ်နဲ့အလုပ်လုပ်ရတဲ့ ဘာဝနာလုပ်ငန်းတွေ အဆင်ပြေ အောင်မြင်စေဘို့ စိတ်သန့်ရှင်း အေးချမ်းနေဘို့အထူး လိုအပ်ပါတယ်။ စိတ်သန့်ရှင်း အေးချမ်းနေဘို့အတွက် ကိုယ်နဲ့အလုပ်သင့်တာ မလုပ်မိဘို့ နှုတ်နဲ့ မပြောသင့်တာမပြောမိဘို့ လိုအပ်ပြန်ပါတယ်။ ဒီမှာ ပြောချင်တာက သီလစောင့်ထိန်းကြတဲ့အခါ သိသင့် သိထိုက်တဲ့ အချက်လေးကိုပါ။ ကျွန်တော့်အတွေး ကျွန်တော့်အသိတော့ မဟုတ်ပါဘူး။ ဆရာတော်တစ်ပါးရဲ့ သြ၀ါဒစကားလေးပါ။ ကျွန်တော်တို့ ကထိန်အတွက် လုံးပန်းကြရင်း ဆရာတော်က ပေးတဲ့ လက်ဆောင်စကားဆိုရင် ပိုမှန်လိမ့်မယ် ထင်ပါတယ်။ ဆရာတော်ရဲ့ စကားလေးကို လူနှစ်ယောက်နဲ့ ဥပမာထားပြီး ရေးသွားမယ်နော်။ ကျွန်တော် ရေးတတ်သလိုပဲ ရေးလိုက်မယ်နော်။
လူတစ်ယောက်။ သူ့အမည်က ဦးမြတဲ့။ မိုးက အရမ်းရွာနေလို့ တောကို မသွားနိုင်ဘူး။ နေ့ခင်းလောက်ဆိုရင်တော့ မိုးတိတ်လောက်ပါရဲ့။ နေ့ခင်းစာ စားပြီး ခဏလှဲအိပ်လိုက်တယ်။ မိုးလည်း ရွာနေတုန်း ဆိုတော့။ နားနား နေနေပေါ့။ သူနိုးလာတဲ့အချိန်မှာတော့ မိုးတိတ်လို့ နေရောင်ခြည်လေးတောင် လင်းလက်တောက်ပနေပါပြီ။ အချိန်ကလည်း ညနေ ၃း၀၀ လောက် ရှိနေပြီ။ ဒါနဲ့ ယူစရာရှိတာများ ယူပြီး တောကို သွားခဲ့တယ်။ လမ်းတစ်ခုမှာ မခြောက်သေးတဲ့ လမ်းနေရာ တစ်ခုရှိနေပါတယ်။ ပူနေတဲ့ နေရောင်ကြောင့် ရေခန်းသွားပေမဲ့ ကောင်းကောင်း မခြောက်သေးပါဘူး။ ဦးမြအနေနဲ့ အဲဒီနေရာလေးကို ကောင်းကောင်း ရှောင်ကွင်းပြီး သွားမယ်ဆိုရင် သွားလို့ ရပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ “ ငါ့မှာ ဖိနပ်ပါတာပဲ၊ ငါ့ကို ရွံ့မပေ မလူးလောက်ပါဘူး ” လို့ တွေးပြီး ဖြတ်သွားလိုက်တယ်။ ဖိနပ်ရဲ့ ကာကွယ်ပေးမှု့ကြောင့် ခြေထောက်ကို ကောင်းကောင်း ရွံ့မပေ မလူးပေမဲ့ ဖိနပ်ရော ပြီးတော့ ဖိနပ်က ပိုထွက်နေတဲ့ ခြေထောက်အသားတွေကိုရော ပေလူး ညစ်ပတ်သွားခဲ့ပါတယ်။ စိတ်ထဲမှာတော့ ကသိကအောက် ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဆက်သွားခဲ့တယ်။ နောက် တစ်နေရာ ရောက်တော့ မခန်းခြောက်သေးတဲ့ ရေအိုက်တစ်ခုကို တွေ့ရတယ်။ ဒီရေအိုင်ကိုလည်း သူ့အနေနဲ့ ရှောင်ကွင်းပြီး သွားမယ်ဆိုရင် သွားလို့ရပါတယ်။ ဒါပေမဲ့ သူက “ အို ငါ့ ခြေထောက်နဲ့ ငါ့ဖိနပ်မှာ ညစ်ပတ်ပေနေပြီးသားပဲ၊ မထူးပါဘူး ” လို့ တွေးပြီး ရေအိုင်ထဲက ဖြတ်သွားခဲ့တယ်။ စောစောက ဖိနပ်က ပိုနေတဲ့ ခြေထောက်အသားတွေပဲ ညစ်ပတ်ခဲ့တ။ ခုတော့ ခြေသလုံးနားအထိ ရွဲစိုညစ်ပတ်သွားခဲ့ပါပြီ။ ဦးမြအနေနဲ့ နောက်ထပ် တွေ့လာမယ့် ရေအိုင်များစွာကိုလည်း ဒီလိုပဲ တွေးပြီး မထူးဇာတ်ခင်းကာ ဆက်ပြီး ဖြတ်ကူးနေမှာ သေချာသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ညစ်ပတ်ပြီးသား မထူးတော့ဘူးလို့ မထူးဇာတ်ခင်းလိုစိတ် ရှိနေလို့ပါပဲ။ အဲဒီလို ဖြစ်သွားရတဲ့ အကြောင်းရင်းက ရွံ့ညွန်သေးသေးလေးကို အထင်သေးပြီး ဖြတ်သွားခဲ့လို့ပါပဲ။ သူ့အနေနဲ့ ရှောင်သင့်တာ ရှောင်ပြီး ကွင်းသင့်တာကို ကွင်းပြီး သွားခဲ့မယ်ဆိုရင် အညစ်ကြေး ညစ်ပေမှု့ဟာ နည်းသထက် နည်းပါလိမ့်မယ်။ အညစ်ကြေးနည်းလေလေ ပြန်လည်ဆေးကြောမှု့ လွယ်လေလေ မြန်လေလေ သက်သာလေလေ ဆိုတာကို သူ မတွေးမိခဲ့ပါဘူး။ ခုတော့ ခန္ဓာကိုယ်တစ်ဝက်နီးပါ စိုရွဲ ညစ်ပတ်နေတော့ ဆေးကြောသန့်စင်ရတာ အချိန်ကြာသွားပြီပေါ့။ တော်တော်နဲ့ မပြောင်နိုင် မစင်နိုင်တော့ဘူးလေ။
ဦးအေး။ ဒီလူက အရာရာကို လေးလေးနက်နက် တွေးတတ်သူ။ သူလည်း ဒီလိုပဲ မိုးတိတ်သွားလို့ တော်ကို သွားခဲ့တယ်။ ဦးမြဖြတ်သွားခဲ့တယ် ရွံ့ညွှန်ကို သူက ရှောင်ပြီး ကွင်းပြီး သွားခဲ့တယ်။ ဖိနပ်မှာလည်း သိပ်မပေဘူး။ ခြေထောက်အသားတွေမှာလည်း ညစ်ပေမှု့ မရှိဘူး။ နောက်ထပ် ရေအိုင်တစ်ခုတွေ့တော့ ဒီလိုပဲ။ ရှောင်ကွင်းပြီး သွားခဲ့တယ်။ ဒီမှာလည်း ဘာမှ ညစ်ပေမှု့ မရှိဘူး။ ကိုယ့်ကိုယ်ကိုလည်း စိတ်သန့်သန့်နဲ့ နေနိုင်တယ်။ ရဲရင့်မှု့ ယုံကြည်မှု့ အပြည့်ရှိတယ်။ ဦးမြကတော့ သူ့မှာ ညစ်ပတ်နေတာတွေကို တခြားတစ်ယောက်ယောက် မြင်တွေ့သွားမှာ စိုးရိမ်ပူပန်နေခဲ့ရတယ်။ မျက်နှာကလည်း မကြည်မလင်နဲ့။ မှုန်သိုးနေတာပဲ။ ဦးအေးကတော့ ဘယ်သူနဲ့တွေ့တွေ့ ပူပန်မှု့ မရှိ။ သန့်သန့်ရှင်းရှင်းနဲ့ အေးဆေးပဲ။ ကဲ သူငယ်ချင်းတို့ရေ ဒီလိုပါပဲ။ လောကကြီးမှာ သီလဆိုတဲ့အရာကို သေးတယ် ဘာမှ မဖြစ်လောက်ဘူးဆိုပြီး အတင်း ၀င်မလူးကြပါနဲ့နော်။ သေးသေးငယ်ငယ် သီလလေးတွေကစ စောင့်ထိန်းတတ်တဲ့ ရှောင်ကွင်း သွားတတ်တဲ့ အကျင့်လေးကို ကျင့်နိုင်ကြပါစေနော်။ သေးသေးငယ်ငယ် သီလလေးတွေကို ချိုးဖောက်မိရင် ကြီးကြီးကျယ်ကျယ် သီလတွေကိုလည်း မထူးဇာတ်ခင်းပြီး ဖြတ်နင်းရဲတဲ့ စိတ်တွေ ဖြစ်လာတတ်တာမို့ သတိပြုစေချင်ပါတယ်။ သီလ မကျိုးမပေါက်လေလေ လောက လူ့အလယ်မှာ ရဲရဲရင့်ရင့် နေနိုင်လေလေပါပဲ။ ကျိုးပေါက်တဲ့ သီလတွေ များလာရင် ပြန်လည်ဆေးကြောရတာ မလွယ်ပါဘူး။ ကိုယ်ဖြတ်သန်းလာတဲ့ အချိန်တိုင်းမှာ ညစ်ပတ်ပေလူးနေမယ်ဆိုရင် ပြန်ဆေးချင်စိတ်လည်း မရှိတတ်ဘူး။ သတိပြုစေချင်တာပါ။ လူတစ်ယောက်ရဲ့ စိတ်ဓာတ်ညစ်ပတ်မှု့တွေ သီလကျိုးပျက်မှု့တွေဟာ တစ်ကိုယ်လုံး ပျံ့နှံ့နေမယ်ဆိုရင် သူ့ရဲ့ ရုပ်ရည်ဥပဓိ ဘယ်လောက် လှပ သန့်ရှန်း ကြည်လင်နေပါစေ။ သူဟာ ညစ်ပတ်နေသူပါပဲ။ ပြာဖုံးနေတဲ့ မီးခဲလို ဘ၀မျိုးကို ပိုင်ဆိုင်ထားသူပါ။ သူငယ်ချင်းတို့ကို စမ်းချောင်းရေလို ပင်ကိုယ်ကအေးမြတဲ့ ဘ၀မျိုး ပိုင်ဆိုင်စေချင်ပါတယ်။ ဒါကြောင့် ဆရာတော်ရဲ့ စကားကို လက်ဆောင်ပါးရင်း ဒီဆောင်းပါးလေးကို ရေးလိုက်တာပါ။ ဆရာတော်ရဲ့ စကားလက်ဆောင်က “ ခုလို အလှူအတွက် အားထုတ်ကြတာလည်း ကောင်းတယ်။ ဒါပေမဲ့ လှူနေရုံနဲ့ မပြီးဘူးနော်။ သီလလည်း မြဲအောင် စောင့်ထိန်းကြ။ သီလစောင့်ထိန်းတဲ့အခါ သေးသေးငယ်ငယ်လေးတွေက အစ ဂရုတစိုက်နဲ့ စောင့်ထိန်းရတယ်။ အဲဒါမှ ကျယ်ကြီးတဲ့ သီလတွေကိုလည်း စောင့်ထိန်းချင်စိတ်ရှိတာ။ သီလမကျိုးဘူးတဲ့ လူက သီလကျိုးမှာကြောက်တာနဲ့ကို စောင့်ထိန်းဖြစ်သွားတာ။ ကျိုးဖူးတဲ့ လူက မထူးဇာတ်ခင်းပြီး ဆက်ပြီး ကျိုးရဲ သွားတတ်တယ်။ သတိထားကြ ” ဟု ဖြစ်သည်။ ကဲ သူငယ်ချင်းတို့ရေ သေးသည် ကြီးသည် မဟုတ်။ သီလ မကျိုးဘူးသူက သီလကျိုးသွားမှာကို သိပ်ကြောက်တတ်ပါတယ်။ ဘ၀ လှပအေးချမ်းဘို့ သီလဆိုတဲ့ ကိုယ်ကျင့်တရားဟာ အဓိကကြတဲ့ အခန်းကဏ္ဍက ပါဝင် ပတ်သက်နေပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့ ဘ၀ အေးချမ်း လှပဘို့အတွက် ကိုယ်ကျင့်တရားနဲ့ ပတ်သက်ပြီးစောင့်ထိန်းသင့်ပုံလေးကို တင်ပေးလိုက်ပါတယ်။ ဘ၀မှာ အလှပဆုံးသော အရာဟာ ကျက်သရေအရှိဆုံးသော အရာဟာ သီလတဲ့။ အအေးမြဆုံးသော အရာကတော့ လိုချင်မှု့မပါတဲ့ မေတ္တာပေါ့။ သူငယ်ချင်းများအတွက် စေတနာ ဆန္ဒမှန်ဖြင့် -----------
အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း